မွန်မြတ်သည့်ပရဟိတစိတ်ထားများဖြင့် အခက်အခဲကို ကျော်လွှား
အေးချမ်းသူ
တိုင်ဖွန်းမုန်တိုင်းရာဂီရဲ့ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်မှုနဲ့အတူ သဘာဝဘေးဒဏ်ကို နေပြည်တော်နဲ့ မြို့နယ်အချို့မှာရှိတဲ့ ပြည်သူတွေဟာ အသက်အိုးအိမ်ဆုံးရှုံးမှုတွေနဲ့ အခက်အခဲအကျပ်အတည်းမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ အခုလို သဘာဝဘေးတွေ၊ ကိုဗစ်-၁၉ လို ကမ္ဘာ့ကပ်ရောဂါဘေး အရေးပေါ်အခြေအနေတွေနဲ့ ကြုံတွေ့ရချိန်တွေမှာ ပြည်သူတွေရဲ့အခက်အခဲ၊ အကျပ်အတည်းတွေကို စာနာနားလည် မျှဝေခံစားကာ တတ်အားသရွေ့ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေကြသူတွေကတော့ မွန်မြတ်လှတဲ့ ပရဟိတသမားတွေပဲ ဖြစ်ပါတယ်။
ပရ ဆိုတာ မိမိမှတခြား သူတစ်ပါးဖြစ်ပြီး ဟိတဆိုတာ အကျိုးစီးပွားဟူ၍ ဖွင့်ဆိုထားပြီး ပရဟိတဟုဆိုရာမှာ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခြင်းဟူ၍ ဖွင့်ဆိုထားပါတယ်။ ဓမ္မစာပေများမှာ မိမိဆွေမျိုးမိတ်ဆွေသူငယ်ချင်းတွေကို ကူညီတဲ့အလှူကို ရိုးရိုးပရဟိတ၊ မိမိနဲ့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ လိုအပ်နေသူကို ဆင်းရဲချမ်းသာမရွေး ပေးလှူတဲ့အလှူမျိုးကို ထိုထက်မြတ်သော ပရဟိတနဲ့ မိမိဆွေမျိုးဖြစ်စေ၊ အခြားသူစိမ်းတွေကိုဖြစ်စေ မည်သည့်အကျိုးကိုမျှ မမျှော်ကိုးဘဲ ပေးလှူတဲ့ အလှူမျိုးကိုတော့ အမွန်မြတ်ဆုံးသော ပရဟိတဟူ၍ ပရဟိတကို သုံးမျိုးခွဲခြားခေါ်ဝေါ်ထားပါတယ်။
ကွက်လပ်လေးတွေကို အားဖြည့်ကူညီ
ပရဟိတလုပ်တယ်ဆိုတာ ပရဟိတလုပ်ငန်းလုပ်ကိုင်တဲ့ အဖွဲ့အစည်းကြီးမှ၊ ငွေအမြောက်အမြား ပေးလှူနိုင်မှ၊ လုပ်အားအချိန်တွေ အများအပြား ပေးလှူနိုင်မှ မဟုတ်ပါဘူး။ သူတစ်ပါးအကျိုးအတွက် လိုအပ်နေတဲ့ ကိစ္စကြီးငယ်မဆို တတ်စွမ်းသမျှ ဖေးမကူညီတာဟာလည်း ပရဟိတလုပ်တာပါပဲ။ ပရဟိတစိတ်လေးအရင်းခံရှိရုံနဲ့ လူမှုဝန်းကျင်မှာ လိုအပ်နေတဲ့ ကွက်လပ်လေးတွေကို အားဖြည့်ကူညီနိုင်မှာဖြစ်ပါတယ်။
ပရဟိတလုပ်ကိုင်သူတွေဟာ ကာယကံ၊ ဝစီကံ၊ မနောကံ ကိုယ်စိတ်နှလုံး သုံးပါးစလုံး ယဉ်ကျေးသိမ်မွေ့မှုတွေနဲ့ အချိန်အား၊ ငွေအား၊ လူအားတို့ကို လုံ့လစိုက်ထုတ်ပေးဆပ်သူတွေဖြစ်ပါတယ်။ မိမိတို့ရဲ့အသက်ကိုပင် မငဲ့ကွက်ဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အားကြိုးမာန်တက် ပါဝင်လုပ်ကိုင် နေကြတာဟာလည်း အလွန်ပင်လေးစားဖို့ကောင်းပါတယ်။ မြန်မာလူမျိုးတွေရဲ့ ပင်ကိုစိတ်ရင်းအခံက ပရဟိတစိတ်တွေ ကိန်းအောင်းနေပြီး သူတစ်ပါးအကျိုးစီးပွားကို ရိုင်းပင်းကူညီကြကာ ကောင်းမှုကုသိုလ်တွေကိုလည်း တတ်အားသရွေ့ ပြုလုပ်သူတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ပေးကမ်းစွန့်ကြဲမှုအများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ မှတ်တမ်းလည်း ရှိပြီးဖြစ်ပါတယ်။
လောကမှာ လူတို့ရဲ့ အကျိုးပြုမှု၊ မပြုမှုတို့ကို “မိမိကိုယ်ကျိုးတစ်ခုတည်းကိုသာ ပြုလုပ်သူ၊ အခြားသူ၏ အကျိုးကိုသာ ပြုလုပ်သူ၊ မိမိကိုယ်ကျိုး လည်း မပြု၊ အများအကျိုးကိုလည်း မပြုသူနဲ့ မိမိကိုယ်ကျိုးလည်းပြုပြီး အများအကျိုးလည်း ပြုလုပ်သူ”ဟူ၍ ဓမ္မစာပေတွေမှာ ရေးသားဖော်ပြထားသလို ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသကလည်း ဟောကြားဆုံးမညွှန်ပြထားပါတယ်။
နောင်သံသရာခရီးအတွက် ကောင်းတဲ့အကျိုးတွေကို ခံစားရမှာပါ
ကံဟာ အလုပ်ဟုဆိုထားရာ ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးစလုံးကို ကုသိုလ်ဖြစ်စေတဲ့ အလုပ်တွေပြုလုပ်စေခြင်းဖြင့် အခုဘဝမှာရော နောင်သံသရာခရီးအတွက်ပါ ကောင်းတဲ့အကျိုးတွေကို ခံစားရမှာပါ။ မိမိရဲ့အကျိုးကို မမျှော်ကိုးဘဲ ဥစ္စာပစ္စည်း ပေးကမ်းစွန့်ကြဲ၊ အသက်ကို ပဓာနမထား စွန့်လွှတ်စွန့်စားပေးဆပ်ကူညီသူတွေဟာ ပရဟိတစိတ်အပြည့်နဲ့ ကိုယ့်ရဲ့အလုပ်ကို စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်နေသလို ကုသိုလ်ဖြစ်စေတဲ့ ကံသုံးပါးကလည်း အရိပ်ပမာ လိုက်ပါနေမှာပါ။
ကမ္ဘာ့နိုင်ငံတွေမှာလည်း လူမှုအဖွဲ့အစည်းအမျိုးမျိုးနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေသလို မြန်မာနိုင်ငံမှာလည်း နာဂစ်မုန်တိုင်းဒဏ်ခံရပြီး နောက်ပိုင်းကာလတွေမှာ ပရဟိတအဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာပြီး လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ အခုလည်း ရေဘေးကြုံတွေ့ခဲ့ကြရတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေကို မျှဝေယူမယ့် ပရဟိတသမားတွေဟာ မိမိအသက်ကို ပဓာနမထားဘဲ ကူညီကယ်ဆယ်သူက ကယ်ဆယ်၊ ယာယီနေစရာ စီစဉ်ပေးသူက စီစဉ်၊ အစားအသောက်ဝေငှသူက ဝေငှ၊ လူမှုကွန်ရက် စာမျက်နှာတွေကနေတစ်ဆင့် သတင်းစကား မျှဝေသူကမျှဝေနဲ့ သဘာဝဘေး အန္တရာယ်ကြောင့် သေကျေပျက်စီးဆုံးရှုံးခဲ့ရတဲ့ အနိဋ္ဌာရုံမြင်ကွင်းကနေ ကြည်နူးဖွယ်မြင်ကွင်းကို ပြောင်းလဲပေးလိုက်နိုင်တာက ပရဟိတစိတ် လွှမ်းခြုံပြည့်နှက်နေတဲ့ နှလုံးလှပိုင်ရှင်လေးများဟု ဆိုရ မှာပါ။
သဘာဝဘေးဆိုတာ မထင်မှတ်တဲ့နေရာ၊ အချိန်တွေမှာ ကျရောက်နိုင်တယ်ဆိုပေမယ့် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတိပေးချက်တွေကို သိရှိလိုက်နာ ဆောင်ရွက်နေထိုင်မယ်ဆိုရင် ဘေးအန္တရာယ်ဖြစ်ပေါ်မှုအပေါ်မူတည်ပြီး အနည်းနဲ့အများတော့ ဆုံးရှုံးမှုတွေ လျော့နည်းစေမှာပဲ ဖြစ်ပါတယ်။ မြစ်ချောင်းအင်းအိုင်နဲ့ နီးတဲ့ဒေသတွေမှာ အန္တရာယ်ဖြစ်ပေါ်နိုင်မှုနှုန်း ရာခိုင်နှုန်း ပိုများ တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီးလို မြစ်ကမ်းနဲ့ နီးတဲ့ဒေသတွေကသာ မြစ်ရေသတိပေးချက် သတိပေးခေါင်းလောင်းသံကို နားစွင့်သတိပြုနေထိုင်သူများမယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် ဒေသခံပြည်သူတွေအနေနဲ့ နာဂစ်ရဲ့သင်ခန်းစာကို သတိပြုဆင်ခြင်မှုတွေကြောင့် မိုခါမုန်တိုင်းမှာဆိုရင် အပျက်အစီးအဆုံးအရှုံးအနည်းဆုံးနဲ့ သဘာဝဘေးအန္တရာယ်ကို အစိုးရ၊ ပြည်သူတွေ၊ ပရဟိတအဖွဲ့ အစည်းတွေရဲ့ စုစည်းညီညွတ်မှုအားနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။
သဘာဝဘေးအန္တရာယ်ကို သတိပြု
သဘာဝဘေးအန္တရာယ်ကို သတိထားဖို့အနေနဲ့ကတော့ မိုးလေဝသသတိပေးချက်တွေ၊ မုန်တိုင်းသတိပေးချက်စတဲ့ ထုတ်ပြန်ချက်တွေအပြင် မုန်တိုင်းရဲ့နောက်ဆက်တွဲဖြစ်ပေါ်စေနိုင်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေအလိုက် အသိပေးချက်တွေကို နိုင်ငံပိုင်သတင်းစာတွေနဲ့ သက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ထုတ်ပြန်ကြေညာပေးလျက်ရှိပါတယ်။ အခုလိုသတိပေးချက်တွေ၊ ထုတ်ပြန်ချက်တွေကို သိရှိနေသော်ငြား မြစ်နဲ့ဝေးတဲ့ဒေသတွေ၊ ချောင်းငယ်လေးတွေလောက်တော့ မပြောပလောက်ပါဘူးဆိုတဲ့အတွေးတွေကို အခုဖြစ်ပေါ်ခဲ့တဲ့ ဘေးအန္တရာယ်ကနေ သက်သေပြလိုက်ပါပြီ။ နေရာမရွေး သဘာဝဘေးအန္တရာယ် ကျရောက်စေနိုင်တယ်ဆိုတဲ့ သတိပေးခေါင်းလောင်းထိုးလိုက်တာဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်လာမှုနဲ့အတူ မုန်တိုင်းအန္တရာယ်နဲ့ သဘာဝဘေးဒဏ်ကို မိမိတို့တစ်နိုင်ငံတည်းသာမကပဲ တစ်ကမ္ဘာလုံး ခံစားလာနေကြရတာပါ။ သဘာဝဘေးဒဏ်တွေ လျော့ပါးသက်သာဖို့ဆိုရင် သတိပေးကြေညာချက်တွေကို သိရှိလိုက်နာသတိပြုဆောင်ရွက်ကြစေလိုပါတယ်။
သဘာဝဘေးဖြစ်ပြီးတဲ့နောက် ကောင်းတဲ့အကျိုးဆက်တွေကတော့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့ မုန်တိုင်းသတိပေးချက်တွေကို လူမှုကွန်ရက်ပေါ်မှာ လူအများ သိရှိနိုင်ရေး မျှဝေဖတ်ရှုလေ့လာမှုတွေ၊ သတိပြုရှောင်ကြဉ်ကြရမယ့်နည်းလမ်းနဲ့ အခြားသော အသိပညာတွေမျှဝေလာတာကို အများအပြားတွေ့လာရပါတယ်။ ဖြစ်ပေါ်လာတဲ့ အန္တရာယ်ဘေးဒုက္ခတွေကို တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီရင်း အစုအဖွဲ့အလိုက် ချိတ်ဆက်မှုတွေ အားကောင်းလာရာမှ ပိုမိုကောင်းမွန်တဲ့ လူမှုဝန်းကျင်ကိုဖြစ်စေတဲ့ ပရဟိတသမားတွေစုစည်းထားတဲ့ ရပ်ဝန်းကြီးတစ်ခုလုံးကို တည်ထောင်လာနိုင်ပါလိမ့်မယ်။
သဘာဝဘေးဖြစ်လာရင် ကူညီကယ်ဆယ်နေကြသူတွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်နဲ့ NGO ၊ INGO အဖွဲ့အစည်းတွေအပြင် စေတနာရှင် အလှူရှင်ပြည်သူတွေအနေနဲ့ ဆင်းရဲချမ်းသာမရွေး၊ အဖြူအမည်းမခွဲခြားဘဲ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြတာဟာ နိုင်ငံတော်အစိုးရရဲ့ အင်အားတွေ ပိုမိုအားကောင်းခိုင်မာစေတယ်လို့ ဆိုချင်ပါတယ်။
သို့ရာမှာ ပရဟိတလုပ်ငန်းဟုဆိုကာ မိမိကိုယ်ကျိုးစီးပွားအတွက် ဦးစားပေးလုပ်ဆောင်မသွားဖို့နဲ့ အတ္တနဲ့ပရခွဲခြားဖို့တော့ လိုပါလိမ့်မယ်။ သူ့ထက်ငါ စေတနာသဒ္ဓါတရားထက်သန်စွာ တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီနေကြချိန်မှာ အတ္တဟိတသမားအချို့ရဲ့ မီးလောင်ရာလေပင့်စေတဲ့ အပြုအမူလုပ်ဆောင်မှုတွေကို သတိရှိဖို့တော့ လိုအပ်ပါတယ်။ သောကတွေ၊ စိုးရိမ်စိတ်တွေနဲ့ ကူကယ်ရာမဲ့နေသူတွေကို ထပ်ပြီးတော့ ကောလာဟလသတင်းတွေ၊ မဟုတ်မမှန် သတင်းတွေကို ရောယောင်ပြီး မဖြန့်ဝေမိဖို့၊ မယုံကြည်မိဖို့ သတိပြုစေချင်ပါတယ်။ နောက်တစ်ခုက ဝိသမလောဘသမားအချို့ရဲ့ ကုန်ဈေးနှုန်းကြီးမြင့် ဈေးကစားမှုတွေပါပဲ။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့်၊ သီးနှံတွေ ပျက်စီးဆုံးရှုံးမှုတွေကြောင့် ဈေးနှုန်းတွေတက်တာက အခြေအနေ၊ အချိန်အခါအရဆိုပေမယ့် မိမိရဲ့အတ္တကြောင့်တော့ ဈေးကစားခြင်း၊ ဈေးတင်ရောင်းချခြင်းမျိုး မဖြစ်သင့်ဘဲ အတ္တနဲ့ပရ မျှတစွာ စီးပွားရှာကြပါစေလို့ တိုက်တွန်းချင်ပါတယ်။
ပိုမိုကောင်းမွန်ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး တည်ဆောက်နိုင်ဖို့ဆိုရင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာသာထရေဇာနဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ သူနာပြုဆရာမလေး ဖလောရင့်နိုက်တင်ဂေးလ်တို့လို မဟာကရုဏာရှင်တွေ လူမှုဝန်းကျင်မှာ အမြောက်အမြားပေါ်ထွန်းလာစေဖို့နဲ့ ထိုပုဂ္ဂိုလ်တွေကို အားကျအတုယူစေမယ့် နောင်လာနောက်သား မျိုးဆက်သစ်လူငယ်တွေ များစွာပေါ်ထွန်းလာဖို့လိုအပ်ပါတယ်။ ထိုသို့ ပေါ်ထွန်းစေဖို့ဆိုရင် မိဘဆရာသမားတွေရဲ့ သွန်သင်ဆုံးမမှုတွေနဲ့ ကလေးသူငယ်တွေရဲ့ စိတ်ထားလေးတွေ နူးညံ့သိမ်မွေ့ကာ ပရဟိတစိတ်ထားလေးတွေ မွေးမြူကိန်းအောင်းလာစေမှာ ဖြစ်ပါတယ်။
အခုလိုမွန်မြတ်တဲ့ ပရဟိတစိတ်ထားတွေ တစ်ဦးမှ တစ်ဖွဲ့၊ တစ်ဖွဲ့မှ တစ်နိုင်ငံ၊ တစ်ကမ္ဘာလုံး လွှမ်းခြုံကိန်းအောင်းလာပါက ပိုမိုအေးချမ်းသာယာတဲ့ ကမ္ဘာကြီးအဖြစ် ပုံဖော်လာနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ။