Skip to main content

ကျေးလက်ဒေသ ဖွံ့ဖြိုးမှုအလင်းရောင် မြစိမ်းရောင်

ဇာနည်(ကျေးလက်)

ပြင်လက်စဆိုင်ကယ်များအကြား ဦးစိုင်းပန်းစိန်သည် အလုပ်များနေသည်။ ဦးစိုင်းပန်းစိန်၏လုပ်ငန်းခွင်သည် အလုပ်များလေ ဝင်ငွေများလေဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးရေးကို ကိုယ်တိုင်ကိုယ်ကျ နှစ်ဆကြိုးစားလျက်ရှိသည်။

“အရင်က နေ့စားလုပ်ခနဲ့ သူများဆီ လုပ်ရတာ။ မိသားစုဝင်ငွေအတွက် ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ ကြိုးစားချင်တာက အိပ်မက်ပဲ။ အခုအဲဒီအိပ်မက်ကလေးက မြစိမ်းရောင်ကြောင့် အသက်ဝင်ခဲ့တာပါ” ဟု မိုင်းရှူးမြို့နယ် ပိန်းကန်းကျေးရွာမှ ဦးစိုင်းပန်းစိန်က ပြောသည်။

ဦးစိုင်းပန်းစိန်တို့ကဲ့သို့ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းက အထောက်အပံ့ပြုလျက်ရှိသည်။ မြစိမ်းရောင်စီမံကိန်းသည် ပြည်သူနှင့် မစိမ်းတော့သည့် ဖွံ့ဖြိုးမှုစီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က စတင်ခဲ့သည်။

မြစိမ်းရောင်စီမံကိန်းသည် စီမံကိန်းရာသီစက်ဝန်းများစွာကို ကျော်လွန်ခဲ့ပြီး နိုင်ငံအတွင်းရှိ ကျေးရွာများအပေါ် စီမံကိန်းလွှမ်းခြုံပေးနိုင်မှု ၂၃ ဒသမ ၆၆ ရာခိုင်နှုန်းရှိပြီဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက်  အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသောလူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်သည်။

“ကျွန်တော်တို့နိုင်ငံမှာ ကျေးရွာပေါင်း ၆၃၂၁၇ ရွာရှိပါတယ်။ စီမံကိန်းအစကနေ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၁၂၇၆၂ ယူနစ်နဲ့ အကျိုးပြုကျေးရွာပေါင်း ၁၄၉၅၈ ရွာကို အရင်းမပျောက်မတည်ရန်ပုံငွေကျပ်သန်း ၃၆၄၃၂၀ နဲ့ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် အတိုးရငွေကျပ် ၂၈၂၇၇၁ ဒသမ ၀၃၉ သန်းအထိ တိုးပွားလာခဲ့ပြီးဖြစ်ပါတယ်။ ကျေးလက်နေအိမ်ထောင်စု ၁၃၃၂၃၀၈ ၊ လူဦးရေ ၉၃၂၆၁၅၆ ကို အကျိုးပြုနိုင်ခဲ့ပါတယ်။ အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ကျေးရွာ ၁၉၄ ရွာမှာ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေး လျာထားပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက ပြောကြားသည်။

အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် လုပ်ကိုင်သော လုပ်ငန်းများ

မြစိမ်းရောင်စီမံကိန်းမှ ပေးအပ်သည့် အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဒေသအခြေအနေအပေါ်မူတည်၍ လုပ်ကိုင်လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းအား ရန်ပုံငွေကျပ် ၃၀၀၇၀၀.၂၃၁ သန်းဖြင့် ၆၀.၅၂ %၊ မွေးမြူရေးလုပ်ငန်းအား ရန်ပုံငွေကျပ် ၁၂၆၈၆၁.၅၀၅ သန်းဖြင့် ၂၅.၅၃%၊ ရေလုပ်ငန်းအား ရန်ပုံငွေကျပ် ၉၄၃၆.၂၄၃ သန်းဖြင့် ၁.၉ %၊ မီးလင်းရေးလုပ်ငန်းအား ရန်ပုံငွေကျပ် ၄၃.၂၆ သန်းဖြင့် ၀.၀၁ %၊ ကုန်ထုတ်လုပ်ငန်းအား ရန်ပုံငွေကျပ် ၃၄၀၈.၉၃၆ သန်းဖြင့် ၀.၆၉ %၊ အရောင်းအဝယ်လုပ်ငန်းအား ရန်ပုံငွေကျပ် ၄၄၆၄၉.၄၂၉ သန်းဖြင့် ၈.၉၉ %၊ အခြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းအား ရန်ပုံငွေကျပ် ၁၀၅၄၂.၈၅၁ သန်းဖြင့် ၂.၁၂ %၊ အသေးစားစက်မှုလက်မှုလုပ်ငန်းအား ရန်ပုံငွေကျပ် ၁၂၂၅.၄၃၀ သန်းဖြင့် ၀.၂၅ % အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းကျေးရွာတစ်ရွာလျှင် အရင်းမပျောက်မတည်ရန်ပုံငွေအဖြစ် ထောက်ပံ့ငွေအား စီမံကိန်းမှ မတည်ပေးမည်ဖြစ်ပြီး ပြည်သူဗဟိုပြုချဉ်းကပ်မှုနည်းလမ်းဖြင့် နိုင်ငံတော်မတည်ငွေကို အများသဘောတူညီချက်ဖြင့် ကျေးရွာလူထုကိုယ်တိုင်မှ စီမံခန့်ခွဲအကောင်အထည်ဖော်ဆောင်ရွက်သည့်နည်းကို အသုံးပြုလျက်ရှိသည်။

စီမံကိန်းမတည်ရန်ပုံငွေကို ကျေးရွာရှိ အိမ်ခြေအပေါ်မူတည်၍ ပေးအပ်ခြင်းဖြစ်ပြီး အိမ်ခြေ ၁၀၁ နှင့်အထက်ကို Type-1 ငွေကျပ် သိန်း ၃၀၀ ၊ အိမ်ခြေ ၅၁ နှင့် ၁၀၀ ကြားကို Type-2 ငွေကျပ်သိန်း ၂၀၀ ၊ အိမ်ခြေ ၅၀ နှင့်အောက်ကို Type-3 ငွေကျပ်သိန်း ၁၀၀၊ အိမ်ခြေ ၈၀ အောက် လျော့နည်းသောကျေးရွာများအား စုစည်းဆောင်ရွက်ခြင်း Type-4 ငွေကျပ်သိန်း ၃၀၀ စသည့်အမျိုးအစားလေးမျိုးဖြင့် ဆောင်ရွက်နေသည်။

မြစိမ်းရောင်မတည်ရန်ပုံငွေမှ ကျေးရွာသူ၊ ကျေးရွာသားများအား ချေးငွေထုတ်ချေးပေးရာတွင် အတိုးနှုန်းကို ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား ၅၀ နှုန်းမှ ၁ ကျပ် ပြား ၅၀ နှုန်းအတွင်း ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ အများသဘောတူအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ပေးကာ အရင်းမပျောက်စနစ်ဖြင့် လည်ပတ်လျက်ရှိသည်။

 စီမံကိန်းမတည်ရန်ပုံငွေပေးအပ်ရာတွင် ဒစ်ဂျစ်တယ်စနစ်သုံးလုပ်ဆောင်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းမတည်ရန်ပုံငွေကို ကျေးလက်ပြည်သူထံပေးအပ်ရာတွင် ယခင်က ငွေသားပေးအပ်ခဲ့သော်လည်း ပို၍လုံခြုံအဆင်ပြေသော ဒစ်ဂျစ်တယ်စနစ်သုံး Mobile Financial Payment စနစ်ဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှစတင်ကာ ပြောင်းလဲလုပ်ဆောင်ပေးခဲ့သည်။ ဒစ်ဂျစ်တယ်စနစ်သုံး Mobile Financial Payment ကို တိုင်းဒေသကြီး/ ပြည်နယ် ၁၂ ခု၊ မြို့နယ် ၇၉ မြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာ ၂၂၆ ယူနစ်၊ ၂၄၃ ရွာ၊ အသင်းသား ၂၄၈၉၇ ဦးထံ စနစ်တကျပေးအပ်နိုင်ခဲ့သည်။

ပုဂ္ဂလိကဘဏ် (သို့) ဝန်ဆောင်မှုကုမ္ပဏီများက ဒစ်ဂျစ်တယ်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများတွင် အလွယ်တကူ ရန်ပုံငွေထုတ်ချေးနိုင်ရန် ကျေးရွာတစ်ရွာလျှင် ကိုယ်စားလှယ် (Agent) ထားရှိသဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် စီမံကိန်းရန်ပုံငွေများ အလွယ်တကူထုတ်ယူနိုင်မည်ဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် စီမံကိန်းရန်ပုံငွေ ထုတ်ချေးရာတွင် Smart Phone အသုံးပြုများသည် Mobile Wallet Account စနစ်နှင့် Keypad Phone အသုံးပြုသူများသည် Over the Counter (OTC) စနစ်တို့ဖြင့် ကိုယ်တိုင်ကိုယ်ကျချေးယူနိုင်သည်။ အကယ်၍ မိုဘိုင်းဖုန်းအသုံးမပြုပါက စီမံကိန်းလုပ်ငန်းအဖွဲ့က တာဝန်ခံ၍ ကိုယ်စားလှယ် (Agent) ထံ ငွေသားထုတ်ယူပြီး ကျေးရွာသူ/ ကျေးရွာသားများထံ တစ်ဆင့်ပြန်လည်ထုတ်ချေးယူနိုင်သည်။

“မြစိမ်းရောင်က ကျွန်တော်တို့ကျေးရွာတွေ အဆင်ပြေအောင် ချေးငွေပေးတယ်။ အခုတစ်ဆင့်မြှင့်ပြီး နည်းပညာအကူအညီနဲ့ ပိုလွယ်သွားတယ်။ ချေးငွေကို ရပ်ထဲရွာထဲတင် ထုတ်လို့ရနေပြီ။ ကျေးလက်နေပြည်သူနဲ့ မြစိမ်းရောင်က မစိမ်းတော့တဲ့ စီမံကိန်းပါ။ မြစိမ်းရောင်ရန်ပုံငွေရရင် အဲဒီကျေးရွာမှာ ပိုပြီးလူမှုစီးပွားဖွံ့ဖြိုးလာတယ်။ ကျေးလက်ဒေသတွေကို တကယ်အကျိုးပြုတာမို့ ပိုပြီးအဆင့်မြင့်စေချင်တယ်။ ပိုပြီးကျယ်ပြန့်စေချင်ပါတယ် ” ဟု ရှားတောကျေးရွာမှ ဦးစိုးနိုင်ဦးက ပြောသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် အရင်းမပျောက်လည်ပတ်ရန်ပုံငွေအမျိုးအစားဖြစ်ပြီး တိုးပွားလာသည့် အတိုးရငွေများကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ကျေးရွာများအတွက် ထပ်ဆင့်ဖွံ့ဖြိုးမှုရရှိစေသည်။

 စီမံကိန်းကရရှိသည့် အတိုးရငွေကျပ် ၃၈၀၇၁.၇၃၆ သန်း၊ ကျေးရွာသူ/ ကျေးရွာသားများ၏ စေတနာအလျောက်ထည့်ဝင်ကြသည့် ပြည်သူထည့်ဝင်ငွေကျပ် ၁၇၀၄၅.၈၇၁ သန်း၊ စုစုပေါင်း ငွေကျပ် ၅၅၁၁၇.၆၀၇ သန်းဖြင့် ကျေးရွာ ၃၇၅၇ တွင် လမ်း/ တံတား၊ ရေ၊ မီး၊ ကျန်းမာရေး၊ ပညာရေး၊ စာကြည့်တိုက်၊ ဆေးပေးခန်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း စုစုပေါင်း ၄၉၀၄ ခုအား ဆောင်ရွက်နိုင်ခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်သူများကို အကျိုးပြုသည့်စီမံကိန်းဖြစ်သည့်အတွက် ဘဏ္ဍာနှစ် တစ်နှစ်ပြီးတစ်နှစ် စီမံကိန်းကျေးရွာများကို တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မြစိမ်းရောင်သည် စီမံကိန်းရာသီစက်ဝန်းများစွာကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီး စီမံကိန်းဆောင်ရွက်သည့် အချို့ကျေးရွာများမှ ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များ ကိုယ်တိုင်စီမံကိန်းလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်နေပြီဖြစ်သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စီမံကိန်းကြီးကြပ်ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ဖြေလျှော့ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်။

“မြစိမ်းရောင်က ကျေးလက်ပြည်သူနဲ့ မစိမ်းတော့ဘူး။ စီမံကိန်း ၁၀ နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီးပြီ။ ဘာပြီးရင် ဘာလုပ်ရမယ်၊ ဘယ်လိုထိန်းကျောင်းစီမံသွားရမယ်ဆိုတာကို စီမံကိန်းမှာပါတဲ့ ပြည်သူတွေကိုယ်တိုင် နားလည်လာကြပြီ။ ဒါကြောင့်မို့ ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ ဒီစီမံကိန်းကို ပြည်သူကိုယ်တိုင်ကပဲ ကြီးကြပ်ဆောင်ရွက်တဲ့စီမံကိန်းအဖြစ် ပြည်သူလက်ဝယ်အပ်နှံချင်တယ်။ ဒါ့ကြောင့် Exit Strategy ဆိုတာကို ရေးဆွဲပြီးတော့ အသက်ဝင်အောင် ဆောင်ရွက်နေပါပြီ” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက ပြောသည်။

ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် အဓိကအခန်းကဏ္ဍမှပါဝင်

ကျေးလက်ဒေသတွင် အရေအတွက်တိုးပွားလာသည့် စီမံကိန်းကျေးရွာများတွင် မြို့နယ်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုလုပ်ငန်းစဉ်များ ဖြေလျှော့ပေးနိုင်ရန်နှင့် စီမံကိန်းလုပ်ငန်းစဉ်များအား ကျေးရွာသူ/ ကျေးရွာသားများကိုယ်တိုင် အဓိကအခန်းကဏ္ဍမှပါဝင်၍ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနသည် Exit Strategy အား ရေးဆွဲအတည်ပြုခဲ့ပြီးဖြစ်သည်။

Exit Strategy အရ “ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင်သည့် ကျေးရွာ(Self-Reliant Village)၊ ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင်ရန် အလားအလာရှိသည့်ကျေးရွာ (Moderate Village)နှင့် ကိုယ်ထူကိုယ်ထဆောင်ရွက်နိုင်ခြင်းမရှိသည့်ကျေးရွာ (Dependent Village)” ဟူ၍ အမျိုးအစားသုံးမျိုးခွဲခြားသတ်မှတ်ထားမည်ဖြစ်သည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် Exit Strategy ကို ရှေ့ပြေးစမ်းသပ်အကောင်အထည်ဖော်မှုအစီအစဉ်အဖြစ် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်သည့် ကျေးရွာ (Self-Reliant Village) များ ရွေးချယ်၍ စတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

Exit Strategy ကို မြစိမ်းရောင်ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ကျေးရွာပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တို့ကို ပိုမိုပေးစွမ်းလာနိုင်မည်ဖြစ်သည်။

ထို့အပြင် မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ အခြားသော ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များတွင် စီမံကိန်းချေးငွေကို အသုံးပြုနိုင်ခြင်း၊ လယ်ယာမြေများ တိုးချဲ့ဝယ်ယူနိုင်ခြင်း၊ ကျောင်းစရိတ်များပေးနိုင်ခြင်း၊ လုပ်ငန်းခွင်အတွက် ယာဉ်စက်များ ဝယ်ယူနိုင်ခြင်း၊ အလှူအတန်းများ ပိုမိုပြုလုပ်နိုင်ခြင်း၊ ကျေးရွာလူထု၏ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ ကိုယ်တိုင်စီမံခန့်ခွဲမှုတွေ ပြုလုပ်နိုင်သည့် အကျိုးကျေးဇူးများတွင် ရရှိလာမည်ဖြစ်သည်။ ထို့ကြောင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှသည် ကျေးလက်ပြည်သူအကျိုးစီးပွားကို ဆတက်ထမ်းပိုးဆောင်ကြဉ်းပေးလျက်ရှိသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးမှုအလင်းရောင် မြစိမ်းရောင်ဟု ညွှန်းဆိုလိုက်ရပါတော့သည်။