မသိမဖြစ်သော လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုအန္တရာယ်
မောင်မောင်စွယ်စုံထွန်း
ယခုအခါ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူအများ အခက်အခဲဖြစ်ပေါ်နေချိန်တွင် ပြည်သူအချို့သည် “မည်သူသေသေ ငတေမာလျှင် ပြီးရော” ဆိုသကဲ့သို့ မိမိတို့အကျိုးစီးပွားအတွက် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်လျက်ရှိနေကြပါသည်။
တရားမဝင်ဓာတ်အားသုံးစွဲမှုများသည် နှစ်စဉ်တိုးပွားလာနေပြီး ယခုအခါ တရားမဝင်သုံးစွဲမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စစ်ဆေးဖော်ထုတ်လျက်ရှိရာ အမှုပေါင်းသောင်းနှင့် ချီစစ်ဆေးတွေ့ရှိနေရသကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း နှစ်စဉ်ယူနစ်ပေါင်း သန်းနှင့်ချီ ဆုံးရှုံးရပြီး ဓာတ်အားခဘီလီယံနှင့်ချီ နစ်နာကြေးတောင်းခံနေရသည်ကို တွေ့ရှိနေရပါသည်။ သို့ဖြစ်၍ ယခုအခါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ဖော်ထုတ်အရေးယူနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်က အထူးကြပ်မတ်၍ စီမံချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရရှိပြီးသူအချို့ကလည်း မီတာများ မသမာသည့်နည်းလမ်းများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေသလို လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်မရရှိသေးသူများကလည်း တိုက်ရိုက်ချိတ်ဆက်ခိုးယူသုံးစွဲနေကြပါသည်။ တရားမဝင်ခိုးယူသုံးစွဲမှုများကို လေ့လာရာတွင် တိုက်ရိုက်ခိုးယူသုံးစွဲမှုများသည် အများဆုံးဖြစ်ပြီး ဝန်ပိုသုံးစွဲခြင်း၊ ဆင့်ပွားသုံးစွဲခြင်း၊ ရှန့်လင့်ခွာ၍ ခိုးယူသုံးစွဲခြင်း၊ မီတာခွထောက်ပြုလုပ်သုံးစွဲခြင်း၊ ကာဗာဆီးလ်ဖြုတ်အတွင်း ပြုပြင်သုံးစွဲခြင်းများကိုလည်း အထိုက်အလျောက် တွေ့ရှိနေရပါသည်။
မီတာတပ်ဆင်ထားပြီး ဓာတ်အားခအပြည့်အဝမပေးရအောင်၊ မီတာသုံးစွဲယူနစ်မတက်အောင်၊ အလည်နှေးအောင်စသည်ဖြင့် နည်းမျိုးစုံဖြင့် ခိုးယူသုံးစွဲနေသည်ကိုလည်း စစ်ဆေးတွေ့ရှိနေရပါသည်။ လျှပ်စစ်ဥပဒေအရ တရားမဝင်ဓာတ်အားသုံးစွဲမှုကို စစ်ဆေးတွေ့ရှိခဲ့လျှင် နေအိမ်ဖြစ်စေ၊ စက်ရုံ/လုပ်ငန်းဖြစ်စေ တပ်ဆင်သုံးစွဲထားသော ဝန်အားပမာဏအပေါ်အခြေခံ၍ တစ်နေ့ရှစ်နာရီ သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ သုံးသည်ဟုမှတ်ယူ၍ တစ်နှစ်စာ နောက်ကြောင်းပြန်တွက်ချက်လျက် လျော်ကြေးများ ကောက်ခံသွားမည်ဖြစ်သလို လျှပ်စစ်ဥပဒေနှင့်အညီ တရားစွဲဆိုခံရခြင်း၊ သတ်မှတ်ဒဏ်ကြေးများကို ပေးဆောင်ရခြင်း အပြစ်ဒဏ်များ ကျခံရမည်ဖြစ်သည့်အပြင် မီးသုံးစွဲမှုလည်း ဖြတ်တောက်ခံရမည်ဖြစ်ပါသည်။
ထိုသို့ မီတာတပ်ဆင်ပြီး ခိုးယူသုံးစွဲနိုင်ရန် ဆောင်ရွက်ပေးရာတွင် ဝန်ထမ်းများ ပါဝင်ပတ်သက်နေပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး၍ အလုပ်မှထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းစသည်တို့ကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါသည်။ မီတာတပ်ဆင်ခြင်းမရှိဘဲ တိုက်ရိုက်ခိုးယူသုံးစွဲခြင်းသည် ပြည်သူပိုင်ပစ္စည်းအား ခိုးယူခြင်းဖြစ်၍ ဥပဒေကြောင်းအရ ရဲစခန်း၌ အမှုဖွင့်၍ တရားရုံးတွင် တရားစွဲဆိုနိုင်ပြီး လိုအပ်ပါက လျှပ်စစ်ဥပဒေသာမက အခြားသော ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေများဖြင့်ပါ တရားစွဲဆိုသွားမည်ဟုလည်း သိရှိရပါသည်။
ထိုကဲ့သို့ နည်းအမျိုးမျိုးဖြင့် တရားမဝင် ဓာတ်အားသုံးစွဲသူများသည် မီတာခကုန်ကျစရိတ်မရှိသဖြင့် ဓာတ်အားရရှိချိန်တွင် အတိုင်းအဆမရှိ အလွန်အကျွံသုံးစွဲကြခြင်းကြောင့် နိုင်ငံ၏ ဓာတ်အားမလုံလောက်မှုကို ပိုမိုဆိုးရွားသွားစေပါသည်။ သို့ဖြစ်၍ လျှပ်စစ်မီး ပြည့်ဝစွာသုံးစွဲလိုသည့် တရားဝင်မီတာဖြင့် မှန်မှန်ကန်ကန်သုံးစွဲနေသော ပြည်သူများအနေဖြင့်လည်း လျှပ်စစ်မီးကို ချွေတာသုံးစွဲရုံသာမက တရားမဝင် ဓာတ်အားခိုးယူသုံးစွဲနေမှုများကြောင့် ဓာတ်အားမလုံမလောက်ဖြစ်ပေါ်စေခြင်းကို သိမြင်နားလည်ကြပြီး လျှပ်စစ်ဌာနသို့ သတင်းပေးဖော်ထုတ်တိုင်ကြားအသိပေးခြင်းဖြင့် ဓာတ်အားမလုံလောက်နေချိန်တွင် ပိုမိုသုံးစွဲလာနိုင်ရုံမက ဆေးရုံ၊ စာသင်ကျောင်းစသည့် လျှပ်စစ်မီး အရေးကြီးလိုအပ်သောနေရာများသို့ပါ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည့် အကျိုးကျေးဇူးများ ရရှိခံစားလာနိုင်မည်ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း နိုင်ငံတော်အနေဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများကြောင့် ဓာတ်အားများ ပျောက်ဆုံး၍ နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေလျော့ကျခြင်း၊ ဗို့အားများကျဆင်းခြင်း၊ ထရန်စဖော်မာများ ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးခြင်းများစွာကို ဖြစ်ပေါ်စေ၍ နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် မီးဘေးအန္တရာယ်များ၊ ဓာတ်လိုက်မှု အန္တရာယ်များလည်း များစွာဖြစ်ပွားလျက်ရှိနေသဖြင့် တရားမဝင်သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရပါက ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ (၅၂) နှင့် (၅၃) တို့အရ ထိရောက်စွာ အမှုဖွင့်အရေးယူသွားရန် ဆောင်ရွက်လျက်ရှိပါသည်။
ဤနေရာတွင် အဆိုပါပုဒ်မ (၂) ခုအား ပြည်သူများ သိရှိနိုင်စေရန် ဖော်ပြပေးလိုပါသည်-
ပုဒ်မ(၅၂)။ ။ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှ လျှပ်စစ်ဓာတ်အားကို သွယ်တန်းရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်းမပြုရ။ (လျှပ်စစ်ဓာတ်အား တိုက်ရိုက်ခိုးယူသုံးစွဲခြင်းမပြုလုပ်ရန် တားမြစ်ခြင်းဖြစ်ပါသည်။)
ပုဒ်မ(၅၃)။ ။မည်သူမျှ လျှပ်စီးကြောင်း လွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးသည့်လိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်းမပြုရ။ (ဓာတ်အားလိုင်းများမှ တရားမဝင် ချိတ်ဆွဲသွယ်တန်းသုံးစွဲခြင်း၊ လျှပ်စစ်မီတာအား မသမာမှုပြုလုပ်၍ ဓာတ်အားခိုးယူခြင်းစသည်တို့အား မပြုလုပ်ရန်တားမြစ်ခြင်းဖြစ်ပါသည်။)
အဆိုပါဥပဒေအရ ပုဒ်မ (၅၂) အား ချိုးဖောက်ကြောင်းနှင့် ပြစ်ဒဏ်ထိုက်သင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင် လျှပ်စစ်ဥပဒေပုဒ်မ (၆၂) အရ ပထမအကြိမ် ကျူးလွန်ပါက ငွေဒဏ်ချမှတ်နိုင်သော်လည်း၊ ဒုတိယအကြိမ် ထပ်မံကျူးလွန်ကြောင်း တွေ့ရှိရလျှင် ငွေဒဏ်အပြင် (၂) နှစ်အထိ ထောင်ဒဏ်ကိုပါ ချမှတ်သွားလိမ့်မည်ဖြစ်သည်။ ပုဒ်မ (၅၃) အား ချိုးဖောက်ကြောင်းနှင့် ပြစ်ဒဏ်ထိုက်သင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင် လျှပ်စစ်ဥပဒေပုဒ်မ (၆၃) အရ အနည်းဆုံး (၅) နှစ်မှ အများဆုံး (၁၀) နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုပါ ချမှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။ ပုဒ်မ (၆၄) အရ အားပေးကူညီကြောင်း ပြစ်မှုထင်ရှားသူသည် သက်ဆိုင်ရာပြစ်မှုပါ ပြစ်ဒဏ်အတိုင်း တစ်ပြေးညီ ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်သွားလိမ့်မည်ဖြစ်ရာ မီးကိုမသိ၍ ကိုင်တွယ်မိပါက ပူမည်ဖြစ်သကဲ့သို့ ဥပဒေကိုမသိ၍ လုပ်မိပါသည်ဟု ထုချေ၍ရလိမ့်မည်မဟုတ်ပါ။
အများပြည်သူများအား အသိပညာမျှဝေလိုသည်မှာ လက်ရှိလျှပ်စစ်ဝန်ထမ်းဖြစ်စေ၊ ဝန်ထမ်းဟောင်းဖြစ်စေ၊ လျှပ်စစ်လုပ်ငန်း တတ်သိနားလည်သူတစ်ဦးဦးကဖြစ်စေ ခွင့်ပြုချက်မရှိဘဲ မီတာကို တရားမဝင်ဖြုတ်၍ Seal ကိုဖြတ်ခြင်း/ ပြုပြင်ခြင်းဆောင်ရွက်ပြီး မီတာအတွင်း မီတာယူနစ်မတက်အောင်ပြုပြင်ခြင်းသည် လျှပ်စစ်ဥပဒေအရ လျှပ်စီးကြောင်း လွှဲပြောင်းခြင်းဖြစ်သဖြင့် ချက်ချင်းအချုပ်အနှောင်ခံရနိုင်သည်ကို သေသေချာချာ သိရှိနားလည်ကြစေလိုပါသည်။
ထို့ပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တရားမဝင်ဓာတ်အားသုံးစွဲမှုကို အရေးယူရမည့် လုပ်ထုံးလုပ်နည်း “ရုံးအမိန့်စာ” အမိန့်အမှတ် ၅၀၄/၂၀၀၉ ညွှန်ကြားချက်အရလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စီမံခန့်ခွဲရေးနည်းလမ်းအရ တစ်ပေါင်းတည်း အရေးယူခြင်းကိုလည်း ခံကြရပါလိမ့်မည်။
အဆိုပါအမိန့်စာ (ညွှန်ကြားချက်) အရ ပြည်သူအချို့ ဆောင်ရွက်လျက်ရှိသော တရားမဝင်သုံးစွဲမှုများမှာ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲခြင်း၊ ဆင့်ပွားဓာတ်အားဆက်သွယ်သုံးစွဲခြင်း၊ အထွေထွေအိမ်သုံးမီတာ/ အိမ်သုံးပါဝါမီတာမှ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ မီတာခွင့်ပြုဝန်အားထက် ပိုမိုသုံးစွဲခြင်း၊ မီတာအမျိုးမျိုးကိုပြုပြင်၍ ဓာတ်အားခိုးယူသုံးစွဲခြင်း၊ ကန့်သတ်ထားသောအချိန်တွင် စက်မှုလက်မှုလုပ်ငန်းများအတွက် ဓာတ်အားရယူသုံးစွဲခြင်း၊ ဓာတ်အားအလှည့်ကျပိတ်ထားချိန်တွင် မိမိသဘောဖြင့် မိမိဓာတ်အားရယူသုံးစွဲခြင်း၊ ဓာတ်အားလိုင်းနှစ်လိုင်း သို့မဟုတ် နှစ်လိုင်းနှင့်အထက် ဆွဲထားခြင်း၊ မီတာအမျိုးမျိုးကိုချွတ်ယွင်းမှု (Tampered) ဖြစ်အောင် တရားမဝင်ပြုလုပ်ခြင်း၊ မီတာနှင့် တွဲဖက်အသုံးပြုရသော လျှပ်စစ်ပစ္စည်းများကို မူလအနေအထားပျက်ယွင်းအောင် ပြုပြင်မှု (Tampered) ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။ အထက်ဖော်ပြပါအတိုင်း မသမာသောနည်းလမ်းတစ်ခုခုဖြင့် လျှပ်စစ်ဓာတ်အားကို တရားမဝင်သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင် ဝန်ကြီးဌာနမှ အဆိုပါအမိန့်စာပါ သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲရေးနည်းလမ်းဖြင့်လည်း ထပ်မံအရေးယူဆောင်ရွက်သွားတော့မည်ဟု သိရှိရပါသည်။
ယခင်ကာလများက မီတာများကို ပြင်ပမှသာ မသမာမှုပြုလုပ်ကြခြင်းဖြစ်ပြီး မီတာယူနစ်မတက်အောင် မီတာမရောက်မီ အဝင်မှ သုံးစွဲခြင်း (By pass)၊ မီတာအဝင်ကြိုးနှင့် အထွက်ကြိုးကို ခွထောက်ပြုလုပ်သုံးစွဲခြင်းများ၊ မီတာအဝင်ကြိုးနှင့် အထွက်ကြိုး ပြောင်းပြန်တပ်ဆင်သုံးစွဲခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသော်လည်း ယခုနောက်ပိုင်းကာလများတွင် မီတာအတွင်းသို့ပါ ပြုပြင်၍ Tampered ဖြစ်အောင် သုံးစွဲနေကြသူများအား အများအပြားတွေ့ရှိနေရပြီလည်းဖြစ်သည်။
သို့ဖြစ်ရာ လျှပ်စစ်ဓာတ်အားခမပေးရအောင် နည်းအမျိုးမျိုးဖြင့် ပြုပြင်သုံးစွဲခြင်းများသည် တရားမဝင် ဓာတ်အားသုံးစွဲခြင်းများဖြစ်၍ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မများအရ ပြစ်ဒဏ်ထိုက်သင့်သည့်အပြင် ၂၀၀၉ ခုနှစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်အရလည်း စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခံရမည်ကို ပြည်သူအများ သိရှိနားလည်သဘောပေါက်ကြရန် လိုအပ်နေပြီဖြစ်ပါသည်။
ဤနေရာတွင် အလျဉ်းသင့်၍ မီတာများတွင် ပြုပြင်မရနိုင်စေရန် အသုံးပြုသော Seal များ အကြောင်းကိုလည်း အနည်းငယ်ရှင်းပြလိုပါသည်။ ယခုအခါ ဒစ်ဂျစ်တယ်မီတာများသည် electronics စနစ်သုံးများဖြစ်ရာ မီတာအတွင်းပိုင်းသို့ဖွင့်၍ ပြုပြင်မှုများရှိသဖြင့် မီတာကို cover seal ခတ်ထားပါသည်။ မီတာ၏ Body cover ကို ဖွင့်မရအောင် ခတ်ထားသော Seal များဖြစ်ပြီး မီတာစတင်ထုတ် ပေးစဉ်ကတည်းကတပ်ဆင်ပြီးပါလာသော seal ဖြစ်၍ မည်သူမှ ဖွင့်ခွင့်မရှိသော seal ဖြစ်ပါသည်။ ဒုတိယအဆင့်အနေဖြင့် Terminal seal ခတ်ထားပါသည်။ Terminal seal မှာ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ဝန်ထမ်းများ ခတ်ထားသော Seal ဖြစ်ပြီး တာဝန်ရှိသူမှအပ ဖွင့်ခွင့်မရှိပါ။ နောက်တစ်မျိုးမှာ မီတာတပ်ဆင်ထားသည့် Box ကို ခတ်သော Box Seal ဖြစ်ပြီး Terminal Seal ကဲ့သို့ပင်ဖြစ်သည်။ ထိုသို့ Seal များ အဆင့်ဆင့်ခတ်၍ပြုလုပ်ထားသော မီတာကို seal ပျက်စီးနေလျှင်၊ seal မရှိတော့လျှင် Tempered ဟုသတ်မှတ်ပြီး သတ်မှတ်ထားသည့် စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် အရေးယူခြင်းခံရမည်ဖြစ်သည်။
မီတာမရှိဘဲ တိုက်ရိုက်လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲခြင်းအတွက် တပ်ဆင်ဝန်အားအရ ၁၂ နာရီနှုန်းဖြင့် တစ်နှစ်စာလျော်ကြေးတောင်းခံမည်ဖြစ်သလို တရားစွဲဆိုခြင်းကိုပါခံကြရပါမည်။ မီတာရှိပြီး တရားမဝင်သုံးစွဲခြင်းအတွက် တပ်ဆင်ဝန်အားအရ တစ်နေ့ ရှစ်နာရီနှုန်းဖြင့် တစ်နှစ်စာလျော်ကြေး တောင်းခံမည်ဖြစ်သည့်အပြင် ဒဏ်ကြေးနှင့် အစားထိုးတပ်ဆင်ခများကိုပါ ပေးဆောင်ကြရမည် ဖြစ်ပါသည်။ လျော်ကြေးတောင်းခံပုံမှာ- လျော်ကြေး= တပ်ဆင်ဝန်အား (KW) x ၁၂ နာရီ (ဓာတ်အား သုံစွဲချိန်) x ၃၆၅ရက် x အမြင့်ဆုံးဓာတ်အားခနှုန်းဟု တွက်ချက်ပါသည်။ မီတာရှိပြီး တရားမဝင်သုံးစွဲခြင်းအတွက် ဓာတ်အားသုံးစွဲချိန်ကို တစ်နေ့ရှစ်နာရီဖြင့် ပြောင်းလဲတွက်ချက်မည်ဖြစ်ပါသည်။ Over Load ဖြင့်ဆိုလျှင် အစားထိုးတပ်ဆင်ခ သုံးဆပေးသွင်းရခြင်း၊ ရိုးရိုး Tampered ဖြစ်ခြင်းအတွက် ဒဏ်ကြေး ၅၀၀၀၀ ပါ ပေးသွင်းရခြင်းစသည့် အခြားသောသတ်မှတ်ချက်များလည်း ရှိလာမည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့်တင်ပြလိုသည်မှာ တရားမဝင်သုံးစွဲမှုများသည် တစ်နေ့တခြား များပြားလာလျက်ရှိနေခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်ခန့်က NEP နှင့်ပတ်သက်သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်စောင်တွင် မြန်မာပြည်သူများသည် လျှပ်စစ်နှင့်ပတ်သက်၍ ဗဟုသုတလွန်စွာနည်းပါးလှပြီး ဓာတ်အားခပေးဆောင်နေခြင်းကို အခပေးရသည်ဟုမထင်ဘဲ အခွန်ပေးဆောင်နေရသည်ဟု ထင်မြင်ယူဆနေကြကြောင်း၊ လျှပ်စစ်သုံးစွဲခြင်းအား ရပိုင်ခွင့်တစ်ခုကဲ့သို့ ယူဆနေကြကြောင်းစသည်ဖြင့် ဖော်ပြထားသည်ကို ဖတ်ရှုခဲ့ဖူးရာ များစွာဝမ်းနည်းဖွယ်ရာကောင်းလှပါသည်။
ထိုကဲ့သို့ လျှပ်စစ်ဆိုင်ရာဗဟုသုတ နည်းပါးခြင်းကြောင့် မိမိတို့ဆောင်ရွက်မှု၏ အကျိုးဆက်ကို မသိမြင်ကြတော့ဘဲ မိမိအဆင်ပြေလျှင်ပြီးရော စိတ်ဓာတ်ဖြင့် တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲခြင်းများကို ဖြစ်ပေါ်လာစေသည်ဟုလည်း စာရေးသူအနေဖြင့်လည်း ယူဆမိပါသည်။ သို့ဖြစ်ပါ၍ လျှပ်စစ်ဆိုင်ရာ ဗဟုသုတပညာပေးလုပ်ငန်းများကို များစွာဆောင်ရွက်ရန် လိုအပ်နေသည်ဟု ယူဆမိပါသဖြင့် အထက်ဖော်ပြပါ တရားမဝင်သုံးစွဲမှုများအား မပြုလုပ်မိကြစေရန် ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရပါသည်။ ။