ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ
မင်းခန့်
စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတွေက အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲတွေ တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာတွေနဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ သက်ဆိုင်ရာ လုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့်သတင်းအချက်အလက်တွေ ပိုမိုပူးပေါင်းမျှဝေနိုင်ရေး၊ ဒေသတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ လုံခြုံရေးဆိုင်ရာအခြေအနေ၊ ကြုံတွေ့လာနိုင်တဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အခြေအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ကြရမယ့် နည်းလမ်းတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
အစည်းအဝေးတက် ရောက်လာကြတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တွေဟာ သက်ဆိုင်ရာနိုင်ငံတွေအလိုက် အစိုးရအဖွဲ့တွေမှာ ဩဇာအာဏာရှိသူတွေဖြစ်ပြီး သူတို့နိုင်ငံတွေရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေးကိစ္စရပ်တွေမှာ မူဝါဒချမှတ်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်ကြီးတွေကိုယ်တိုင် စုံစုံညီညီတက်ရောက်လာပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုတွေဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအတွက် များစွာအထောက် အကူဖြစ်စေပြီး ဒီလိုအဆင့်မြင့်အရာရှိကြီး တွေအစည်းအဝေးကို အိမ်ရှင်အဖြစ်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ Legitimacy ကို အားကောင်းစေသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကောင်းတွေနဲ့ သံတမန်ရေးဂုဏ်သိက္ခာတွေကို ရရှိခဲ့ပါတယ်။
အထူးသဖြင့် ဘင်းမ်စတက်အဖွဲ့ထဲမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတွေ ပါဝင်တာကြောင့် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းနှိမ်နင်းနိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
BIMSTEC အဖွဲ့ဟာ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းအနောက်နိုင်ငံတွေနဲ့ စီးပွားရေးတိုးချဲ့ဆက်သွယ်ဆောင်ရွက်လိုတဲ့ Look West Policy ၊ အိန္ဒိယ နိုင်ငံရဲ့ အရှေ့တောင်အာရှဒေသနိုင်ငံတွေနဲ့ စီးပွားရေးအရ ပိုမိုနီးကပ်စွာ ဆောင်ရွက်လိုတဲ့ Look East Policy တို့ရဲ့ ပေါင်းစည်းထားတဲ့ရလဒ်ကနေ ဖြစ်ပေါ်လာတဲ့ဒေသတွင်း ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
အဆိုပါအဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီအချိန်တုန်းက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ထိုင်းလေးနိုင်ငံသာ ပါဝင်ကာ (Bangladesh-India-Srilanka-Thailand Economic Cooperation) BISTEC ဟုခေါ်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး (Bangladesh-India-Myanmar-Srilanka-Thailand-Economic Cooperation) BIMSTEC ဟု အမည်ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဘူတန်နဲ့ နီပေါနိုင်ငံတွေဟာ အဖွဲ့ဝင်နိုင်ငံသစ်တွေအဖြစ် ပါဝင်လာခဲ့ပါတယ်။ BIMSTEC ဒေသတစ်ခုလုံးရဲ့ လူဦးရေဟာ ၁ ဒသမ ၈ ဘီလီယံ (၂၀၂၃) ရှိပြီး တစ်ကမ္ဘာလုံးလူဦးရေ၏ ၂၂ ရာခိုင် နှုန်းရှိပါတယ်။ ကုန်ထုတ်လုပ်မှုမှာလည်း စုစုပေါင်း ၃ ဒသမ ၆ ထရီလီယံ(၂၀၂၃) ရှိပါတယ်။ ဘင်းမ်စတက်အဖွဲ့ဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှ၊ ထိုမှတစ်ဆင့် အရှေ့အာရှဒေသသို့ ဆက်သွယ်ပေါင်းကူးရေးအတွက် အရေးကြီးတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲ့ရဲ့ မူဘောင်အောက်မှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေဟာဆိုရင် အချုပ်အခြာ အာဏာတန်းတူရည်တူရှိရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံရေးအမှီအခိုကင်းရေး၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ ကျူးကျော်မှုမပြုရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်လေးစားရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေးတို့အပေါ်တွင် အခြေခံရေးနဲ့ဆုံးဖြတ်ချက်အားလုံးကို တူညီဆန္ဒ (Consensus) အပေါ်တွင်သာ အခြေခံနိုင်ရေးအတွက် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားပါတယ်။
ဘင်းမ်စတက်အဖွဲ့ဟာ အခြားအဖွဲ့အစည်းတွေနဲ့မတူဘဲ ကွဲပြားခြားနားမှုတွေက နေထိုင်မှုပုံစံ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုစတဲ့အချက်တွေ ကွဲပြားကြတဲ့နိုင်ငံတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာလည်း ဒေသတွင်း အကျိုးရှိစေမယ့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတွေမှာ တက်ကြွစွာပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် အကူအညီပေးရေးတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။
ဘင်းမ်စတက်အဖွဲ့ဟာဆိုရင် ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ ဘင်းမ်စတက်လုပ်ငန်းအဖွဲ့ အစည်းအဝေးဆိုပြီး အဓိကယန္တရား လေးရပ်ဖြင့် အဆင့်ဆင့်လည်ပတ်လျက်ရှိပါတယ်။
BIMSTEC အဖွဲ့စတင်တည်ထောင်ချိန်တုန်းက စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ခဲ့သော်လည်း ပထဝီဝင်နိုင်ငံရေးအခြေအနေ၊ နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုတွေ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကြောင့် လုံခြုံရေးကဏ္ဍကိုလည်း သမားရိုးကျလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ (Traditional Security Threats) အပြင် သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တို့ကြောင့် ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး (Maritime Security) ကိစ္စရပ်တွေကိုပါ ထည့်သွင်းစဉ်းစားလာ ကြပြီဖြစ်ပါတယ်။
ဒါ့ကြောင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးမှာ “အကြမ်းဖက်ဝါဒနှင့် တရားမဝင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်း” ခေါင်းစဉ်နဲ့ ဒေသတွင်းမှာ အစွန်းရောက်အကြမ်းဖက်မှု အတွေးအခေါ်များ မပျံ့နှံ့စေရေးနှင့် တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှုများ ပပျောက်စေရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ အတွေ့အကြုံတွေကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။ အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံအတွက် သာမက ဒေသတွင်း အကြမ်းဖက်နှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နည်းလမ်းတွေ၊ အခွင့်အလမ်းတွေ၊ အကြံဉာဏ်တွေရရှိခဲ့သလို သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ (Non-Traditional Security Threats) ကိုလည်း ဝိုင်းဝန်းကာကွယ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းတွေကို ဖော်ထုတ်ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အာဆီယံနဲ့တောင်အာရှဒေသရဲ့ အချိတ်အဆက်နိုင်ငံတစ်ခု ဖြစ်တာကြောင့် အာဆီယံနဲ့ ဘင်းမ်စတက်အဖွဲ့အစည်းအတွင်းမှာ အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ယခုလို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို အောင်မြင်စွာဦးဆောင်ကျင်းပပြုလုပ်နိုင်ခြင်းဟာ မြန်မာနိုင်ငံအတွက် သံတမန်ရေးအရ အောင်မြင်တဲ့လှုပ်ရှားမှုဖြစ်ပြီး စီးပွားရေးအရလည်း အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မယ့် အလားအလာကောင်းတွေကို ရရှိခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အရှေ့ဘက်မှာရှိတဲ့ တရုတ်တစ်နိုင်ငံတည်းကို မှီခိုနေရတာထက် အနောက်ဘက်မှာရှိတဲ့ လူဦးရေ ၁ ဒသမ ၄ ဘီလီယံနေထိုင်ရာ အိန္ဒိယနဲ့ပါ ရင်းနှီးပွင့်လင်းစွာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ အများအပြားရရှိခဲ့ပါတယ်။ ဘင်းမ်စတက် အဖွဲ့ဝင်တွေထဲက ဦးဆောင်နိုင်ငံဖြစ်တဲ့ အိန္ဒိယမှတစ်ဆင့် အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံတွေကိုပါ ကူးသန်းရောင်းဝယ်မှု ချိတ်ဆက်နိုင်ရေး ပိုမိုအားကောင်းအောင်လုပ်ဆောင်နိုင်မယ့် လမ်းကြောင်း တွေ ရှာဖွေနိုင်ခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံတွေထဲမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of Southeast Asian Nations- ASEAN) မှာပါဝင်တဲ့နိုင်ငံတွေပါရှိသလို တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (South Asian Association for Regional Cooperation -SAARC) တွင်လည်း ပါဝင်တဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့် ဘင်းမ်စတက်အဖွဲ့ကြီးဟာ ယင်းဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းနှစ်ခုကို ဆက်စပ်ပေါင်းကူးပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
အာဆီယံမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနဲ့လာအိုတို့ပါတယ်။ ဘင်းမ်စတက်အဖွဲ့မှာလည်း မြန်မာအိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ပါဝင်ပါတယ်။ ဘင်းမ်စတက်အဖွဲ့ထဲက အိမ်နီးချင်းတွေဟာ သဘောထားမှန်ကန်ပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် မျှတတဲ့အမြင်နဲ့ ပူးပေါင်းဆောင်ရွက် ကူညီမှုတွေရှိနေပါတယ်။ သံတမန်ရေးအရ ထိုးနှက်ပိတ်ဆို့ခံနေရတဲ့ နစက အစိုးရဟာ ဘင်းမ်စတက်အဖွဲ့ထဲမှာ တက်ကြွစွာပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ ဘင်းမ်စတက် အဖွဲ့အတွက်သာမက မြန်မာနိုင်ငံအတွက် အလွန်အကျိုးရှိပါတယ်။
နိုင်ငံတကာ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းတွေဟာ ဘင်းမ်စတက် ဒေသတွင်းစီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုကို ခြိမ်းခြောက်နေတာကြောင့် ပူးပေါင်းတိုက်ဖျက်ဖို့နဲ့ အထူးသဖြင့် သတင်းဖလှယ်ရေးအပါအဝင် အကြမ်းဖက်မှုနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ထိထိရောက်ရောက် တိုက်ဖျက်မယ့်အစီ အစဉ်တွေနဲ့ ဆောင်ရွက်မယ့် မူဝါဒတွေကို ချမှတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
ယနေ့အချိန်ကာလမှာ ကမ္ဘာ့နိုင်ငံအများစုဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လုံခြုံရေးအခြေအနေတို့ကြောင့် မိမိနိုင်ငံတစ်နိုင်ငံတည်း ရပ်တည်နိုင်ရန် မဖြစ်နိုင်တော့တဲ့အတွက် အခြားနိုင်ငံ တစ်နိုင်ငံနဲ့သော်လည်းကောင်း၊ အခြားနိုင်ငံ အများစုနဲ့သော်လည်းကောင်း၊ ပူးပေါင်းပြီးရပ်တည်နိုင်မှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လုံခြုံရေးကဏ္ဍတွေမှာ တိုးတက်ဖွံ့ဖြိုးတဲ့ အကျိုးသက်ရောက်မှုတွေရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူရရှိနိုင်မှာဖြစ်လို့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဘင်းမ်စတက်၊ အာဆီယံကဲ့သို့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့တွေ ဖွဲ့စည်းလာခဲ့ကြခြင်းဖြစ်ပါတယ်။
ဒါကြောင့် ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေအကြား ကုန်းတွင်းအချိတ်အဆက်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဘင်းမ်စတက်နဲ့ အာဆီယံအကြား ပေါင်းကူးပေးနိုင်သလို လုံခြုံရေးကဏ္ဍ အကြမ်းဖက်နှိမ်နင်းရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်သာမက ဘင်းမ်စတက်အဖွဲ့ကြီးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဒေသခွဲအတွင်း စီးပွားရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေမယ့် အခြေအနေနဲ့ပတ်ဝန်းကျင်ကောင်း တွေ ဖန်တီးပေးနိုင်တဲ့အချက်အချာ နိုင်ငံတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။