Skip to main content

လူမှုစီးပွားအကျိုးများအောင် ရှေ့ဆောင်လမ်းပြ မြန်မာ့သမဝါယမ

စစ်လွမ်းနောင်(မန်းမြေသား)

သမဝါယမစနစ်ဆိုသည်မှာ လူတို့၏ အတ္တဟိတ (ကိုယ့်အကျိုးစီးပွား)၊ ပရဟိတ (အများအကျိုး စီးပွား) ဒွန်တွဲမှုအပေါ်မှာ အခြေခံပြီး ကြံဆတီထွင် ထားသည့် စနစ်တစ်ခုပင်ဖြစ်သည်။

ထိုသို့ အတ္တနှင့် ပရ ဒွန်တွဲမှုအပေါ် အခြေခံထားသည်နှင့်အညီ လူတို့၏ စီးပွားရေးအခြေအနေများ ကို တိုးတက်အောင်မြင်စေရန်အလို့ငှာ လူတန်းစားမခွဲခြားဘဲသာတူညီမျှစနစ်ဖြင့် အချင်းချင်း ဆက်ဆံပေါင်းသင်းကာ မိမိတို့၏ဆန္ဒအလျောက် အတူတကွပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့်အတွက် ပြည်သူလူထုအကြား ယနေ့တိုင် စဉ်ဆက်မပြတ် ရပ်တည်နေနိုင်ခြင်းပင်ဖြစ်သည်။

 တစ်နည်းဆိုရလျှင် သမဝါယမစနစ်ဆိုသည်မှာ အတ္တကို ဗဟိုပြုခြင်းမျိုးမဟုတ်ဘဲ လိုအပ်နေသူများ နှင့် ရှိနေသည့်သူများကို ဆက်စပ်ပေးသောစနစ် ဟုလည်း ဆိုနိုင်ပေသည်။ သမဝါယမစနစ်ဖြင့် ဆောင်ရွက်သော လုပ်ငန်းများသည် လူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ အတ္တ၊ ပရညီညွတ်မျှတစွာ ပူးပေါင်း ဆောင်ရွက်ပြီး တစ်ယောက်၏ လုပ်အားသည် အများအတွက် အကျိုးကျေးဇူးဖြစ်စေသကဲ့သို့ အများ၏ လုပ်အားသည်လည်း တစ်ဦးတစ်ယောက် ချင်းစီအတွက် အကျိုးကျေးဇူးကို မျှဝေခံစားကြခြင်း ပင်ဖြစ်သည်။

သမဝါယမလုပ်ငန်းသည် မဇ္ဈိမပဋိပဒါလုပ်ငန်းဖြစ်

သမဝါယမလုပ်ငန်းသည် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ခပ်ကြမ်းကြမ်းလုပ်ရသည့် လုပ်ငန်းမျိုးမဟုတ်၊ အရိယာသူတော်စင်များသာ ပယ်သတ်နိုင်သည့် လောဘ၊ ဒေါသ၊ မောဟကို အတင်း ပယ်သတ်ပြီး အသာအယာလုပ်ရသည့် လုပ်ငန်းမျိုးဟုလည်းမဆိုသာ၊ ထိုနှစ်ခုကြား မျှတစွာလုပ်ကိုင် ဆောင်ရွက်ရသည့် မဇ္ဈိမပဋိပဒါ လုပ်ငန်းပင်ဖြစ်သည်။ တစ်နည်းဆိုရပြန်သော် သမဝါယမလုပ်ငန်း သည် စီးပွားရေးမပါဘဲ ဝံသာနုရက္ခိတ ခေါ် အမျိုးသားစောင့်ရှောက်ရေး သက်သက်လည်း မဟုတ်၊ စီးပွားရေးတစ်ခုတည်းကိုသာ ရှေးရှုပြီး လုပ်ကိုင်ဆောင်ရွက်ရသောလုပ်ငန်းလည်းမဟုတ်၊ ထိုနှစ်ခုကြားတွင်ရှိသော မဇ္ဈိမပဋိပဒါ လုပ်ငန်းပင်ဖြစ်သည်။

 ထို့ကြောင့် သမဝါယမလုပ်ငန်းကို ဒီမိုကရေစီ စနစ်ကျင့်သုံးသော နိုင်ငံများရော ကွန်မြူနစ်စနစ် ကျင့်သုံးသောနိုင်ငံများကပါ လက်ခံပြီး လုပ်ကိုင် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ သမဝါယမလုပ်ငန်းသည် ငွေကိုအခြေခံမပြု၊ အမြတ်ကြီးရမှုကို ရှေးမရှု၊ လူတို့၏ကာယအား၊ ဉာဏအားနှင့်အများ အကျိုးသယ်ပိုးလိုသည့်စိတ်တို့ကို အခြေခံပြုပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊ ကိုယ့်ကျင့် တရားမပျက်ပြားရေး၊ အတူတကွလုပ်ကိုင်ဆောင်ရွက်ပြီး မျှဝေခံစားခွင့်ကို ရှေးရှုသည့် စီးပွား ရေးလုပ်ငန်းများ တိုးတက်ရေးတို့ကို ဆောင်ရွက် သည့်လုပ်ငန်းပင်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအချို့တွင် သမဝါယမလုပ်ငန်း အောင်မြင်မှုများ

သမဝါယမလုပ်ငန်းသည် မဇ္ဈိမပဋိပဒါလုပ်ငန်း ဖြစ်သည့်အားလျော်စွာ လူတို့သည် သမဝါယမ၏ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူသူများ အတူတကွပူးပေါင်း၍ သမဝါယမစနစ်ကို ယုံကြည်စွာဖြင့် ကျင့်သုံးလုပ်ကိုင် ဆောင်ရွက်ခဲ့ကြသည့်အတွက် ကမ္ဘာ့နိုင်ငံအချို့တွင် စီးပွားရေးလုပ်ငန်းများ အောင်မြင်လျက်ရှိရာ ကင်ညာနိုင်ငံတွင် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး ၄၅ ရာခိုင်နှုန်းသည် သမဝါယမအသင်းများမှ ရရှိကြောင်း၊ နယူးဇီလန် နိုင်ငံတွင် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး ၏ ၂၂ ရာခိုင်နှုန်းသည် သမဝါယမအသင်းများမှ ရရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းဖြစ်သော နိုင်ငံသားများသည် သမဝါယမအသင်းသားများဖြစ်ကြောင်းနှင့် ကမ္ဘာပေါ် တွင် သမဝါယမအသင်းအများဆုံးကို ပိုင်ဆိုင်ထားရာ 2009 Global 300 စာရင်းတွင် ထိပ်ဆုံးနေရာ ရရှိထားသောအသင်းမှာ Dairy Farmers of America ဖြစ်ပြီး နှစ်စဉ် Global 300 စာရင်းတွင် ပါဝင်ကြောင်း၊ ပြင်သစ်နိုင်ငံ၏ Credit Agricole Group အမည်ရှိ သမဝါယမဘဏ်သည် ပြင်သစ် နိုင်ငံနှင့် ကမ္ဘာ့သမဝါယမ ငွေကြေးအဖွဲ့အစည်းများ တွင် အကြီးဆုံးဘဏ်စာရင်းဝင်ဖြစ်ကြောင်း၊ ကိုလံဘီယာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၏ ၂၄ ရာခိုင်နှုန်းမှာ သမဝါယမမှ တာဝန်ယူထားကြောင်း၊ ဆွစ်ဇာလန်နိုင်ငံတွင် ကုန်သွယ်မှုလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကို Migros နှင့် Suisse သမဝါယမအဖွဲ့အစည်းများက လုပ်ကိုင်ကြကြောင်း၊ ကမ္ဘာတစ်ဝန်း ပုဂ္ဂလိကလုပ်ငန်းရှင် ကြီးများ ပိုင်ဆိုင်သည့်လုပ်ငန်းများထက် ၂၀ ရာခိုင် နှုန်းပိုမိုသည့် လုပ်ငန်းပေါင်း သန်း ၁၀၀ ကို သမဝါယမအဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံတွင် နိုင်ငံ့ဈေးကွက်၏ ၆၈ ရာခိုင်နှုန်းအား China Co-op ခေါ် တရုတ်နိုင်ငံဝယ်ယူရောင်းချရေး သမဝါယမ အသင်းမှ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖင်လန်နိုင်ငံ၏ လက်လီရောင်းဝယ်မှု လုပ်ငန်းတွင် သမဝါယမရောင်းဝယ်မှုတန်ဖိုးသည် ၄၀ ရာခိုင်နှုန်းကျော် ပါဝင်တည်ရှိနေကြောင်း၊ ကမ္ဘာတစ်ဝန်းသမဝါယမဘဏ်လုပ်ငန်းများ၏ အခန်းကဏ္ဍတွင် ပြင်သစ်နိုင်ငံ၌ ၆၀ ရာခိုင်နှုန်း၊ ဩစတြီးယားနိုင်ငံ၌ ၅၀ ရာခိုင်နှုန်း၊ ဂျာမနီ၊ ဖင်လန်နှင့် နယ်သာလန်နိုင်ငံတို့၌ ၄၀ ရာခိုင်နှုန်းစီ၊ အီတလီ နိုင်ငံ၌ ၂၀ ရာခိုင်နှုန်း၊ စပိန်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံတို့၌ ၁၀ ရာခိုင်နှုန်းစီပါဝင်ကြကြောင်း ကမ္ဘာ့မှတ်တမ်းများအရ လေ့လာသိရှိရပါသည်။

မြန်မာနိုင်ငံ၏ သမဝါယမအသင်းများအခြေအနေ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် လူအများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ မြန်မာနိုင်ငံတွင်လည်း ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်ခဲ့သည့် အရပ်ဒေသများရှိ သမဝါယမအသင်းများ၏ စီးပွားရေးလုပ်ငန်းများ အပါအဝင် နိုင်ငံသားလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ၌ ကိုဗစ်-၁၉ ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများဖြစ်သည့် နေအိမ်တွင်သာ နေထိုင်ရခြင်း၊ ခရီးသွားလာမှုများ ကန့်သတ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားခဲ့ရခြင်းစသည့် ကန့်သတ်ထိန်းချုပ်မှုများကြောင့် ကုန်ထုတ်လုပ်မှုများကျဆင်းခြင်း၊ ကုန်စည်စီးဆင်းမှုများ နှေးကွေးခြင်း၊ ရောင်းဝယ်ဖောက်ကားမှုများ အရှိန်အဟုန်တန့်သွားခြင်းနှင့် ခရီးသွားလုပ်ငန်းများရပ်ဆိုင်းသွားခြင်း စသည့် စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။

ယခုအခါ အဆိုပါ စီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး၊ စီးပွားရေး အကျပ် အတည်းများကို ဖြေလျှော့ပေးနိုင်ရေးနှင့် အလုံးစုံ ပပျောက်ရေးတို့အတွက် နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များ၊ သက်ဆိုင်ရာပညာရှင်များက နည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းကဏ္ဍ၊ သမဝါယမကဏ္ဍတို့တွင် နိုင်ငံ့စီးပွား ပြန်လည်တိုးတက်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပေသည်။

ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် သမဝါယမစီးပွား ရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပံ့ပိုးကူညီ မှုများကို ရယူပြီး သမဝါယမအသင်းနှင့်အသင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် သမဝါယမအသင်းများ ရှိသကဲ့သို့ သမဝါယမအသင်းသားများ၏ စုပေါင်းအားကို အခြေခံပြီး ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းဆိုသည့် သမဝါယမအနှစ်သာရပြည့်ဝစွာဖြင့် မိမိတို့သမဝါယမအသင်းနှင့် အသင်းသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေသည့် အောင်မြင်နေသော သမဝါယမအသင်းများလည်း ရှိပေသည်။

အနှစ်သာရပြည့်ဝစွာ အောင်မြင်နေသော သမဝါယမအသင်း

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု လုပ်ငန်းများကို သမဝါယမအသင်းများက နေရာဒေသနှင့် အခြေအနေဖန်တီးနိုင်မှုအပေါ် အခြေခံ၍ သမဝါယမစနစ်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဆောင်ရွက်လျက်ရှိသကဲ့သို့ အခြေခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာလိုအပ်ချက်များကို သမဝါယမစနစ်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အလို့ငှာ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ဝန်ဆောင်မှုလုပ်ငန်းများအနက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သမဝါယမအသင်းဖွဲ့စည်းပြီး အသင်းနှင့် အသင်း သားများအကျိုး သယ်ပိုးဆောင်ရွက်ပေးသည့် အောင်မြင်နေသော သမဝါယမအသင်းများထဲမှ ငွေစုငွေချေး သမဝါယမအသင်းတစ်သင်းကို ထုတ်နုတ်တင်ပြလိုပါသည်။ ထိုသမဝါယမအသင်းကား မန္တလေးမြို့ စည်ပင်သာယာငွေစုငွေချေး သမဝါယမအသင်းပင်ဖြစ်ပေသည်။

မန္တလေးမြို့ စည်ပင်သာယာငွေစုငွေချေး သမဝါယမအသင်းသည် ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့သည့် သမဝါယမအသင်းဖြစ်ကြောင်း၊ ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေအရ ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် အသင်းသား ၁၀၃၂ ဦး၊ မတည်ငွေကျပ် ၁၄ ဒသမ ၅ သိန်းဖြင့် စာမျက်နှာ ၁၆ မှ

အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါအသင်းသည် မန္တလေးမြို့စည်ပင်သာယာ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ဝန်ထမ်း ငွေစုငွေချေး သမဝါယမအသင်းတစ်သင်းဖြစ်ကြောင်း၊ အသင်းကို အမှုဆောင်အဖွဲ့ဝင် ငါးဦး၊ အသင်းစာရင်းစစ် နှစ်ဦးတို့ဖြင့် စီမံခန့်ခွဲ၍ အသင်းဝန်ထမ်းငါးဦးခန့်အပ်ထားပြီး အသင်း၏လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်း၏ ရည်ရွယ်ချက်မှာ အသင်းသားဝန်ထမ်းများ စည်းလုံးညီညွတ်စွာ အတူတကွပူးပေါင်းဆောင်ရွက်ပြီး သမဝါယမစနစ်ဖြင့် ငွေစုဆောင်းခြင်း၊ ငွေချေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အသင်းသားဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးနိုင်ရန်ဖြစ် ကြောင်း၊ ယခုအခါ အသင်းသားအင်အား ၂၂၀၀ အထိပါဝင်လာပြီး အသင်း၏ မတည်ငွေဖြစ်သည့် အသင်းသားအစုငွေကျပ် သိန်း ၁၁၀၊ အသင်းသားစုဆောင်းငွေကျပ် ၁၀၆၉၃ ဒသမ ၀၉ သိန်းအထိ ရှိလာပြီဖြစ်သည့်အတွက် မန္တလေးမြို့တွင် အင်အားအတောင့်တင်းဆုံးသော ငွေစုငွေချေး အခြေခံသမဝါယမအသင်းတစ်သင်းဖြစ်ကြောင်း၊ အသင်း သားများအား ချေးငွေထုတ်ချေးပေးရာတွင် အသင်း သားတစ်ဦးလျှင် အနည်းဆုံး ငွေကျပ် ငါးသိန်းမှ အများဆုံးငွေကျပ် ၁၅ သိန်းအထိကို ချေးငွေကာလ (၆)လ/(၁၀)လ သတ်မှတ်၍ ထုတ်ချေးပေးကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသင်းသားများ ထံသို့ ချေးငွေကျပ် ၁၅၁၃၄ ဒသမ ၂ သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ အသင်းသားများ၏ စုဆောင်းငွေအပေါ် ပြန်ပေးသည့်အတိုးနှုန်းမှာ ၇၅ ပြားဖြစ်ပြီး အသင်းသားများ လိုအပ်ချိန်တွင် ချက်ချင်းပြန်လည်ထုတ်ပေးကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်တွင် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးအနေဖြင့် ငွေကျပ် ၈၉၇ ဒသမ ၉၂၅ သိန်းကို ထုတ်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ အသင်းသား ၂၂၀၀ အား အသင်းသားအကျိုးဝေစုအနေဖြင့် အသင်းသားချီးမြှင့်ငွေနှင့် အစုပေါ်ချီးမြှင့်ငွေကို လည်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် အသင်းသားနှင့် အသင်းသားမိသားစုများ နာရေးကိစ္စပေါ်ပေါက်ခဲ့ပါက အသင်းသားတစ်ဦးလျှင် နာရေးထောက်ပံ့ငွေအဖြစ် ငွေကျပ် ၇၀၀၀၀ ထောက်ပံ့ပေးကြောင်း၊ အသင်းဝန်ထမ်းများကို လက်ရှိတာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများထဲမှ သင့်တော်သူများ အား တာဝန်ပေးခန့်အပ်ထားခြင်းဖြစ်ပြီး ၎င်းတို့ နိုင်ငံတော်မှရရှိသည့် လစာနှုန်းထားအတိုင်း အသင်းမှလည်း ဝန်ထမ်းလစာကို သတ်မှတ်ထုတ်ပေးကြောင်း သိရှိရပါသည်။

အဆိုပါအသင်းသည် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာန၏ အနီးကပ်ထိန်းကျောင်း တည့်မတ်ပေးမှု၊ အသင်း အမှုဆောင်အဖွဲ့ဝင်များ၏ ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓာတ်ရှိခြင်း၊ အများအကျိုးအလေးထားခြင်းဆိုသည့် သမဝါယမကျင့်ဝတ်နှင့်အညီ စေတနာထား လုပ်ကိုင်ဆောင်ရွက်ပေးမှု တို့ကြောင့် အသင်းသားများ၏ သက်သာချောင်ချိရေးနှင့် ငွေကိုချွေတာသုံးစွဲပြီး လစဉ်စုဆောင်းတတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ အသင်းသားများ၏အကျိုးကို သယ်ပိုးဆောင်ရွက်ပေးနိုင်သည်သာမက နိုင်ငံတော်ဘဏ္ဍာသို့လည်း အခွန်တော်ငွေများကို သတ်မှတ် ပြဋ္ဌာန်းထားသည့် အခွန်ဥပဒေနှင့်အညီ နှစ်စဉ်ပေးသွင်းခဲ့ပြီး ယခုအခွန်စည်းကြပ်သည့် ဘဏ္ဍာရေးနှစ်အတွက်လည်း နိုင်ငံတော်ဘဏ္ဍာသို့ အခွန်ဥပဒေနှင့်အညီ အခွန်တော်ငွေများပေးဆောင်နိုင်ရေး လျာထားစီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

သမဝါယမအသင်းတစ်သင်း၏ လုပ်ဆောင်ချက်အောင်မြင်မှု ရှိ/မရှိ ဆိုသည့်အချက်ကိုဖော်ထုတ်တင်ပြရာ၌ အသင်းကို ဦးဆောင်ဦးရွက်လုပ်ကိုင်သူ အမှုဆောင်အဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး သမဝါယမကျင့်ဝတ်နှင့်အညီ စီမံခန့်ခွဲလုပ်ဆောင်နိုင်မှု၊ ဆန္ဒအလျောက် ပူးပေါင်းပါဝင်ကြသူ အသင်းသားများကလည်း မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်နှင့်လိုအင်ဆန္ဒများ ဖြည့်ဆည်းရန်အလို့ငှာပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ ကိုယ်တိုင်စီမံခန့်ခွဲဆောင်ရွက်ရသည့် စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူဖြင့် အတူတကွပူးပေါင်းလုပ်ဆောင်ကြရမည်ဆိုသည့်အချက်ကို သိရှိလိုက်နာမှုစသည့် ကောင်းမွန်မှန်ကန်သော အသိတရားနှင့် လုပ်ဆောင်ချက်များပေါ်လွင် ထင်ရှားအောင် ဖော်ထုတ်တင်ပြနိုင်ရမည်ဖြစ်ပါသည်။

မန္တလေးမြို့ စည်ပင်သာယာငွေစုငွေချေး သမဝါယမအသင်းတွင် အသင်းသားထောင်နှင့်ချီ၍ များပြားပြီးအသင်း၏ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်ကာအသင်းသားအကျိုးသယ်ပိုးပေးနိုင် ခဲ့ခြင်းသည် ယခုတင်ပြခဲ့သည့် ကောင်းမွန်မှန်ကန်သော အသိတရား၊ လုပ်ဆောင်ချက်များ ရှိသင့်သလောက်ရှိနေခြင်းကြောင့် အောင်မြင်နေသော သမဝါယမအသင်းအဖြစ် ထုတ်ဖော်တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော သမဝါယမအသင်းများအနေဖြင့် အောင်မြင်နေသော သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်ပုံနည်းစနစ်၊ အမှုဆောင်အဖွဲ့ဝင်တိုင်းတွင်ရှိရမည့် လုပ်ငန်းစွမ်းဆောင်ရည်၊ ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်တို့နှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်မှု၊ အသင်းသားတိုင်း သိရှိလိုက်နာရမည့် သမဝါယမအခြေခံသဘောတရားနှင့် သမဝါယမစိတ်ဓာတ်တို့ကို စံနမူနာယူ၍ လူမှုစီးပွားအကျိုးများအောင်၊ ရှေ့ဆောင်လမ်းပြ သမဝါယမအသင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါရန် အကြံပြုတိုက်တွန်း ရေးသားတင်ပြလိုက်ရပေသည်။ ။