သမဝါယမကုန်ထုတ်၊ ကုန်သွယ်မှုလုပ်ငန်းများမှသည် သမဝါယမဈေးကွက်ဆီသို့ တက်လှမ်းမည်
နိုင်အောင် (Cooperatives)
သမဝါယမဆိုတဲ့စကားလုံးဟာ ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်၊ သမ = အတူတကွ၊ ဝါယမ = အားထုတ်လုပ်ဆောင်ခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်ဖော်ဆောင်ပါတယ်။
ဒီကမ္ဘာကြီးမှာ သမဝါယမ(ဝါ) အတူတကွ ပူးပေါင်းအားထုတ် လုပ်ဆောင်ခြင်းဆိုတာ ဘာအတွက်ပေါ်ပေါက်လာသလဲဆိုတာ လေ့လာကြည့်ရင် အရင်းအနှီးနည်းပါးလွန်းပြီး ဆင်းရဲလှတဲ့ လုပ်ခစားအလုပ်သမားတွေ မိမိတို့ရဲ့ဝင်ငွေတိုးပွားလာဖို့၊ တိုးပွားလာမှ လူနေမှုဘဝ အဆင့်အတန်း၊ စားဝတ်နေရေး အဆင်ပြေကြမှာမို့ မိမိတို့လိုဆန္ဒတူသူများစုစည်းပြီး တစ်ဦးလျှင် တစ်ပဲနိဆီ အစု (share) ထည့်ဝင်ပြီး စုပေါင်းရရှိလာတဲ့ အစုငွေများကို မတည်ရင်းနှီးငွေအဖြစ်သတ်မှတ်ပြီး မိမိတို့ အစုအဖွဲ့ (သို့) သမဝါယမအသင်းအဖြစ် ဖွဲ့စည်းထူထောင်ကာ စုပေါင်းလုပ်အား၊ စုပေါင်းတာဝန်ယူ၊ တာဝန်ခံမှုဖြင့် လူမှုစီးပွားရေးအဖွဲ့အစည်းတစ်ခု (သို့) သမဝါယမအသင်းကို ထူထောင်လာခဲ့ကြ ပါတယ်။
သမဝါယမအဖွဲ့တွေ ကမ္ဘာအနှံ့အပြားပေါ်ပေါက်လာခဲ့
အဲဒီပုံစံကို နမူနာအတုယူရင်း နိုင်ငံအသီးသီးက လုပ်ခနည်းတဲ့ အခြေခံလူတန်းစားများဟာ မိမိတို့ရဲ့ မိသားစုဘဝလူမှုအဆင့်အတန်းနှင့် စားဝတ်နေရေး စတဲ့လိုအပ်ချက် (need)၊ လိုအင်ဆန္ဒ (desire) တွေ အမှန်တကယ်ဖြစ်တည်လာဖို့ စိတ်ဆန္ဒတူသူတွေ အချင်းချင်းပေါင်းစုကာ မတည်ငွေရရှိလာဖို့ အစု (share) ထည့်ဝင်ပူးပေါင်းပြီး စုစည်းပြီးငွေအားနဲ့ အသင်းစီးပွားရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်ရာကနေ သမဝါယမအဖွဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ကမ္ဘာအနှံ့အပြားပေါ်ပေါက် ပျံ့နှံ့လာခဲ့ပါတယ်။
ရာစုနှစ်အဆက်ဆက်က စီးပွားရေးလုပ်ငန်း နယ်ပယ်တွေမှာ အရင်းရှင်စနစ်လို့ခေါ်တဲ့ ဓနငွေ အင်အားကြီးမားသူတွေ လက်ဝါးကြီးအုပ် ကုပ်သွေးစုပ် ချုပ်ချယ်ခဲ့တာ အားလုံးအသိပင်ဖြစ်ပါတယ်။ အရင်းရှင်စနစ်ရဲ့ ဆိုးရွားတဲ့ဓနအင်အားနဲ့ နှိပ်စက်မှုတွေကြောင့် လူမှုအဖွဲ့အစည်းအသိုင်းအဝိုင်းမှာ ဆင်းရဲချမ်းသာကွာဟမှုတွေ ကြီးမားလာပြီး ဆင်းရဲသား လူတန်းစားများပြားလာကာ သုစရိုက်ထက် ဒုစရိုက်တွေကို ပိုမိုဖြစ်ထွန်းလာစေခဲ့ပါတယ်။
အရင်းရှင်စနစ်ဆိုးကို တွန်းလှန်ဖို့ အကောင်းဆုံးစနစ်မှာ သမဝါယမစနစ်ပင်ဖြစ်
ဒီ အရင်းရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ဖျက်ဖို့ရာ အကောင်းဆုံးစနစ်မှာ သမဝါယမစနစ်ပင် ဖြစ်ပါတယ်။ ငွေကြေးအရင်းအနှီးနည်းပါးပြီး ဆင်းရဲနွမ်းပါးနေသူတွေအတွက် ရုန်းထွက်နိုင်ဖို့ အသင့်တော်ဆုံးနည်းက စုပေါင်းစွမ်းပကားနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အခြေခံတူရာလူများ ပေါင်းစုပြီး စိတ်တူကိုယ်တူနဲ့ ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း၊ ဝန်ဆောင်လုပ်ငန်းများကို ဆိုင်ရာသမဝါယမအသင်းသားတစ်ဦးချင်းစီက ကိုယ်စီတာဝန်ယူပြီး ကျရာအခန်းကဏ္ဍက အများအကျိုးအတွက်၊ အဖွဲ့အစည်းအကျိုးအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခြင်းဟာ သမဝါယမ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။
ဥပမာ ရပ်ကွက်ကျေးရွာ ကုန်စုံဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် မြေနေရာနဲ့ အဆောက်အအုံ ရှာဖွေငှားရမ်းခြင်း၊ ကုန်ပစ္စည်းများ မှာယူခြင်း၊ ကုန်ပစ္စည်းဆိုရာမှာ လူတို့နေ့စဉ်စားရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲ၊ အာလူး မီးဖိုချောင်သုံးပစ္စည်းတို့ အပါအဝင် ဝတ်ဆင်ရေးအတွက် အဝတ်အထည်၊ ကျောင်းသုံး၊ လူသုံးပစ္စည်းအမျိုးမျိုးနဲ့ ကုန်စိမ်းဖြစ်တဲ့ ဟင်းသီး ဟင်းရွက်များ စတာတွေကို ဝယ်ယူဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။
သမဝါယမအသင်းရဲ့ ရင်းနှီးမတည်ငွေ ပေါ်ပေါက်လာ
စတင်ဖွင့်လှစ်ရာမှာ အရင်းအနှီးနည်းပါးတဲ့အတွက် လူသုံး၊ အိမ်သုံးမီးဖိုချောင်သုံး ကုန်ပစ္စည်းတွေ စုံစုံလင်လင် ဖြည့်ဆည်းနိုင်မှာမဟုတ်ပါ၊ အရင်းမှတိုးပွားလာတဲ့အမြတ်ကို အရင်းအဖြစ် ထပ်ဖြည့်ခြင်း၊ ရောင်းကုန်ပစ္စည်းများကိုချဲ့ထွင်ခြင်းနဲ့ ရင်းနှီးငွေတိုးပွားလာမှာ ဖြစ်ပါတယ်။ ထိုအရင်းအနှီးတွေ၊ ရင်းနှီးငွေတွေ ဘယ်ကရလာသနည်း၊ သမဝါယမ အသင်းတစ်သင်း စဖွဲ့စည်းမယ်ဆိုရင် ငွေကြေးတစ်ပြားတစ်ချပ်မှမရှိဘဲ ဖွဲ့စည်း၍မရပါ၊ သမဝါယမ အသင်းဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကိုက နည်းပါးတဲ့ငွေကြေးတစ်စုစီကို တစ်ဦးချင်းစီထံမှ စုစည်းပြီး များပြားလာတဲ့ ငွေကြေးပမာဏနဲ့ အသင်းရဲ့ စီးပွားရေးလုပ်ငန်းအတွက် ရင်းနှီးငွေအဖြစ် အသုံးပြုခြင်း ဖြစ်ပါတယ်။ အဆိုပါရည်ရွယ်ချက်နဲ့ သမဝါယမအသင်းရဲ့ ရင်းနှီးမတည်ငွေဆိုတာ ပေါ်ပေါက်လာ ရခြင်းဖြစ်ပါတယ်။
အထက်ပါရပ်ကွက်၊ ကျေးရွာကုန်စုံဆိုင်ကို ရပ်ကွက်သူ/ ရပ်ကွက်သား(သို့)ကျေးရွာသူ/ကျေးရွာ သား ၅၀ နဲ့ သမဝါယမအသင်းဖွဲ့ပြီး သမဝါယမ ကုန်စုံဆိုင် တည်ထောင်ကြတယ်ဆိုပါစို့။ အဲဒီ ရပ်ကွက်၊ ကျေးရွာသားတွေက သမဝါယမအသင်းသားများ ဖြစ်လာကြပါမယ်။ ဒီနေရာမှာ သမဝါယမ လောကသားအချို့ မှားယွင်းအသုံးပြုနေတဲ့စကား အခေါ်အဝေါ်တစ်ခုကို အမှားပြင်လိုပါတယ်။
သမဝါယမအသင်းရဲ့ အကျိုးစီးပွားအတွက် အသင်းအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းရ
တည်ဆဲသမဝါယမဥပဒေအရ သမဝါယမအသင်းမှာ ဥပဒေနဲ့အညီ အသင်းသားအဖြစ် ပါဝင်လာသူ အားလုံးကို ကျား /မ မရွေး အသင်းသားဟုသာ ခေါ်ဝေါ်ရပါမယ်။ သမဝါယမအသင်းမှာ Gender မခွဲခြားဘဲ အသင်းသားတိုင်း တန်းတူအခွင့် အရေး ရှိပါတယ်။ “အသင်းသူ” လို့ ခေါ်ဝေါ်သုံးစွဲခြင်း က မှားယွင်းနေတယ်ဆိုတာ သတိချပ်စေလိုပါတယ်။ အသင်းသား ၅၀ နဲ့ ဖွဲ့စည်းထားတဲ့ သမဝါယမ ကုန်စုံဆိုင်လုပ်ငန်းကို ကြီးကြပ်ဖို့ အသင်းရဲ့အကျိုးစီးပွားအတွက် အရေးပါတဲ့ အဆုံးအဖြတ်တွေကို ချမှတ်ဖို့၊ အသင်းကို ဦးစီးဦးဆောင် ပြုလုပ်ဖို့အတွက် အသင်းအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းရပါမယ်။
အမှုဆောင်ကော်မတီကို သုံးဦး (သို့) ငါးဦး ဖွဲ့စည်းနိုင်ပါတယ်။ ထိုမှတစ်ဆင့် အသင်းသားတွေ ကိုယ်တိုင် တာဝန်ယူပြီး အသင်းဆိုင်ဝန်ထမ်းအဖြစ် အလှည့်ကျတာဝန်ယူ ဆောင်ရွက်တဲ့စနစ်ကို ကျင့်သုံးပြီးဖြစ်ဖြစ်၊ အသင်းဝန်ထမ်းအဖြစ် လုပ်ခ၊ လစာပေး သတ်မှတ်ပြီးဖြစ်ဖြစ်၊ သမဝါယမကုန်စုံ ဆိုင်လုပ်ငန်းကို လုပ်ကိုင်ဖော်ဆောင်နိုင်ပါတယ်။ ဆိုင်မန်နေဂျာ၊ အရောင်းစာရေး၊ ငွေကိုင်၊ ကုန်ပစ္စည်း စာရင်းစစ်၊ အဝယ်တော်၊ ဆိုင်စောင့် စတဲ့အလုပ်ကိုယ်စီကို မခိုမကပ် မိမိတာဝန် မိမိကျေပွန်ပြီး အများအကျိုးအတွက် စေတနာထားဆောင်ရွက်ပါက အဲဒီသမဝါယမကုန်စုံဆိုင်က မအောင်မြင်စရာ အကြောင်းမရှိပါဘူး။
ရရှိတိုးပွားလာတဲ့အမြတ်တွေကို အသင်းသားအားလုံးရဲ့ သဘောဆန္ဒနဲ့အညီ စာရင်းနှစ်ချုပ် ကာလအပြီးမှာ အစုပေါ်အမြတ်တွေ၊ အမြတ်ခွဲဝေငွေတွေ သတ်မှတ်ခွဲဝေခံစားနိုင်သလို လုပ်ငန်းတိုးချဲ့ ရေးရန်ပုံငွေသတ်မှတ်ထားရှိခြင်းဖြင့် အနာဂတ်မှာ ဆိုင်လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသမဝါယမနည်းစနစ်ကျကျ လုပ်ကိုင်ခြင်းဖြင့် အောင်မြင်တဲ့ သမဝါယမအသင်းတွေ၊ စံနမူနာယူဖွယ် သမဝါယမအသင်းသားတွေပေါ်ထွန်း လာမှာဖြစ်ပါတယ်။ ထိုမှတစ်ဆင့် သမဝါယမ ကုန်စုံဆိုင်တွေကတစ်ဆင့် သမဝါယမဈေးကွက်၊ သမဝါယမဈေး ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်။
သမဝါယမ ကုန်ထုတ်လုပ်ငန်းဆိုတာဟာ ဘာလဲ။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါး၊ ပုစွန် မွေးမြူခြင်းလုပ်ငန်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်း၊ အလတ်စား၊ အကြီးစားစက်မှု ပညာလုပ်ငန်းနဲ့ လူတို့နေ့စဉ် စားသုံး၊ ဝတ်ဆင်၊ နေထိုင်မှုအတွက် လိုအပ်တဲ့အစားအစာနဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအားလုံးကို ကုန်ထုတ်လုပ်ငန်းလို့ ခေါ်ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ သမဝါယမ လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို သမဝါယမအသင်းသားတွေက တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြပါ တယ်။ သမဝါယမအသင်းပိုင် လယ်ယာလုပ်ငန်းနဲ့ သမဝါယမအသင်းသားပိုင် လယ်ယာလုပ်ငန်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျေးရွာရှိတောင်သူတွေ သမဝါယမအသင်းသားအဖြစ် ပါဝင်ပြီးဖြစ်ဖြစ်၊ သမဝါယမအသင်းပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို အသင်းကြီးကြပ်သူ အမှုဆောင်အဖွဲ့ရဲ့ စီစဉ်မှုနဲ့ လုပ်ကွက်ဧကတွေကို ခွဲဝေတာဝန်ယူလုပ်ကိုင်ပြီးဖြစ်ဖြစ် သမဝါယမလယ်ယာစနစ်ကို စုပေါင်းဆောင်ရွက်လျက်ရှိနေကြပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းစပြီဆိုကတည်းက မြေယာပြုပြင်ခြင်းလုပ်ငန်းကို အသင်းပိုင်ထွန်စက်တွေနဲ့ ဖြစ်ဖြစ်၊ သမဝါယမဦးစီးဌာနရဲ့အစီအမံနဲ့ ပံ့ပိုးပေးထားတဲ့မြေခံအဖြစ်ထည့်ရတဲ့ သဘာဝမြေဩဇာ တွေကို ပက်ဖျန်းပြီးဖြစ်ဖြစ်၊ မျိုးကောင်း၊ မျိုးသန့်တွေကို ကြိုတင်စုဆောင်းထိန်းသိမ်းထားပြီး ဖြစ်ဖြစ်၊ ပျိုးထောင်ချိန်မှာ အသင်းသားတွေ စုပေါင်းပျိုးထောင်ခြင်း၊ ကောက်စိုက်ချိန်၊ စိုက်ပျိုးချိန်မှာလည်း စုပေါင်းကောက်စိုက်ခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့မှာ စုပေါင်းပြီး ဖြစ်ဖြစ်၊ ရိတ်သိမ်းခြွေလှေ့ချိန်မှာလည်း စုပေါင်းအား၊ ရောင်းချချိန်မှာ စုပေါင်းပြီးဖြစ်ဖြစ်၊ မခိုမကပ် ဆောင်ရွက်ရင် အောင်မြင်တဲ့ သမဝါယမလယ်ယာစနစ်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
မျိုး၊ မြေ၊ ရေ၊ နည်း ဒီလေးမျိုး ပြည့်စုံကောင်းမွန်မှ သီးနှံအထွက်တိုးပြီး ဝင်ငွေတိုးလာမယ်
ဘယ်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်လုပ်၊ အရေးကြီးဆုံး မှတ်သားရမှာက မျိုး၊ မြေ၊ ရေ၊ နည်း ဒီလေးမျိုး ပြည့်စုံကောင်းမွန်မှသာ စိုက်သမျှ သီးနှံအထွက်တိုးပြီး ဝင်ငွေတိုးလာမယ်ဆိုတာကို သမဝါယမအသင်းသား တောင်သူလယ်သမားများရော ကျန်လယ်ယာလုပ်ကိုင်သူ တောင်သူဦးကြီးများပါ အထူးဂရုပြုလိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်ကလည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအစီအစဉ်နဲ့ သမဝါယမအသင်း ပိုင်၊ အသင်းသားပိုင် လယ်ယာမြေတွေအတွက် မျိုးကောင်းမျိုးသန့်တွေရရှိရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာတွေကို သီးနှံပေါ်ပေးစနစ်နဲ့ တောင်သူဆီအရောက်ပို့ဆောင်ပေးခြင်း၊ သမဝါယမအသင်းပိုင်၊ အသင်းသား ပိုင်လယ်ထွန်စက်ကြီးများ၊ ကောက်စိုက်စက်များ၊ တမန်းနှိုးစက်၊ ပိုးသတ်ဆေးဖျန်းကိရိယာနဲ့ ရိတ်သိမ်းခြွေလှေ့စက်ကြီးတွေနဲ့ အချိန်မီစိုက်ပျိုး၊ ရိတ်သိမ်း၊ ခြွေလှေ့နိုင်ရေးအစီအစဉ်တကျ စီစဉ်ဆောင်ရွက်ပေးနေတာ သမဝါယမအသင်းသား အားလုံးအသိပဲဖြစ်ပါတယ်။
သမဝါယမအသင်းသား တောင်သူတွေအနေနဲ့ ထိုအခွင့်အလမ်းကို အမိအရအသုံးချပြီး မိမိတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ မျိုးကောင်း မျိုးသန့်အသုံးပြုရေး၊ အထွက်နှုန်းတိုးရေး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် တောင်သူတွေ သတိချပ်ဖို့တစ်ခုမှာ ရာသီချိန်နဲ့ ရာသီဥတုဖြစ်ပါတယ်။ ပျိုးထောင်မယ့်ကာလ၊ စိုက်ရမယ့်ကာလ၊ အနှံထွက်မယ့်ကာလ၊ အဖူးဖူးမယ့်ကာလ တွက်ချက်ထားရပါမယ်။ ရာသီစောရင် သီးနှံမဖြစ်သလို၊ ရာသီချိန် နောက်ကျရင်လည်း အထွက်နှုန်းကျဆင်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်ပတ်လုံး သုံးသီး စိုက်ပျိုးနိုင်ဖို့အတွက် သီးနှံရာသီအလိုက် အစီအမံတွေ ကြိုတင်ရေးဆွဲထားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ငယ်စဉ်ကမှတ်သားခဲ့ဖူးတဲ့ ရှေးလူကြီးတွေရဲ့ မိုးရာသီနဲ့ပတ်သက်တဲ့ အဆိုတစ်ခုရှိပါတယ်။ “တပေါင်းလဆန်း ၁ ရက်နေ့မှာ လေတိုက်ပါက မိုးဦးကောင်းမယ်၊ မတိုက်က မကောင်း၊ လဆန်း ၂ ရက်နေ့ လေတိုက်ပါက မိုးလယ်ကောင်းမယ်၊ မတိုက်က မကောင်း၊ လဆန်း ၃ ရက်နေ့ လေတိုက်ပါက မိုးနှောင်းကောင်းမယ်၊ မတိုက်ပါက မကောင်း” ဆိုပြီးဖြစ်ပါတယ်။ “ရှေးထုံး လည်းမပယ်နဲ့” ဆိုတဲ့အတိုင်း ဒီဆိုရိုးကလည်း ယနေ့ ထိမှန်နေတဲ့ ဆိုရိုးစကားဖြစ်တဲ့အတွက် စိုက်ပျိုးရေး လုပ်ကိုင်သူတိုင်း မှတ်သားထားသင့်ပါတယ်။
သမဝါယမအသင်းတွေရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားမရ
ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ မွေးမြူရေးသမဝါယမအသင်းတွေရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားမရပါ။ တိုင်းပြည်စားရေရိက္ခာဖူလုံဖို့ သားငါးကဏ္ဍကလည်း အရေးပါအရာရောက်ပါတယ်။ ကျေးလက်ဒေသတွေမှာတော့ ရှေးယခင်ကာလ ကတည်းက အိမ်တိုင်းလိုလို တစ်ပိုင်တစ်နိုင် ကြက်၊ ဝက်၊ နွား၊ ဆိတ် မွေးမြူရေးလုပ်ကိုင်ခဲ့ကြပြီး စနစ်တကျစီးပွားဖြစ် မွေးမြူသူနည်းပါးပါတယ်။
ဒါကြောင့် သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေနဲ့ အသားတိုးကြက်မွေးမြူရေး၊ CP ဝက်မွေးမြူရေးနဲ့ နို့စားနွား၊ အသားစားနွားမွေးမြူလိုသူ၊ ငါးမွေးမြူရေး လုပ်ကိုင်လိုသူ၊ မွေးမြူလိုသူများ စုစည်းပြီး မွေးမြူရေးသမဝါယမအသင်းများ ဖွဲ့စည်းကာ လိုအပ်တဲ့ တိရစ္ဆာန်မျိုးကောင်း၊ မျိုးသန့်တွေ ပြည်တွင်း ပြည်ပမှ မှာယူတင်သွင်းခြင်း၊ ပြည်တွင်း ပြည်ပလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းပြီး မွေးမြူရေးခြံ၊ တိရစ္ဆာန်ကောင်ရေ တိုးချဲ့မွေးမြူခြင်း၊ ခေတ်မီနည်းစနစ်တွေနဲ့ နေ့စဉ်မှတ်တမ်းများ၊ လစဉ်မှတ်တမ်းရေးသွင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အလေအလွင့်နည်းပါးပြီး မွေးမြူကောင်ရေ မလိုအပ်ဘဲဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မွေးမြူရေးကုန်ထုတ် လုပ်မှုလုပ်ငန်းမှာလည်း အသင်းသားတွေကိုယ်တိုင် မွေးမြူပြီးထွက်ရှိလာတဲ့ သားငါးတွေကို မွေးမြူရေး သမဝါယမအသင်းတွေက ဒေသပေါက်၊ ကာလ ပေါက်ဈေးပေးဝယ်ယူပြီး သမဝါယမအသား၊ ငါးဈေးကွက်ကို ပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်။
ယနေ့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဟာ သမဝါယမလယ်ယာဥယျာဉ်ခြံမြေ စိုက်ပျိုး ရေးလုပ်ငန်း တိုးတက်ဖြစ်ထွန်းလာဖို့အတွက် ကျေးလက်နေပြည်သူတွေရဲ့ တစ်ဦးချင်း ဝင်ငွေတိုးတက်ရရှိရေးကို ဦးစားပေးအကောင်အထည်ဖော်လျက်ရှိရာ လယ်စိုက်သူ၊ ယာစိုက်သူ၊ ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးသူတွေ မျိုးကောင်းမျိုးသန့်ရရှိဖို့အတွက် မျိုးစေ့ထုတ် သမဝါယမအသင်းတွေ ထူထောင်ခြင်း၊ သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာတွေ ပြည်ပမှတင်သွင်းဖို့မလိုဘဲ ပြည်တွင်းမှာ သမဝါယမမြေဩဇာထုတ်လုပ်ရေး အလုပ်ရုံ၊ စက်ရုံများ တည်ထောင်ပေးခြင်း၊ ထွန်ယက်စိုက်ပျိုးနိုင်ရန်နဲ့ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ် အသုံးပြုမှုတွင်ကျယ်လာစေဖို့ လယ်ယာသုံးထွန်စက်နဲ့ စက်ကိရိယာအမျိုးမျိုး၊ ဆက်စပ်ပစ္စည်းတွေကို ငှားဝယ်စနစ် (Hire Purchase) နဲ့ ရောင်းချပေးခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကလည်း သမဝါယမ လယ်ယာထွက်ကုန်များဈေးကွက်ကို အချိန်မီရောက်ရှိဖို့အတွက် ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေး ရေတွင်း၊ ရေကန်များတူးဖော်ခြင်း၊ လျှပ်စစ်မီးလက်လှမ်းမမီတဲ့နေရာတွေမှာ ဆိုလာပြားများ တပ်ဆင်ပြီး ရေစုပ်စက်၊ ရေတင်စက်တွေ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေပါတယ်။
သမဝါယမအသင်းတွေ အချိတ်အဆက်မိဖို့အတွက် အကြားအလပ်မရှိ လက်တွဲပူးပေါင်းဆောင်ရွက်
သမဝါယမကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မယ်ဆိုရင် ကြားခံလူတွေရဲ့ သီးနှံထုတ်လုပ်မှုနဲ့ ဈေးကွက်လိုသလို ခြယ်လှယ်မှုကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုသမဝါယမအသင်းတွေနဲ့ ကုန်သွယ်မှုသမဝါယမအသင်းတွေ အချိတ်အဆက် မိဖို့အတွက် ထုတ်လုပ်၊ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်လုံး (Supply Chain)၊ သမဝါယမအသင်းတွေအကြားမှာ အလျားလိုက် (Horizontal) နဲ့ ဒေါင်လိုက် (Vertical) အကြားအလပ်မရှိ လက်တွဲ ပူးပေါင်းဆောင်ရွက်ရပါမယ်။
စိုက်ပျိုးရေးလုပ်ငန်း စတင်တဲ့မြေယာပြုပြင်ခြင်းမှစလို့ ရေသွင်းအစိုဓာတ်ရယူခြင်း၊ ထယ်ခွဲခြင်း၊ မြေမှုန်းခြင်း၊ မြေခံပက်ဖျန်းခြင်း၊ ပျိုးထောင်ခြင်း၊ အစေ့ချခြင်း၊ ကြဲပက်ခြင်း၊ ကောက်စိုက်ခြင်း၊ ပေါင်းနုတ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ခူးဆွတ်ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက် ပို့ဆောင်ခြင်း စတဲ့အဆင့်ဆင့် ဆောင်ရွက်ရတာတွေကို သမဝါယမအသင်းသား တွေ၊ အသင်းတွေကိုယ်တိုင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ကုန်သွယ်သမဝါယမအသင်းတွေက စိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိလာတဲ့ သီးနှံတွေကို အခြောက်ခံခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်ပေးခြင်း၊ ကြိတ်ခွဲသန့်စင်ခြင်း၊ ဈေးကွက်ကို သယ်ယူ ပို့ဆောင်ပေးခြင်း၊ သမဝါယမစိုက်ပျိုးရေးထွက်ကုန် အရောင်းဆိုင်တွေ မြို့ရွာအနှံ့ဖွင့်လှစ်ပြီး ရောင်းချပေးခြင်း၊ ပြည်တွင်းဈေးကွက်မှာ ပိုလျှံတဲ့သီးနှံတွေကို ပြည်ပဈေးကွက်နဲ့ အာဆီယံနိုင်ငံတွေကိုတင်ပို့ (Export) ရောင်းချပေးခြင်းဖြင့် နိုင်ငံတော်က နိုင်ငံခြားဝင်ငွေရရှိလာမှာ ဖြစ်ပါတယ်။ ပြည်တွင်းရောင်းချမှုကလည်း အသင်းသားတွေအပြင်၊ ပြည်သူတွေလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။
အနှစ်ချုပ်အားဖြင့် တင်ပြရမယ်ဆိုရင် သမဝါယမစိုက်ပျိုးထုတ်လုပ်လုပ်ငန်းမှသည် သမဝါယမ ကုန်သွယ်မှု၊ သမဝါယမဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် သမဝါယမအသင်း၊ အသင်းသားတွေ အားလုံး အကြားအလပ်မရှိ အတူတကွ ပူးပေါင်းမှုစိတ်ဓာတ် (Cooperatives Mindset) နဲ့ လုပ်ဆောင်ပါက ကျေးလက်နေပြည်သူတွေ တစ်ဦးချင်းဝင်ငွေတိုးပွားလာပြီး သူတို့ရဲ့ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားလာမှာဖြစ်ပါကြောင်း (၁၀၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါတယ်။ ။