Skip to main content

မိမိ၏ သန့်စင်သောသွေးဖြင့် အသက်များကို ကယ်တင်ကြပါစို့

ကိုဘုန်း(ထုတ်လုပ်)

“သွေးလှူခြင်းသည် အသက်ကယ်ခြင်းတစ်မျိုးဖြစ်သောကြောင့် သွေးအလှူရှင်များကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇွန် ၁၄ ရက်ကို “World Blood Donor Day ကမ္ဘာ့သွေးလှူရှင်များနေ့ ဟု သတ်မှတ်ခဲ့ကြပါသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၁၄ ရက် ကမ္ဘာ့သွေးလှူရှင်များနေ့ လှုပ်ရှားမှုအတွက် ဆောင်ပုဒ်မှာ “အချိန်မှန်သွေးနှင့် သွေးရည်ကြည်ပေး၍ လူ့အသက်ကိုမျှဝေပါ “Give blood, give plasma, share life, share often” ဖြစ်ပါသည်။

လူတိုင်းအသက်ရှင်နေနိုင်ရေး သွေးကိုမရှိမဖြစ်လိုအပ်ပါသည်။ သိပ္ပံပညာတိုးတက်နေသော်လည်း သွေးကိုအလွယ်တကူ အစားထိုးမရနိုင်သေးပါ။ သွေးလိုအပ်နေသူများအတွက် လုံခြုံစိတ်ချရသည့် သွေးရရှိရေးသည် အလွန်အရေးကြီးပါသည်။ ကမ္ဘာ့အနှံ့အပြားတွင် သွေးအရေးပေါ်လိုအပ်နေသူ များစွာရှိပါသည်။ ထိခိုက်ဒဏ်ရာရ၍ အရေးပေါ် ကုသမှုခံယူရမည်ဆိုပါက သွေးလိုပါသည်။ ကလေးမွေးမည့် မိခင်များလည်း အရေးပေါ်သွေးဆောင် ထားဖို့လိုအပ်ပါသည်။ သွေးပုံမှန်သွင်းရန် လိုအပ်နေသော နာတာရှည်ဝေဒနာရှင်များလည်းများစွာရှိပါသည်။ သန့်စင်သည့်သွေးကို လိုအပ်နေသူများ များစွာရှိသော်လည်း အမှန်တကယ်ရရှိသူသည် နည်းပါးပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကျန်းမာရေး စနစ်သည် အားနည်းသေးသောကြောင့် သန့်စင် သော သွေးရရန် ပိုမိုခက်ခဲပါသည်။ တစ်ကမ္ဘာလုံး သွေးလှူဒါန်းမှု ၁၁၈ ဒသမ ၅ သန်းအနက်မှ ၄၀ ရာခိုင်နှုန်းသည် ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်း နေထိုင်ရာဝင်ငွေ မြင့်မားသောနိုင်ငံများဖြစ်ပါသည်။ လူ ၁၀၀၀ အခြေခံသည့် သွေးလှူဒါန်းမှုနှုန်းတွင် ဝင်ငွေမြင့်နိုင်ငံများ၌ ၃၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဝင်ငွေအလယ်အလတ်ထက်မြင့်သော နိုင်ငံများတွင် ၁၆ ဒသမ ၄ ရာခိုင်နှုန်း၊ ဝင်ငွေ အလယ်အလတ်ထက် နိမ့်သော နိုင်ငံများတွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဝင်ငွေနည်းနိုင်ငံများတွင် ၅ ရာခိုင်နှုန်းရှိပါသည်။ ကမ္ဘာ့နိုင်ငံ ၇၉ နိုင်ငံတွင် သွေးထောက်ပံ့မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို စေတနာအလျောက် အခကြေးငွေမယူသော သွေးအလှူရှင်များထံမှရရှိသည်။

သွေးလှူရှင် သုံးမျိုးရှိ

နိုင်ငံပေါင်း ၅၄ နိုင်ငံတွင် သွေးထောက်ပံ့မှု၏ ၅၀ ရာခိုင်နှုန်းကျော်ကို မိသားစုအစားထိုး သို့မဟုတ် အခပေးအလှူရှင်များထံမှ ရရှိပါသည်။ သွေးလှူရှင် သုံးမျိုးရှိပြီး ၎င်းတို့မှာ-

၁။ အစားထိုးလှူဒါန်းသော မိသားစု(သို့) မိတ်ဆွေသွေးလှူရှင်များ

၂။ မိမိဆန္ဒအလျောက် အခကြေးငွေမယူဘဲ လှူဒါန်းသော သွေးလှူရှင်များ

၃။ အခကြေးငွေဖြင့် လှူဒါန်းသော သွေးလှူရှင် များတို့ ဖြစ်ပါသည်။

အမိဝမ်းတွင်း သန္ဓေသားလောင်းအဆင့်မှာပင် စားပွဲတင်ဇွန်းသုံးဇွန်းမျှပမာဏရှိသော သွေးသည် မရှိမဖြစ်လိုအပ်ပါသည်။ သွေးသည်ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သန့်စင်သည့်သွေးသည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတစ်ခုလုံး၌ အရေးကြီးဆုံးနေရာကပါဝင်ပြီး ခန္ဓာကိုယ်ကျန်းမာ ရေးစောင့်ရှောက်မှုစနစ်တစ်ခု အဆင်ပြေပြေ လည်ပတ်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ပါသည်။ ဒါနပါရမီတွင် တစ်ပါးအပါအဝင်ဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်း၏ သွေးအလှူ (ခေါ်) အတွင်းအလှူဖြင့် ရက်ရောစွာလှူဒါန်းခြင်းကို “ဒါနဥပပါရမီဟု မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။ သွေးနှင့်အသက်ဆက်ရသော သက်ရှိလူသားများအတွက် လုံလောက်သောသွေးရှိမှသာ ခန္ဓာဝန်ထမ်းရွက်နိုင်ကြမှာ ဖြစ်ပါသည်။

သွေးလှူရှင်ရှိမှ အသက်ဆက်ခွင့်ရ

သွေးတစ်ကြိမ်လှူတိုင်း သွေးလှူရှင်ထံမှ ၄၅ဝ မီလီလီတာခန့် ပမာဏရှိသောသွေးကို ဖောက်ထုတ်ရပါသည်။ ထိုပမာဏသည် အရွယ်ရောက်သူ သွေးလှူရှင်တစ်ကိုယ်လုံးရှိ သွေးများ၏ ၇ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ ထိုသွေးကို လက်ခံသူလူနာ၏ အသက်တစ်ချောင်းကို ကယ်တင်ရာတွင် အလွန်ထိရောက်ပါသည်။ သွေး ၄၅ဝ စီစီလှူလိုက်ပါက သွေးအရည် (ပလာစမာ) ထုထည် ၇ ဒသမ ၁၃ ရာခိုင်နှုန်း ကျသွားပါသည်။ သွေးလှူပြီးနောက် ၂၄- ၄၈ နာရီမှာ ထုထည်အရည်ပြည့်လာပါသည်။ သွေးနီဥများသည် နောက် ၅၆ ရက်မှာ ပြန်ပြည့်လာပြီး နောက်ထပ်တစ်ကြိမ် သွေးလှူဖို့အတွက် ပျမ်းမျှအချိန် သုံး/ လေးလ စောင့်ရပါသည်။ သွေးလှူရှင်ရှိမှ အသက်ဆက်ခွင့်ရသော လူနာများ သည် အရေးပေါ် ထိခိုက်ဒဏ်ရာရလူနာများ၊ ခွဲစိတ်ခန်းဝင်နေသောလူနာများ၊ သွေးမတိတ်ရောဂါ ဝေဒနာသည်များ၊ နာတာရှည်သွေးအားနည်းရောဂါရှိသူများ၊ ရိုးတွင်းခြင်ဆီ အစားထိုးကုသခံလူနာများ၊ မွေးကင်းစအသားဝါ ရင်သွေးငယ်လေးများ စသည်တို့ဖြစ်ပါသည်။ သွေးလှူပါက လူ့အသက်တစ်ချောင်းကို ကယ်တင်ရုံတင်သာမက သွေးလှူရှင်အတွက်လည်း ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။

တစ်ပါးသူအသက်ကို ကယ်ဆယ်နိုင်

သွေးလှူပြီးနောက် ထပ်မံဖြည့်စွက်စားသောက် ရသည့် အားဖြည့်စာများကြောင့် ပိုမိုကျန်းမာလာစေခြင်း၊ ကိုလက်စထရောကျစေခြင်း၊ သွေးလှူလိုက်ခြင်းကြောင့် တစ်ပါးသူအသက်ကို ကယ်ဆယ်နိုင်သဖြင့် ပရဟိတအကျိုး သယ်ပိုးလိုသည့် စိတ်ဓာတ်၊ အသင်းအဖွဲ့စိတ်ဓာတ်၊ ပူးပေါင်း ဆောင်ရွက်တတ်သောစိတ်ဓာတ်များ တိုးပွားလာစေခြင်း၊ သွေးလှူရှင်တစ်ဦးသည် သွေးတစ်ပိုင့် (မီလီလီတာ ၄၅ဝ) လှူပြီးတိုင်း အလှူရှင်၏ ခန္ဓာကိုယ်မှ အဆီကယ်လိုရီ ၆၅ဝ ခန့် လောင်မြိုက် သွားစေတာကြောင့် ကိုယ်အလေးချိန် လျှော့ချ လိုသူများအတွက် အကျိုးဖြစ်ထွန်းစေခြင်း၊ သွေးလှူပြီးနောက် ဆုံးရှုံးသွားသော သွေးနီဥများကို ရိုးတွင်းခြင်ဆီမှ ၄၈ နာရီအတွင်း ပြန်လည်ထုတ်လုပ် ပေးသောကြောင့် တစ်လ (သို့) နှစ်လနီးပါးအကြာ တွင် ပုံမှန်သွေးနီဥပမာဏပြည့်ဝလာပြီး သွေးသစ်လောင်းစေကာ ခန္ဓာကိုယ်လန်းဆန်းစေ၍ တက်ကြွမှု ဖြစ်စေခြင်း၊ ပုံမှန်သွေးလှူခြင်းကြောင့် မိမိရဲ့သွေးဖိအား အနည်း/အများ၊ သွေးပေါင်ချိန် အတက်/အကျနှင့် HIV ကာလသားရောဂါ၊ အသည်းရောဂါတို့ ကဲ့သို့သော ရောဂါများကိုပါ စစ်ဆေးပြီးဖြစ်ခြင်းတို့အပြင် သွေးဖောက်ထုတ်လှူဒါန်းလိုက်ခြင်းကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ စသည့်ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ အလားအလာနည်းပါးကြောင်း အမေရိကန်ရှိ Miller-Keystone သွေးစင်တာမှ အကြံပြုထားပြီး အမေရိကန်ဆေးသိပ္ပံပညာရှင်များ၏ ဆန်းစစ်ချက်အရ သွေးပုံမှန်လှူဒါန်းသော အမျိုးသားများတွင် နှလုံးရောဂါဖြစ်နိုင်မှု အလားအလာ ၈၈ ရာခိုင်နှုန်း လျော့ကျနိုင်ပြီးနှလုံးကြောင့် လေဖြတ်ခြင်း အလားအလာကို ၃၃ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင် ကြောင်း လေ့လာတွေ့ရှိထားပါသည်။

သွေးအလှူရှင်တစ်ဦးသည် သွေးလှူဒါန်းမည် ဆိုပါက အသက် ၁၇ နှစ်ပြည့်ပြီး ဖြစ်ရပါမည်။ တချို့ နေရာများတွင် ၁၆ နှစ်ပြည့်လျှင် လှူဒါန်းနိုင်ပါသည်။ ထို့အပြင် သွေးဖိအား BP အထက်ဂဏန်း ၁၂ဝ အထက် မကျော်စေရ၊ အောက်ဂဏန်း ၈ဝ ထက် မနည်းစေရပါ။ သွေးလှူမည့်သူသည် အသက် ၅ဝ ထက် မကြီးစေရပါ။ ကိုယ်အလေးချိန် ၄၅ကီလို ထက်မနည်းစေရဘဲ ကိုယ်အပူချိန် ၉၉ ဒသမ ၅ဒီဂရီ ဖာရင်ဟိုတ်ထက် မကျော်စေရပါ။ သွေးမလှူခင် Hemocrit စစ်တဲ့အခါ ပုံမှန်ထက် ၃၈ ရာခိုင်နှုန်း နည်းနေရင်မလှူသင့်ပါ။ ကိုယ်ဝန်ဆောင်နေပါက မွေးဖွားပြီးနောက် ခြောက်လစောင့်ရပါသည်။ ကလေးနို့တိုက်နေသူ၊ လတ်တလောကိုယ်ဝန်ပျက်ထားသူ မလှူသင့်ပါ။ သွေးလှူရှင်များသည် နေမကောင်းပါက မလှူသင့်ပါ။ အရက်သောက်ပြီး နောက် ၄၈ နာရီ စောင့်ရပါသည်။ သွေးမလှူခင် (သုံးနာရီကြိုတင်ပြီး) ထမင်းစားသင့်ပါသည်။ ပြီးခဲ့သည့် ခြောက်လအတွင်း ခွဲစိတ်ကုသမှု အကြီးစားလုပ်ထားရသူမလှူရပါ။ ခွေးကိုက်ခံရပြီးအရေပြားစုတ်ပြဲသွားပါက ၁၂ လ စောင့်ရပါသည်။ ဆီးချိုထိုးဆေး (အင်ဆူလင်) ထိုးထားပါက နှစ်ပတ်ကြာမှ လှူသင့်ပါသည်။

သွေးမလှူခင် ကြိုတင်စားသုံး

သွေးလှူမည့်သူသည် မည်သည့်အစာမှ စားထားခြင်းမရှိဘဲ သွေးလုံးဝမလှူသင့်ပါ။ အာဟာရပြည့်ဝမည့်အစာတစ်ခုခုကို သွေးမလှူခင်နှစ်နာရီ၊ သုံးနာရီခန့်ကြိုတင်၍ သွေးတွင်းအာဟာရ ပြည့်စေရန်အတွက် စားထားပေးရမည်ဖြစ်ပါသည်။ လေးလတစ်ကြိမ် ပုံမှန်သွေးလှူနေကျဖြစ်ပါက သွေးမလှူခင်ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခန့်ကြိုတင်၍ သံဓာတ်ကြွယ်ဝစွာ ပါဝင်သော အစားအစာများကို စားသုံးသင့်ပါသည်။ သံဓာတ် သည်သွေးထဲမှ အောက်ဆီဂျင်ကို ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်များဆီသို့ သယ်ဆောင်ပေးသောကြောင့် လှူလိုက်သည့်သွေးထဲတွင် ယင်းသံဓာတ်များပါသွားပြီး အားနည်းခြင်း၊ မောပန်းခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် သံဓာတ်ဖြည့်စွက်စာအဖြစ် ဆီးသီးခြောက်၊ မက်မန်းသီး၊ မက်မွန်သီး၊ သဖန်းသီး၊ ကတွတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်၊ ဝက်၊ ဆိတ်၊ အမဲတို့၏ အသည်း၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများစသည်တို့ကို များများစားပေးသင့်ပါသည်။

သွေးလှူပြီးနောက် ရေ(သို့)အရည် (အရက်က လွဲပြီး) လေးခွက် (ရှစ်အောင်စ) ပိုသောက်ခြင်း ခန္ဓာကိုယ်ထဲမှာရေနှင့်သကြားဓာတ် ခန်းခြောက်မှုမရှိစေရန် သွေးလှူပြီးပြီးချင်း အသီးဖျော်ရည်နှင့် မုန့်အချိုတစ်ခုခုကို ချက်ချင်းစားပေးခြင်း၊ သွေးလှူခြင်းကြောင့် ကုန်ဆုံးသွားသော သွေးနီဥများကို အစားပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် တိရစ္ဆာန်များ၏အသည်း၊ ပဲအမျိုးမျိုး၊ ကညွတ်၊ ဟင်းနုနယ်ရွက်အပါအဝင် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် အညိုရောင်ဂျုံ၊ ပေါင်မုန့်တို့ကို စားပေးခြင်းပြုလုပ်‌ပေးရပါမည်။ ကော်ဖီ၊ ကိုလာစသည့် ကဖိန်းဓာတ်ပါသော အရည်များသည် ဆီးရွှင်စေသောကြောင့် သွေးလှူပြီး ရှစ်နာရီ မှ ၁ဝ နာရီအတွင်း ၎င်းအရည်များကို (လုံးဝ) မသောက်သင့်ပါ။ ဥ၊ အာလူး၊ ငှက်ပျောသီး၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ငါး၊ နို့နှင့်ထောပတ်၊ ပူတင်း၊ ချိစ်ကဲ့သို့သော နို့ထွက်ပစ္စည်းကလည်း သွေးနီဥများကို ပြန်လည်တည်ဆောက်ပေးနိုင်သောကြောင့် များများစားသုံးပေးသင့်ပါသည်။

သွေးလှူရှင်တွင် ဘီပိုး၊ စီပိုး၊ HIV၊ ကာလသား ရောဂါ၊ ငှက်ဖျားရောဂါစသည်တို့ ကင်းစင်နေမှသာ လှူဒါန်းခွင့်ရှိပြီး သွေးလှူခါနီးတွင်လည်း သွေးပေါင်ချိန်ပုံမှန်ဖြစ်နေရမည်ဖြစ်ပါသည်။ ထို့အပြင် လိင်ဆက်ဆံဖော်များသူ၊ ပဋိဇီဝသောက်ဆေးကို သောက်သုံးသူ၊ ဆစ်ဖလစ်ရောဂါပိုးရှိသူ၊ မူးယစ်ဆေးစွဲနေသူ၊ အသားဝါ၊ Rubella ရူဘဲလားရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ငှက်ဖျားရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါနှင့် ပန်းနာရောဂါရှိသူများသည် သွေးမလှူသင့်ပါ။ သွေးလှူချိန်ကြားကာလမှာ တစ်ကြိမ်နှင့်တစ်ကြိမ် အနည်းဆုံးနှစ်လရှိမှသာ သွေးလှူရှင်၏ နောက်ဆက်တွဲကျန်းမာရေးအတွက် စိတ်ချရမည်ဖြစ် ပါသည်။

သန့်စင်ပြီး ရောဂါပိုးကင်းရှင်းသည့်သွေးသည် လူပေါင်းများစွာ၏အသက်ကို ကယ်တင်ပေးနိုင်စွမ်းရှိပါသည်။ သွေးလှူဒါန်းခြင်းသည် မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာထက် မိမိ၏ခန္ဓာကိုယ်ရှိ သွေးကိုလှူဒါန်းရခြင်းဖြစ်သောကြောင့် အလွန်မွန်မြတ်သော စွန့်လွှတ်လှူဒါန်းမှုတစ်ရပ်ဖြစ်၍ သွေးလှူကြဖို့ တိုက်တွန်းလိုပါသည်။ ရခဲလှသောလူ့ဘဝတွင် ပုထုဇဉ်လူသားအချင်းချင်း မိမိသွေးဖြင့် အသက် ကယ်တင်ကြပါရန် ဇွန် ၁၄ ရက်တွင် ကျရောက်မည့် ကမ္ဘာ့သွေးလှူရှင်များနေ့အား ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။