သဘာဝဘေးအန္တရာယ် စုပေါင်းကျော်လွှား အမြဲကာကွယ်
ထက်ဝေအောင်(စစ်ကိုင်း)
ကမ္ဘာကြီးပေါ်တွင် ဖွံ့ဖြိုးတိုးတက်ခြင်း ပြယုဂ်ဖန်တီးနိုင်မှု၏ နောက်ဆက်တွဲပြဿနာများကို ရင်ဆိုင်နေကြရသည်။ လူတို့ဖန်တီးမှုမှ တစ်ဆင့်ဖြစ်ပေါ်လာသော အန္တရာယ်များအနက် သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး၊ နေရာမရွေး ရုတ်တရက် ဖြစ်ပေါ်နိုင်ပေသည်။ သဘာဝအတိုင်း တည်ငြိမ်အေးချမ်းရာမှ ရုတ်ခြည်းပြောင်းလဲဖောက်ပြန်သော ဖြစ်စဉ်များကို သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်ပြီး မိုးသည်းထန်စွာရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။
သက်ရှိအားလုံးအတွက် သဘာဝဘေးအန္တရာယ်သည် အဖျက်စွမ်းအား ပမာတူညီသည်။ မြေငလျင်လှုပ်လျှင် အဆောက်အအုံနှင့် လမ်း၊ တံတားများ ပျက်စီးနိုင်သည်။ လေမုန်တိုင်းတိုက် ခတ်လျှင်လည်း လူတို့နေထိုင်ရာ အဆောက်အအုံများသာမက သဘာဝဘေးဒဏ် အကာအကွယ်ပြုသည့် သစ်ပင်ကြီးများကိုလည်း လဲပြိုစေသည်။ ရေကြီးရေလျှံဖြစ်ပွားလျှင် လူတို့၏အကျိုးစီးပွားများစွာ ယုတ်လျော့ရသည်။ အပူလှိုင်း၊ အအေးလှိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် လူအသေအပျောက် ဖြစ်စေနိုင်သည်။ သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာတိုင်း ထိခိုက်ပျက်စီးမှုကိုသာ ဖြစ်စေပါသည်။
မြေငလျင်လှုပ်ခတ်မှု၊ မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်များ
ကမ္ဘာကြီး၏ တည်ငြိမ်မှုသည် တဖြည်းဖြည်း ကျဆင်းလာသည်။ တစ်နှစ်ထက်တစ်နှစ် ရာသီဥတုဖောက်ပြန် ဆိုးရွားမှုသည်လည်း ပို၍သိသာလာသည်။ မြေငလျင်လှုပ်ခတ်မှု၊ မုန်တိုင်းတိုက်ခတ်မှု ဖြစ်စဉ်များသည် ခပ်စိပ်စိပ်ဖြစ်ပေါ်လာသည်။ မုန်တိုင်းမလာမီ ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်သည့်တိုင် ပျက်စီးဆုံးရှုံးများရှိနေဆဲဖြစ်သည်။ အဆိုပါဆုံးရှုံးမှုများ လျော့နည်းသက်သာရာရစေရေး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ပိုမိုကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။ ခေတ်မီစက်ပစ္စည်းများနှင့် နည်းပညာရပ်အသီးသီးသည် သဘာဝဘေးအန္တရာယ်အချို့ကို လက်လှမ်းမီ သတင်းအချက် အလက်ရယူ၍ ကြိုတင်ခန့်မှန်းတွက်ချက်နိုင်စွမ်းရှိသည်။ ကြိုတင်ခန့်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်နှင့် ကြိုတင်မခန့်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ် ဟူ၍ရှိရာ ကြီးမားသောသဘာဝ ဘေးအန္တရာယ်အသီးသီးသည် မျှော်လင့်မထားသည့် အချိန်ကာလများတွင်လည်း ဖြစ်ပွားနိုင်ခြေရှိသည်။ မီးတောင်ပေါက်ကွဲခြင်း၊ တောမီးလောင်ခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များသည် လူတို့နေထိုင်ရာ ကမ္ဘာမြေကြီးကို အစဉ်အမြဲ ခြိမ်းခြောက်လျက်ရှိပေသည်။
လူသားတစ်ရပ်လုံးအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရန်နည်းလမ်းမျိုးစုံ အသုံးပြုရန်လိုအပ်လာသည်။ တစ်ဖက်တွင်လည်း အဖျက်စွမ်းအားကြီးမားမှုကိုဖြစ်စေသည့် ဆူနာမီဝင်ရောက်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်း ပြဿနာများကရှိနေသည်။ လူသည် အသိဉာဏ်၊ စွမ်းအားအကြီးမားဆုံး ဖြစ်သဖြင့် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်ကို သင်ခန်းစာယူ၍ အနာနှင့်ဆေးတည့်အောင်ပြုလုပ် ကြရမည်ဖြစ်သည်။ မြေငလျင်သည် ဘေးအန္တရာယ်များစွာအနက် ကြိုတင်ခန့်မှန်းရခက်ခဲပြီး ငလျင်ပြင်းအားအလိုက် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေ မြင့်မားလေ့ရှိသည်။ မည်သည့်ဘေးအန္တရာယ်မဆို ဆုံးရှုံးမှုကို ဦးတည်သွားခြင်းကြောင့် ဆုံးရှုံးမှုများတွင် မိသားစုများ၊ ဆွေမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်များပါဝင်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် စည်းစိမ်နှင့် မျက်ရည်လဲထပ်ကြရသကဲ့သို့ကွဲကွာခြင်း၊ ခွဲခွာခြင်းဝေဒနာများကိုလည်း အလူးအလဲ ခံစားကြရသည်။
သစ်တောသစ်ပင်များကို ပို၍ထိန်းသိမ်းစောင့်ရှောက်သင့်
လူတို့သည် ဘေးထွက်ဆိုးကျိုးဖြစ်စေသည့် လုပ်ဆောင်ချက်များစွာကို မရည်ရွယ်ဘဲ ပြုလုပ်ခဲ့ကြသည်။ သစ်တောသစ်ပင်များကို မဆင်မခြင်ခုတ်လှဲကြသည်။ သစ်တောသစ်ပင်များသည် ရေစုပ်ယူအားမြင့်မားသဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရာတွင် အသုံးဝင်သည်။ သစ်ပင်များကို ကမ္ဘာကြီး၏အဆုတ်ဟု တင်စားခေါ်ဝေါ်ကြသည်။ သစ်တောသစ်ပင် ပြုန်းတီးလျှင် မြစ်ချောင်းအင်းအိုင် ရေကြီးရေလျှံမှုကို ပိုမိုအားပေးနိုင်သည်။ နောက်ဆက်တွဲ ရလဒ်အဖြစ် သီးနှံများပျက်စီးခြင်း၊ အပူလှိုင်းကျရောက်ခြင်းများ ဖြစ်ပွားနိုင်သည်။ ဥတုရာသီတောကိုမှီ ဆိုစကားနှင့်အညီ သစ်ပင်စိုက်ပျိုးခြင်း အလေ့အထကောင်းကို မွေးမြူလျက် သစ်တောသစ်ပင်များကို ပို၍ထိန်းသိမ်းစောင့် ရှောက်သင့်သည်။
ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ရမည်က လူသားအားလုံး၏ တာဝန်ဖြစ်ပေသည်။ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ချက်ကို အရှိန်အဟုန်နှင့် ပြောင်းလဲတိုးတက် အောင်ဆောင်ရွက်နိုင်သကဲ့သို့ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်မှုပြဿနာကိုလည်း ကျွဲကူးရေပါသည့် သဘောဖြင့် တစ်ပါတည်းဖြေရှင်းသင့်သည်။ စက်မှု နည်းပညာခေတ်တွင် ယာဉ်စက်ပစ္စည်းများ ပိုမိုထုတ်လုပ်ခြင်းသည် မျက်မှောက်ခေတ်၏ လိုအပ်ချက်ကိုဖြည့်ဆည်းခြင်း ဖြစ်သော်လည်း ကာဗွန်ထုတ်လွှတ်မှု ပမာဏလျှော့ချရေးကိုလည်း ဦးစားပေးစဉ်းစားကြရမည်ဖြစ်သည်။
လောဘနှင့်ချဲ့ထွင်သမျှ သောကပွေလီရမည်ဖြစ်သည်။ ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးသည် အလုံးစုံဖွံ့ဖြိုးရေး တွန်းအားများစွာဖြင့် ရှေ့သို့ချီတက်လျက်ရှိကြသည်။ အင်အားကြီးနိုင်ငံများအကြား စီးပွားရေးအရ ကမ္ဘာ့အဆင့်အတန်းမီ ရပ်တည်နိုင်ရေးသည် အရေးကြီးဆုံးအချက် တစ်ချက်ပမာ လက်ခံသတ်မှတ်လာခဲ့ကြသည်။ နိုင်ငံတစ်နိုင်ငံ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝများစွာ ဖွံ့ဖြိုးရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အခန်းကဏ္ဍမှာ အရေးပါလာသည်။ နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခန်းကဏ္ဍ တစ်ရပ်ဦးစားပေး ထည့်သွင်းဖော်ဆောင်ခြင်းဖြင့် အနာဂတ်ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ကို ညီညွတ်မျှတကောင်းမွန်စေနိုင်ပါသည်။
နိမိတ်သင်္ကေတများဖြင့် အချက်ပြအသိပေး
ကမ္ဘာကြီးက စကားမပြောတတ်သည့်တိုင် လူတိုင်းနားလည်လွယ်သော နိမိတ်သင်္ကေတများဖြင့် အချက်ပြအသိပေးလျက်ရှိသည်။ ကမ္ဘာကြီး တဖြည်းဖြည်း ကိုယ်အပူချိန် မြင့်မားလာခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အခန်းကဏ္ဍ ပိုမိုအရှိန်မြှင့်တင်ရန် အချက်ပေး ခေါင်းလောင်းသံပမာ ဖြစ်လာသည်။ အပူလှိုင်း၊ မုန်တိုင်း၊ ရေကြီးနစ်မြုပ်၊ မိုးလို မိုးခေါင် သဘာဝဘေး အသွယ်သွယ်မှာ နင်လား ငါလား ရန်စလာခဲ့သည်။ ကမ္ဘာတစ်ဝန်းလုံးကို ခြုံငုံသုံးသပ်ကြည့်ပါက သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမှာ လွန်ခဲ့သော ဆယ်စုနှစ်ကာလများစွာမှ အစပြု၍ သိသာစွာ ဆုတ်ယုတ်ကျဆင်း လာခဲ့သည်။ ယနေ့ကြုံတွေ့နေရသော သဘာ၀ဘေးအန္တရာယ် အမျိုးမျိုးသည် လူသားတို့နေထိုင်သည့် ကမ္ဘာကြီးကို ခြွေယူဖျက်ဆီးရန် ပြောင်ပြောင် တင်းတင်း စိန်ခေါ်နေခြင်းဖြစ်သည်။ မီးတောင်ပေါက်ကွဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ လေထု၊ ရေထု ညစ်ညမ်းခြင်းတို့ဖြင့် ကမ္ဘာ့ရာသီဥတု ညှိုးခြောက်ပျက်စီးခြင်းဘက်သို့ ခြေဦးလှည့်နေသည်ကို တွေ့ရသည်။
ပလတ်စတစ်သုံးစွဲမှုကို လျှော့ချသင့်
သို့ဖြစ်ရာ ဖြစ်ပေါ်လာသော အခက်အခဲပြဿနာများကို ပူးပေါင်းအဖြေရှာခြင်း၊ ဆောင်ရွက်ခြင်းများဖြင့်သာ အောင်မြင်စေသည်။ သဘာဝဘေးအန္တရာယ် မကျရောက်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ ကျရောက်ပြီးနောက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို စီမံခန့်ခွဲခြင်း နည်းလမ်းမျိုးစုံဖြင့် အမြန်ဆုံး ကုစားသွားရမည်ဖြစ်သည်။ အစွန်းရောက် စိတ်ဓာတ်များကြောင့် ရာသီဥတုပြဿနာ အုံကြွမှုဖြစ်ရသည်။ ဘေးအပေါင်းလည်း ဝန်းရံလို့နေသည်။ လူတစ်ဦးချင်းစီ၏ စိတ်ဓာတ်သည် လွန်စွာအရေးကြီးလှသည်။ စိတ်ဓာတ် မြှင့်တင်ရေးအပိုင်းသည် အခရာကျ ပေသည်။ အစွန်းထိဆွဲတင်သမျှ ပျက်စီးကြရမည်ဖြစ်သည်။ ပလတ်စတစ်အိတ်နှင့် အသုံးအဆောင်ပစ္စည်း များထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်ဖြင့် သက်တမ်းတစ်ခုအတွင်း ဘေးထွက်ဆိုးကျိုးနည်းပါးစွာဖြင့် ကြွေလွင့်စေသည့် နည်းပညာကိုအသုံးပြုသင့်သည်။ ရေတွင်မပျော် ပိတ်ဆို့တားဆီးမှု ကိုဖြစ်စေသည့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချသွားသင့်သည်။ ကာဗွန် ထုတ်လုပ်မှုနည်းပါးသည့် ဘက်ထရီ အသုံးပြုစက်တပ်ယာဉ်များ အစားထိုးဆောင်ရွက်သင့်သည်။ ကမ္ဘာကြီးပေါ်ရှိကုန်းနေ၊ ရေနေသတ္တဝါအားလုံး နေသားတကျ သာယာလှပစေရေး လူသားအားလုံးတွင် တာဝန်ရှိပေသည်။ ပူပြင်းသည်ထက်ပူပြင်း ခြောက်သွေ့လာသည့် သဘာဝပတ်ဝန်းကျင် ငြိမ်းချမ်းသာယာရေး လူသားတို့၏ မြင့်မားသော အတွေးအခေါ်၊ ဆောင်ရွက်ချက်များဖြင့် သဘာဝဘေးအန္တရာယ်ဟူသမျှ စုပေါင်းကျော်လွှား အမြဲကာကွယ်သွားကြရမည် ဖြစ်ပါကြောင်း ကမ္ဘာကြီးပူနွေးမှုလျှော့ချရေး အတွေးအမြင်ဖြင့် ရေးသားလိုက်ရပါသည်။ ။