Skip to main content

စွန့်လွှတ်စွန့်ဝံ့ ဂုဏ်ဒြပ်နှင့်အတူ ….

မိုးမြင့်

ယနေ့မြန်မာ့တပ်မတော်ဟာ ပထဝီနိုင်ငံရေးအရ နယ်မြေချဲ့ထွင်လိုတဲ့ ပြည်ပဖိအားတွေကို အန်တုရင်းဘယ်ခေတ်နဲ့မှမတူတဲ့ ပြည်တွင်းလက်နက်ကိုင်ပေါင်းစုံနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်၊ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာပွန်းပဲ့ပါမသွားအောင် ကြိုးစားကာကွယ်နေရသလို ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးမသွား အောင်လည်း စောင့်ရှောက်ကာကွယ် ပေးနေရတယ်၊ အသက်သွေးချွေး အမြောက်အမြား စွန့်လွှတ်ပေးဆပ်မှု အရင်းအနှီးကြီးကြီးနဲ့ကို ပြည်သူအတွက်၊ နိုင်ငံအတွက်ပေးဆပ်နေရခြင်းဖြစ်ပါတယ်။

နိုင်ငံရဲ့အရှေ့မြောက်ဒေသမှသည် အနောက် မြောက်၊ အနောက်၊ အရှေ့နဲ့ အရှေ့တောင်၊ စစ်ကိုင်း၊ မကွေးစတဲ့ နိုင်ငံအနှံ့ပတ်ချာလည်မှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်းစုံကို ဆင်နွှဲနေရာမှာ ပြည်ဖျက် လက်နက်ကိုင် ရောင်စုံသောင်းကျန်းသူ တစ်ဖွဲ့တစ်ဖွဲ့ အင်အားထောင်သောင်းဂဏန်းချီပြီး နေ့စဉ်နဲ့အမျှ အပြင်းအထန်တိုက်ခိုက်နေရခြင်း ဖြစ်ပါတယ်။ ယခင်ကလို တစ်ဖွဲ့တစ်ခုတည်းနဲ့ နယ်မြေ တစ်ခုတည်းမှာ တိုက်ရတဲ့တိုက်ပွဲမျိုးတွေ မဟုတ်တော့ဘဲ ပြည်ပအထောက်အပံ့ခံ ခေတ်မီလက်နက် ပစ္စည်း အတောင့်တင့်ဆုံးအင်အားနဲ့ ပွဲထွက်လာတဲ့ ရောင်စုံအကြမ်းဖက်လက်နက်ကိုင်တွေနဲ့ ရင်ဆိုင်ရ တဲ့အခြေအနေဟာ သာမန်တပ်မတော်တစ်ခုအနေ နဲ့ဆို ဘယ်လွယ်ပါ့မလဲ။

နားလည်တန်ဖိုးထားစေချင်

ပြည်သူကို တံတိုင်းလုပ်၊ လူ‌နေအိမ်‌ခြေအကာ အကွယ်ယူ၊ မြို့တွင်းတိုက်ပွဲဖော်ဆောင် တိုက်တဲ့ လက်နက်ကိုင်နဲ့ ပြည်သူမထိခိုက်အောင် မြို့နဲ့လူနေရပ်ကွက်ရှောင်ပြီး တိုက်ရတဲ့တပ်မတော်ကြား ယခုလို ခြားနားချက်က တပ်မတော်သားတွေရဲ့ အသက်တွေ ပိုပေးဆပ်ရစေတယ်။ ပြည်သူကိုကာကွယ် စောင့်ရှောက်ပြီး ဘေးကင်းရာဆီပို့ပေးတဲ့ တပ်မတော်နဲ့ အရပ်သားယောင်ဆောင်ပြီး ပြည်သူသဏ္ဌာန်အသွင်ယူတဲ့ သောင်းကျန်းသူ စေတနာအရာ အများကြီးကွာပါတယ်။

မြန်မာ့တပ်မတော်ဟာ ငြိမ်းချမ်းရေးကို အမြဲ လိုလားပေမယ့် နယ်မြေခွဲထွက်ရေး အကြောင်းပြ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေသူတွေကြောင့် စစ်ပွဲလည်းပိုကြာနေရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒို့တာဝန်အရေးသုံးပါးနဲ့ NCA ကို လက်ကိုင်ထားတဲ့ တပ်မတော်နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဗန်းပြ ဥပဒေ မဲ့ လက်နက်ကိုင်တွေကြားက ပဋိပက္ခမှာ တပ်မတော်ကတော့ နိုင်ငံကံကြမ္မာအတွက်၊ အချုပ်အခြာအတွက်၊ ပြည်သူအတွက် ကိုယ့်အလုပ်ကိုယ်လုပ်နေဆဲပါပဲ။ ယနေ့နိုင်ငံအခြေအနေက ခေါင်းဆောင်တွေ အမြော်အမြင်အားနည်းရင်၊ ပြည်သူတွေ မညီညွတ်ရင်၊ တပ်မတော်အင်အားမတောင့်တင်းရင် နိုင်ငံအချုပ်အခြာပျက်ယွင်းပြီး တိုင်းပြည်က ခဏလေးနဲ့ ပြိုကွဲသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ယခုလိုအန္တရာယ်မျိုးကို ကာကွယ်နိုင်မယ့် လျှို့ဝှက်လက်နက်က အင်အားတောင့်တင်းပြီး သစ္စာရှိတဲ့တပ်မတော်နဲ့ ပြည်သူအားလုံးရဲ့ ညီညွတ်မှုပါပဲ။ ဒါကြောင့် တပ်မတော်ရဲ့တန်ဖိုး အထူးသဖြင့် စွန့်လွှတ်စွန့်စားစိတ်နဲ့ အသက်ပေးတာဝန်ထမ်းနေကြတဲ့ စစ်မှုထမ်းများရဲ့ နက်နဲတဲ့စိတ်ဝိညာဉ်ကို နားလည်တန်ဖိုးထားစေချင်လှတယ်၊၊

နိုင်ငံလုံခြုံရေးသာမက လူသားလုံခြုံရေး အတွက်ပါ

သူတို့ဟာ နိုင်ငံရဲ့ရတနာ နိုင်ငံ့သားကောင်းတွေပါပဲ။ တိုင်းပြည်ရဲ့လုံခြုံရေးအတွက် တစ်နေ့ ၂၄ နာရီတာဝန်ရှိနေသူတွေဖြစ်ပြီး အရေးကြုံတိုင်း ရှေ့တန်းထွက် တိုက်ပွဲဝင်ရသူတွေ ဖြစ်တယ်။ ပြည်သူကို ရန်သူလိုသဘောမထားတဲ့ သူတို့ဟာ စစ်မြေပြင်နဲ့ အကျွမ်းတဝင် ရင်းနှီးသူတွေဖြစ်ကြ ပေမယ့် စစ်ပွဲမဟုတ်တဲ့စစ်ပွဲ‌တွေကိုလည်း ဆင်နွှဲကြရတယ်။ ယနေ့လိုကာလမျိုး နည်းပါးလွန်းတဲ့အချိန် လေးမှာပင်မိသားစုကို နွေးနွေးထွေးထွေးအချိန် မပေးနိုင်၊ သမိုင်းပေးတာဝန်အရ ပြည်သူတွေအသက်ရှင်သန်ရပ်တည်နိုင်ရေး၊ လူမှုစီးပွားဘဝ လိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းနေရတယ်။ စားရေရိက္ခာမပြတ်အောင်၊ စားရေရိက္ခာဖူလုံအောင်နဲ့ လမ်းတံတားလို အ‌ခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ တစ်တပ်တစ်အား ပါဝင်ထမ်းရွက်နေရတယ်၊၊ ရေကြီး၊ မုန်တိုင်း၊ မီးလောင်၊ သဘာဝဘေးအန္တရာယ်ကျရောက်တိုင်း အရေးပေါ်ကယ်ဆယ်ကြရတယ်။ ပြန်လည်ထူထောင်ရေးတွေမှာ မပါမဖြစ်ပါနေရပြီး အရှည်တည်တံ့‌တည်ငြိမ်မယ့် နိုင်ငံရေးဖြစ်စဉ်အသစ်တစ်ခု ဖြစ်ထွန်းရေးမှာလည်း ပါဝင်ကူညီနေရတယ်။

ကိုဗစ် - ၁၉ ကူးစက်ကပ်ဘေး အပါအဝင် တိုင်းရင်းသားတွေရဲ့ကျန်းမာရေးကို စောင့်ရှောက် ကုသခြင်းတာဝန်ကပင် တပ်မတော်ရဲ့သမားစဉ် အလုပ်တစ်ခုဖြစ်‌နေပါပြီ။ ယခုလို သစ္စာရှိရှိပေးဆပ်မှုတွေကို လက်နက်ကိုင်တွေရဲ့စနက်‌ကြောင့် အမှန်တကယ် ဒုက္ခပင်လယ်ဝေရရှာတဲ့ တိုင်းရင်းသားဒေသခံတွေက ပိုသိပိုနားလည်၊ ပိုတန်ဖိုးထားတာ တွေ့ရတယ်။ နယ်စွန်နယ်ဖျားကရိုးသားတဲ့ တိုင်းရင်းသားတွေဆိုရင် တပ်မတော်သားတွေအပေါ် အားကိုးရလို့ ပိုပြီးချစ်မြတ်နိုးကြတယ်။ ဒါကြောင့် တပ်မတော်သားတွေက သူတို့ရဲ့ဘဝနဲ့ ထပ်တူ စိတ်ဓာတ်ကောင်းစွာနဲ့ ယခုလိုပေးဆပ်‌မှု တွေအပေါ်မှာ ပြည်သူအားလုံးအနေနဲ့ တန်ဖိုးထားစေချင်၊ အသိအမှတ်ပြုစေချင်ပါတယ်၊၊ ထိုသို့သော တန်ဖိုးထားမှုကသာ တပ်မတော်သားတွေရဲ့စိတ်ဓာတ်နဲ့ယုံကြည်ချက်ကို ပိုမိုမြင့်မားစေမှာ ဖြစ်ပါတယ်။

သူရဲကောင်းစိတ်ဓာတ်ဟူသည်

မြန်မာ့တပ်မတော်သားတွေဟာ သူရဲကောင်းပီသသူတွေဖြစ်ကြသလို ခေတ်အဆက်ဆက် တပ်မတော်သမိုင်းမှာ စွန့်ဝံ့စွန့်စားအာဇာနည်အမြောက်အမြား ပေါ်ထွက်ခဲ့ကြဖူးတယ်။ ယခု မျက်မှောက်ဖြစ်စဉ်တွေမှာ ရန်သူကမိမိတို့တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကို အကြိမ်ကြိမ်ရိုက်ချိုးပြနေတဲ့ကြားမှ စစ်မြေပြင်မှာ စစ်သားမာန်အပြည့်ရှိတဲ့ အရာရှိကြီးငယ်၊ စစ်သည်သူရဲကောင်းများစွာ ထွက်ပေါ်လာနေခြင်းဟာ မြန်မာ့တပ်မတော်အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ ရန်သူဘက်ကသာလွန်အင်အားနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ စစ်မြေပြင်မှာ အခြေအနေအရခွာစစ်ဆင်ရပြီး ရန်သူချီစစ်ကိုရပ်တန့်အောင် လုပ်နိုင်စွမ်းရှိခဲ့တယ်၊၊ ကိုယ့်စစ်သည်တွေရဲ့အသက်ကိုငဲ့ကွက်ပြီး ဆုတ်ခွာဖို့ အထက်က အမိန့်ပေးတာတောင် မိမိစခန်းကိုမစွန့်၊ အသေခံပြီးကိုယ့်ငယ်သားတွေ ဘေးကင်းအောင် သေအတူရှင်မကွာရှိခဲ့ကြတဲ့ တိုက်ပွဲဝင်အရာရှိကြီးတွေရဲ့ သတ္တိနဲ့စစ်ရေးစွမ်းရည်၊ ရန်သူ့ထိုးစစ်ကို လက်နက်မချ၊ သေမြေကြီး ရှင်ရွှေထီးပမာ သူရဲကောင်းပီသစွာ ခုခံတိုက်ခိုက်ခဲ့တဲ့ အရာရှိငယ်တွေ၊ ရဲတပ်ဖွဲ့အရာရှိစစ်သည်တွေကို တွေ့ရမြင်ရ တာ အားရစရာပါ၊၊

ရာနဲ့ချီတဲ့ရန်သူရဲ့ ရက်ကြာရှည် ဝိုင်းပတ်ပိတ်ဆို့ခံရတဲ့စခန်းက မိမိစစ်သည်တွေ စိတ်ဓာတ်မပျက် ပြားအောင် လှုံ့ဆော်နိုင်ခဲ့တဲ့ စည်းရုံးရေးမှူး ခေါင်းဆောင်ကောင်းတွေအကြောင်း ကြားသိခဲ့ရတယ်၊၊ ဒါဟာ စစ်သားပီသသူတွေကိန်းအောင်းရာ မြန်မာ့တပ်မတော်အတွက် အားရဂုဏ်ယူစရာဖြစ်ပါတယ်။ ယခုလို စိတ်ဓာတ်မျိုးတွေကို ပြည်သူအားလုံး၊ တပ်မတော်သားအားလုံးက လေ့လာအတုယူသင့်ပါတယ်၊၊ သို့ပေမဲ့ ရန်သူပေါင်းစုံဟာ ပြည်ပဩဇာခံပြီး နိုင်ငံကိုအလုံးစုံပျက်သုဉ်းရေး လမ်းစဉ်လိုက်ကာ စစ်မီးတောက်အောင် အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် ယနေ့ခေတ်အရာရှိ စစ်သည်တွေမှာ တိုက်လိုခိုက်လိုစိတ်နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ သေရဲတဲ့စိတ်နဲ့ ဘယ်တော့မှ အလံဖြူမ‌ထောင်ဘူးဆိုတဲ့စိတ်ဓာတ်မျိုးကိုတော့ သံမှိုနှက်သလိုရိုက်သွင်းထား ဖို့လိုအပ်ပါမယ်။

နိုင်ငံချစ်စိတ်အစ စိတ်ဓာတ်ကောင်းတွေရှိနေသရွေ့

သူရဲကောင်းများစွာမွေးဖွားရာ မြန်မာ့တပ်မတော်မှာ ကမ္ဘာ့အခြားဘယ်တပ်မတော်နဲ့မှ မတူတဲ့အချက်တစ်ခုကရှိနေတယ်၊ ခေတ်အဆက် ဆက်လိုအပ်ချက်အရ တိုက်ပွဲနဲ့မပြတ်တဲ့ တပ်မတော် တစ်ခုရဲ့ကံကြမ္မာဟာ လွတ်လပ်ရေးမရမီနဲ့ရပြီး တောက်လျှောက် နိုင်ငံရေး ဒီ‌ရေအတက်အကျနဲ့ဆက်စပ်နေတဲ့အချက်ဟာ ထူးခြားချက်ပါပဲ။ အရှုပ် အထွေးများတဲ့ နိုင်ငံရေးပယောဂနဲ့အတူ အဘက်ဘက်က ပျက်စီးစေလိုတဲ့ နိုင်ငံရေးကွဲလွဲမှု‌တွေကြား၊ ဝါဒမှိုင်းတွေကြားမှာ တပ်မတော်ရဲ့ပုံရိပ်ဟာ အတော်အတန် ထိခိုက်ခဲ့ရပေမယ့် တပ်မတော်သားတွေဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံနဲ့ပြည်သူအတွက်၊ တပ်မတော်အတွက် အသက်စွန့်ဖို့ ဘယ်သောအခါမှ ဝန်မလေးခဲ့ကြသူတွေ ဖြစ်တဲ့အတွက် စွန့်လွှတ်ပေးဆပ်ရင်းနဲ့ စစ်မြေပြင်မှာကျန်ခဲ့ရသူတွေကို ကျွန်တော်တို့အားလုံးက မမေ့မလျော့အလေးထား ဂုဏ်ပြုကြရပါမယ်။ သူတို့ဟာ အခြေအနေဆိုးတွေအကြား တာဝန်အလွန်ကျေပွန်ခဲ့ကြပြီး အများအတွက် အနစ်နာခံခဲ့သူတွေဖြစ်ကြတယ်။ ပေးအပ်တဲ့တာဝန်ကို ဦးဆွေးဆံမြည့်ထမ်းရွက်ရင်း တပ်မတော်အပေါ် ထာဝရသစ္စာရှိသူတွေလည်း ဖြစ်တယ်။ အမေ့ခံတွေမဟုတ်တဲ့အတွက် မမေ့နိုင်တဲ့သူတွေကတော့ ထာဝစဉ်ဂုဏ်ပြုလျက်ပါ။

အလေးဂရုပြုရမယ့်အချက်တစ်ခုက နောင်လာနောက်သားတွေရဲ့နှလုံးသားမှာ ယခုလိုနိုင်ငံချစ် စိတ်ထက်သန်ရှင်သန်နေဖို့ အမြဲပြောနေ၊ အမြဲမျှဝေနေဖို့ လိုအပ်ခြင်းပါပဲ။ နိုင်ငံချစ်စိတ်ဆိုတာ ဒီနိုင်ငံမှာဖွားပြီး ဒီနိုင်ငံအကျိုးသယ်ပိုးတဲ့ နိုင်ငံသားကောင်းတွေမှာသာရှိနိုင်တဲ့ စိတ်ဓာတ်မျိုးဖြစ်ကြောင်းယနေ့ လူငယ်တွေသိရှိထားသင့်ပါတယ်။ လွတ်လပ်ရေး နဲ့အချုပ်အခြာကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်ကြီးကို ဂုဏ်ယူတတ်ရမှာဖြစ်ပြီး စစ်သည်တွေရဲ့ စွန့်လွှတ်ရဲတဲ့သတ္တိဗျတ္တိကို ဂုဏ်ယူလေးစားနေအောင်၊ သူတို့တွေရဲ့ပင်ပန်းဆင်းရဲမှုကို စာနာနားလည်နိုင်အောင်၊ တန်ဖိုးရှိရှိသေခြင်းနဲ့ တန်ဖိုးမဲ့သေခြင်းအကြား ခွဲခြားနားလည်အောင် သင်ကြားပြသပေးသင့်ပါတယ်။

သေပြီးမှသူရဲကောင်းဖြစ်တာမဟုတ်၊ မသေခင်ကတည်းက သူရဲကောင်းတွေအဖြစ်သတ်မှတ်ခံထိုက် သူတွေဖြစ်အောင်ကြိုးစားကြရမယ်။ အသက်ခန္ဓာစွန့်လွှတ်ခဲ့တဲ့ တပ်မတော်သားတွေကို နမူနာယူပြီး နိုင်ငံရဲ့ကာကွယ်ရေးခွန်အားဖြစ်တဲ့ ပညာတတ် သူရဲကောင်းတွေ ရှိနေသရွေ့ ငါတို့တိုင်းပြည်ဟာ ဘယ်တော့မှမကျဆုံးဘူးဆိုတဲ့ စိတ်ဓာတ်မျိုးကို ခေတ် အဆက်ဆက် လေ့ကျင့်မွေးမြူထားနိုင်ရပါမယ်။

ဘယ်လိုဖြစ်ဖြစ်ပါ၊ မြန်မာ့တပ်မတော်နဲ့ တပ်မတော်သားတွေကတော့ ပြည်သူကိုဘယ်တော့မှ သစ္စာမဖောက်၊ ခေတ်အဆက်ဆက် မပြီးဆုံးနိုင်တဲ့ ပဋိပက္ခများနဲ့ ဘေးအန္တရာယ်ကြုံတိုင်းမှာ မိမိတို့ရဲ့ အသက်သွေးချွေးခန္ဓာဝိညာဉ်တွေကို ပေးဆပ်နေကြ ဦးမှာပါ။ အရေးကြီးဆုံးက ကျွန်ုပ်တို့ရဲ့တပ်မတော်ကြီး ရုပ်ပိုင်း၊ စိတ်ဓာတ်ပိုင်း အင်အားတောင့်တင်းနေဖို့နဲ့ အချင်းချင်းသစ္စာရှိဖို့ အဓိကဖြစ်ပါတယ်။ သပ်လျှိုဖြိုခွဲသွေးခွဲစကားတွေကို မယုံမိဖို့လိုပါတယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးဆိုတဲ့ပေတံနဲ့ တိုင်းတာနိုင်တဲ့အချက်တွေကို ပိုင်ဆိုင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းဟာ တပ်မတော်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှု အာမခံချက်က တပ်မတော်လက်ထဲမှာပဲ ရှိပါတယ်။

နောက်ဆုံး နိုင်ငံနဲ့ပြည်သူကို အသက်ပေးကာကွယ်ပေးနိုင်စွမ်းသည်လည်း တပ်မတော်မှာပဲရှိပါတယ်။ လက်ရှိအခြေအနေအရတော့စစ်ကို မုန်းပေမယ့်ငြိမ်းချမ်းရေးကို ဖျက်ဆီး၊ စစ်မီးမွှေးသူတွေကြောင့် စစ်ကိုမတိုက်ချင်ဘဲ တိုက်နေရပါဦးမယ်။ အနိုင်အရှုံး မပြီးသေးတဲ့ပွဲမှာငြိမ်းချမ်းရေးကို လိုချင်လို့စစ်ကိုဆက်လက်ဆင်နွှဲရပါဦးမယ်။ ကျူးကျော်မှုကို ခုခံတွန်းလှန်ဖို့ ပြင်ဆင်ထားရပါမယ်၊ နယ်ချဲ့ကိုရင်ဆိုင်နိုင်အောင် အင်အားရှိရပါမယ်၊ မတရားမှုကို တားဆီးနိုင်ရပါမယ်။ သေချာတာတစ်ခုက နိုင်ငံနဲ့ပြည်သူအတွက် အမျိုးဘာသာသာသနာအတွက် ဆင်နွှဲရသော တရားသောစစ်ပွဲဖြစ်တဲ့အတွက် အောင်ပွဲသည် လက်တစ်ကမ်းမှာပဲ ရှိနေတယ်ဆိုတဲ့ ယုံကြည်ချက်ပါ၊၊ ထိုအချက်ကို အခိုင်အမာနှလုံးသွင်း ပြီး စိတ်ဓာတ်ခွန်အား‌များတတ်နိုင်တဲ့ဘက်ကပေးကြရ‌အောင်ပါ။ ဘယ်လိုတိုက်ပွဲဖြစ်ဖြစ် ပေးဆပ်အနစ်နာ ခံသူတွေရှိနေသရွေ့ အောင်ပွဲအလီလီရနေမှာပဲ ဖြစ်ပါတယ်။ ။