တီထွင်မှုမူပိုင်ခွင့် သတင်းအချက်အလက်မှသည် တီထွင်ဖန်တီးမှုအသစ်များဆီသို့
မူပိုင်ခွင့်ဦးစီးဌာန
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသစ်အသစ်သော သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရပ်များကို တီထွင်ကြံဆလုံ့လစိုက် ကြိုးပမ်းလျက်ရှိကြပါသည်။ အဆိုပါအသစ်ဖြစ်သော တီထွင်မှုများပေါ်ထွက်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုပေါင်းများစွာဖြင့် အားဖြည့်ဆောင်ရွက်လျက်လည်း ရှိကြပါသည်။ မြန်မာနိုင်ငံတွင်လည်း တီထွင်ဖန်တီးမှုစွမ်းပကားများ မြင့်မားလာစေရေးဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖော်ဆောင် ပေးရန် ဆောင်ရွက်လျက်ရှိပါသည်။
အသစ်ဖြစ်သော တီထွင်မှုများသည် ရက်၊ လ၊ နှစ်အလိုက် အစဉ်အမြဲ တိုးတက်ပြောင်းလဲလျက်ရှိရာ တီထွင်ဆန်းသစ်မှုများက ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်နှင့်အမျှ တိုးတက်လာနေပါသည်။ လူသုံးကုန်ပစ္စည်း၊ အသုံးအဆောင်ပစ္စည်းများနှင့် စပ်လျဉ်းသည့် နည်းပညာများမှာလည်း တစ်စတစ်စတိုးတက်လာနေပြီး လူနေမှုအဆင့်အတန်းများကိုလည်း မြင့်မားတိုးတက်လာမည်ဖြစ်ပါသည်။ နိုင်ငံတိုင်းသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြိုင်အဆိုင် တီထွင်ကြံဆကြိုးပမ်းလုပ်ဆောင်နေကြပါသည်။
တီထွင်ဖန်တီးနိုင်စွမ်းအားဆိုသည်မှာ စက်ပစ္စည်း၊ နည်းပညာကိုသာ တီထွင်ဖန်တီးနိုင်ခြင်းမျိုး မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်ရှိ တွေ့ကြုံနေရသည့် ပြဿနာအမျိုးမျိုးကို အဆင်ပြေလွယ်ကူချောမောစေရန် တီထွင်သူတို့၏ စိတ်ကူးစိတ်သန်းဖြင့် အသစ်ဖြစ်သော တီထွင်ဖန်တီးနိုင်စွမ်းပင်ဖြစ်သည်။
အကျိုးကျေးဇူးများစွာရရှိ
လူသားတို့၏ တီထွင်ဖန်တီးနိုင်မှုများကို လေ့လာကြည့်ပါက ကမ္ဘာဦးအစကပင် သဘာဝအရင်းအမြစ်များကိုအခြေခံ၍ စွမ်းဆောင်ရည်ကောင်းမွန်သော ပစ္စည်းကိရိယာများကို တီထွင်ခဲ့ကြပါသည်။ ဥပမာအားဖြင့် မီးကိုဖန်တီးခြင်း၊ လေးလံသော အရာဝတ္ထုများ ရွေ့လျားနိုင်ခြင်းအတွက် ဘီး(Wheel) ကို တီထွင်ခြင်း၊ ခရီးသွားလာရေးတွင် ပိုမိုတွင်ကျယ် စေရန် ယာဉ်အမျိုးမျိုးတီထွင်ခြင်း၊ လျှပ်စစ်မီးတီထွင်ခြင်း၊ ပုံနှိပ်စက်၊ တယ်လီဖုန်းနှင့် အင်တာနက်တို့ကဲ့သို့သော တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆက်သွယ်နိုင်မည့်နည်းပညာများကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့် လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါသည်။
အသစ်အသစ်သော တီထွင်ဖန်တီးမှုမှန်သမျှသည် ယခင်ရှိပြီးသား နည်းပညာများအပေါ် အခြေခံ၍ ပိုမိုကောင်းမွန်သော တီထွင်ဆန်းသစ်မှုများအဖြစ် တီထွင်သူများက ၎င်းတို့၏ ဖန်တီးနိုင်မှုစွမ်းအားအရ ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။ တီထွင်သူများအနေဖြင့် မိမိတို့တီထွင်ထားရှိသော အဆိုပါတီထွင်ဖန်တီးနိုင်မှုမှန်သမျှကို အခြားတစ်ဦးဦးမှ အလွယ်တကူ အသုံးချခြင်းကိုမခံရစေရန် မူပိုင်ခွင့်ဦးစီးဌာနတွင် တီထွင်မှုအကာအကွယ် ရယူထားရမည်ဖြစ်ပါသည်။ အခြားသောဖွံ့ဖြိုးပြီး နိုင်ငံများမှတီထွင်မှုမူပိုင်ခွင့် လျှောက်ထားသော တီထွင်မှုဆိုင်ရာနည်းပညာ အသစ်များကိုအခြေခံ၍ ဆန်းသစ်တီထွင်ဖန်တီးနိုင်သော စွန့်ဦးတီထွင်သူများကို မွေးထုတ်ပေးနိုင်ပါသည်။
နိုင်ငံတိုင်းတွင် တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးလျက်ရှိ
နိုင်ငံတိုင်းတွင် တီထွင်ဖန်တီးမှုများ၏ အခွင့်အရေးများကို တီထွင်မှုမူပိုင်ခွင့်ဥပဒေဖြင့် အကာအကွယ်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း တီထွင်မှုများကို အကာအကွယ်ပေးရန် အတွက် ၂၀၁၉ ခုနှစ်တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ တီထွင်မှုမူပိုင်ခွင့်သည် လျှောက်ထားသောနိုင်ငံ သို့မဟုတ် ဒေသအတွင်း၌သာ အခွင့်အရေးရရှိသည့်စနစ်ဖြစ်ပြီး အချိန်ကာလအားဖြင့် တီထွင်မှုမူပိုင်ခွင့်၏ သက်တမ်းမှာ နှစ် ၂၀ ဖြစ်ပြီး အသေးစားတီထွင်မှုမူပိုင်ခွင့်၏ သက်တမ်းမှာ ၁၀ နှစ် ဖြစ်ပါသည်။ တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာသတင်း အချက်အလက်များဆိုသည်မှာ ကမ္ဘာတစ်ဝန်းရှိ မူပိုင်ခွင့်ရုံးများမှ ထုတ်ပြန်ကြေညာထားသော တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်များ၏ နည်းပညာဆိုင်ရာ အချက်အလက်များကို ဆိုလိုခြင်းဖြစ်ပါသည်။ သတင်းအချက်အလက်များသည် များစွာသော တီထွင်ဖန်တီးမှုများ ဖြစ်ပေါ်လာစေရန် အတွက် အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။ ထိုသတင်းအချက်အလက်များကို လေ့လာမှတ်သားခြင်း၊ နည်းပညာများအား စူးစမ်းရှာဖွေခြင်း၊ ဖန်တီး တီထွင်ခြင်းများ ပြုလုပ်ခြင်းဖြင့် အဆင့်မြှင့်တင် ထားသော တီထွင်ဖန်တီးမှုအသစ်များကို ပြုလုပ်နိုင်ပေသည်။ ထိုတီထွင်မှုများကို တီထွင်မှုမူပိုင်ခွင့်ဥပဒေဖြင့် အကာအကွယ်ရယူထားနိုင်ပေရာ တီထွင်ဖန်တီးမှုများ ဖြစ်ပေါ်လာရေးအတွက် သတင်းအချက်အလက် နည်းပညာများသည် လွန်စွာအရေးပါလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။