ကမ္ဘာတည်သရွေ့အားထား မြန်မာ့တောင်သူလယ်သမား
ထက်ဝေအောင်(စစ်ကိုင်း)
မြန်မာနိုင်ငံသည်စိုက်ပျိုးရေးကိုအခြေခံထားသာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လယ်ယာသီးနှံအထွက်နှုန်းတိုးတက်ရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရှေးယခင်တောင်သူလယ်သမားများ၏ အခက်အခဲမျိုးစုံ၊ ရပ်တည်ချက်မျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် သမိုင်းမှတ်တိုင်များသည် ကမ္ဘာတည်သရွေ့ မမေ့နိုင်သည့် အဖြစ်အပျက်များဖြစ်ခဲ့သည်။
နယ်ချဲ့စနစ်၏ ကုပ်သွေးစုပ်အမြတ်ထုတ်မှုကြောင့် တောင်သူလယ်သမားများဘဝ လူလုံးမလှ ဘိုးဘွားပိုင်လယ်ယာမြေများ နစ်နာဆုံးရှုံးရသည့်အဖြစ်သို့ ဆိုက်ရောက်ခဲ့ရသည်။ နယ်ချဲ့ခေတ်၏အလိုကျ တောင်သူလယ်သမားများသည် မြန်မာနိုင်ငံအထက်ပိုင်းမှ အောက်ပိုင်းသို့လယ်ယာပြောင်းရွှေ့ လုပ်ကိုင်ခဲ့ရသည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။ မြေလွတ်မြေရိုင်းများ ခုတ်ထွင်ရှင်းလင်းပြီး မြေယာသစ်ဖော်ထုတ် လုပ်ကိုင်မှုများရှိခဲ့သော်လည်း စီးပွားရေးအရ အရင်းအနှီးမရှိ အသိပညာအားနည်းမှုကြောင့် အကျိုးအမြတ်နည်းနည်းဖြင့် ဘဝကိုခက်ခဲစွာ ဖြတ်သန်းကြရသည်။ လယ်ယာမဲ့ဘဝ၊ အလုပ်လက်မဲ့ဘဝဖြင့် နယ်ချဲ့ကို ဆန့်ကျင်သော တောင်သူလယ်သမား အရေးတော်ပုံကြီးတစ်ရပ် ပေါ်ပေါက်စေသည်အထိ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာခဲ့ကြသည်။ ထိုအချိန်မှစ၍ တောင်သူလယ်သမားများ ဘဝအဆင့်အတန်းမြင့်မားရေး အခန်းကဏ္ဍ၏ လိုအပ်ချက်များစွာသည် သမိုင်းမှတစ်ဆင့် မီးမောင်းထိုးပြ ဖြစ်တည်လာခဲ့ရပေသည်။
မြန်မာ့လယ်ယာမြေတစ်ခွင် ပဲ့ကိုင်ရှင်
မြန်မာ့မြေယာကောင်းတွင်ပါဝင်သည့် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်များသည် စားဝတ်နေရေးဖူလုံအောင် ဖြည့်ဆည်းပေးနိုင်သည်။ လယ်ယာလုပ်ငန်းမှတစ်ဆင့် ဆန်စပါးသည် မြန်မာလူမျိုးများအဓိကအားထား စားသုံးသည့် နေ့စဉ်ရိက္ခာဖြစ်သည်။ အလားတူ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနှင့် နှမ်း၊ မြေပဲစားသုံးဆီတို့သည်လည်း နေ့စဉ်ရရှိမည့် ဟင်းတစ်ခွက်ဖြစ်စေသည်။ ဝါစိုက်ပျိုးခြင်းကြောင့် အဝတ်အထည် ဖန်တီးထုတ်လုပ်နိုင်သည်။ နေ့စဉ်ဘဝ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သည့် မြန်မာ့လယ်ယာမြေတစ်ခွင်ပဲ့ကိုင်ရှင် တောင်သူလယ်သမားဦးကြီးများ၏ ကာယ၊ ဉာဏစိုက်ထုတ်အောင်မြင်မှုရလဒ်များဖြစ်ခြင်းကြောင့် ကမ္ဘာတည်သရွေ့ ကျေးဇူးတင်ရှိရမည့် လယ်ယာမြေကို ကိုယ်စားပြုသည့် တောင်သူလယ်သမားဦးကြီးများဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့် နေ့စဉ်ဘဝလိုအပ်ချက်များ ပီပြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေး ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ပြီး “စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု အတိအလင်းဖော်ပြထားရှိသည်။ ထို့အတူ စီးပွားရေး မူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအားများမြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေအကာအကွယ်များစွာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ပံ့ပိုးကူညီပေးလျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေကောင်းမွန်ရေး၊ ရေလုံလောက်စွာရရှိရေး၊ နည်းစနစ်တကျစိုက်ပျိုးရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ပြီး လယ်ယာစီးပွားခေတ်ကို ထူထောင်နိုင်ပေသည်။ လယ်ယာစီးပွားလုပ်ငန်းများ ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဈေးကွက်ဝယ်လိုအား ကောင်းမွန်မှုနှင့် အာဟာရပြည့်ဝသည့် သီးနှံစုံထုတ်လုပ်နိုင်မှုတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ အောင်မြင်မှုရရှိရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို အချိန်မီပြုပြင်ရန်၊ စိုက်နည်းစနစ်ကောင်းများကို အားထားရန်လိုအပ်ပြီး ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတုအလိုက် ရေမြေဒေသနှင့် ကိုက်ညီသည့် ဒဏ်အခံနိုင်ဆုံး မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးကြရမည်ဖြစ်ပါသည်။
ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစီမံလျက်ရှိ
နိုင်ငံတော်အစိုးရက ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင်လည်း တစ်ဧကချင်း အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး၊ အရည်အသွေးကောင်းမွန်သည့် စပါးမျိုးများစိုက်ပျိုးရေး အထူးအလေးထားရန် လမ်းညွှန်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်သည့် ဈေးကွက်သုတေသန၊ စိုက်ပျိုးရေး သုတေသန၊ မွေးမြူရေးသုတေသန၊ စက်မှုသုတေသန၊ နည်းပညာသုတေသန၊ ပညာရေးသုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် မြေနှင့် ရေအရင်းအမြစ်များကို အကျိုးရှိရှိသုံးစွဲသွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစီမံလျက်ရှိသည်။
တောင်သူလယ်သမားဦးကြီးများ၏ လယ်ယာလုပ်ငန်းခွင်တွင် စိုက်ပျိုးရေကို ပိုမိုထိရောက်စွာအသုံးပြုနိုင်ရေး ဆည်တာတမံကြီးများ၊ မြစ်ရေတင်လုပ်ငန်းကြီးများ ထိန်းသိမ်းမွမ်းမံခြင်း၊ ရေလိုအပ်ချက်နည်းသော သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေကိုချွေတာသုံးစွဲနိုင်သည့် ခေတ်မီရေသွင်းကိရိယာများ အသုံးပြုစိုက်ပျိုးခြင်း အစရှိသော ရေအသုံးချမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ သရုပ်ပြပွဲများဆောင်ရွက်လျက်ရှိပါသည်။ မိုးရွာသွန်းမှု လျော့နည်းလာသည့်အလျောက် မြစ်များ၊ ချောင်းများ၊ မြောင်းများအတွင်း ရေသိုလှောင်နိုင်ရေးအတွက် ဆည်၊ တာတမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများ အသုံးပြုခြင်း၊ စိုက်ပျိုးရေကို ထိရောက်စွာအသုံးပြုနိုင်ရေးနှင့် ရေစီမံခန့်ခွဲမှုကို လယ်သမားများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေမည့် ရေအသုံးချသူများအဖွဲ့ (Water User Group- WUG) နှင့် ရေအသုံးချသူများအသင်း (Water User Association- WUA) များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်ဝင်သီးနှံ၊ စီမံကိန်းသီးနှံများလည်း စိုက်ပျိုးကြရမည်
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၃)ရပ်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး”ဟူ၍ ပါရှိသဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအခန်းကဏ္ဍမှ ဘက်စုံဖွံ့ဖြိုး ရေးဦးတည်ချက်နှင့်အညီ လယ်ယာလုပ်ငန်းခွင်တွင် စီးပွားရေးအရ တွက်ခြေကိုက်သော စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ၊ ကြံအစရှိသည့် သီးနှံများ ယှဉ်ပြိုင်စိုက်ပျိုးကြသကဲ့သို့ ဈေးကွက်ဝင်သီးနှံ၊ စီမံကိန်းသီးနှံများလည်း စိုက်ပျိုးကြရမည်ဖြစ်သည်။ လယ်ယာကဏ္ဍတွင် နွေစပါး၊ ဆောင်းပဲတီစိမ်း၊ နေကြာ၊ ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေး အလေးထားဆောင်ရွက်လျက်ရှိပြီး သီးနှံအလိုက် ဧကတိုးချဲ့ရေးသာမက ဒေသရေမြေအလိုက် သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးသည် သီးနှံထုတ်လုပ်မှု လုပ်ငန်းများအတွက်အထွက်နှုန်းနှင့် ဝင်ငွေတွက်ခြေကိုက်မှုကိုဖြစ်စေသည်။ စက်မှုလယ်ယာ တစ်ခေတ် ကူးပြောင်းဆောင်ရွက်မှုအနေဖြင့် တောင်သူများနှင့် စက်မှုလယ်ယာဝန်ဆောင်မှု လုပ်ကိုင်သူများကို ပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ ကြံနှင့် အာလူး သီးနှံများကို Fully Mechanized ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ လယ်ထွန်စက်များကို ထွန်နှင့်ထယ်နှစ်မျိုးသာ အသုံးပြုလျက်ရှိရာမှ မြေပြင်၊ မျိုးစေ့ချ၊ ကြားပေါင်းလိုက်၊ ဆေးဖျန်း၊ ရိတ်သိမ်း အစအဆုံး ထွန်စက်နှင့် နောက်တွဲကိရိယာများ အသုံးပြုခြင်း၊ အသစ်တီထွင်ထုတ်လုပ်သည့် ကောက်စိုက်စက်အသုံးပြုခြင်း သရုပ်ပြပွဲများ၊ သင်တန်းများကို တောင်သူအကျိုးပြုခြင်းငှာ ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် တောင်သူများ၏ ဥစ္စာအရင်းအနှီးဖြစ်ပါသည်။ လယ်ယာလုပ်သား ရှားပါးမှုပြဿနာ၊ စိုက်ပျိုးမြေလျော့နည်းလာသည့် ပြဿနာများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အတားအဆီးဖြစ်စေသည်။ သို့သော် လယ်ယာစိုက်ပျိုးရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြု၍ ဆောင်ရွက်ကြရမည်ဖြစ်သည်။ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုနှင့်အတူ တောင်သူလယ်သမားကြီးများ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာအောင် ကြိုးပမ်းရပါမည်။ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံထုတ်ကုန်များထုတ်လုပ်ရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝအခြေခံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကုန်ထုတ်လမ်းများ ကောင်းမွန်ရေး၊ ရေနှင့် မီးလင်းရေးဆိုင်ရာ အခြေအနေကောင်းများ ပိုင်ဆိုင်ရရှိရန် လိုအပ်သည်။ အခြေခံလိုအပ်ချက်များ ပြည့်မီမှ သာတောင်သူလယ်သမားများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့် ဝမ်းစာဖူလုံရေးလုပ်ငန်းတစ်ခုအသွင်မှ ပြည်ပတင်ပို့နိုင်သည်အထိ ဆတက်ထမ်းပိုးသယ်ပိုး ရွက်ဆောင်နိုင်ပြီး နိုင်ငံ့အကျိုး၊ ဒေသအကျိုး ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရသည်။ ဆင်းရဲငတ်မွတ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ထောင်စုနှစ်ရည်မှန်းချက်များ သတ်မှတ်လျက်ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်(၁၇)ရပ်ပါအတိုင်း ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုများပါဝင်သဖြင့် ဘေးကင်းလုံခြုံသောသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ Good Agriculture Practices-GAP နှင့် အော်ဂဲနစ်စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို လေ့ကျင့်ဖော်ဆောင်ရမည်ဖြစ်ပါသည်။
မျှော်မဆုံးနိုင်သည့် လယ်ကွက်များပေါ်တွင် ကွင်းလုံးပြည့်စပါးခင်းကြီးများဖြင့် မြန်မာ့လယ်ယာခေတ်ကောင်းသို့ရောက်ရှိရေးမှာ တောင်သူလယ်သမား ဦးကြီးများ၏ ဦးဆောင်ပါဝင်မှုသာမက အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်သည်။ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေး၊ နိုင်ငံတကာဈေးကွက် ထိုးဖောက်တင်ပို့နိုင်ရေးကိစ္စများသည် လယ်ယာစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါသော အချက်အချို့ဖြစ်ပါသည်။ ထို့အတူ စိုက်ပျိုးရေးသုံး ခေတ်မီနည်းပညာများဖြင့် ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ခြင်း အဆင့်ဆင့်တိုးတက်လာမည်ဆိုပါက အလေအလွင့်နည်းပါးလျက် အကျိုးအမြတ်များလည်း ပိုမိုရရှိစေမည်ဖြစ်ပါသည်။ ထို့အတူပင် လယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းသည် ဝယ်လိုအားကို ဖိတ်ခေါ်သဖြင့် လူမှုစီးပွားဘဝအနာဂတ် ပိုမိုလှပလာမည့် သင်္ကေတတစ်ခုဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တောင်သူလယ်သမား ဦးကြီးများ ဝင်ငွေနှစ်ဆပွားနိုင်မည့် တိုးတက်မှုဖြစ်စဉ်များ၊ ဘေးကင်းလုံခြုံစိတ်ချရသည့် အာဟာရပြည့်ဝသော စားနပ်ရိက္ခာထုတ်လုပ်ခြင်းဖြစ်စဉ်များ၊ ခိုင်မာသောဈေးကွက် ချိတ်ဆက်တင်ပို့နိုင်မည့် အခွင့်အရေးများစွာဖြင့် ရွှေတံခါးကြီးပွင့်လာမည့် အချိန်ကာလ၊ ကွင်းလုံးပြည့်စိမ်းလန်းခြင်း နည်းပညာများဖြင့် မြန်မာ့တောင်သူလယ်သမားပြည့်ခွန်အားများကို ဂုဏ်ပြုလျက် မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ အချိန်အခါသမယကို ကြိုဆိုလိုက်ရပါသည်။ ။