Skip to main content

လက်ဖက်ရည်ဝိုင်းမှသည် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များဆီ

သန်းတင်အောင် (ကြေးမုံ)

ဦးမိုးကြီး၏ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ထွေရာလေးပါးစကားတွေပြောရင်း ထုံးစံအတိုင်းပွဲကျနေကြသည်။ မြန်မာနိုင်ငံသန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်ပြီး ဆွေးနွေးနေကြခြင်းဖြစ်သည်။

“ဆရာသန်း မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်တဲ့အကြောင်းလေး ပြောပါဦး”ဟု ကိုသက်က စကားဦးချီသည်။

“မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်လုံးကျွတ်အဆင့်လူဦးရေသန်းခေါင်စာရင်းကို ၁၉၇၃၊ ၁၉၈၃ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ကောက်ယူခဲ့တာပဲ။”

“ဒါဆိုရင် အခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်လို့အပြီး ၁၀ နှစ်အကြာမှာ ထပ်မံကောက်တယ်ဆိုတဲ့သဘောလား။”

“ဟုတ်တာပေါ့ ဆရာသက်ရယ်”

“၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ဘယ်တော့ကောက်မှာလဲ ဆရာသန်း”

“အဲဒါကတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူမှာ။ သန်းခေါင်စာရင်းရည်ညွှန်းချိန်ကတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံ အချိန်ထိပဲ။”

အဲဒီအချိန် ဘေးမှာထိုင်နေတဲ့ ကိုမျိုးက“ဦးမိုးကြီးရေ ချိုဆိမ့်တစ်ခွက်လောက်လုပ်ပါဦး”လို့ အော်ပြောလိုက်ရင်း “ဒါနဲ့ ဆရာသန်း သန်းခေါင်စာရင်းက ဘယ်သူတွေကို ကောက်မှာလဲ”လို့ မေးလိုက်သည်။

“မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်းကောက်ယူမှာ။ တစ်နည်းအားဖြင့် သာမန်အိမ်ထောင်စုတွေဖြစ်တဲ့ မိသားစုနေအိမ်တွေ၊ အဖွဲ့အစည်းတွေဖြစ်တဲ့ ဟိုတယ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံတွေနဲ့ အထူးလူဦးရေအုပ်စုတွေဖြစ်တဲ့ အိမ်ခြေရာမဲ့တွေ၊ ဆောက်လုပ်ရေး လုပ်သားတွေ၊ သစ်တောကြိုးဝိုင်းမှာ နေထိုင်တဲ့သူတွေစတဲ့ နေရာတွေမှာ နေထိုင်သူအားလုံးကို စာရင်းကောက်ယူမှာ။

ပြီးတော့ ဘယ်အိမ်ထောင်စု၊ ဘယ်အဖွဲ့အစည်းမဆို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၅ ရက်နေ့အထိ စာရင်းကောက်ယူတာ မခံရဘူးဆိုပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေဆီ သတင်းပို့သင့်တယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက စာရင်းကောက်ယူဖို့ ကူညီစီစဉ်ဆောင်ရွက်ပေးမှာမလို့ပါ။”

“ဒါနဲ့ ဟိုနေ့ကပြောတဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ မေးမယ့်မေးခွန်းတွေအကြောင်းပြောပါဦး” ဟု ကိုမျိုးက ဆရာသက်ဘက်လှည့်ကာ မေးလိုက်သည်။

“သန်းခေါင်စာရင်းကောက်တဲ့အချိန်မှာ အိမ်ထောင်စုတွေမှာနေထိုင်သူတွေကို မေးခွန်းပေါင်း ၆၈ ချက် မေးမြန်းမယ်။ အဖွဲ့အစည်းတွေမှာ နေထိုင်သူတွေကိုတော့ မေးခွန်းပေါင်း ၁၈ ချက်မေးမြန်းမယ်။”

“ဆရာသန်း သန်းခေါင်စာရင်းကို ဘယ်လိုစနစ်နဲ့ကောက်မှာလဲဆိုတာလေးပြောပါဦး”ဟု ဆရာသက်က မေးလိုက်သည်။

ကျွန်တော့်ရှေ့မှာရှိတဲ့ အအေးခံထားတဲ့ ရေနွေးကြမ်းပန်းကန်ကို ကျွန်တော်တစ်ကျိုက်တည်း မော့သောက်ရင်း “သန်းခေါင်စာရင်းကို Computer Assisted Personnel Interviewing (CAPI) စနစ်နဲ့ Mobile Tablet ထဲမှာ မေးခွန်းတွေကို ဖြည့်သွင်းပြီး စာရင်းကောက်ယူမှာဖြစ်တယ်။”

“Mobile Tablet တွေ အသုံးပြုပြီးစာရင်းကောက်ယူဖို့ CAPI စနစ် တည်ဆောက်ခဲ့မှုနဲ့ပတ်သက်လို့ အသေးစိတ်ပြောပါဦး”ဟု ဆရာသက်က ထပ်မေးသည်။

“ဒါကတော့ မေးခွန်းပုံစံအတည်ပြုပြီးချိန်မှာ ပြည်သူ့အင်အားဦးစီးဌာနရဲ့ စာရင်းပြုလုပ်ငန်းအဖွဲ့က ကမ္ဘာ့ဘဏ်အကူအညီနဲ့ Mobile Tablet တွေအသုံးပြုပြီး စာရင်းကောက်ယူနိုင်ဖို့ CAPI စနစ်တည်ဆောက်တာ၊ စက်ပစ္စည်းတွေတပ်ဆင်တာ၊ Software တွေထည့်သွင်းတာ၊ စာရင်းကောက်ယူတဲ့စနစ်ကို စမ်းသပ်တာ၊ Mobile Tablet တွေအသုံးပြုပြီး စာရင်းကောက်ယူနိုင်ဖို့ သင်တန်းပေးတာနဲ့ စာရင်းကောက်ယူပြီးတဲ့ အချက်အလက်တွေကိုသိမ်းဆည်းဖို့ ဦးစီးရုံးချုပ်မှာ ဆာဗာတပ်ဆင်တာတွေကို ဆောင်ရွက်ထားတယ်။ သန်းခေါင်စာရင်းမေးခွန်းပုံစံနဲ့ CAPI စနစ် အပြီးသတ်အတည်မပြုမီ စမ်းသပ်မှုအများကြီးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ဆောင်ရွက်ခဲ့တာ။”

“ဒါဆို စာရင်းအကောက်ခံရမယ့်သူတွေက လာကောက်မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲပြောပါဦး”ဟု ကိုမျိုးက ထပ်လောင်းမေးလိုက်သည်။

“ဒါကတော့ ကိုမျိုးရယ်စာရင်းကောက်တွေက သူတို့တာဝန်ကျတဲ့ စာရင်းကောက်ကွက်အတွင်းမှာရှိတဲ့ နေအိမ်တွေကိုသွားပြီး မနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်းစာရင်းကောက်မှာ။”

“သူတို့လာကောက်လို့ ခရီးတွေဘာတွေလွန်နေရင်ရော ဘယ်လိုလုပ်မလဲ” ဟု ကိုမျိုးကမေးသည်။

“စာရင်းကောက်တွေအနေနဲ့နေအိမ်တွေကို စာရင်းလာကောက်မယ့်နေ့ကို ကြိုတင်အကြောင်း ကြားထားမှာပါ။”

“ဪ … ဒါဆိုရင်တော့ တော်သေးတာပေါ့။”

ပြီးတော့လည်း စာရင်းကောက်တွေက သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူရာမှာ အိမ်ထောင်စုမှာရှိတဲ့ အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်ထောင်စုတစ်ခုလုံးရဲ့ ကိုယ်စားတာဝန်ယူဖြေကြားပေးနိုင်မယ့် အရွယ်ရောက်ပြီးသူတွေကို မေးမြန်းသွားမှာ။

နောက်ပြီး ပြည်သူတွေအနေနဲ့ သန်းခေါင်စာရင်းမေးခွန်းမှာပါဝင်တဲ့ နိုင်ငံခြားရောက်နေတဲ့ အိမ်ထောင်စုဝင်တွေနဲ့ပတ်သက်လို့ မေးမြန်းတဲ့မေးခွန်းတွေအပေါ် စိုးရိမ်ပူပန်စရာမလိုဘူး။ ဘယ်လိုမှ အရေးယူမှာမဟုတ်ဘူး။

ကျွန်တော်က ပြောပြောဆိုဆိုနဲ့ “ဦးမိုးကြီးရေဦးမိုးကြီး”ဟု လှမ်းခေါ်လိုက်ရာခဏကြာတော့ ဦးမိုးကြီးရောက်လာပြီး “ကဲ ဆရာတို့ဘာမှာဦးမလဲ။”

“လက်ဖက်သုပ်တစ်ပွဲ ပေးပါဦးဗျ။”

“အိုကေခဏစောင့်” ဆိုပြီး ဆိုင်ထဲကိုဝင်သွားသည်။

“ဆရာသက် သန်းခေါင်စာရင်းနဲ့ပတ်သက်လို့ ပြည်သူတွေဆောင်ရန်၊ ရှောင်ရန်လေးတွေကိုပြောပါဦး”ဟု ကိုမျိုးက စကားပြန်ဆက်သည်။

ပြည်သူအများစုကသန်းခေါင်စာရင်းကို အိမ်ထောင်စုစာရင်း {ပုံစံ (၆၆/၆)၊ ပုံစံ (၁၀)}နဲ့ မှားယွင်းနေကြတယ်။ သန်းခေါင်စာရင်းက အိမ်ထောင်စုစာရင်းမဟုတ်ဘူး။ နိုင်ငံသားကတ် ရှိခြင်း/ မရှိခြင်း၊ အိမ်ထောင်စုစာရင်းရှိခြင်း/မရှိခြင်း၊ နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်းတွေနဲ့ သန်းခေါင်စာရင်းက လုံးဝ(လုံးဝ)မသက်ဆိုင်ဘူး။

“ဪ … ဟိုနေ့က စာအုပ်ထဲမှာ သန်းခေါင်စာရင်းကရရှိတဲ့ အချက်အလက်တွေရဲ့ လုံခြုံစိတ်ချမှုကို ၂၀၁၃ ခုနှစ် ဇူလိုင်လကပြဋ္ဌာန်းခဲ့တဲ့ သန်းခေါင်စာရင်းဥပဒေက ကာကွယ်ပေးပြီး ဘယ်သူမဆိုလျှို့ဝှက်ချက်ကို ချိုးဖောက်ရင်အရေးယူတာခံရမယ်လို့ ဖတ်လိုက်ရတယ်။”

“မှန်တာပေါ့ ကိုမျိုး”

“သန်းခေါင်စာရင်းကရရှိတဲ့ အချက်အလက်တွေကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားဘယ်ကိစ္စအတွက်မှ အသုံးမပြုဖို့ သန်းခေါင်စာရင်းဥပဒေက ကာကွယ်ပေးထားတယ်။”

“ဒါဆိုရင် ဆရာသက် သန်းခေါင်စာရင်းကောက်ယူချိန်မှာ ပြည်သူအားလုံးကမေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေဆိုပြီး ကူညီသင့်တာပေါ့။”

“အဲဒါအမှန်ပဲ ဆရာသန်း”

အဲဒီအချိန် ဦးမိုးကြီးက လက်ဖက်သုပ်ပန်းကန်လာချပေးသည်။ သုံးယောက်သား လက်ဖက်စားဇွန်း ကိုယ်စီနဲ့ လက်ဖက်သုပ်စားကြသည်။ လက်ဖက်သုပ်စားလိုက်၊ ရေနွေးကြမ်းသောက်လိုက်နဲ့ လက်ဖက်သုပ်လည်း ကုန်၊ ရေနွေးကြမ်းလည်း တစ်အိုးကုန်သွားသည်။

ကိုမျိုးကတော့ ဆေးလိပ်လေးဖွာရင်း စကားအစဖော်သည်။ “ဆရာသန်း အစောက စကားလေးဆက်ပါဦး ဆရာသန်းရဲ့”

“ဘယ်ရောက်သွားပြီလဲ။ ဪသတိရပြီ။ သန်းခေါင်စာရင်းက နိုင်ငံရေး၊ စစ်ရေးနဲ့လုံးဝ(လုံးဝ) မပတ်သက်ဘူး။

ပြီးတော့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ လူတိုင်းပါဝင်ခွင့်ရတဲ့တစ်ခုတည်းသော လုပ်ငန်းစဉ်လည်းဖြစ်တယ်။ နောက်တော့ နိုင်ငံတော်ရဲ့စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့အချက်အလက်တွေကို သန်းခေါင်စာရင်းရဲ့ အစိတ်အပိုင်းကရရှိမယ်။ ရရှိလာတဲ့အချက်အလက်တွေက စီမံကိန်းတွေနဲ့မူဝါဒရေးဆွဲရာမှာ အထောက်အကူပြုမှာဖြစ်တယ်။”

“ဒါဆိုရင် သန်းခေါင်စာရင်းကောက်ခံဖို့ လူတိုင်းမှာအခွင့်အရေးရှိသလို သန်းခေါင်စာရင်းမေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေဆိုဖို့ လူတိုင်းမှာတာဝန်ရှိတယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အလွန်အရေးကြီးတာပေါ့နော်”ဟု ဆရာသက်က ဝင်ထောက်သည်။

“ဟုတ်ပါ့ ဆရာသက်”

“မေးခွန်းမေးမြန်းခြင်းခံရသူက မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံဖြေကြားဖို့တာဝန်ရှိသလို စာရင်းကောက်တွေကလည်း ဖြေကြားချက်တွေကို မေးခွန်းပုံစံ Mobile Tablet တွေပေါ်မှာ မှန်မှန်ကန်ကန် ဖြည့်သွင်းဖို့တာဝန်ရှိတာပေါ့”ဟု ကိုမျိုးက ပြောသည်။

“ဒါကတော့ သိပ်ကို အရေးကြီးတဲ့အချက်ပဲ ကိုမျိုး”

“၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှာတွေ့ရှိရာ အရပ်တွေမှာ ကောက်ယူမယ့်မူ (De-facto method)နဲ့ တစ်အိမ်တက်ဆင်းကောက်ယူနည်း (Canvasser method)ကို အသုံးပြုပြီးကောက်ယူမှာနော်။ ဟုတ်တယ်နော် ဆရာသက်”

“ဟုတ်တယ် ဆရာသန်း”

“သန်းခေါင်စာရင်း ကောက်ယူပြီးကြောင်းကိုလည်း နေအိမ်တွေရဲ့အဝင်တံခါးမှာ သန်းခေါင်စာရင်းကောက်ယူပြီးစီးကြောင်း စတစ်ကာကပ်ထားမှာမဟုတ်လား”ဟု ကိုမျိုးက ပြောသည်။

“ဟုတ်တယ် ကိုမျိုး ကပ်ထားမှာ”

“၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းကို ကြိုတင်ပြင်ဆင်တာ၊ စာရင်းကောက်ယူတာ၊ စာရင်းဇယားပြုစုတာ၊ ဆန်းစစ်လေ့လာတာနဲ့ အစီရင်ခံစာထုတ်ပြန်တာ စတဲ့လုပ်ငန်းစဉ် (၄) ရပ်နဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစပြီး ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ ၅၄ လကြာ ဆောင်ရွက်သွားမယ်ဆိုတာရောဟုတ်လား” ဟု ဆရာသက်က မေးသည်။

“ဟုတ်တယ် ဆရာသက်၊ အဲဒီလုပ်ငန်းတွေအနက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းက ကာလအရှည်ကြာဆုံးဖြစ်ပြီး လုပ်ငန်းစတင်ချိန်က ၃၆ လ၊ နှစ်အားဖြင့် သုံးနှစ်ကြာမြင့်မယ်။”

 

“သန်းခေါင်စာရင်းမေးခွန်းတွေ မှန်မှန်ကန်ကန်ဖြေဆိုလို့ ရရှိလာတဲ့အချက်အလက်တွေ အပေါ်မူတည်ပြီး နိုင်ငံတော်က ပြည်သူတွေနေထိုင်ရာနယ်မြေအတွင်း ဘယ်လိုပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ပြောပါဦး ဆရာသန်း”ဟု ကိုမျိုးက ဆိုသည်။

“သိပ်ကောင်းတဲ့ မေးခွန်းပဲ ဆရာမျိုး”

အဲဒါတွေကတော့ -

- လိုအပ်တဲ့ စာသင်ကျောင်း အရေအတွက်

- လိုအပ်တဲ့ ဆေးရုံ၊ ဆေးပေးခန်း အရေ အတွက်

- ရေပေးဝေမှုစနစ်

- လျှပ်စစ်ဓာတ်အား ဖြန့်ဝေရမယ့်ပမာဏ

- အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးရမယ့်အခြေအနေ

- လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး

- မသန်စွမ်းသူတွေ စောင့်ရှောက်ရေး

- သက်ကြီးရွယ်အိုစောင့်ရှောက်ရေး

- ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ် တွေ စောင့်ရှောက်ရေး

- လူမှုအခြေခံအဆောက်အအုံတွေ တည်ဆောက်နိုင်ရေး (လမ်း၊ တံတား၊ အိမ်ရာ)

စတာတွေကို နိုင်ငံတော်က ပံ့ပိုးဖြည့်ဆည်းပေးနိုင်မှာ။

“အဲဒါဆိုရင်တော့ကောင်းတာပေါ့။ ပြည်သူအားလုံး ပူးပေါင်းပါဝင်သင့်တယ်”လို့ ဆရာသက်က ပြောသည်။

“ပြီးတော့ သန်းခေါင်စာရင်းထည့်ကောက်ရမယ့် သူတွေနဲ့ထည့်မကောက်ရမယ့်သူတွေဆိုပြီး ခွဲခြားထားသေးတယ်။”

“ဆိုစမ်းပါဦး ဆရာသန်း”

“ထည့်ကောက်ရမယ့်သူတွေကတော့ -

- သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံ)တွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိသူ/နေထိုင်သူတွေ၊

- သန်းခေါင်စာရင်း ရည်ညွှန်းချိန် (၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့် သန်းခေါင်ယံ)ကျော်လွန်ပြီးမှ သေဆုံးသူတွေ၊

- နိုင်ငံခြားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသံရုံးဝန်ထမ်းတွေအပါအဝင် နိုင်ငံခြားမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ သန်းခေါင်စာရင်းထည့်ကောက်ရမယ့် စာရင်းထဲမှာပါတယ်။

ထည့်မကောက်ရမဲ့သူတွေကတော့ -

- မြန်မာနိုင်ငံအခြေစိုက်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံတမန်တွေနဲ့ မိသားစုဝင်တွေ၊

- သန်းခေါင်စာရင်းရည်ညွှန်းချိန် (၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံ) ကျော်လွန်ပြီးမှ မွေးဖွားလာတဲ့ ကလေး တွေကိုတော့ သန်းခေါင်စာရင်းထဲ ထည့်မကောက်ရမယ့် စာရင်းထဲမှာပါတယ်။”

“ဒါဆိုရင်တော့ ပြည်သူအားလုံးနဲ့အတူ ကျွန်တော်တို့တွေလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အရေးကြီးတာပေါ့”ဟု ဆရာသက်ကပြောပြီး “ကဲပြောတာလည်း အတော်များသွားပြီ ညနေလည်း စောင်းတော့မယ်။ လူစုခွဲကြရအောင်”ဆိုပြီး ဦးမိုးကြီးကို လှမ်းခေါ်ကာ ပိုက်ဆံရှင်းပြီး လူစုခွဲလိုက်ကြပါတော့သည်။ ။