အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ (သို့မဟုတ်) “တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူ့ဗဟိုပြုအာဆီယံ”
(ယမန်နေ့မှအဆက်)
ဒေါက်တာဝါဝါမောင်
စီးပွားရေး
(က) စီးပွားရေးနှင့်စပ်လျဉ်းပြီး အာဆီယံအနေဖြင့် ကမ္ဘာတွင် စတုတ္ထမြောက်စီးပွားရေး အင်အားအကြီးဆုံးသော ဒေသဖြစ်အောင် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေ့လာမိပါသည်။
( ခ ) အာဆီယံသည် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အား ၂၀၂၆ ခုနှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများမှ လွတ်မြောက်ရန် (LDCs Graduation) ရည်မှန်းဆောင်ရွက် နေသဖြင့် အာဆီယံ၌ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံမရှိတော့(No more LDCs in ASEAN) သည့်အတွက် အမှန်တကယ် လက်တွေ့တွင် ညှိနှိုင်းမှုများဆောင်ရွက်ရာ၌ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေသည့် အစီအစဉ်များလျှော့ချရန် ဆွေးနွေးမှုများရှိပါသည်။ သို့သော် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုကွာဟချက်များကို လျော့နည်းစေနိုင်မည့် လုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်ရန်နှင့် အားလုံးပါဝင်နိုင်မှုကို မြှင့်တင်နိုင်ရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို တန်းတူညီမျှရယူဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်မှသာ အာဆီယံ ဒေသတွင်းတွင် ညီညွတ်မျှတသည့် ဒေသတစ်ခုဖြစ်လာနိုင်မည်မှာ သတိပြုစရာ အဖြစ်လေ့လာတွေ့ရှိရပါသည်၊
( ဂ ) အာဆီယံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင် အဓိကမောင်းနှင်သူအနေဖြင့် လွှမ်းမိုးဆောင်ရွက်နိုင်ရေးနှင့် အာဆီယံ၏ ပေါင်းစည်းစွမ်းအား မြှင့်တင်နိုင်ရေးအတွက် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ချိတ်ဆက်မှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ထုတ်ကုန်များယှဉ်ပြိုင်နိုင်မှု (Competitiveness)ရှိစေရေး၊ ချိတ်ဆက်မှု(Connectivity)လိုအပ်သည့်ပြင်ဆင်မှုများကို ပြည်တွင်းတွင် “ဥစ္စာရင်လိုဥစ္စာရင်ခဲ” ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
(ဃ) အာဆီယံအနေဖြင့် မျှော်မှန်းချက်၊ မဟာဗျူဟာများများပြားသော်လည်း အမှန်တကယ် အကောင်အထည်ဖော်ဆောင်နိုင်မှုမှာ Pilot Project လောက်သာ ဆောင်ရွက်နိုင်မှုများကြောင့် ကွက်ပြည့် အကောင်အထည် ဖော်ဆောင်နိုင်မှုမှာ အလွန်အားနည်းလျက်ရှိကြောင်း သုံးသပ်ပါသည်။ အကြောင်းမှာ ရန်ပုံငွေနည်းပါးခြင်း၊ အာဆီယံမဟုတ်သော အခြားဆွေးနွေးဖက်နိုင်ငံတို့၏ အကူအညီ (Development Partners) တို့၏ အထောက်အပံ့ကို ရယူဆောင်ရွက်ရခြင်း၊ အခြားသော BRICS အဖွဲ့အစည်းများကဲ့သို့ ဖွံ့ဖြိုးမှုဘဏ် နောက်ခံဘဏ်အဖွဲ့အစည်း မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ရပါသည်၊ အခြားဆွေးနွေးဖက်နိုင်ငံတို့၏ အကူအညီကို ရယူခြင်းကြောင့်လည်း အခြားနိုင်ငံများ၏ လွှမ်းမိုးမှုများရှိနိုင်ကြောင်း သုံးသပ်ပါသည်၊
( င ) အာဆီယံဗဟိုပြုမှုကို အခြေခံ၍ Global ASEAN သို့ ကူးပြောင်းသည့်အချိန်ကာလအတွင်း အာဆီယံ၏လုပ်ငန်းစဉ်များသည် ကဏ္ဍများအကြား(Cross-sectors)နှင့် မဏ္ဍိုင်များအကြား(Cross pillars) ဆောင်ရွက်ရသည့်လုပ်ငန်းများ ပိုမိုများပြားလာခြင်းကြောင့် အကောင်အထည်ဖော်ရာတွင် ထိထိရောက်ရောက် (Effective Implementation)ဆောင်ရွက်နိုင်ရန်နှင့် အာဆီယံ၏ အချက်အချာကျမှု (ASEAN Centrality)ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လိုအပ်လိမ့်မည်ဟု သတိပြုမိပါသည်၊
( စ ) အာဆီယံ၏ စီမံချက်များအား ထိထိရောက်ရောက် အကောင်အထည်ဖော်ရာတွင် အာဆီယံရန်ပုံငွေ(ASEAN Funding) လုံလောက်စွာရရှိနိုင်ရန်မှာလည်း အချက်တစ်ခုအနေဖြင့် ပါဝင်ပါသည်၊ အာဆီယံ၏ မျှော်မှန်းချက်များအရ စီးပွားရေးအရ ဖြစ်စေ၊ ဘဏ္ဍာရေးအရဖြစ်စေ ခိုင်မာ တောင့်တင်းအောင် ဆောင်ရွက်ထားသည့် ဘဏ္ဍာရေးနောက်ခံအဖွဲ့အစည်းမျိုး လိုအပ်မည်ဟု သုံးသပ်ပါသည်၊
(ဆ) အာဆီယံ၏ရည်မှန်းချက်၊ မဟာဗျူဟာများသည် အပြည်ပြည်ဆိုင်ရာ အကောင်အထည်ဖော်မှုများနှင့် ကိုက်ညီအောင်ကြိုးပမ်းလျက်ရှိပြီး အစိမ်းရောင်စီးပွားရေး (Green Economy)၊ အဏ္ဏဝါစီးပွားရေး (Blue Economy)၊ ဒီဂျစ်တယ်စီးပွားရေး (Digital Economy)တို့ကို တွန်းအားပေး ဆောင်ရွက်ရန်ရှိသော်လည်း အဆိုပါကိစ္စရပ်များကို ပြည်တွင်းတွင် အကောင်အထည်ဖော်ဆောင်ရေးအတွက် အမျိုးသားစီမံကိန်းများနှင့် ချိတ်ဆက်ရန် လိုအပ်သည်ဟု မြင်ပါသည်၊
( ဇ ) အာဆီယံအနေဖြင့် ပထဝီနိုင်ငံရေးကို အလေးထားစဉ်းစားလာချိန်တွင် စီးပွားရေးသည် ပုဂ္ဂလိကကဏ္ဍ၊ အလုပ်အကိုင်ဖန်တီးမှု၊ သာမန်ပြည်သူ အိမ်ထောင်စုများ၏ ဝင်ငွေရရှိမှုနှင့် ဘဝရပ်တည်မှုတို့ကိုလည်း အလေးထားစဉ်းစားရန် လိုအပ်ပါသည်။
လူမှုရေး
(က) ဒီမိုကရေစီစည်းမျဉ်းများကို လေးစား လိုက်နာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ် ထွန်းကားစေရေး၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာစေရေးနှင့် ကာကွယ်မြှင့်တင်နိုင်ရေးကို ဦးစားပေးဆောင်ရွက်မည်ဟု မျှော်မှန်းချက်တွင် ထည့်သွင်းထားသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးသည် ဒီမိုကရေစီနိုင်ငံများ မဟုတ်သည့်အပြင် အာဆီယံ(အာရှ) တန်ဖိုးထားမှုစံနှုန်းကို ယခင်က အလေးထားခဲ့ရာမှ ယခုအခါ အပြည်ပြည်ဆိုင်ရာစံနှုန်းများ အား ပိုမိုအလေးပေး ပြောင်းလဲဦးတည် လာကြောင်းတွေ့ရှိရပါသည်၊
( ခ ) ထိုအကျိုးဆက်အရ ပြည်သူကိုဗဟိုပြုသော၊ ပြည်သူကို အလေးထားသော အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်စေရန် သက်ဆိုင်ရာနိုင်ငံများ၏ ဖွံ့ဖြိုးမှုမူဝါဒများ၊ လူမှုရေးအကာအကွယ်ပေးမှုမူဝါဒများနှင့် ကိုက်ညီမှုရှိရန် လိုအပ်မည်ဖြစ်ပါသည်၊
( ဂ ) လူသားအရင်းအမြစ်များ ပေါများသည့် အာဆီယံ၏ အားသာချက်များကို အပြည့်အဝထိရောက်စွာ အသုံးပြုနိုင်ရန်မှာ ကျွမ်းကျင်မှုမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားအင်အားများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် Platform များ တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်၊
(ဃ) အာဆီယံ၏ အနှစ်သာရကို တန်ဖိုးထားဂုဏ်ယူသော အသိုက်အဝန်းတစ်ခုဖြစ်စေရေးအတွက် အာဆီယံ၏ ယဉ်ကျေးမှုအမွေ အနှစ်များ၊ အနုပညာနှင့် ရိုးရာဓလေ့များကို တန်ဖိုးထားမြှင့်တင်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းစုများကို မြှင့်တင်ခြင်းတို့ဆောင်ရွက်ရာတွင် အထူးသဖြင့် လူငယ်များ၊ အမျိုးသမီးများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းစု (SMEs)များကို ဦးစားပေးအသုံးပြုရန်နှင့် ဒီဂျစ်တယ် ကောင်းစွာအသုံးပြုတတ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ရေးနှင့် မီဒီယာစီမံ ခန့်ခွဲမှုများ လိုအပ်မည်ဖြစ်ပါသည်၊
( င ) ကျန်းမာကြံ့ခိုင်သည့် အာဆီယံပြည်သူများဖြစ်စေရန် ဘေးကင်းလုံခြုံသော၊ ပြည့်စုံကောင်းမွန်သည့် Access to Health Care ဖြစ်ပေါ်စေမည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ထူထောင်ရန်၊ ကျန်းမာကြံ့ခိုင်မှုအတွက် ကိုယ်လက်လှုပ်ရှားအားကစားနှင့် နေထိုင်မှု စနစ်များကို အားပေးရန်နှင့် လူဦးရေပုံသဏ္ဍာန်အရ အသက်ကြီးပိုင်း(Aging)ပိုမိုများပြားမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံ အခြေအနေနှင့် လိုက်လျောညီထွေ ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
ပေါင်းစည်းဆက်နွှယ်မှု (Connectivity)
(က) ပေါင်းစည်းဆက်နွှယ်မှု(Connectivity)တွင် အခြေခံအဆောက်အအုံများ ချိတ်ဆက်မှု (Physical Connectivity)၊ အဖွဲ့အစည်းဆိုင်ရာ ချိတ်ဆက်မှု (Institutional Connectivity)၊ ပြည်သူ အချင်းချင်းချိတ်ဆက်မှု (People to People Connectivity) ဟူ၍ရှိရာ အာဆီယံမဏ္ဍိုင်(၃) ရပ်လုံးနှင့် ချိတ်ဆက် လျက်ရှိနေပါသည်၊ သို့ဖြစ်ပါ၍ Master Plan on ASEAN Connectivity (MPAC-2025) ကို အကောင်အထည်ဖော်ဆောင်ရာတွင် အဓိကတွေ့ကြုံရသည့် အခက်အခဲမှာ အာဆီယံမဏ္ဍိုင်များအကြားမဟာ ဗျူဟာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် မဏ္ဍိုင်များအကြား၊ ဌာနများအကြား Cross-cutting ဖြစ်နေသည့်အတွက် Ownership ပြဿနာ ရှိကြောင်း လေ့လာတွေ့ရှိရပါသည်၊
( ခ ) အာဆီယံနိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှုအားကောင်းစေရန် ငွေကြေး လွှဲပြောင်းပေးချေမှုများအတွက် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ချိတ်ဆက်ခြင်း၊ ဒီဂျစ်တယ်ဆိုင်ရာ ဆန်းသစ် တီထွင်မှုများစဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ ဆိုက်ဘာလုံခြုံရေး ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ခြင်း၊ စီမံအုပ်ချုပ်မှုစနစ် ကောင်းမွန်စေခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် ထိရောက်အားကောင်းစေခြင်း၊ သတင်း အချက်အလက်များအား ထိရောက်စွာနယ်စပ်ဖြတ်ကျော် စီးဆင်းနိုင်ခြင်း၊ ဒေသတွင်းရှိ ပြည်သူ အချင်းချင်းအကြား ချိတ်ဆက်မှုအားကောင်းစေခြင်းနှင့် ရေရှည်တည်တံ့သည့် အခြေခံအဆောက် အအုံများတည်ဆောက်ခြင်းအပါအဝင် အာဆီယံနိုင်ငံ နိုင်ငံများအကြား နိုင်ငံအချင်းချင်း(Bilateral)ဖြစ်စေ၊ အခြားသော ဒေသတွင်းနိုင်ငံများ(ဥပမာ- GMS နိုင်ငံ များ)အကြားဖြစ်စေ ပေါင်းစည်းဆက်နွှယ်မှုများ မြှင့်တင်ရန်လိုအပ်ခြင်းကြောင့် အကောင်အထည် ဖော်ဆောင်နိုင်မည့် အခြားသောဒေသခွဲနှင့် နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးမူဘောင် များ(Multilateral Framework)စသည်ဖြင့်စီမံချက် Model အမျိုးမျိုး လိုအပ်မည်ဖြစ်ပါသည်၊ ဘက်ပေါင်းစုံတွင် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်သော အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်ရာ အဆိုပါလိုအပ်မည့် ရင်းနှီး မြှုပ်နှံမှုများအတွက် ဖြစ်ပေါ်နိုင်မည့် Model နှင့် Institutional Contact တို့ လိုအပ် မည်ဖြစ်ပါသည်။ အလားတူပင်ပေါင်းစည်း ဆက်နွှယ်မှု အားကောင်းစေရေးအတွက် ဒေသတွင်းစီမံကိန်း (Regional Plan)နှင့် အမျိုးသားစီမံကိန်း (National Plan) တို့အကြား အချိန်အခါနှင့် အခြေအနေပေးသည့်အပေါ်မူတည်၍ ချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်ပါသည်။
နိဂုံး
လက်ရှိအချိန်တွင် အဆိုပါမျှော်မှန်းချက် ၂၀၄၅ အား အကောင်အထည်ဖော်ဆောင်မည့် အာဆီယံမဏ္ဍိုင်များအကြား မဟာဗျူဟာစီမံချက် များကို အာဆီယံက ရေးဆွဲဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မိမိနိုင်ငံအတွက် အကျိုးစီးပွား အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို မဏ္ဍိုင်အသီးသီးမှ မျက်ခြည်မပြတ်လေ့လာဆောင်ရွက်နေရမည်ဖြစ်ပါ သည်။ အဆိုပါ မဟာဗျူဟာစီမံချက်များအား ၂၀၂၅ ခုနှစ်တွင် ကျင်းပဆောင်ရွက်မည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်ပြအတည်ပြုကြရန် ရည်ရွယ် ထားသောကြောင့် အချိန်ကာလတစ်နှစ်ကျော်အတွင်းတွင် ကဏ္ဍအလိုက် ကြိုတင်ဆွေးနွေး ပြင်ဆင်ထားရန် လိုအပ်ပါသည်။
အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်၂၀၄၅ - တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူဗဟိုပြုအာဆီယံ (ASEAN VISION 2045 : “Resilient, Innovation, Dynamic, and People-Centered ASEAN) ဆောင်ပုဒ်ဖြင့် နောင်နှစ် ၂၀ အထိ မျှော်မှန်းချက်နှင့် လမ်းပြမြေပုံအရ မိမိနိုင်ငံနှင့် သင့်တော်လိုက်လျောညီထွေပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဒေသဆိုင်ရာနှင့် ပါဝင်ပေါင်းစည်းလျက် နိုင်ငံအကျိုးရှိရာရှိကြောင်း လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ပထမဆယ်စုနှစ်ထက် ဒုတိယဆယ်စုနှစ်သည် ကမ္ဘာနှင့်ဒေသတွင်း ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး ရိုက်ခတ်မှုများက လျင်မြန်စွာပြောင်းလဲလာသည်မှာ ဂရုပြုစရာပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမရှိစေရေးအတွက် မျက်ခြည်မပြတ်ပါဝင်တက်ရောက်လျက် တစေ့တစောင်း လေ့လာဆောင်ရွက်နေရန် လိုအပ်ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ အာဆီယံမဏ္ဍိုင်အသီးသီးနှင့် လုပ်ငန်းအဖွဲ့များတွင် လိုက်ပါဆောင်ရွက်နေသူများ၊ ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် မိမိတို့ကဏ္ဍအသီးသီးမှ အာဆီယံ၏ နှစ် ၂၀ အတွင်း အကောင်အထည်ဖော်ဆောင်မည့် အလားအလာများကို သိရှိနားလည်ခြင်းဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်စေရန် မီးမောင်းထိုးသုံးသပ်တင်ပြလိုက်ရပါသည်။
ကိုးကားစာရင်း
• ASEAN Secretariat, August 8, 1967, “ASEAN Charter”
• ASEAN Secretariat, 1976, “Treaty of Amity and Cooperations in Southeast Asia (TAC)”
• https://asean.org/June 26 ,1945, “UN Charter”
• https://asean.org/ 1982, “United Nations Convention on the Law of the Sea (UNCLOS)”
• https://asean.org/ the 34th ASEAN Summit, 2019, “ASEAN Outlook on the Indo-Pacific (AOIP)”
• May 23, 2022, “Indo-Pacific Economic Framework for Prosperity”
• Endorsed by the 42nd ASEAN Summit in May 2023, “Core Elements”
• ASEAN Secretariat, September 2023, “ASEAN Community Vision 2045”
• https:// theaseanmagazine. asean.org/article/achieving-the-asean-community-vision-2045/
• https:// asean.org/ our-communities/asean-political-security-community/
• https:// asean.org/ our-communities/asean-socio-cultural-community/
• https:// www.asean.org/ wp-content/uploads/ 2012/ 05/ ASEAN-APSC-Blueprint-2025.pdf