အွန်လိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် ယနေ့ကမ္ဘာ
မျိုးမြတ်မိုး (MANA)
ကမ္ဘာ့နေရာအနှံ့ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကြောင့် အများပြည်သူတို့အကြား စိတ်ပိုင်းဆိုင်ရာအခြေအနေများအပါအဝင် အခြားသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပြဿနာတို့နှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ကြရသည့်ဖြစ်စဉ်များကြောင့် အီလက်ထရွန်နစ်ကုန်သွယ်ရေး (e-commerce) လုပ်ငန်းများ၊ အွန်လိုင်းဈေးဝယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်မှာ အဆိုးထဲမှ အကောင်းဟု မှတ်ယူရမည်ဖြစ်သည်။ အီလက်ထရွန်နစ် ကုန်သွယ်ရေးဆိုသည်မှာ အွန်လိုင်းဝန်ဆောင်မှုများ သို့မဟုတ် အင်တာနက်ပေါ်မှ ကုန်ပစ္စည်းများကို အီလက်ထရွန်နစ်နည်းဖြင့် ဝယ်ခြင်း သို့မဟုတ် ရောင်းချခြင်းဖြစ်သည်။ ကပ်ရောဂါကာလ၏ e-commerce ရောင်းအားလည်း လက်လီရောင်းချမှုအားလုံးတွင် သိသိသာသာမြင့်တက်ခဲ့သည်။ ကိုဗစ်ကာလအကျပ်အတည်းသည် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကိုလည်း အရှိန်မြှင့်တင်ပေးခဲ့သည်။ စားသုံးသူများ၏ဘဝကို နေ့ချင်းညချင်းပြောင်းလဲသွားစေပြီး လက်လီရောင်းချမှုတွင် အွန်လိုင်းလက်လီဈေးကွက်က ထဲထဲဝင်ဝင် နေရာယူခဲ့သည်။
ဖွံ့ဖြိုးပြီးနိုင်ငံရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် အသုံးပြုနေ
UNCTAD အဆိုအရ ကမ္ဘာလုံးဆိုင်ရာ e-commerce သည် ကိုဗစ်ကပ်ရောဂါကြောင့် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၇ ထရီလီယံသို့ ခုန်တက်ခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီ ၁၃ ခု အတွက် အွန်လိုင်းစီးပွားရေးမှ စားသုံးသူထံ ရောင်းအားသည် ဒေါ်လာ သုံးထရီလီယံနီးပါးရှိသည်ဟု ဆိုထားသည်။ ကမ္ဘာကြီး၏အရွေ့သည် စတုတ္ထမြောက်စက်မှုတော်လှန် ရေး (Industry Revolution 4.0) သို့ သွားနေပြီဖြစ်ရာ နိုင်ငံအများအပြားသည် ခေတ်နှင့်လျော်ညီသည့် နည်းပညာများဖြင့် လိုက်ပါပြောင်းလဲနေကြရပြီဖြစ်သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ပထမဦးဆုံးအကြိမ် ထုတ်ပြန်ခဲ့သော နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းသမဂ္ဂ (ITU) ၏ အစီရင်ခံစာတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သော ၃ ဒသမ ၉ ဘီလီယံသည် အင်တာနက်၊ အွန်လိုင်းတွင် ရှိနေကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် အသုံးပြုနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အင်တာနက်သုံးစွဲမှု တဖြည်းဖြည်း တိုးလာနေကြောင်း၊ အင်တာနက်ကို အသုံးပြုရာတွင် လူအများစုမှာ မိုဘိုင်းဖုန်းများမှတစ်ဆင့် အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသည်လည်း မိုဘိုင်းဖုန်းအသုံးပြုသူ များပြားလာမှုနှင့်အတူ အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံကို အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ တွင်ကျယ်လျက်ရှိသည်။ အွန်လိုင်းပေါ်၌ ကြော်ငြာရောင်းချနေကြသည့် ပစ္စည်းအများစုမှာ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်၊ ထောက်ခံချက်ရှိကြသကဲ့သို့ တရားဝင်ရောင်းချခွင့်ပြုထားသည့် အထောက်အထား အမှတ်အသားများ မပါရှိကြသူများလည်းရှိသည်။ ထို့ပြင် အချို့မှာရောင်းချသည့် ကုန်ပစ္စည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထည့်သွင်းဖော်ပြခြင်းမရှိသည့်အပြင်၊ ရောင်းချသည့်ပစ္စည်း၏ ထုတ်လုပ်ရာနေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်း ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိပေ။ ဝယ်ယူသုံးစွဲသူများဘက်က နစ်နာမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အရေးယူဆောင်ရွက်နိုင်ရန်အတွက် အခက်ကြုံကြရသည်။ အွန်လိုင်းလက်လီဈေးကွက်တွင် ဖြစ်ပွားလေ့ရှိသည့် ရောင်းသူနှင့် ဝယ်သူကြား အငြင်းပွားမှုများ၊ စားသုံးသူအခွင့်အရေး ကာကွယ်မှုများအတွက် ကြားဝင်ဖြေရှင်းပေးနိုင်မည့် ပလက်ဖောင်းတစ်ခု လိုအပ်နေသည်။
ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ပို၍အရေးပါလာ
မျက်မှောက်ကာလတွင် နည်းပညာကို အခြေခံသည့် ပစ္စည်းများ၊ ဆန်းသစ်သော စိတ်ကူးများအပေါ်တွင် အခြေခံသည့် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ပို၍အရေးပါလာသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်း ဖုန်းသုံးစွဲသူအားလုံး၏ ၈၀ ရာခိုင်နှုန်းအထက်သည် Smart Phone များ သုံးစွဲနေကြသဖြင့် အဆိုပါနှုန်းထားသည် အရှေ့တောင်အာရှနှင့် အိမ်နီးချင်းနိုင်ငံများအကြား မြင့်မားသည့်နှုန်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေခံမြေခံကောင်းတစ်ခုဖြစ်သည်။ အထူးသဖြင့် ကာလကြာရှည်ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါကာလအတွင်း ဒစ်ဂျစ်တယ်စီးပွားရေးကို အွန်လိုင်းပေါ်မှတစ်ဆင့် လက်တွေ့ကျကျ အသုံးပြုလာကြသည်ကို တွေ့မြင်နေရသည်။ အွန်လိုင်းမှတစ်ဆင့် အစားအသောက်များ မှာယူသုံးစွဲမှုမှအစ လူသုံးကုန်ပစ္စည်းများ၊ ရုံးသုံး၊ အိမ်သုံးပစ္စည်းများအထိ ဝယ်ယူသုံးစွဲလာကြသည်။ အဆင်ပြေမှုများရှိသကဲ့သို့ မတော်တဆမှားယွင်းမှု၊ ရည်ရွယ်ချက်ရှိရှိဖြင့် မလိမ့်တပတ် အလုပ်ခံရမှု များလည်း ရှိလာသည်။
စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကုန်စည်ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုပေးသည့် စီးပွား ရေးလုပ်ငန်းရှင်၊ ကုန်စည်ထုတ်လုပ်သူ၊ ကုန်စည်ပေါ်တွင် လူပုဂ္ဂိုလ်အမည်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် အခြားထင်ရှားသော အမှတ်အသားများကို အသုံးပြုခွင့်ရှိသူ၊ ပြည်ပမှ ကုန်စည်များ တင်သွင်းလာပြီး ပြည်တွင်းရှိ စားသုံးသူများအား ပြန်လည်ရောင်းချဖြန့်ဖြူးသူ၊ တစ်ဆင့်ပြန်လည် ရောင်းချဖြန့်ဖြူးသူ၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံတစ်ခုခု၌ဖြစ်စေ ဝန်ဆောင်မှုကို ပြည်တွင်း စားသုံးသူများအတွက် ကြားခံဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူပုဂ္ဂိုလ်များတွင် တာဝန်ရှိ ကြောင်း ပြဋ္ဌာန်းထားသည်။ နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ရှိပါက သက်ဆိုင်ရာဦးစီးမှူးရုံးသို့ တိုင်ကြားနိုင်ပြီး ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရပါက ဖြစ်စဉ်၏ အတိမ်အနက်ကိုလိုက်၍ စီမံခန့်ခွဲရေးနည်းလမ်း သို့မဟုတ် ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်သည့်နည်းလမ်းများဖြင့် အရေးယူခံရနိုင် သည်။
ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် လွှမ်းခြုံလည်ပတ်နေသည်။ သိပ္ပံနှင့် နည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍတိုင်း၌ ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးချ၍ အခွင့် အလမ်းများရယူနေကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးမျက်နှာစာများတွင် ဒစ်ဂျစ်တယ် နည်းပညာကို ထိရောက်စွာအသုံးချနိုင်သော နိုင်ငံများသည် တိုးတက်အောင်မြင်မှု၌ တစ်ပန်းသာနေ သည်။ ကမ္ဘာနှင့် ရင်ပေါင်တန်းတိုးတက်နေသော ကာလ၌ မြန်မာနိုင်ငံအနေဖြင့် နောက်ကျမကျန်ရစ်စေရန်အတွက် ဒစ်ဂျစ်တယ်လူမှုဘဝ၊ ဒစ်ဂျစ်တယ် စီးပွားရေးဘဝများ ထူထောင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ဒစ်ဂျစ်တယ်ဟူသည် ကွန်ပျူတာနှင့် အီလက်ထရွန်နစ်တို့နှင့် သက်ဆိုင်သော နည်းပညာများတွင် အသုံးပြုသောနည်းစဉ်ဖြစ်သည်။ ကိန်းဂဏန်း၊ အချက်အလက်များကို အခြေခံ၍ ဒစ်ဂျစ်တယ်အသံလှိုင်း၊ ရုပ်သံလှိုင်းဆက်စပ်အကြောင်းအရာများကို ရရှိလာသည်။ မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာဖန်တီးနိုင်နေပြီကို သတိပြုမိဖို့လိုပြီး နောက်ကျမကျန်ရစ်စေရန် ဒစ်ဂျစ်တယ်တွင် ပါဝင်ဖို့ လိုသည်။
သတင်းအချက်အလက်နှင့် မီဒီယာမက်ဆေ့ချ်များ
ဒစ်ဂျစ်တယ်စနစ်ဖြင့် အပြန်အလှန်မှီခိုနေရသော ကမ္ဘာကြီးတွင် မီဒီယာနှင့် သတင်းအချက် အလက်သိနားလည်မှုသည် သတင်းအချက်အလက်များစွာကို ရယူသုံးစွဲနိုင်သူများနှင့် မရရှိသူများအကြား ကွာဟချက်ကို ကျဉ်းမြောင်းစေသည်။ မီဒီယာ၊ အခြားသတင်းရင်းမြစ်များနှင့် ထိတွေ့ဆက်ဆံရာ၌ လိုအပ်သောကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်။ သတင်းအချက်အလက်နှင့် မီဒီယာမက်ဆေ့ချ်များကို ကျွမ်းကျင်စွာလုပ်ဆောင် နိုင်သူများဖြစ်လာစေရန် ကူညီပေးသည်။ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုသည် အရွယ်သုံးပါးစလုံးအတွက် လိုအပ်ချက်တစ်ခုဖြစ်လာသည်။ ဒစ်ဂျစ်တယ်တတ်မြောက်မှုသည် ကွန်ပျူတာ၊ ဆိုရှယ်မီဒီယာနှင့် အင်တာနက်အသုံးပြုနိုင်စွမ်းတို့နှင့် ဆက်စပ်နေသည်။ ကျောင်းသားဘဝတွင် မီဒီယာနှင့် သတင်းအချက်အလက် လေ့လာနိုင်သည်။ ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ သင်ခန်းစာများအတွက်လည်း များစွာအကျိုးပြုသည်။
အသံလွှင့်ထုတ်ခြင်း၊ ပုံနှိပ်ခြင်းနှင့် ဒစ်ဂျစ်တယ်အချက်အလက်အရင်းအမြစ်များအားလုံးကို အသုံးပြုနိုင်ခြင်းတို့သည် မီဒီယာနှင့် သတင်းအချက်အလက်တတ်မြောက်မှုတွင် ပါဝင်သည်။ စစ်တမ်း များအရ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ကမ္ဘာတစ်ဝန်း အင်တာနက်အသုံးပြုသူ ၅ ဒသမ ၁၉ ဘီလီယံ ရှိသဖြင့် ယင်းပမာဏမှာ ကမ္ဘာ့လူဦးရေ၏ ၆၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။ လူမှုကွန်ရက်ပလက်ဖောင်းများသည် ၂၀၁၀ ပြည့်နှစ်တွင် သန်း ၉၇၀ မှ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ သုံးစွဲသူ ၄ ဒသမ ၄၈ ဘီလီယံအထိ ရောက်ရှိလာခဲ့သည်။ ဆိုရှယ်မီဒီယာပလက်ဖောင်းများကို အသုံးပြုသည့် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအချိန်သည် တစ်ရက်လျှင် ၁၄၂ မိနစ် ဖြစ်သည်။ ယနေ့ကမ္ဘာတစ်ဝန်းတွင် Digital Transformation ဟုခေါ်ဆိုသည့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံတွင် အင်တာနက်နှင့် အွန်လိုင်းနည်းပညာကို အသုံးပြုနေကြသော်လည်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဖြစ်စဉ်များတွင် ပါဝင်မှု နှေးကွေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကအချက်မှာ ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာဗဟုသုတများ အားနည်းခြင်းနှင့် အစဉ်အလာဟောင်းကို မစွန့်လိုကြခြင်းကြောင့် ဖြစ်သည်ကို မြင်တွေ့ရသည်။ ဥပမာအားဖြင့် ခရီးသွားပြည်သူများ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်မည့် YPS ငွေပေးကတ်ကို အသုံးပြုမှု နည်းသည့်နမူနာကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းစနစ်သုံးအင်တာနက်သည် နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံ နိုင်သော်လည်း Fixed Broadband ကြိုးဖြင့် အင်တာနက်သုံးစွဲသူ ၁ ဒသမ ၆ သန်းခန့်သာ ရှိနေသေးသည့်အတွက် မြန်နှုန်းမြင့်ဖိုက်ဘာ အင်တာနက်ကို မြို့ကြီးများသာမက ကျေးလက် ဒေသများအထိ လက်လှမ်းမီအသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ လိုအပ်သည့် ကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များ ရရှိစေရန်နှင့် အင်တာနက်ကို လူမှုကွန်ရက်နှင့် ဖျော်ဖြေရေးအဆင့်များထက်ကျော်လွန်ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေးကဏ္ဍများတွင် တွင်ကျယ်စွာ အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် MSME လုပ်ငန်းများတွင် အင်တာနက်ကို အကျိုးရှိရှိအသုံးပြု ပြီး မိမိတို့၏ ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ထုတ်ကုန်များကို လူမှုကွန်ရက်များမှတစ်ဆင့် ကြော်ငြာမှုများ ပြုလုပ်၍ ဈေးကွက်ရှာဖွေခြင်းနှင့် ငွေပေးချေမှုများတွင် လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေး လည်း ပြည်တွင်း၊ ပြည်ပသို့ ချိတ်ဆက်နိုင်ကာ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ e-Government ကို ကျော်လွန်ပြီးနောက် Digital Government သို့ တက်လှမ်းလာနိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားရေးတွင် ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy) သည် အဓိကကျသည့် မဏ္ဍိုင်တစ်ခုဖြစ်သည်။ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး (Digital Trade) နှင့် အီလက်ထရွန်နစ်စီးပွားရေးကို အောင်မြင်စွာ အကောင်အထည်ဖော်သွားနိုင်ရန် မလိုလားအပ်သည့်ဖြစ်ရပ်များကို တားဆီးနိုင်ရန်အတွက် ဥပဒေ၊ စည်းမျဉ်းများနှင့် ထိန်းကျောင်းသွားရန် လိုအပ်သည်။
နိုင်ငံတော်၏ ဦးတည်ချက် (၁၂) ရပ်ပါ စီးပွားရေးဦးတည်ချက် (၄) ရပ်နှင့်အညီ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းစဉ်များကိုက်ညီမှုရှိစေရန် မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံကို ရေးဆွဲအကောင် အထည်ဖော်လျက်ရှိသည်။ ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိရှိအသုံးပြုပြီး အုပ်ချုပ်ရေး၊ အခြေခံ အဆောက်အအုံနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် နယ်ပယ်အသီးသီး တွင် ဒစ်ဂျစ်တယ်အသွင်ကို ဟန်ချက်ညီညီ ကူးပြောင်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာပြီး The Global Value Chain ဟုခေါ်ဆိုသည့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်ကို ချိတ်ဆက်ဆောင်ရွက်လာနိုင်ပြီး နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုတွင် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများအပေါ် လေးစားလိုက်နာရေးသည် အရေးပါသော လိုအပ်ချက်တစ်ခုဖြစ်သည်။ ဒစ်ဂျစ်တယ်ရေစီးကြောင်း သည် ယနေ့ကာလတွင် အဖိုးတန်သောအချက်အလက်များ သိုမှီးရာနေရာဖြစ်သကဲ့သို့ အလိမ် အညာများ၊ မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသော သတင်းအချက်အလက်များ စွန့်ပစ်ရာအမှိုက်ပုံလည်း ဖြစ်လာနေသည်။ မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုသည် မဟုတ်မမှန်လုပ်ကြံသတင်းများနှင့် သတင်းမှားများကို တုံ့ပြန်ရာ၌ များစွာအထောက်အကူပြုသည်။ ဆက်သွယ်မှုဆိုင်ရာ နည်းပညာသုံးစွဲသူများအနေဖြင့် ဒစ်ဂျစ်တယ်ခေတ်အတွင်း အလိုက်သင့်စီးမျော နိုင်ရန်အတွက် သတင်းအချက်အလက်စိစစ်ရာတွင် အလေးထားရမည့် နည်းနာများ၊ ဒစ်ဂျစ်တယ် အသိအမြင်ဆိုင်ရာ လေ့လာဆည်းပူးမှုများ၊ ကျင့်ဝတ်လိုက်နာမှုများကို ပိုမိုအားထုတ်ကြရမည် ဖြစ်သည်။
အီလက်ထရွန်နစ် ကုန်သွယ်ရေးဝန်ဆောင်မှုသည် နိုင်ငံတကာတွင် အောင်မြင်
ယနေ့ကာလသည် ဒစ်ဂျစ်တယ်ခေတ်ဖြစ်လာသည်နှင့်အညီ သတင်းအချက်အလက်များကို ဆိုရှယ်မီဒီယာပေါ်မှ အချိန်မရွေးရရှိနိုင်သည်။ အွန်လိုင်းပေါ်ရှိ သတင်းများကို ပုံနှိပ်မီဒီယာထက် သာလွန်၍ ကိုယ်နှင့်မကွာ ဖတ်ရှုနိုင်လာသည်။ ဈေးရောင်း၊ ဈေးဝယ်လုပ်လာနိုင်သည်။ အွန်လိုင်း ပေါ်မှ ရောင်းဝယ်မှုလုပ်ငန်းများသည် ဒစ်ဂျစ်တယ်စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက်ရှိသည်။ အလုပ်အကိုင်နေရာပေါင်းများစွာကိုလည်း ဖန်တီးပေးလျက်ရှိသဖြင့် အွန်လိုင်းလက်လီရောင်းဝယ်မှုလုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးနေဦးမည်ဖြစ်သည်။ ရောင်းသူ၊ ဝယ်သူ နှစ်ဖက်အကြား ယုံကြည်မှုရှိသည့် ဆက်ဆံရေးသည်သာ အဓိက ကျသည်။ အွန်လိုင်းပေါ် ပစ္စည်းရောင်းဝယ်မှုများသည် မပြောပလောက်သည့် ပမာဏသာဖြစ်သော် လည်း ဖေ့စ်ဘွတ်ပေါ်မှ ရောင်းချမှုမှာ ကြီးမားသည့် ဈေးကွက်ကြီးဖြစ်နေသည်။ အီလက်ထရွန်နစ်ကုန်သွယ်ရေးဝန်ဆောင်မှုသည် နိုင်ငံတကာတွင် အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းဖြစ်သည်။ အားနည်းချက်များရှိနိုင်သော်လည်း စားသုံးသူဘက်က ဆုံးရှုံးမှုများအတွက် သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ပေးနိုင်သည့်ယန္တရားများ စွမ်းဆောင်ရည်အပြည့်အဝဖြင့် အကောင်အထည်ဖော်နိုင်ပါက နစ်နာမှုအဝဝကို ကုစားပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေရရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအရ အကာအကွယ်ပေးနိုင်ရေးတို့အတွက် လိုအပ်သည့်အစီအမံများ ဖြင့် ထိန်းကျောင်းရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ ။