Skip to main content

သက်ရှည်ကျန်းမာဖို့ ပုံမှန်လမ်းလျှောက်ကြပါစို့

 

လူတိုင်းသည် အသက်ရှည်ကျန်းမာလိုကြသည်။ ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အချိန်မှသာ သိရှိကြသည်။ ငွေကြေးဓနမည်မျှပင်ကြွယ်ဝ ပိုင်ဆိုင်နေစေကာမူ ကျန်းမာရေးချို့ယွင်းနေသူ တစ်ဦး၏ဘဝသည် အဓိပ္ပာယ်မဲ့နေတတ်သည်။ လူတိုင်းသည် ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့နေထိုင်လိုကြသော်လည်း ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်လေ့မရှိကြပေ။ စိတ်အလိုလိုက်ပြီး စားသောက်နေထိုင်တတ်ကြသည်။ ရလဒ်အနေဖြင့် ကျန်းမာရေးချူချာလာပြီး လူ့လောကမှ အချိန်မတိုင်မီ ထွက်ခွာသွားကြရသည်။

တစ်နှစ်ပတ်လုံး လမ်းလျှောက်သင့်

လူတိုင်း အချိန် ၂၄ နာရီစီ အညီအမျှရရှိထားကြရာ ထိုအထဲမှ မိနစ် ၃၀ ခန့် ရအောင်ယူပြီး လမ်းလျှောက်နိုင်မည်ဆိုလျှင် သက်ရှည်ကျန်းမာရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်လမ်းလျှောက်ဖြစ်အောင် ကြိုးစားကြည့်စေချင်ပါသည်။ တချို့သောသူများသည် လမ်းလျှောက်ခြင်းကို ဆောင်းရာသီရောက်ရှိမှသာ ပြုလုပ်ရသည်ဟု ယူဆထားကြသည်။ အမှန်စင်စစ်မှာမူ လူတစ်ဦးသည် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး ပုံမှန်လမ်းလျှောက်သင့်ပါသည်။ စီးပွားဥစ္စာ မည်မျှပင်ကြွယ်ဝနေစေကာမူ ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနေမှသာလျှင် ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း “လက်ရှိအချိန်တွင် ဆောင်းရာသီကာလ လူထုစုပေါင်းအားကစား ပျော်ရွှင်တက်ကြွစွာ လှုပ်ရှားမှုများကိုတွေ့မြင်ရပြီး စုပေါင်းလှုပ်ရှား အားကစားမှုမှသည် လူတိုင်း၏ ကျန်းမာကြံ့ခိုင်ရေးသို့ ဖော်ဆောင်ပေးရန်လိုကြောင်း၊ အားကစားရာသီမှသာလျှင် အားကစားဆောင်ရွက်သည်မဟုတ်ဘဲ နွေ၊ မိုး၊ ဆောင်းဥတုသုံးပါးလုံးတွင် ကိုယ်လက်လှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ ဆောင်ရွက်ကြရန်လိုပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုများရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားရာသီ၊ အားကစားလှုပ်ရှားမှုမှသည် တစ်နှစ်ပတ်လုံးကိုယ်လက်ကြံ့ခိုင်ရေးကို ဖော်ဆောင်ပေးနိုင်ရေး တိုက်တွန်းလိုကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၃)တွင် ပြောကြားထားသည်။

အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းသော မြို့ပြနေရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အသက် ၃၀ ကျော်လာသူများသည် နေ့စဉ်လမ်းလျှောက်သည့် လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်ပေသည်။ လမ်းလျှောက်ခြင်းသည် ငွေကြေးကုန်ကျမှုမရှိသည့် ရိုးရှင်းသောအားကစားနည်းဖြစ်သည်။ လွတ်လပ်ပေါ့ပါးပြီး လုပ်ဆောင်ရလွယ်ကူသည့်အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိသည့် ကျန်းမာရေးကို အထောက်အကူပြုသော လေ့ကျင့်ခန်းပုံစံဖြစ်သည်။ အသက်အရွယ်မရွေး လုပ်ဆောင်နိုင်သည့် လေ့ကျင့်ခန်းလည်းဖြစ်သည်။

နှလုံးအားကောင်းစေခြင်း

ပုံမှန်လမ်းလျှောက်ခြင်းသည် နှလုံးရောဂါနှင့် လေသင်တုန်းဖြတ်ရောဂါဖြစ်ပွားနိုင်မှု အလားအလာကို လျှော့ချနိုင်ခြင်း၊ သွေးကြောများ ကြွပ်ဆတ်မာကြောမှုဖြစ်ပေါ်စေနိုင်သည့် သွေးထဲရှိ ကိုလက်စထရောလ်များကို လျှော့ချနိုင်ခြင်း၊ နှလုံးခုန်နှုန်းပုံမှန်ဖြစ်လာစေခြင်း၊ သွေးလည်ပတ်မှုစနစ်များကိုပုံမှန်အလုပ်လုပ်စေသည့် သွေးများထုတ်လွှတ်ပေးခြင်း အကျိုးကျေးဇူးများ ရစေသည့်အပြင် မိနစ်၃၀ ခန့် ခပ်သွက်သွက်လမ်းလျှောက်ခြင်းဖြင့် သွေးတိုးရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပြီး လေဖြတ်နိုင်မှုအလားအလာကို ၂၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု ဆေးပညာရှင်များက ဆိုထားပါသည်။

အထွေထွေရောဂါဖြစ်ပွားမှုလျှော့ချနိုင်ခြင်း

လမ်းလျှောက်ခြင်းသည် နှလုံးရောဂါကို ကာကွယ်နိုင်သည့်အပြင် ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် အချို့သော ကင်ဆာရောဂါများ ဖြစ်ပွားလာနိုင်မှုကိုပင် လျှော့ချနိုင်ကြောင်း၊ ဆီးချိုရောဂါကုသရာတွင် အထောက်အကူဖြစ်ကြောင်း၊ ပုံမှန်လမ်းလျှောက်လျှင် ရောဂါဖြစ်ပွားမှု ၆၀ ရာခိုင် နှုန်းအထိ လျော့ကျစေနိုင်သည့်အပြင် အူမကြီး၊ ရင်သားနှင့်ဝမ်းဗိုက်တို့တွင် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုအလားအလာကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း သိရသည်။

ကိုယ်ခန္ဓာအလေးချိန် ထိန်းထားနိုင်ခြင်း

ကိုယ်ခန္ဓာကိုယ်အလေးချိန် လျှော့ချနိုင်ရန်အတွက် နေ့စဉ်စားသုံးထားသည့် ကယ်လိုရီများ လောင်ကျွမ်းကုန်ဆုံးသွားရန်လိုအပ်ပါသည်။ ကယ်လိုရီများလောင်ကျွမ်းကုန်ဆုံးရန် ရိုးရှင်းလွယ်ကူသည့် နည်းလမ်းသည် နေ့စဉ်ခပ်မြန်မြန်လမ်းလျှောက်ခြင်းဖြစ်သည်။ လမ်းလျှောက်ခြင်းသည် ကြွက်သားများကို တောင့်တင်းသန်မာလာစေပြီး အစာချေဖျက်မှု၊ စွန့်ထုတ်မှု စသည့်ဇီဝဖြစ်စဉ်များ ပိုမိုလျင်မြန်လာစေသဖြင့် အနားယူနေသည့်တိုင်အောင် ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းထားနိုင်ပေသည်။

သူငယ်ပြန်ရောဂါကာကွယ်နိုင်ခြင်း

အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို ၁၄ ဦးတွင် တစ်ဦးခန့်နှင့် အသက် ၈၀ အထက် ခြောက်ဦးတွင် တစ်ဦးခန့်သည် သူငယ်ပြန်ရောဂါ ခံစားရလေ့ရှိသည်ဟု ဆိုပါသည်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိသူများသည် ဦးနှောက်လုပ်ငန်းစဉ်အပေါ် ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်ပေးနိုင်သည့်အပြင် သူငယ်ပြန်ရောဂါဖြစ်ပွားနိုင်မှုကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြင်းနှင့် ရက်သတ္တတစ်ပတ်လျှင်ခြောက်မိုင်၊ သို့မဟုတ် ထို့ထက်ပို၍ လမ်းလျှောက်သည့် သက်ကြီးရွယ်အိုတစ်ဦးသည် ဦးနှောက်ကျုံ့လာခြင်းကို ရှောင်ရှားနိုင်သဖြင့် မှတ်ဉာဏ်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်ပါသည်။

အရိုးပွရောဂါကာကွယ်နိုင်ခြင်း

လမ်းလျှောက်ခြင်းသည် အရိုးများက ကိုယ်ခန္ဓာအလေးချိန်အား သယ်ဆောင်သည့်လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်ရပ်လည်းဖြစ်နေသောကြောင့် ကျောရိုးများကို သန်မာတောင့်တင်းစေသည်။ အထူးသဖြင့် အမျိုးသမီးများအား ပိုမိုအကျိုးပြုနေပြီး ကိုယ်ခန္ဓာအရိုးအဆစ်များ သန်မာစေနိုင်သောကြောင့် အဆစ်ရောင်နာရောဂါမျိုးကို ကာကွယ်ပေးနိုင်ပါသည်။

တက်ကြွလန်းဆန်းစေ

ခပ်သွက်သွက်လမ်းလျှောက်ခြင်းသည် သွေးလည်ပတ်မှု မြန်ဆန်လာစေပြီး ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အသီးသီးကို အောက်ဆီဂျင်အပြည့်အဝ ထောက်ပံ့ပေးနိုင်သဖြင့် ပိုမိုတက်ကြွလန်းဆန်းလာ စေပါသည်။ ထို့အပြင် တောင့်တင်းနေသော အရိုး၊ အဆစ်များနှင့် ကြွက်သားများ ပြေလျော့လာသောကြောင့် နှေးကွေးထိုင်းမှိုင်းမှု ခံစားချက်များကို လျှော့ချပေးနိုင်သည်။

ခြေထောက်များ၏လှုပ်ရှားမှု ဟန်ချက်ထိန်းနိုင်ခြင်း

နည်းစနစ်မှန်ကန်စွာ လမ်းလျှောက်ခြင်းသည် ခြေထောက်များကြံ့ခိုင်သန်မာလာပြီး ခြေသလုံးကြွက်သားများ၊ တံကောက်ကြောများကို သန်မာစေနိုင်သည်။ အထူးသဖြင့် တောင်တက်သည့်အခါ တင်ပါးဆုံကြွက်သားများကို မြှင့်တင်ပေးနိုင်ပြီး လမ်းလျှောက်သည့်အနေအထားကို စနစ်တကျအာရုံစိုက်ပြီး လေ့ကျင့်သွားမည်ဆိုလျှင် ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျစေနိုင်ပါသည်။

လက်မောင်းများတောင့်တင်းသန်မာလာခြင်း

လမ်းလျှောက်မှုအရှိန်ကို လက်မောင်းများမှ တစ်ဆင့်မြှင့်တင်ပေးနိုင်သည်။ လမ်းလျှောက်စဉ် လက်မောင်းနှစ်ဖက်ကို သက်သောင့်သက်သာထားပြီး တံတောင်ဆစ်မှကွေးညွှတ်လျက် ရှေ့၊ နောက်အပြည့် လွှဲရမ်းပေးမည်ဆိုလျှင် အလိုအလျောက်မြန်လာမည်ဖြစ်သည်။ ဤကဲ့သို့ ဟန်ချက်ညီညီလမ်းလျှောက်မှုသည် လက်မောင်းများ၊ ပခုံးများနှင့် နောက်ပိုင်းကျောရိုးများကို တောင့်တင်းသန်မာလာ စေနိုင်သည်။

ဗီတာမင်ဒီ သိုလှောင်နိုင်မှု မြှင့်တင်ပေးနိုင်ခြင်း

နေရောင်ခြည်အောက်တွင် လမ်းလျှောက်ပါက ကိုယ်ခန္ဓာအတွင်း ဗီတာမင်ဒီသိုလှောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ဗီတာမင်ဒီကို အစားအသောက်မှရရှိရန် ခက်ခဲသော်လည်း နေရောင်ခြည်နှင့်ထိတွေ့ပါက ပေါင်းစပ်ထုတ်ယူနိုင်သည်။ ဗီတာမင်ဒီသည် ကျောရိုးမကြီးကို ကြံ့ခိုင်သန်မာစေသည့်အပြင် ကိုယ်ခန္ဓာခုခံအားအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် အာဟာရဓာတ်တစ်မျိုးလည်းဖြစ်သည်။ အနည်းငယ်နေပူဆာ လှုံပေးခြင်းသည် လုံလောက်သော ဗီတာမင်ဒီထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည်ဟု ဆေးဘက်ပညာရှင်များက အကြံပြု ထားပါသည်။

ပျော်ရွှင်ချမ်းမြေ့မှုပေးနိုင်ခြင်း

ကိုယ်လက်လှုပ်ရှားခြင်းသည် တွေးခေါ်မြော်မြင်နိုင်စွမ်းကို တိုးတက်အောင်ဆောင်ရွက်နိုင်သည် ဆိုသောအချက်မှာ မငြင်းပယ်နိုင်သောအမှန်တရားပင်ဖြစ်သည်။ ခပ်သွက်သွက်လမ်းလျှောက်သည့် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခြင်းသည် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းကဲ့သို့သော ညှိုးနွမ်းထိုင်းမှိုင်းနေမှုများကို ကာကွယ်ရာတွင် ထိရောက်သည့် နည်းလမ်းတစ်ခုပင်ဖြစ်သည်။ တက်ကြွသည့် ကိုယ်လက်လှုပ်ရှားမှုသည် သွေးကြောများအတွင်းသို့ ကောင်းမွန်သောစိတ်ခံစားချက်များ ထုတ်လွှတ်ပေးသဖြင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်သည်။

စုပေါင်းလမ်းလျှောက်ခြင်း သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများနှင့်တွေ့ဆုံပြီး ရှေးဟောင်းနှောင်း ဖြစ်များ ပြောဆိုခြင်းသည် အထီးကျန်ဆန်မှုနှင့် အဖော်မဲ့မှုခံစားချက်များကို ဖယ်ရှားပစ်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းပင်ဖြစ်သည်။ စိတ်ရောဂါခံစားနေရသူများကိုပင်လျှင် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည်။ နေအိမ်ပြင်ပတွင် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်ပြီး အစိမ်းရောင်ရှုခင်းများကို ကြည့်ရှုခံစားခြင်းသည်လည်း သက်ရှည်ကျန်းမာမှုအတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးများရရှိစေနိုင်သည်။

သက်ရှည်ကျန်းမာဖို့ ပုံမှန်လမ်းလျှောက်ကြပါစို့

မြန်မာနိုင်ငံမှ ပြည်သူများအတွက် ကံကောင်းသည့်အချက်မှာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို နေရာမရွေး၊ အချိန်မရွေးဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ လက်တစ်ကမ်းတွင် ရှိနေခြင်းပင်ဖြစ်သည်။ ရုံးချိန်ပြင်ပတွင် လမ်းလျှောက်ခြင်းအပါအဝင် အခြားသောကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို ငွေကြေးကုန်ကျမှုမရှိဘဲ လွတ်လပ်စွာဆောင်ရွက်နိုင်သည်။ နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်းသည် အကျိုးများစွာရရှိနိုင်သဖြင့် ပျော်ရွှင်သော မိသားစုဘဝကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ဆိုရလျှင် လူသားတို့သည် နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရသည်။ ထိုသို့ ရုန်းကန်နေကြရသဖြင့် တစ်ကိုယ်ရေကျန်းမာရေးကို မေ့လျော့လာတတ်ကြသည်။ အကျိုးဆက်အနေဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေးဖက်နာ၊ အသည်းအဆီဖုံး စသည့်ရောဂါအမျိုးမျိုး ဖြစ်လာတတ်သည်။ ထို့ကြောင့် ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့နေနိုင်ရန်အတွက် နေ့စဉ်အနည်းဆုံး မိနစ် ၃၀ ခန့်တော့ လမ်းလျှောက်သင့်သည်။

ကျန်းမာခြင်းသည် လူတိုင်းအတွက်လာဘ်ကြီး တစ်ပါးပင်ဖြစ်သည်။ ကျန်းမာနေသူတစ်ဦးသည် စိတ်သွားတိုင်းကိုယ်ပါနိုင်သည်။ လူတစ်ဦးသည် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဆောင်မှု နည်းပါးခြင်းကြောင့် နှလုံး၊ ဆီးချို၊ သွေးတိုး၊ ကင်ဆာနှင့် စိတ်ကျရောဂါများ ဖြစ်ပွားလာနိုင်ပေသည်။ ရောဂါတစ်မျိုးမျိုး ခံစားနေရသူတစ်ဦးသည် လူဖြစ်ရှုံးပြီး လူ့လောကကြီးမှ အချိန်မတိုင်မီ ထွက်ခွာသွားရမည်ဖြစ်သည်။ လူတိုင်းထိုအဖြစ်မျိုး မကြုံရလေအောင် ကျန်းမာရေးအတွက် နေ့စဉ်ပုံမှန်လမ်းလျှောက်ကာ သက်တမ်းစေ့နေထိုင်သွားကြပါစို့ဟု အကြံပြုတိုက်တွန်းလိုက်ရပါသည်။ ။