နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား
စိုးမိုးဝင်း
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားကြသောနိုင်ငံတို့သည် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားအောင် ကြိုးစားဆောင်ရွက်ကြပါသည်။ လယ်ယာလုပ်ငန်းတွင် ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာခြင်းသည် အခြားကဏ္ဍများအတွက် အလုပ်သမားများကို ဖြန့်ဖြူးပေးပြီး လုံလောက်သော အစားအစာနှင့်စက်မှုကုန်ထုတ် လုပ်ခြင်းအတွက် ကုန်ကြမ်းပစ္စည်းများကိုလည်း ထောက်ပံ့ပေးနိုင်ပါသည်။ စိုက်ပျိုးရေးတွင် အလုပ်သမားတို့၏ ကုန်ထုတ်လုပ်မှုနှုန်းကြီးထွားမှုသည် စက်မှုနိုင်ငံများတွင် စီးပွားရေးဆိုင်ရာအခြားကဏ္ဍများထက် ပိုမိုများပြားပါသည်။ ၁၉၆၇-၁၉၆၈ ခုနှစ် မှ ၁၉၈၃-၁၉၈၄ ခုနှစ်အထိ စက်မှုနိုင်ငံ ၁၈ နိုင်ငံမှ ၁၇ နိုင်ငံကို အချက်အလက်ကောက်ယူခဲ့ရာ စိုက်ပျိုးရေး၏ နှစ်စဉ်ကြီးထွားမှုနှုန်းသည် ၄ ဒသမ ၃ ရာခိုင်နှုန်းဖြစ်၍ အခြားကဏ္ဍများသည် ၂ ဒသမ ၆ ရာခိုင်နှုန်းဖြစ်နေပါသည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုနှုန်းတိုးတက်မှုသည် ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အလုံးစုံသောစီးပွားရေးဆိုင်ရာ ကောင်းကျိုးချမ်းသာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။
ကမ္ဘာတစ်လွှားရှိ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းများကို လေ့လာကြည့်လျှင် “စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ခြင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပိုလျှံအောင် ထုတ်လုပ်နိုင်ခြင်းသည် စက်မှုလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လောင်စာကဲ့သို့ မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်သည်” ဟူ သောအချက်ကို ထင်ရှားစွာတွေ့နိုင်ပါသည်။ ဥရောပအနောက်ပိုင်း၊ အမေရိကန်နှင့် ဂျပန်နိုင်ငံ၊ ၎င်းတို့နောက်တိုးတက်လာသည့် ထိုင်ဝမ်၊ တရုတ်နှင့်တောင်ကိုရီးယားနိုင်ငံများ၏ စက်မှုနိုင်ငံထူထောင်ရေးအစ အစောပိုင်းအဆင့်များတွင် အစားအစာစျေးနှုန်းများ လျှော့ချနိုင်ခြင်းသည် စက်မှုလုပ်ငန်းများတွင် အလုပ်သမားများ တိုးလာရန်အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း သက်သေပြပြီး ဖြစ်ပါသည်။
ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှု မြင့်မားမှသာ နိုင်ငံတော်၏ စီးပွားရေးမြင့်မားလာမည် ဖြစ်သကဲ့သို့ စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည် ဟူသောအချက်ကို ငြင်းဖွယ်မရှိပါ။ ရှေးယခင်အချိန် ကာလများကတည်းက ယဉ်ကျေးမှုအားလုံးတွင် အမှားကင်းသော စိုက်ပျိုးရေးမူဝါဒ ပေါ်လစီများ၏အရေးပါမှုကို အသိအမှတ်ပြုခဲ့ကြသည်။ ဘီစီ ၆ ရာစုတွင် တရုတ်နိုင်ငံမှ Lao Tze ဆိုသူသည် “ပြည်သူလူထုကို လွှမ်းမိုးရန်နှင့် ကောင်းကင်ဘုံကို အလုပ်အကျွေးပြုစုရန်အတွက် စိုက်ပျိုးရေးထက် ပိုမိုအရေးကြီးသောအရာ ဘာတစ်ခုမှမရှိပါ” ဟူ၍ ရေးသားခဲ့ဖူးပါသည်။
နိုင်ငံ့စီးပွား မြှင့်တင်ရေး
မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ရေးအတွက် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ၍ ထိုသို့ဆောင်ရွက်ရာတွင် လယ်ယာစီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင်ရေးဟူ၍ နှစ်မျိုးခွဲမြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိ ရပါသည်။
လယ်ယာစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် စိုက်ပျိုးရာသီနှင့်ကိုက်ညီမှုရှိသည့် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး၊ နိုင်ငံ၏အဓိကပြည်ပပို့ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်းစိုက်ပျိုးရေး၊ စားသုံးဆီဖူလုံရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးရေးတို့ကို ဆောင်ရွက်လျက် ရှိပါသည်။
စိုက်ပျိုးထုတ်လုပ်မှု စွမ်းအား
လယ်ယာစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားကြရာတွင် တစ်ဧကအထွက်နှုန်းနှင့် တောင်သူလယ်သမားတစ်ဦးချင်းစီ၏ ထုတ်လုပ်နိုင်မှုစွမ်းအားကို တိုးတက်အောင်ကြိုးစားကြပါသည်။ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက်စေရန် စဉ်းစားရာတွင် ထုတ်လုပ်မှုစွမ်းအားသုံးမျိုးကို ဦးစွာစဉ်းစားသင့်ပါသည်။ ၎င်းတို့မှာ လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား (Labor Productivity)၊ မြေယာ၏ထုတ်လုပ်မှုစွမ်းအား (Land Productivity) နှင့် စုစုပေါင်းထုတ်လုပ်မှုစွမ်းအား(Total Productivity) တို့ ဖြစ်သည်။
လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအားကိုကြည့်လျှင် မြန်မာကဒေါ်လာ ၃၀၀ ဝန်းကျင်၊ မလေးရှားကဒေါ်လာ ၁၁၃၇၀ နှင့် အာဆီယံနိုင်ငံများမှ ၁၃၂၈ ဒေါ်လာအထိ လုပ်သားတစ်ဦးချင်းစီမှ ထုတ်လုပ်နိုင်ပါသည်။ မြေယာ၏ထုတ်လုပ်မှု စွမ်းအားကို နှိုင်းယှဉ်ကြည့်လျှင် တစ်ဟက်တာမှာ မြန်မာက ၄၅၁ ဒေါ်လာ၊ မလေးရှားက ၂၃၆၉ ဒေါ်လာ၊ ဗီယက်နမ်က ၁၉၇၈ ဒေါ်လာ၊ ထိုင်းက ၁၅၂၇ ဒေါ်လာ၊ လာအိုက ၈၂၂ ဒေါ်လာ၊ ကမ္ဘော ဒီးယားက ၆၂၇ ဒေါ်လာနှင့် အာဆီယံနိုင်ငံများ၏ပျမ်းမျှမှာ ၁၄၉၂ ဒေါ်လာ ထုတ်လုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် ကျွန်တော်တို့နိုင်ငံတွင် လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအားနှင့် မြေယာ၏ ထုတ်လုပ်မှုစွမ်းအားတို့ကို တိုးတက်လာစေရန် ကြိုးစားဖို့ အလွန်လိုအပ်ပါ သည်။ အခြားကဏ္ဍများထက် ဤကဏ္ဍနှစ်ခုကို ကောင်းစွာတိုးတက်အောင် ဆောင်ရွက်နိုင်လျှင် စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးသည်လည်း မြင့်မားလာပါမည်။
လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရန်အတွက် စက်မှုလယ်ယာစနစ်ကို ဖော်ဆောင်ရပါမည်။ စိုက်ပျိုးရေးတွင် မြေယာပြုပြင်ခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ မြေသြဇာကျွေးခြင်း၊ ရိတ်သိမ်းခြင်း စသည့်ကဏ္ဍများအလိုက် လုပ်သားများအစား စက်ကိရိယာပစ္စည်းများ အသုံးပြုနိုင်အောင် ကြိုးစားဆောင်ရွက်ကြရမည်။ စက်ကိရိယာများ ကြိုးစားတီထွင်ထုတ်လုပ်ရန် လိုအပ်သလိုတောင်သူများ စျေးနှုန်းသက်သက်သာသာဖြင့် အလွယ်တကူအသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ထို့ကြောင့် စက်မှုလယ်ယာကူးပြောင်းရေးအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်များနှင့်လုံလောက်သောငွေကြေးများ လိုအပ်ပါသည်။
မြေယာ၏ ထုတ်လုပ်မှုစွမ်းအားကို တိုးတက် လာစေရန်အတွက် အသုံးပြုကြသည့်နည်းလမ်းမှာ မြေယာတိုးချဲ့ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် စိုက်ပျိုးဧရိယာ တိုးချဲ့ခြင်းဖြစ်ပါသည်။ သို့သော် မြေယာတိုးချဲ့ခြင်းသည် တစ်ဧက၏ ထုတ်လုပ်မှုစွမ်းအားကို တိုးချဲ့ခြင်းမဟုတ်ပါ။ မြေယာတစ်ဧကမှ ထုတ်လုပ်မှုစွမ်းအားတိုးတက် လာစေရန်အထွက် ကောင်းမျိုးများအသုံးပြုမှု၊ မြေသြဇာကို သင့်တော်စွာအသုံးပြုမှု၊ ရေသွင်းစနစ်စီမံခန့်ခွဲမှုစသည့် လုပ်ငန်းများကို ကောင်းစွာစီမံခန့်ခွဲခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအားနှင့် မြေယာ၏ထုတ်လုပ်မှုစွမ်းအားတို့ တိုးတက်လာလျှင် စုစုပေါင်းထုတ်လုပ်မှုသည်လည်း တိုးတက်လာပါသည်။ ထို့အပြင် စုစုပေါင်းထုတ်လုပ်မှု တိုးတက်ရန်အတွက် တစ်ဧကအတွင်း သီးနှံမျိုးစုံ စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်နိုင်ပါသည်။ တစ်ဧကမှာ စပါးတစ်သီးစိုက်ပျိုးလျှင် တစ်မျိုးပဲရပြီး စပါး-ပဲ နှစ်မျိုးစိုက်လျှင် နှစ်မျိုးရ၍ စပါး-ပဲ-စပါး သုံးသီးစိုက်ပျိုးလျှင် သုံးမျိုးရမည်။ သီးထပ်များများစိုက်နိုင်လေလေ တစ်ဧကမှ ထုတ်လုပ်မှုတိုးလာလေလေဖြစ်သည်။ အလားတူအရေအတွက် တိုးသကဲ့သို့ အရည်အသွေးလည်း တိုးလာအောင်ဆောင်ရွက်နိုင်သည်။ တစ်ဧကမှထုတ်လုပ်သည့် သီးနှံ၏အရည်အသွေးကို တိုးတက်အောင် ဆောင်ရွက်နိုင်လျှင်လည်း ရောင်းချသည့်အခါ ဝင်ငွေတိုးလာပြီး စုစုပေါင်းထုတ်လုပ်မှု တိုးတက်လာပါသည်။
စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး
တောင်သူဦးကြီးများအနေဖြင့် မိမိတို့စိုက်ပျိုး ကြသည့်သီးနှံတိုင်းတွင် လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်နိုင်ရေး၊ မြေယာ၏ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးနှင့် စုစုပေါင်း ထုတ်လုပ်မှုစွမ်းအားမြင့်မားရေးတို့ကို အဓိကထားပြီး အထူးဂရုစိုက် ဆောင်ရွက်သင့်ပါသည်။ သို့မှသာ မြေယာတစ်ဧကမှ စုစုပေါင်းထုတ်လုပ်မှုမြင့်မားပြီး ဝင်ငွေတိုးပွားကာ မိမိတို့၏လယ်ယာ စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။ တောင်သူတစ်ဦးချင်းစီမှ မိမိတို့လယ်ယာစီးပွားရေးကို မြှင့်တင်နိုင်လျှင် နိုင်ငံတော်မှ ရည်မှန်းထားသော နိုင်ငံ့စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တောင်သူလယ်သမားများ၏ လယ်ယာစီးပွားရေးမြင့်မားလာရေးသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေရာ စိုက်ပျိုးရေးဦးစီးဌာနမှတောင်သူ လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်မားစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သီးနှံအလိုက် သတ်မှတ်ထားသည့် စိုက်ပျိုးဧကပြည့်မီရေး ဆောင်ရွက်ခြင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ခြင်း၊ စိုက်ပျိုးသီးနှံများအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ပြည့်မီစေရေး ပညာပေးခြင်း၊ သီးနှံအလိုက်သတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP) နှင့်အညီ စိုက်ပျိုးနိုင်ရေး လေ့ကျင့်သင်တန်းပေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဝင်တောင်သူဦးကြီးများအား မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ရုံးချုပ်စိုက်ပျိုးရေးပညာ ရှင်များက မြို့နယ်များတွင် နည်းပညာပေးဆွေးနွေး ပွဲများ ပြုလုပ်ပေးခြင်း စသည်တို့ဖြင့် တောင်သူလယ်သမားဦးကြီးများ၏ လယ်ယာ စီးပွားရေးမြင့်မားလာရေးအတွက် ကူညီပေးလျက် ရှိပါသည်။
တောင်သူများအတွက် နည်းပညာပေးဆွေးနွေး ပွဲများတွင်လည်း ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် အရည်အသွေးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်းနှင့် မျိုးကောင်းမျိုးသန့်များကို လဲလှယ်သုံးခြင်း၊ သင့်တော်သည့် မြေအမျိုးအစားနှင့် မြေသြဇာအသုံး ပြုမှုနှုန်းထားများကို ရှင်းလင်းသင်ကြားပေးခြင်း၊ သီးနှံများတွင် ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများ၊ ရောဂါများနှင့် ဘက်စုံသီးနှံကာကွယ်ရေး နည်းစနစ်များကို သင်ကြားပေးခြင်း၊ ပန်းတိုင် အထွက်နှုန်းရရှိရန် လုပ်ဆောင်ရမည့် စိုက်ပျိုးရေး နည်းစနစ်များ၊ သီးနှံပုံစံများအတိုင်း တစ်နှစ်လျှင်နှစ်သီးထပ်၊ သုံးသီးထပ်စိုက်ပျိုးနည်းများစသည်တို့ကို တောင်သူများအား စာတွေ့သင်ကြား ပေးခြင်းနှင့်အတူ လက်တွေ့စိုက်ကွင်းထဲ၌သင်ကြားပြသခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးဆောင်ရွက်ရာတွင် နိုင်ငံတော်မှကူညီပံ့ပိုးပေးမှု၊ စိုက်ပျိုးရေး ဦးစီးဌာနမှနည်းပညာ၊ အသိပညာများဖြန့်ဝေပေးမှုတို့သည် အရေးကြီးသကဲ့သို့ လက်တွေ့စိုက်ပျိုးရေးကို ဆောင်ရွက်နေကြသော တောင်သူဦးကြီးများသည်လည်း နည်းလမ်းမှန်ကန်စွာဖြင့် စိုက်ပျိုးရေးသည်လည်း အလွန်အရေးကြီးပါသည်။ ထို့အတူ ထွက်ရှိလာသော စိုက်ပျိုးသီးနှံထုတ်ကုန်များကို စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးသည် အလွန်အရေးကြီးသောနေရာမှ ပါဝင်နေပါသည်။ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးစေ့မြေ မကျခင် မြေပြုပြင်သည့် အချိန်မှစတင်၍ သီးနှံရိတ်သိမ်းသည်အထိ ကာလတစ်လျှောက်လုံး တောင်သူလယ်သမားဦးကြီးများသည် နဖူးကချွေး ခြေမထိကျအောင် ကြိုးစားစိုက်ပျိုး ထုတ်လုပ်ကြသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေး ပညာရှင်များသည်လည်း နေပူမရှောင် မိုးရွာမရှောင် တောင်သူလယ်သမားဦးကြီးများအတွက် စိုက်ပျိုး ရေးနည်းပညာ၊ အသိပညာများကို သင်တန်းပေးခြင်း၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ စာအုပ်၊ စာစောင်များ ဖြန့်ဝေခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့် စိုက်ပျိုးသူတောင်သူလယ်သမား ဦးကြီးများနှင့် စိုက်ပျိုးရေးပညာရှင်များပူးပေါင်း ဆောင်ရွက်အားထုတ်မှုများကြောင့် စိုက်ပျိုး ထုတ်လုပ်မှု စွမ်းအားမြင့်မားလာပြီး နိုင်ငံ့စီးပွားရေးသည်လည်း မြင့်မားလာမည်ဟု ယုံကြည်မိပါသည်။ ။