Skip to main content

အစဉ်အလာမရိုင်း ခိုင်မြဲသည့် ယုံကြည်ချက် ခံယူချက်များနှင့်အတူ စည်းရုံးကြမည့် သူရဲကောင်းများ

မိုးမြင့်

လွတ်လပ်ရေးနဲ့တပ်မတော်၊ တပ်မတော်နဲ့အချုပ်အခြာတွဲပြီးမြင်တတ်ရင် ယနေ့နိုင်ငံရဲ့ ဘက်စုံပြဿနာအရပ်ရပ်အပေါ်မှာ ဘယ်လိုမှန်ကန်တဲ့အမြင်နဲ့ ချဉ်းကပ်ဖြေရှင်း သင့်သလဲ နားလည်နိုင်ပါလိမ့်မယ်။ တပ်မတော်ရဲ့ကံကြမ္မာဟာ တိုင်းပြည်ရဲ့ကံကြမ္မာနဲ့ တစ်ထပ်တည်းရှိတယ်ဆိုတာ မြင်နိုင်ရမယ်။ တပ်မတော်ရဲ့ဆုံးရှုံးမှုတိုင်းဟာ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုပဲဆိုတဲ့ဒဿန၊ တချို့မမြင်ချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။

ဟိုနယ်မြေကျတယ်၊ ဒီနယ်မြေပါသွားတယ်၊ ဟိုစခန်းလက်လွှတ်ရတယ်၊ ဒီစခန်းက ဆုတ်ခွာရတယ်တို့ဆိုတာဟာ ကျွန်တော်တို့ပြည်သူအားလုံးရဲ့ နယ်မြေတွေ ဆုံးရှုံးသွားတာပဲ၊ ဒီလိုမြင်တတ်ရ မယ်။ သူပုန်အသိမ်းခံရတဲ့ မြို့ရွာမှန်သမျှ ဟာ တစ်ပါးနိုင်ငံ လက်ထဲပေးလိုက်ရ တာနဲ့ အတူတူပဲဖြစ်တဲ့အတွက် ဘယ်မြို့၊ ဘယ်ရွာမှ သူပုန်လက်ထဲမရောက်အောင် အသည်းအသန် ကာကွယ်ကြရမယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ ယနေ့နေထိုင် နေတဲ့နေရာတွေ၊ မြို့တွေ၊ ရွာတွေ၊ ပြည်နယ်တွေ ရှိရှိသမျှ နယ်နိမိတ်အားလုံးဟာ ရှေးစဉ်ဘောင်ဆက် အဆက်ဆက် ပြည်ထောင်စုသားတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ကြီးက မနည်းစုစည်းတိုက်ယူထားရတဲ့ နယ်မြေတွေဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

တပ်မတော်အနေနဲ့က ခံစစ်အသေမဟုတ် ခွာသင့်တဲ့အခါ ခွာမယ်၊ ဆုတ်သင့်တဲ့အခါ ဆုတ်မယ်၊ လိုအပ်ရင် ဟန့်သင့်ဟန့်တားမယ်၊ သေချာတာတစ်ခုကတော့ အားလုံးကို ပြန်တိုက်ပြီးထိုးစစ်အပြုအမူနဲ့ အတိုးကော အရင်းပါပြန်ယူမယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီးဖြစ်တယ်။ နိုင်ငံရေးအရ ယုတ်မာမှု၊ စစ်ရေးအရ စွက်ဖက်မှု၊ ပြည်တွင်း၊ ပြည်ပဘယ်လိုသွေးတိုးစမ်းစမ်း ဩဇာခံဖို့ ဘယ်လိုကြိုးပမ်းသည်ဖြစ်ပါစေ အမျိုးသားရေး မာန်အပြည့်နဲ့ ချေမှုန်းသွားမယ့် တပ်မတော်အဖြစ် ယုံကြည်လျက်ပါ။

ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်

ယခု မြန်မာပြည်မြောက်ဖျားက စလိုက်တဲ့အရေးကိုပဲကြည့်ပါ။ proxy ခံ ကြိုးကိုင်သူနဲ့ ပွဲလန့်ဖျာခင်းသမားတွေရဲ့ အကြံအစည်တွေပါတယ်ဆိုတာ မြန်မာပြည်သူအားလုံးက သိပြီးဖြစ်ပါတယ်။ ယနေ့ကာလမှာ တပ်မတော်ပြိုကွဲအောင်၊ မြန်မာအချင်းချင်း ရန်ဖြစ်ပြီး နိုင်ငံ ပျက်စီးအောင် ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်နေချိန်လည်း ဖြစ်တယ်။ ခေတ်သစ်ကိုလိုနီနယ်ချဲ့တွေရဲ့ ခိုင်းစေမှုအောက်မှာ ပြည်တွင်းလက်နက်ကိုင် အချို့ကကိုယ့်အတ္တနဲ့ကိုယ် တချို့ကအာဏာရဖို့၊ တချို့ကနယ်မြေရဖို့၊ တချို့ကခွဲထွက်ဖို့ အပြင်းအထန် ကြိုးစား နေချိန်လည်း ဖြစ်တယ်၊၊

ပြည်တွင်း လက်နက်ကိုင်တွေနဲ့ မတူညီတဲ့တပ်မတော်ရဲ့ယုံကြည်ချက်က အချုပ်အခြာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီးမပြိုကွဲရေးနဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားအားလုံးစည်းလုံး ညီညွတ်ကြရေးပဲဖြစ်တယ်။ ထိုအရေး ၃ ပါးကို လုံးဝလက်လွှတ်ခံဖို့မရှိတဲ့ တပ်မတော်ဟာ အချုပ်အခြာပိုင် ဘယ်နယ်နိမိတ်တစ်လက်မမျှပေးမှာ မဟုတ်ဘဲ နိုင်ငံနယ်နိမိတ်ကို အပြည့်အဝ ကာကွယ်ပေးနေတယ်လို့ ယုံကြည်ပါတယ်၊၊

လွတ်လပ်ရေးကို ထိန်းသိမ်း စောင့်ရှောက်ပေးနေတယ်၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သည်းညည်းခံဆက်ဆံနေတဲ့ တပ်မတော်အပေါ် လက်နက်ကိုင်တွေက နိုင်ငံရေးအရ အမြတ်ထုတ်နေခြင်းဟာ ဖက်ဒရယ်ကိုအလွဲသုံးစားလုပ်နေခြင်းပဲလို့ တပ်မတော်အနေနဲ့မြင်မှာပါ။ အမျိုးဘာသာသာသနာ မပျောက်ပျက်အောင် ထိန်းသိမ်းပေးထားတယ်။ လွတ်လပ်ရေး နဲ့အချုပ်အခြာကို ကာကွယ်စောင့်ရှောက် ပေးနေခြင်းဟာ ပြည်သူတွေရဲ့ အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးခြင်းနဲ့ ထပ်တူထပ်မျှပါပဲ။ ဒါကြောင့် တပ်မတော်နဲ့လက်နက် ကိုင်သောင်းကျန်းသူ ရည်ရွယ်ချက်ချင်း မတူသလို လုပ်နည်းလုပ်ဟန်လည်းတူမှာ မဟုတ်ပါဘူး။ တပ်မတော်က ငြိမ်းချမ်း ရေးကိုလိုလားပြီး NCA ကိုကိုင်ဆွဲထားတဲ့ တည်ဆောက်ရေးသမားတွေဖြစ်တယ်။ သောင်းကျန်းသူဆိုတာက လူသတ်၊ အကြမ်းဖက်ဖျက်ဆီး၊ လူသစ်စု၊ မူးယစ်လူမှောင်ခို၊ ဖျက်နိုင်သမျှဖျက် အဖျက်သက်သက်၊ ဖျက်ဆီးရေးဝါဒီသက်သက်ပါပဲ။

ငြိမ်းချမ်းရေးလိုလားဆဲ ဖြစ်တယ်ဆိုတာ ပြသနေခြင်းပဲဖြစ်

လူမျိုးရေးဗန်းပြပြီး နယ်မြေလု၊ စစ်ဘုရင်ဆန်ဆန် ခေါင်းဆောင်အကျိုးနဲ့ မိသားစုအကျိုးစီးပွားသက်သက် လက်နက်ကိုင်တွေနဲ့ တပ်မတော်ဟာ ယှဉ်ပြိုင်တိုက်ပွဲဝင်နေရတာ ဖြစ်တယ်။ လက်နက်ကိုင်ဌာနချုပ်တွေကို မတိုက်ဘဲနေခြင်းဟာ ငြိမ်းချမ်းရေးလိုလားဆဲ ဖြစ်တယ်ဆိုတာ ပြသနေခြင်းပဲဖြစ်တယ်။ ဒါပေမဲ့ အပျော့နဲ့အမာ soft and hard power ကြားမှာ အကန့်အသတ်တော့ ရှိနေပါလိမ့်မယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အပေါ်မှာ တည်ဆောက်သူလား၊ ဖျက်ဆီးနေသူလား ရုပ်လုံးပေါ်လာတာနဲ့အမျှ လက်နက်ကိုင်တွေရဲ့ အလုံးစုံပျက်သုဉ်းရေး အကြမ်းဖက်ပုံရိပ်ဟာ နိုင်ငံတကာမျက်နှာစာမှာ ထင်ရှားသည် ထက် ထင်ရှားလာမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ လက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်စပ်ပြီး တိုက်ကွက် ဖော်နေကြပြီဟု သုံးသပ်နိုင်ပါတယ်။ တပ်မတော်က တိုင်းပြည်ကို ပြည်တွင်း၊ ပြည်ပအသုံးချခံဘဝ မရောက်အောင်၊ အင်အားကြီးတွေကြား ကြားခံဇုန်မဖြစ် အောင် ရဲရဲဝံ့ဝံ့ ရုန်းကန်တိုက်ပွဲဝင်နေရပါတယ်။ ဒါပေမဲ့ အဖျက်သမားတွေကတော့ ပြောင်းပြန်၊ သူတို့ကိုယ်သူတို့ ကြားခံဇုန်မဖြစ်ဖြစ်အောင် ဖန်တီးယူပြီးတိုင်းရင်းသားပြည်သူတွေကို မြေစာပင် ဘဝရောက်အောင် လုပ်သလိုဖြစ်နေ တယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ အကြားမှာ အချင်းချင်းသစ္စာမရှိ၊ လူမျိုး ရေးအရ ကြီးနိုင်ငယ်ညှဉ်း အချင်းချင်း နယ်မြေလုတိုက်ပွဲအစဉ်အလာတွေရှိခဲ့ဖူးတဲ့အတွက် ဒီလိုဖြစ်စဉ်တွေတိုင်းမှာ မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တွေနဲ့အညီ ကူညီထိန်းညှိပေးခဲ့ဖူးတဲ့ သမိုင်းအစဉ်အလာတွေ ရှိခဲ့ဖူးပါတယ်။ ဒီအချက်ဟာ နိုင်ငံနဲ့ တိုင်းရင်းသားတွေအပေါ်မှာ တပ်မတော်ရဲ့သစ္စာရှိမှုကို ပြသခြင်းပဲဖြစ်ပြီး ပြည်ထောင်စု အရေး အရှည်မြော်တွေးပြီး ဆောင်ရွက်တတ်တဲ့ ပြည်ထောင်စုတပ်မတော်တစ်ခု အဖြစ် မြင်နိုင်ရန်ဖြစ်ပါတယ်။

မြန်မာပြည်မြေပုံထဲက ဘယ်အစိတ်အပိုင်းကိုမှလည်း ဖဲ့ယူခွင့်ပြုနိုင်မှာမဟုတ်

ယခုလက်ရှိမှာ မြေဧရိယာ မရမကချဲ့ယူပြီး နိုင်ငံရေးရည်မှန်းချက် တောင်းဆိုဖို့ ကြိုးစားနေတဲ့ လက်နက်ကိုင်သောင်း ကျန်းသူတွေရဲ့ရန်ကို တပ်မတော်ဟာ ခုခံဖြေရှင်းနေပါတယ်။ ပြည်ထောင်စုနိုင်ငံတစ်ခုမှာ လက်နက်ကိုင်တိုက်ခိုက်ပြီးမှ နယ်မြေချဲ့ထွင်တဲ့ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာမှာကို ဘယ်လိုမှခွင့်ပြုလို့မရပါဘူး။ မြို့တွေ၊ ကျေးရွာတွေ ပျက်စီးနေတဲ့အနေအထားကို ယခုထက်ပိုပြီး ခွင့်မပြုသင့်တော့ပါဘူး။ သီးခြားခွဲထွက်ခွင့်ကို အိပ်မက်ပင်မက်ခွင့်မပြုသလို မြန်မာပြည်မြေပုံထဲက ဘယ်အစိတ် အပိုင်းကိုမှလည်း ဖဲ့ယူခွင့်ပြုနိုင်မှာ မဟုတ်ပါဘူး။ နယ်စွန်နယ်ဖျားမကျန် အစိတ်အပိုင်းအားလုံးဟာ မြန်မာတွေအတွက်သာ ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်ဟာ နိုင်ငံတစ်ဝန်းက တိုင်းရင်းသား အားလုံးနဲ့ဆိုင်ပါတယ်။

လူမျိုးစွဲ၊ အတ္တစွဲဟာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ကာ ဖွဲ့စည်းပုံကိုကျော်လွန်ပြီး တောင်းဆိုချက်မှန်သမျှကိုလည်း ခွင့်ပြုလို့မရပါဘူး။ အစွန် အဖျားက မည်သည့်တိုင်းရင်းသားကိုမှ နိုင်ငံခြားလက်ဝေခံသစ္စာခံအဖြစ် ခွင့်ပြုလို့ မရသလို ကိုယ့်နိုင်ငံသားအချင်းချင်း ဘယ်ဒေသကို ဘယ်တိုင်းရင်းသားတော့ မလာရစသဖြင့် ပုံမမှန်တဲ့အချက်တွေ တောင်းဆိုလာခဲ့ရင် သို့မဟုတ် လက်နက်ကိုင် အကျပ်ကိုင်လာရင်လည်း အသက်ပေးပြီး ရင်ဆိုင်တုံ့ပြန်သွားဖို့ အသင့်ရှိမယ့် တပ်မတော်အဖြစ် အခိုင်အမာခံယူပြီး ဖြစ်တယ်ဆိုတာ နားလည်ပါတယ်။

သစ္စာရှိမှုအပေါ် အသက်ပေးပြီး အစဉ်အဆက်ပြသနေဆဲ

တပ်မတော်ဟာ နိုင်ငံနဲ့ ပြည်သူအပေါ် သူတို့ရဲ့သစ္စာရှိမှုအပေါ် အသက်ပေးပြီး အစဉ်အဆက်ပြသနေဆဲပဲဆိုတာ ယခုတစ်ကြိမ် ရှမ်းမြောက်၊ ကရင်၊ ကယား၊ ရခိုင်၊ စစ်ကိုင်းတစ်ခွင်တိုက်ပွဲများမှာလည်း ထင်ရှားပေါ်လွင်လျက်ပါ။ အထက်မှာတင်ပြခဲ့သလို မကြုံစဖူး အပြင်းထန်ဆုံးသော တိုက်ပွဲတွေဟာ မြန်မာပြည်ကြီး အလုံးစုံပျက်သုဉ်းရေး ထိုးနှက်မှုတွေအဖြစ် မြင်တွေ့ရမှာဖြစ် ပါတယ်။ ပန်းနဲ့ပေါက်ကြတာမှမဟုတ်ဘဲ၊ လူအင်အားအဆမတန်နဲ့ နည်းပညာမြင့် လက်နက်တွေ၊ ကျည်ဆန်တွေကြားမှာ မြေခခဲ့ရတဲ့ တပ်မတော်သားတွေရဲ့ အသက်တွေဟာ မနည်းပါဘူး။ တန်ဖိုးရှိတဲ့အရာရှိ၊ စစ်သည်၊ မိသားစု လူ့အသက် တွေရဲ့တန်ဖိုးနဲ့ သက်မဲ့မြေကို နည်းဗျူဟာအရ အလဲအထပ်လုပ်လိုက်ရတဲ့ သဘော တွေလည်း ပါပါတယ်။

သို့ပေမဲ့ ယနေ့စစ်ပွဲတွေကနေ အဆုံးအရှုံးကနေ ရလိုက်တဲ့အမြတ်တချို့နဲ့အတူ အားနည်းချက်၊ အားသာချက် တွေကိုလည်း မြင်အောင်ကြည့်ရမှာပါ။ စစ်ကိုစစ်နဲ့တူအောင် တိုက်ခိုက်တတ် ကြတဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်သည်တွေ၊ တိုက်ခိုက်ရေးစစ်သည်အလား စစ်တိုက်နိုင်ကြတဲ့ ရဲမေမိသားစုတွေကို မြင်တွေ့ခွင့်ရခဲ့တာ အင်မတန်အဖိုးတန် လှပါတယ်။ ခေါင်းဆောင်မှုအရည် အချင်းနဲ့စစ်သားစိတ်၊ ရဲဘော်ရဲဘက် စိတ်နဲ့တပ်ဖွဲ့စိတ်ရှိသူတွေ အမြောက် အမြားရှိနေကြောင်း အကဲဖြတ်ခွင့်ရခဲ့ပါပြီ။ နောင်လာနောက်သားတို့ နမူနာယူပြီး ဆက်လက်သယ်ဆောင်သွားရမယ့် သူရဲကောင်းစိတ်ဓာတ် အချို့ကိုလည်း ယနေ့စစ်ပွဲတွေကနေ ကောင်းစွာ ရှာဖွေနိုင်ခဲ့ပါပြီ။

စစ်တွေချုပ်ငြိမ်းမှသာ

တကယ်တော့ စစ်ဆိုတာ မကောင်းပါဘူး။ စစ်ကိုလည်းမမျှော်၊ ကိုယ့်ဒေသထံ စစ်ပွဲတွေ ရောက်မလာအောင်နဲ့ ကိုယ့်မြို့၊ ကိုယ့်ရွာမှာ အကြမ်းဖက်တွေမခိုအောင်းနိုင်အောင် ပါတီအဖွဲ့အစည်းအားလုံး၊ မျိုးချစ်အားလုံးက ဝိုင်းဝန်းကူညီကြဖို့ လိုပါမယ်။ စစ်ကြောင့် ယခုပစ္စုပ္ပန်မှာ လူ့အသက်အိုးအိမ်စည်းစိမ်တွေ သေကျေပျက်စီးကြရသလို နောင်မျိုးဆက်သစ်တွေရဲ့ဘဝတွေကို သတ်လိုက်သလို ဖြစ်စေမှာကို မြော်တွေးရပါမယ်။ ဒါကြောင့် စစ်တွေမဖြစ်ဖို့၊ ဖြစ်နေတဲ့ စစ်တွေရပ်စဲအောင်လုပ်ဖို့နဲ့ စစ်တွေချုပ်ငြိမ်းမှသာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှု ဆက်စပ်ဖြစ်ထွန်းမှုကို ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်။

တစ်ခါတစ်ရံမှာ စစ်ကိုစစ်နဲ့သာ ချုပ်ငြိမ်းစေလိုတဲ့ အခြေအနေရောက်အောင် တွန်းပို့သလိုဖြစ်လာရင်လည်း မလွှဲမရှောင်သာ လက်ခံရတော့မယ့် အနေအထားနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ဖြစ်လာနိုင်ပါတယ်။ စစ်ရဲ့ခါးသီးမှုကို အသိဆုံးဖြစ်ပြီး ငြိမ်းချမ်းရေးကို အလိုချင်ဆုံးဖြစ်တဲ့ တပ်မတော်ကသာ ပြည်သူတွေ လိုချင်နေတဲ့ငြိမ်းချမ်းမှုကို ရှာဖွေပေးနိုင်မှာဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စစ်ကိုရပ်စဲနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဟာလည်း တပ်မတော်ဆိုတဲ့ Institution သာလျှင် ဖြစ်ပါလိမ့် မယ်။

ထို့ကြောင့် ယခုအချိန်မှာ အရာအားလုံးကို သင်ခန်းစာယူပြီး အယူအဆတွေ မကွဲပါနဲ့တော့၊ မြန်မာအချင်းချင်း လည်း မဖျက်ဆီး၊ မပျက်စီးကြပါနဲ့တော့၊၊ အရေးကြီးဆုံးက အားလုံးသည် တစ်စိတ် တစ်ဝမ်းတည်းဖြစ်ဖို့သာ၊ ခြောက်ပြတိုင်းလည်း မကြောက်ဖို့၊ ချော့တိုင်းလည်း ပျော့မသွားဖို့ပါ။ အဝေးကနေစိတ်ပျက် အားလျော့နေခြင်းက ရင်မြေကတုတ်လုပ်ပြီး အလံတိုင်စိုက်မယ့်အဖွဲ့တွေ အတွက် အားမဖြစ်ပါဘူး။ ဘက်စုံမုသား သွေးခွဲစကားတွေသတိထား သွေးမကွဲဘဲတို့အရေးသုံးပါးသာ အာရုံစိုက်ရပါမယ်။ ယနေ့လိုအခြေအနေမျိုးမှာ နိုင်ငံသားအားလုံး မျိုးချစ်စိတ်ဓာတ် ထက်သန်စေချင်ပါတယ်။ တပ်မတော်ကို မျိုးချစ်စိတ်ဓာတ် ထက်သန်စွာနဲ့ အခိုင်အမာ အားပေးရပ်တည်ကြ ရပါမယ်။

မမှိတ်မသုန် ထောက်ခံအားပေး

နိုင်ငံရဲ့တစ်ခုတည်းသော တပ်မတော်ကြီး တစ်စုံတစ်ရာသော အကြောင်းကြောင်းကြောင့် အားနည်းသွားခဲ့ရင် နိုင်ငံတွင်းက သက်ရှိသက်မဲ့အားလုံး အနိုင်ဆိုတာမရှိ၊ အားလုံးဆုံးရှုံးခြင်းသာ အဖတ်တင်ကျန်ရစ်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးတွေ ရှင်သန်နေမှ အောင်မြင်မှုကအမြဲရှိနေမှာပါ။ အသက်အပိုမပါတဲ့စစ်သည်တွေ သူတို့အသက်တွေ ပေးနေသရွေ့ တိုင်းပြည်အချုပ်အခြာ၊ ဘာသာသာသနာအတွက် စိတ်ချပြီးသား ပါ။ ဒါကို အလေးအနက်ထားဖို့ သတိ ပြုကြဖို့လိုပါတယ်။ တပ်မတော်နဲ့ နိုင်ငံတော်ကို ပုဂ္ဂိုလ်စွဲ ၊ လူမျိုးစွဲ၊ ဒေသစွဲနဲ့မမြင်ဘဲ ငါတို့နိုင်ငံ၊ ငါတို့လူမျိုး အားလုံးအတွက် ငါတို့အားလုံးနဲ့ဆိုင်တယ်၊ တပ်မတော်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက် ပေးနေသော တစ်ခုတည်းသောအဖွဲ့အစည်း ကြီးဖြစ်တယ်ဆိုတဲ့အမြင်နဲ့ မမှိတ်မသုန် ထောက်ခံအားပေးကြရပါမယ်။

ပြိုင်ပွဲဟာ အချိန်လည်း မစေ့သေးပါဘူး၊ အဆုံးသတ်လည်းမဟုတ်ပါဘူး။ အောင်မြင်မှုများစွာနဲ့ အစမ်းသပ်ခံရမယ့် ပွဲတွေရှိပါသေးတယ်၊ ဒီအချိန်မှာ မြန်မာပြည်မြေပုံ ပျက်ယွင်းမသွားဖို့ စည်းလုံးညီညွတ်မှုသာ မပြိုကွဲပါစေနှင့်၊ မိမိအင်အား အစစ်အမှန်ကိုသိဖို့နဲ့ ပြည်တွင်းအင်အားကို တိုးချဲ့တည်ဆောက်ပြီး ကျစ်လျစ်ခိုင်မာတဲ့ အင်အားနဲ့အားမွေးကြဖို့ပါ၊ အရာအားလုံးမှာ အရေးကြီးဆုံးကတော့ ခံယူထားရမယ့် စစ်သားကောင်းစိတ်ဓာတ်နဲ့ စုစည်းညီညွတ်ခြင်းပါပဲ။ ။