လိုသည်ထက်ပိုတာ မကောင်းပါ
ပြီးခဲ့တဲ့ရက်တွေတုန်းက စက်သုံးဆီတွေပြတ်လပ်တော့မယ်၊ ဈေးတွေမတန်တဆတက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့အတူ စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဉ်တွေ အလုအယက်နဲ့ တိုးမပေါက်အောင် စည်ကားလိုက်တာဖြစ်ခြင်း။
အထူးသဖြင့် ကျွန်မတို့ရန်ကုန်ရွှေမြို့တော်က သူ့ထက်ကဲရွှေပြည်စိုး။ အခုခေတ် ကလေးတွေပြောသလို ဂယက်တွေထလိုက်ကြတာ လွန်ပါရော။ ပုံမှန်သုံးစွဲနေကျ ပမာဏထက်ပိုမိုဝယ်ယူမှုကြောင့် ဝယ်လိုအားနဲ့ရောင်းလိုအား မမျှမတဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်အချို့ ဆီဖြည့်တင်းဖို့ထွက်ခွာလာတဲ့ ဆီသယ်ယာဉ်တွေမရောက်မီကာလအတွင်း ခေတ္တအရောင်းရပ်ဆိုင်းရတဲ့အခြေအနေအထိပါပဲ။ စက်သုံးဆီအရောင်းဆိုင်တွေမှာ ညအိပ်ညနေ တန်းစီစောင့်ဆိုင်းဝယ်ယူကြ၊ ကြားဖြတ်လို့ အချင်းများရန်ဖြစ်ကြနဲ့ အတော့်ကို ပွက်လောရိုက်သွားခဲ့တယ်။
နိုင်ငံရေး၊ စီးပွားရေး ရည်ရွယ်ချက်ရှိရှိနဲ့ ဖွတဲ့သူတွေကလည်း ဖွ
တကယ်တော့ ဒီလိုအဖြစ်မျိုးက ရန်ကုန်အပါအဝင် မြန်မာနိုင်ငံမှာထူးဆန်းတဲ့ အကြောင်းအရာ ကိစ္စတော့မဟုတ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး ရည်ရွယ်ချက်ရှိရှိနဲ့ ဖွတဲ့သူတွေကလည်း ဖွလေ့ရှိကြတာကိုး။ ၂၀၀၇ ခုနှစ်တုန်းကလည်း ခေတ်အခြေအနေအရ စက်သုံးဆီဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့မှုကို အကြောင်းပြုပြီး ဆန္ဒပြမှုတွေဖြစ်ပေါ်လာအောင် တွန်းပို့ခဲ့ကြတာပဲ။
တစ်ခါ မထသမော်တော်ယာဉ်တွေကို သဘာဝဓာတ်ငွေ့သုံး ဂတ်စ်ကားများအဖြစ် ပြောင်းလဲခဲ့စဉ်တုန်းကလည်း အဆင်သင့်မဖြစ်သေးဘူးတို့၊ ဂတ်စ်အိုးတွေက ခရီးသည်တွေအတွက် အန္တရာယ်ရှိတယ်တို့ဆိုပြီး မထသမော်တော်ယာဉ်အချို့ ပြေးဆွဲမှုရပ်လိုက်တဲ့အတွက် ခရီးသည်တွေ အခက်အခဲဖြစ်ခဲ့ကြရတယ်။ နောက်တော့လည်း တက္ကစီအငှားယာဉ်တွေကအစ ဂတ်စ်ကားမှဂတ်စ်ကား ဖြစ်လာကြပြန်ရော။
မှတ်မိသေးတယ်။ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက မထသမော်တော်ယာဉ်လိုင်းတွေကို ပုဂ္ဂလိကကုမ္ပဏီပိုင် YBS ယာဉ်လိုင်းများ အဖြစ်ပြောင်းလဲခဲ့စဉ်ကလည်း စစချင်းရက်တွေမှာ YBS ယာဉ်တွေ အပြည့်အဝ အစားမထိုးနိုင်ခဲ့တဲ့အတွက် ခရီးသည်တွေ၊ ဝန်ထမ်းတွေ ညနေအိမ်အပြန်မှာ စီးစရာကားတွေမရှိလို့ ပရဟိတတွေ၊ လူမှုဝန်ထမ်းစိတ်ရှိသူတွေက သူတို့ပိုင် မော်တော်ယာဉ်တွေနဲ့ အခမဲ့ပြေးဆွဲ ပို့ဆောင်ပေးခဲ့ရဖူးတယ်။
မြန်မာပြည်မှာ အဲဒီလိုအခိုက်အတန့် အခက်အခဲကိစ္စတွေ ကြုံတွေ့လာရင်၊ ဖြစ်ပေါ်လာရင်နိုင်ငံရေးအလို့ငှာ၊ စီးပွားရေးအလို့ငှာ အခြေအနေဆိုးသည်ထက်ဆိုးအောင် ရည်ရွယ်ချက်ရှိရှိ ကောလာဟလမျိုးစုံနဲ့ ဘေးတီးပေးတဲ့သူတွေ၊ ထုတ်လွှင့်လိုက်တဲ့ ကောလာဟလမျိုးစုံကိုယုံစားပြီး တီးကွက်အတိုင်း ယိမ်းကသလို လိုက်ကကြတဲ့သူတွေ၊ ဖြစ်ပေါ်လာတဲ့အခြေအနေ၊ အခက်အခဲအပေါ်မူတည်ပြီး မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသလို တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ်လုပ်စားလေ့ရှိတဲ့သူတွေ၊ ခဏတာအခိုက်အတန့် အဆင်မပြေမှုအပေါ် အပြစ်တင်စောတဲ့သူတွေ၊ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ Live လွှင့်ပြီး ဆယ်လီဖြစ်ချင်သူတွေ စတဲ့သူ့အုပ်စုနဲ့သူ။ ကြားထဲက အမြဲငထွားခါးနာရသူတွေကတော့ ရိုးသားတဲ့ ပြည်သူအများစုပေါ့။
ဒါကြောင့် လက်ရှိစက်သုံးဆီဂယက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာက သီလဝါဆိပ်ခံတံတားတွေမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘောခြောက်စင်း၊ ပင်လယ်ဝ Pilot Station မှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘောကိုးစင်းနဲ့ စင်ကာပူကနေ ဆီတင်ပြီးထွက်လာတဲ့ ဆီတင်သင်္ဘောတစ်စင်းရှိတာကြောင့် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများပြည်သူတွေ အနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပူပန်စရာမလိုတဲ့အကြောင်း၊ ဒါ့အပြင် ဒီဇင်ဘာလအတွင်းမှာပဲ နောက်ထပ်ပြည်ပဆီတင်သင်္ဘော ၂၇ စင်းနဲ့ ထပ်မံတင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီးတဲ့အကြောင်း ရှင်းလင်းထုတ်ပြန်ပြောဆိုခဲ့မှုကြောင့် စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ကြောင့်ကြနေကြတဲ့ ပြည်သူအများစု စိတ်အေးသွားခဲ့ကြပါတယ်။
စီးပွားဖြစ် လုပ်စားလေ့ရှိသူတွေကိုတော့ သက်ဆိုင်ရာဥပဒေနဲ့ ထိန်းကျောင်းဖြေရှင်းခဲ့ရ
တစ်ခါဖြစ်ပေါ်လာတဲ့ အခိုက်အတန့် အခက် အခဲပေါ်မူတည်ပြီး တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ် လုပ်စားလေ့ရှိသူတွေကိုတော့ သက်ဆိုင်ရာဥပဒေနဲ့ ထိန်းကျောင်းဖြေရှင်းခဲ့ရပါတယ်။ စက်သုံးဆီဆိုင်တွေမှာ အခေါက်ခေါက်အခါခါဝယ်ယူပြီး အပြင်မှာဈေးနှုန်းမြှင့်တင်ကာ လိုင်စင်မဲ့ပြန်လည်ရောင်းချသူတွေကို ၂၀၁၇ ခုနှစ် ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေပုဒ်မ ၃၀ အရ စက်သုံးဆီတွေကို လိုင်စင်မဲ့သယ်ယူပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေကို စစ်ဆေးတွေ့ရှိရင် အနည်းဆုံးငွေဒဏ် ကျပ်သုံးသိန်းကနေ အများဆုံးကျပ်သိန်း ၅၀ အထိဖြစ်စေ၊ တစ်နှစ်ထက် မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်တယ်လို့ သက်ဆိုင်ရာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စက်သုံးဆီဆိုင်တွေမှာ အကြိမ်ကြိမ်တန်းစီဝယ်ယူပြီး အချို့ရပ်ကွက်တွေမှာ ဓာတ်ဆီတစ်လီတာကို နေရာဒေသအလိုက် ကျပ် ၄၀၀၀ ကျော်ကနေ ကျပ် ၇၀၀၀ ဝန်းကျင်နဲ့ လိုင်စင်မဲ့တစ်ဆင့်ပြန်လည်ရောင်းချမှုတွေ၊ တရားမဝင် သိုလှောင်ရောင်းချမှုတွေကိုလည်း စစ်ဆေးဖော်ထုတ်ဖမ်းဆီးကာ ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်ခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့လည်း ဒီလိုဆောင်ရွက်မှုများကို တွေ့ရှိပါက ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများ သို့ သတင်းပို့တိုင်ကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက မေတ္တာရပ်ခံနှိုးဆော်ခဲ့ပါတယ်။
စက်သုံးဆီများ အရည်အသွေးပြည့်မီရေး ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း ဒီဇင်ဘာ ၁၁ ရက် က နေပြည်တော်မှာကျင်းပတဲ့ ဗဟိုကော်မတီ ရဲ့ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ “စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း ကဏ္ဍကို ပိုမိုထိရောက်စွာ စီမံဆောင်ရွက်နိုင်ရေး၊ ပြည်ပမှတင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးကို အလေးထားဆောင် ရွက်လျက်ရှိကြောင်း၊ အများပြည်သူများ စက်သုံးဆီအဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း။
ယခုရက်ပိုင်းအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များအပြင် အချို့တိုင်းဒေသကြီးပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများပို့ဆောင်များ ပြတ်လပ်မှုမရှိစေရန် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း စက်သုံးဆီများ တရားမဝင်ရောင်းချမှုမရှိစေရေးအတွက် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တာဝန်ရှိသူများကလည်း ရန်ကုန်တိုင်းဒေသကြီးက စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်မှာ စက်သုံးဆီ ပြတ်လပ်မှုမရှိဘဲ လုံလုံလောက်လောက် ရောင်းချပေးနိုင်ရေးအတွက် ဒီဇင်ဘာ ၁၁ ရက်ကအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)သို့ သွားရောက်ခဲ့ပြီး စက်သုံးဆီသိုလှောင်စခန်းမှာ စက်သုံးဆီသိုလှောင် ထားရှိမှုနဲ့ ဆီသယ်ယာဉ်များပေါ်သို့ စက်သုံးဆီဖြည့်တင်းမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီသိုလှောင်ကန်မှ ဆီသယ်ယာဉ်များပေါ်သို့ ဆီဖြည့်သွင်းသည့်စနစ် အားနည်းချက်မရှိရေး၊ အစီအစဉ်တကျ ဖြည့်သွင်းခြင်း၊ ထွက်ခွာခြင်းနှင့် ဆိုင်အရောက် မြန်ဆန်ရေးစနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။
လူကိုယ်တိုင်မျှောထုတ်ယူရတဲ့စနစ်ကနေ Online နဲ့ မျှောထုတ်ယူနိုင်တဲ့အဆင့်
ယခုလိုတာဝန်ရှိသူအဆင့်ဆင့်က ဘက်ပေါင်းစုံကဏ္ဍအလိုက် လျင်လျင်မြန်မြန် ထိထိရောက်ရောက် စီမံဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုဆိုရင်အများ ပြည်သူများအနေနဲ့ စက်သုံးဆီဝယ်ယူသုံးစွဲရာမှာ ဟိုးတစ်ပတ်ကျော်ကထက်တော့ အများကြီးအဆင်ပြေလာခဲ့ပါပြီ။ ရန်ကုန်မြို့ရဲ့ တစ်နေ့တာစက်သုံးဆီလိုအပ်ချက်ဟာ ဆီဂါလန် ခြောက်သောင်း ခန့်ဖြစ်ပေမယ့် ယခုသက်ဆိုင်ရာက ဆီဂါလန်တစ်သိန်းကျော် ဖြန့်ဖြူးပေးလျက်ရှိတဲ့အပြင် ထပ်မံဝင်ရောက်မှုများလည်း ရှိနေတဲ့အတွက် ရန်ကုန်မြို့ခံပြည်သူတွေအနေနဲ့လည်း စိုးရိမ်ကြောင့်ကြမှုများ လျော့ပါးကင်းဝေးခဲ့ပြီး ပုံမှန်အတိုင်းမဖြစ်သေးပေမယ့် ကိုယ်လိုသလောက် ဝယ်ယူသုံးစွဲနိုင်ကြပြီဖြစ်ပါတယ်။ ညအိပ်ညနေ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူစောင့်ဆိုင်းခြင်း မျိုးလည်း မရှိသလောက်တွေ့ရပါတယ်။ ဆက်လက်ပြီး စက်သုံးဆီလုပ်ငန်းရှင်များ ပိုမိုအဆင်ပြေစေရေး အတွက်လည်း ဆီသယ်ယာဉ်တွေကို လက်ရှိလူကိုယ်တိုင်မျှောထုတ်ယူရတဲ့စနစ်ကနေ Online နဲ့ မျှောထုတ်ယူနိုင်တဲ့အဆင့်အဖြစ် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ကိစ္စမြားမြောင် လူတို့ဘောင်မှာ အမှုကိစ္စ ပေါင်းစုံနဲ့အတူ အခက်အခဲပေါင်းစုံကိုလည်း လူတိုင်းကိုယ်စီကြုံတွေ့နေကြရဦးမှာပါပဲ။ ကြုံတွေ့လာအတ္တစိတ်နဲ့ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းမကြည့်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ဖို့ လိုအပ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဆူနာမီသဘာဝဘေးအန္တရာယ်ကြီး ကြုံတွေ့ခဲ့စဉ်ကဆို ဂျပန်ပြည်သူများဟာ စားသောက်ကုန်အပါ အဝင် လိုအပ်တဲ့ပစ္စည်းတွေကို စနစ်တကျတန်းစီပြီး အများအကျိုးအတွက် ကိုယ်ချင်း စာစိတ်၊ စာနာစိတ် အပြည့်အဝနဲ့အမှန်တကယ်လိုအပ်တာထက် ပိုမိုဝယ်ယူသုံးစွဲခြင်း မရှိခဲ့ကြပါဘူး။
မြန်မာစာပေကျမ်းဂန်တွေ ထဲမှာလည်း ကမ္ဘာဦးကာလက ကမ္ဘာဦးလူသားတွေဟာ ပင်ပင်ပန်းပန်း ရှာဖွေလုပ်ကိုင်စားသောက်စရာမလိုဘဲ မြေပေါ်မှာ သူ့အလိုအလျောက်ပေါက်တဲ့ အခွံလည်းမဖုံး၊ ဖွဲလည်းမကပ်တဲ့ ဆန်သားသက်သက်သီးတဲ့ သလေးစပါးဆန်တွေကို ဆွတ်ယူချက်ပြုတ် စားသောက်လို့ရတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာအတ္တ၊ လောဘကြီး သူတွေဟာလိုတာထက်ပိုပြီး သုံး၊ လေး၊ ငါးရက်စာမက ဆွတ်ယူသိုလှောင်လာကြတဲ့ အခါမှာတော့ သလေးစပါးတွေဟာ မူလပကတိအတိုင်း ပြန်ပေါက်ခြင်း၊ အသီးသီးခြင်းမျိုး မရှိတော့ဘဲ အငုတ်တွေအတိုင်းသာ ဖြစ်ကျန်ခဲ့တယ်လို့ဆိုပါတယ်။ တကယ်တော့ ဘယ်အရာ မဆို လိုသည်ထက် ပိုတာမျိုးက မကောင်း ပါဘူးနော်။ ။
ခင်သန်းမြင့်