Skip to main content

လာအိုနိုင်ငံ၏ ဆင်းရဲမှုလျှော့ချခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု

လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ့အလယ်မှာ တည်ရှိတဲ့အတွက် ပင်လယ်ဆိပ်ကမ်းမရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့အကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၂ ဒသမ ၃၆၈ သိန်းဖြစ်ပြီး ကုလသမဂ္ဂရဲ့ ကမ္ဘာ့လူဦးရေဆန်းစစ်ချက် နောက်ဆုံးအချက်အလက်တွေအရ ၂၀၂၃ခုနှစ် စာရင်းအရ လူဦးရေ ၇ ဒသမ ၆ သန်းခန့် နေထိုင်ပါတယ်။ လာအိုလူမျိုးအပါအဝင် လူမျိုးပေါင်း ၅၀ ခန့်ရှိကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ကိုလိုနီဖြစ်ခဲ့ပြီး ၁၉၅၃ခုနှစ်မှာ စည်းမျဉ်းခံ ဘုရင်စနစ်အဖြစ် လွတ်လပ်ရေးရခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများအနက် တစ်ခုတည်းသော ဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး ကွန်မြူနစ်ဝါဒကို ထောက်ခံတဲ့နိုင်ငံဖြစ်ပါတယ်။ တရားဝင်နိုင်ငံရေးပါတီဟာ လာအိုပြည်သူ့တော်လှန်ရေးပါတီဖြစ်ပြီး တစ်ပါတီနိုင်ငံဖြစ်တာကြောင့် အထွေထွေအတွင်းရေးမှူး(ပါတီခေါင်းဆောင်)ဟာ နိုင်ငံနဲ့အစိုးရရဲ့ခေါင်းဆောင်၊ သမ္မတ ဖြစ်ပါတယ်။

လာအိုနိုင်ငံ၏ စီးပွားရေး

လာအိုနိုင်ငံရဲ့စီးပွားရေးဟာ နိုင်ငံအတွင်းက ထွက်ရှိတဲ့ ကြေးနီ၊ ရွှေနဲ့ သစ်ကဲ့သို့သော သဘာဝသယံဇာတများ တင်ပို့မှုအပေါ်လည်း များစွာမှီခိုနေရပါတယ်။ ဒါ့အပြင် ၎င်းရဲ့အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတို့အပေါ်မှာလည်း မှီခိုနေပါတယ်။ ၂၀၁၆ခုနှစ်မှာ တရုတ်နိုင်ငံက လာအိုစီးပွားရေးရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး လာအိုစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနရဲ့ ၁၉၈၉-၂၀၁၄အစီရင်ခံစာအရ ၁၉၈ခုနှစ်ကစပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၉၅ ဘီလီယံမျှ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၈၉ ဘီလီယံ ရင်းနှီးမြှုပ်နှံသူ)နဲ့ ဗီယက်နမ်နိုင်ငံ (အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၀၈ ရင်းနှီးမြှုပ်နှံသူ)တို့ဟာ ဒုတိယနဲ့ တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူတွေဖြစ်ကြပါတယ်။ နိုင်ငံတကာငွေကြေးအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်နဲ့ တခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေရခဲ့ပြီး လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှု၊ ရေအားလျှပ်စစ်နဲ့ သတ္တုတွင်းလုပ်ငန်း (အထူးသဖြင့် ကြေးနီနဲ့ ရွှေ)တို့အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ရရှိခဲ့ပါတယ်။နိုင်ငံရဲ့ လူသိများအထင်ရှားဆုံး ထုတ်ကုန်ကတော့ ဘီယာလာအိုဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၂၀ ကျော်သို့ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။

ကျေးလက်လူဦးရေရဲ့ ၈၀ရာခိုင်နှုန်းခန့်ဟာ လယ်ယာလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းအနေနဲ့ လုပ်ကိုင်ကြပါတယ်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးဟာ ဂျီဒီပီရဲ့ တစ်ဝက်မျှရှိနေသေးပြီးအလုပအကိုင် အခွင့်အလမ်း၈၀ရာခိုင်နှုန်းကို ဖန်တီးပေးထားပါတယ်။နိုင်ငံရဲ့ မြ၄ရာခိုင်နှုန်းမျှသာ စိုက်ပျိုးနိုင်တဲ့မြေဖြစ်ပြီး ၀ ဒသမ ၃ ရာခိုင်နှုန်းကသာ အမြဲတမ်း စိုက်ပျိုးနိုင်တဲ့မြေဖြစ်တာကြောင့် မဟာမဲခေါင်ဒေသခွဲမှာ ရာခိုင်နှုန်းအားဖြင့် အနည်းဆုံးဖြစ်ပေမယ့်ခန့်မှန်းခြေအားဖြင့် ၇၇ရာခိုင်နှုန်းမျှသော လာအိုလယ်သမား မိသားစုများဟာ ဝမ်းစာဖူလုံတဲ့ စပါးရှိကြပါတယ်။ လာအိုနိုင်ငံဟာ မဟာ မဲခေါင်ဒေသခွဲမှာ ဆန်စပါးအမျိုးအစား အများဆုံးရှိတဲ့ နိုင်ငံဖြစ် ပါတယ်။

လာအိုနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)

၂၀၂၂ ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ GDP အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇၂ ဘီလီယံ၊ တစ်ဦးချင်း GDPဟာ အမေရိကန်ဒေါ်လာ ၂၆၀၀ ခန့် ရှိပါတယ်။ လာအိုနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဟာ ၂၀၂၃ ခုနှစ် မတ်လစာရင်းအရ အမေရိကန်ဒေါ်လာ ၁၆၅ ဒသမ ၈၇ သန်းခန့်ရှိပြီး ပြီးခဲ့တဲ့ သုံးလပတ်ကာလမှာ အမေရိကန်ဒေါ်လာ ၂၀၅ ဒသမ ၆၅၄သန်းခန့် တိုးတက်လာကြောင်း သိရပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ပညာရေးဖွံ့ဖြိုးမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု၊ စွမ်းအင်ရရှိမှုတို့ဟာလည်း အခြေခံအကျဆုံး လိုအပ်ချက်တွေဖြစ်တဲ့အတွက် လာအိုနိုင်ငံရဲ့ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စွမ်းအင်ရရှိမှုအခြေအနေတို့ကို တစေ့တစောင်း လေ့လာဖြစ်ခဲ့ပါတယ်။

ပညာရေးနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှု

ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုများနဲ့ စွမ်းဆောငရည်မြှင့်တင်ပေးမှုများ ဆောင်ရွက်ပေးခဲ့ရာမှာ ၂၀၂၀ပြည့်နှစ်က အခြေခံမူလတန်းပညာရေး အောင်မြင်မှုရရှိရေး ရည်ရွယ်ချက်နဲ့ မူလတန်းပညာရေးနဲ့ အလယ်တန်းပညာရေးကို ဦးစားပေးဆောင်ရွက်ခဲ့တာ တွေ့ရပြီး ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ ပညာရေးတတ်မြောက်မှုနဲ့ လေ့လာသင်ယူမှု ရလဒ်ကောင်းများရရှိစေဖို့ သိသိသာသာ အထောက်အကူပြုခဲ့တယ်လို့ သိရပါတယ်။ မူလတန်းအဆင့်ပြီးမြောက်မှုနှုန်းမှာ ၂၀၁၀ ပြည့်နှစ်က ၇၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်မှာတော့ ၈၉ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး အလယ်တန်းအဆင့် ပြီးမြောက်မှု ရာခိုင်နှုန်းမှာ ၂၀၁၀ ပြည့်နှစ်က ၃၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်မှာ ၄၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။

လမ်းပန်းဆက်သွယ်ရေး

ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ဆိပ်ကမ်းမရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် ကုန်းလမ်းပို့ဆောင်ရေးကို အဓိကအားပြုရတာ တွေ့ရပါတယ်။ မြို့ကြီးတွေရဲ့ သယ်ယူပို့ဆောင်ရေးမှာ ဘတ်စ်ကားနဲ့ သုံးဘီးယာဉ်များကို အသုံးပြုပြီး အမြန်ရထားလမ်းလည်းရှိတာ တွေ့ရပါတယ်။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ Boten-Vientiane Railway ဟာ နိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာ China Railway System နဲ့ Mohan Yunan တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ထားသလို တောင်ဘက်မှာ Bangkok – Nong Khai High Speed Railway နဲ့ ချိတ်ဆက်ဖို့ လျာထားပြီး Belt and Road Initiative (BRT) ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။ ၄၂၂ကီလိုမီတာရှည်ပြီး လမ်းအကျယ်က Standard Gauge (Track Gauge) ၁၄၃၅ မီလီမီတာ(၄ ပေ ၈ ဒသမ ၅လက်မ)ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ 1 m track (၃ ဒသမ ၂၈ ပေအကျယ်) ရထားလမ်းသာ ရှိပါသေးတယ်။ လျှပ်စစ်အသုံးပြု အမြန်ရထားဖြစ်ပြီး အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ (တစ်နာရီ လျှင် ၉၉ မိုင်နှုန်း)ခန့်နဲ့ နေ့စဉ်ပြေးဆွဲလျက်ရှိရာမှာ ခရီးသည် ၇၀၀ ကနေ ၁၀၀၀၀ အထိ နေ့စဉ် စီးနင်းအသုံးပြုလျက်ရှိတာ သိရပါတယ်။

လာအိုနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်လေးခုရှိပြီး မြို့တော် ဗီယင်ကျန်းမှာရှိတဲ့ ဝပ်တေ (WATTAY) အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အထင်ရှားဆုံးဖြစ်ပါတယ်။ နှစ်စဉ် နိုင်ငံတကာခရီးသွား တစ်သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

စွမ်းအင်ရရှိမှုအခြေအနေ

နိုင်ငံအတွင်း ရေအရင်းအမြစ်ပေါများပြီး တောင်ကုန်းထူထပ်တဲ့ မြေမျက်နှာပြင်အနေအထားအရ ရေအားလျှပ်စစ် ထုတ်လုပ်ပြီးတော့ ခန့်မှန်းခြေအားဖြင့် ၈၀၀၀ မဂ္ဂါဝပ်ခန့်ကို ထိုင်းနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ရေအားလျှပ်စစ်ရရှိပေမယ့် ပြည်တွင်းလျှပ်စစ်ထုတ်လုပ်ရေးအတွက် ကျောက်မီးသွေးကို ဆက်လက်မှီခိုနေရဆဲဖြစ်ပါတယ်။ လက်ရှိ လာအိုနိုင်ငံမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၇၇ ခု၊ ဆိုလာစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ ရှစ်ခု၊ ဇီဝဒြပ်ထုဓာတ်အားပေး စက်ရုံလေးခုနဲ့ ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံတစ်ခု စုစုပေါင်း ဓာတ်အားပေးစက်ရုံ ၉၀ခန့်ရှိပြီး စုစုပေါင်း ဓာတ်အားထုတ်လုပ်မှု ပမာဏ ၁၁၀၀၀ မဂ္ဂါဝပ် (Installed Capacity 11,000 MW) ရှိကြောင်း သိရပါတယ်။

၂၀၂၁ခုနှစ် စာရင်းအရ နိုင်ငံလူဦးရေရဲ့ ၁၀၀ရာခိုင်နှုန်း လျှပ်စစ်မီးရရှိနေတာကို တွေ့ရပြီး နိုင်ငံသားတစ်ဦးချင်းရဲ့ တစ်နှစ် လျှပ်စစ်စွမ်းအင်သုံးစွဲမှုပမာဏဟာ ၆၇၈ ဒသမ ၄၉ kWh ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုပမာဏဟာ ၃၀ ဒသမ ၁၄ ဘီလီယံ kWh ရှိပြီး တစ်နှစ်အတွင်း ပြည်ပသို့ ၂၄ ဒသမ ၁၁ ဘီလီယံ kWh တင်ပို့ရောင်းချနိုင်ခဲ့သလို ပြည်ပမှလည်း ၁ ဒသမ ၃၅ ဘီလီယံ kWh ပြန်လည်တင်သွင်းခဲ့ရတာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာနဲ့ မလေးရှားနိုင်ငံတို့ကို လျှပ်စစ်ဓာတ်အား တင်ပို့ ရောင်းချခဲ့ပြီး ကမ္ဘာပေါ်မှာ ၁၂ခုမြောက်အကြီးဆုံး လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချနိုင်တဲ့နိုင်ငံဖြစ်ကာ အမေရိကန် ဒေါ်လ၁ ဒသမ ၉၆ ဘီလီယံခန့် ဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။ အလားတူ နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်အနေအထားအရ လျှပ်စစ်စွမ်းအင် လိုအပ်လျက်ရှိတဲ့နေရာတွေအတွက် ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ထံမှ လျှပ်စစ် ဓာတ်အား ပြန်လည်ဝယ်ယူ တင်သွင်းခဲ့ရပြီး အမေရိကန်ဒေါ်လာ ၆၉ မီလီယံခန့်ပြန်လည်သုံးစွဲခဲ့ရတာကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်မှာ ပြည်ပသို့ လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချနိုင်မှုပမာဏဟာ ၂၀၂၁ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ပြီး ပြည်ပက တင်သွင်းရတဲ့ ပမာဏ ၇၂ ဒသမ ၇ ရာခိုင်နှုန်းလောက်အထိ လျှော့ချနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၂၂ခုနှစ် ဒီဇင်ဘာလစာရင်းအရ ဓာတ်အားခနှုန်းထားဟာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၃၁ (Laos Kip ၅၉၃ ဒသမ ၃၈) (ငွေကျပ် ၁၀၀ ဝန်းကျင်)ခန့်သာရှိတာ တွေ့ရှိရပါတယ်။ လျှပ်စစ် စွမ်းအင်ရရှိမှုဟာ ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ လာအိုနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်း (LDC) ကနေ ရုန်းထွက်နိုင်ဖို့ မျှော်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့် လာအိုနိုင်ငံရဲ့ ခေတ် အဆက်ဆက် စီးပွားရေးရာပြုပြင်ပြောင်းလဲမှု မူဝါဒများနဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်တွေကို လေ့လာဖြစ်ခဲ့ပါတယ်။

စီးပွားရေးဆိုင်ရာ စီမံဆောင်ရွက်မှုယန္တရားအသစ်

စီးပွားရေးဆိုင်ရာ စီမံဆောင်ရွက်မှုယန္တရားအသစ် (New Economic Mechanism- NEM)ဟာ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်ကနေ ဈေးကွက်ဦးစားပေးစီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းအားထုတ်မှုအဖြစ် ၁၉၈၁ခုနှစ်ကလာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်အစိုးရက စတင်မိတ်ဆက်ဆောင်ရွက်ပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒတစ်ခု ဖြစ်ခဲ့ပါတယ်။ စီးပွားရေးအရ လွတ်လပ်မှုရှိစေဖို့၊ ကုန်သွယ်မှုအတားအဆီးတွေကို ဖယ်ရှားဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို  အားပေးလှုံ့ဆော်နိုင်ဖို့အတွက် ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ပေးဖို့ NEM ကိုရေးဆွဲ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

လာအိုအစိုးရဟာ ငွေကြေးအရင်းအနှီးစီးဆင်းမှုများ၊ နည်းပညာလွှဲပြောင်းမှုများနဲ့ ဈေးကွက်ရရှိမှုများ တိုးပွားလာစေဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးခဲ့ပြီး စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ခြင်းကဲ့သို့သော ဦးစားပေးကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ အခြားသော ကင်းလွတ်ခွင့်တွေကို ဖန်တီးပေးခဲ့တာ တွေ့ရှိရပါတယ်။

ကုန်ဈေးနှုန်းလွတ်လပ်ခွင့်ပေးခြင်း

ထုတ်လုပ်မှုတိုးတက်လာစေဖို့နဲ့ ထုတ်လုပ်သူတွေကိုတွန်းအားပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ လာအိုအစိုးရက ကုန်ဈေးနှုန်းတွေကို ဗဟိုအဆင့်မှသတ်မှတ်ပေးခြင်းထက် ဈေးကွက်အင်အားစုများ ကိုယ်တိုင်သတ်မှတ်စေခဲ့ပါတယ်။

ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချခြင်း

ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးခဲ့ပြီး စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ခြင်း လုပ်ငန်းစဉ်ကိုပါ ဆောင်ရွက်စေခဲ့ပါတယ်။

ကုန်ထုတ်စွမ်းအားနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပြုပြင်ပြောင်းလဲခြင်း

ထုတ်ကုန်လုံလောက်မှု တိုးတက်လာစေဖို့ ရည်ရွယ်ပြီးတော့ ကုန်ထုတ်စွမ်းအားနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့ပြီး ပူးတွဲစတော့ရှယ်ယာကုမ္ပဏီတွေကို လွှဲပြောင်းပေးခဲ့တာ တွေ့ရှိရပါတယ်။

NEMက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံရဲ့ အသေးစားစီးပွားရေးလုပ်ငန်းညွှန်းကိန်းတွေ တိုးမြှင့်ဆောင်ရွက်ရာမှာ အောင်မြင်မှုရရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့်လည်း တစ်ဖက် မှာ လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်တဲ့ မြို့ပြနဲ့ ကျေးလက်အကြား၊ မြို့နေလူတန်းစားရဲ့ ဝင်ငွေမတူညီတဲ့ အုပ်စုတွေအကြား ဝင်ငွေကွာဟမှုတွေဖြစ်စေခဲ့တာကို သတိပြုဖွယ် တွေ့မြင်ရပါတယ်။ ဈေးကွက်ဦးစားပေး မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ NEMကြောင့် လူမှုဖူလုံရေးအသုံးစရိတ်တွေ လျှော့ချနိုင်ခဲ့ပြီး တစ်ဖက်မှာလည်း ပြည်သူအချို့ရဲ့ လူနေမှုအဆင့်အတန်း ကျဆင်းစေခဲ့တာကို တွေ့ရပါတယ်။ NEMက ဈေးကွက်ဦးစားပေး စီးပွားရေးလုပ်ငန်းများ ပြန်လည်ပြုပြင်မှုများနဲ့ပတ်သက်ပြီး ကွန်မြူနစ်ပါတီဝင်အချို့ရဲ့ ခုခံတော်လှန်မှုကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ကြောင့် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဖြည်းဖြည်းချင်းသာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် မပြုလုပ်တော့ကြောင်း အာမခံချက်ပေးခဲ့ရပါတယ်။

ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးယန္တရားအသစ်

၁၉၈၁ ခုနှစ်က စတင်ခဲ့တဲ့ စီးပွားရေးဆိုင်ရာယန္တရားအသစ် (NEM)ကို ဆက်လက်ဆောင်ရွက်ခဲ့တဲ့ ယန္တရားတစ်ခုဖြစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးယန္တရားအသစ် (New Mechanism Investment Promotion-NMIP)ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းကာလများနဲ့ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများမှာ စတင်မိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတစ်ခုဖြစ်ခဲ့ပါတယ်။ NEMမှာလိုပဲ NMIP မှာလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ဗဟိုချုပ်ကိုင်မှုစနစ်လျှော့ချမှု စတာတွေကို အသားပေးထားတာကို လေ့လာတွေ့ရှိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုလွတ်လပ်ခွင့်များ

စက်ကိရိယာများနဲ့ ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာမှာ အခွန်ကင်းလွတ်ခွင့်၊ အမြတ်ငွေနဲ့ အရင်းအနှီးများ ပြန်လည်ရယူခွင့်တို့ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို လွတ်လပ်ခွင့်များစွာ ပေးထားတာ တွေ့ရပါတယ်။

လွယ်ကူမြန်ဆန်သည့် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်လုပ်ငန်းစဉ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နိုင်ငံအတွင်း မြန်မြန်ဆန်ဆန် လုပ်ငန်းလည်ပတ်နိုင်စေဖို့၊ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်များ ရယူရာမှာ ပိုမိုလွယ်ကူမြန်ဆန်စေဖို့ one-stop shop ဖန်တီးပေးခဲ့ပါတယ်။

လွတ်လပ်စွာ ကုန်သွယ်ခွင့်

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို လွတ်လပ်စွာ တင်သွင်းခွင့်ပေးခြင်းဖြင့် ကုန်သွယ်မှုအတားအဆီးတွေကို ဖယ်ရှားခဲ့ပြီး သွင်းကုန်နဲ့ ပို့ကုန်စနစ်ကို လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။

သို့ပေမယ့် ဗျူရိုကရေစီစနစ် ထိရောက်မှုမရှိခြင်း၊ အခြေခံအဆောက်အအုံကန့်သတ်မှုနဲ့ ကျွမ်းကျင်လုပ်သားရှားပါးခြင်းတို့ဟာ NMIPကို အကောင်အထည်ဖော်ရာမှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။

လာအိုနိုင်ငံ၏ ဆင်းရဲမှုနှုန်း

လာအိုနိုင်ငံရဲ့ အသုံးစရိတ်နဲ့ စားသုံးမှု နောက်ဆုံးအခြေအနေ စစ်တမ်း (LECS) ၂၀၁၈-၂၀၁၉ အရ လာအိုနိုင်ငံရဲ့ ဆင်းရဲမှုနှုန်းဟာ ၂၀၁၃ ခုနှစ်က ၂၄ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ ၁၈ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်း ခဲ့တာကြောင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်တွေဟာ သိသာထင်ရှားစွာ တိုးတက်လာခဲ့တာ လေ့လာတွေ့ရှိရပါတယ်။ သို့ပေမယ့် ကျေးလက်ဒေသများမှာ မြို့ပြထက် ဆင်းရဲနွမ်းပါးမှုနှုန်း ပိုမိုများပြားတာကိုတွေ့ရပြီး ကျေးလက်ဒေသများအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

ဒါတွေကတော့ လယ်ယာလုပ်ငန်းခွင် ကုန်ကျစရိတ်မြင့်မားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးခြင်း၊ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်တွေမှာ လူမှုကာကွယ်စောင့်ရှောက်ရေး အနည်းငယ်မျှသာ ပါဝင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ သန့်ရှင်းသော သောက်သုံးရေရရှိရေးကဲ့သို့သော အခြေခံဝန်ဆောင်မှုတွေ အကန့်အသတ်နဲ့ရရှိခြင်း၊ မြေယာနဲ့ ချေးငွေကဲ့သို့သော ကုန်ထုတ်လုပ်မှုဆိုင်ရာအရင်းအမြစ်တွေ အကန့်အသတ်နဲ့ရရှိခြင်း၊ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းတို့ကိုဖြစ်စေတဲ့ သဘာဝအရင်းအမြစ်တွေ၊ မြေယာမဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ဈေးကွက်နဲ့ အခွင့်အရေးတွေ အကန့်အသတ်နဲ့ ရရှိခြင်း၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် အခွင့်အရေးများကို ကန့်သတ်ထားတဲ့ ကျား/မတန်းတူညီမျှမှု မရှိခြင်းတို့ အပါအဝင် ဆင်းရဲမှုကိုဖြစ်စေတဲ့ အကြောင်းအရာများစွာရှိပါတယ်။

ဆင်းရဲမှုကို ဖြေလျှော့နိုင်ဖို့ လာအိုအစိုးရက အစီအစဉ်အမျိုးမျိုးနဲ့ မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေတာကို လေ့လာတွေ့ရှိရပါတယ်။

အမျိုးသားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချခြင်း မဟာဗျူဟာ (National Growth and Poverty Eradication Strategy -NGPES)

NGPES ကို ဆင်းရဲမှုလျှော့ချခြင်းနဲ့ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရည်ရွယ်ပြီး ၂၀၀၃ မှ ၂၀၂၀ ပြည့်နှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ မဟာဗျူဟာကို အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးကဏ္ဍတွေကို ရွေးချယ်ဆောင်ရွက်ဖို့ ၂၀၁၀ ပြည့်နှစ်မှာ ရေးဆွဲချမှတ်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာ ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ပြန်လည်အသစ်ပြုပြင်ထားတဲ့ မဟာဗျူဟာတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံရဲ့ ဆင်းရဲမှုနှုန်းကို ၁၈ ရာခိုင်နှုန်းအထိ လျှော့ချဖို့နဲ့ မြို့ပြနဲ့ ကျေးလက်ဒေသများအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရာမှာ ကွဲပြားခြားနားချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ပါတယ်။

NGPES အရ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ခြင်း၊ တည်ငြိမ်တဲ့ ငွေကြေးလဲလှယ်မှုနှုန်းရှိစေဖို့ ထိန်းချုပ်ခြင်းနဲ့ ဘတ်ဂျက်လိုငွေ လျှော့ချခြင်းတွေအပါအဝင် ဘဏ္ဍာရေးနဲ့ ငွေကြေးမူဝါဒများချမှတ်ပြီး အသေးစားစီးပွားရေးလုပ်ငန်းများ တည်ငြိမ်မှုရှိစေဖို့ ထိန်းသိမ်း ကိုင်တွယ်ခဲ့တာ တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်း နယ်ပယ်ကို ချဲ့ထွင်ခြင်း၊ ဘဏ္ဍာငွေရရှိမှု တိုးမြှင့်ခြင်းနဲ့ စွန့်ဦးစီးပွားရေးတီထွင်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းကဲ့သို့သော စီမံချက်များနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်လာစေဖို့ မျှော်မှန်းဆောင်ရွက်ခဲ့ပါတယ်။ စိုက်ပျိုးရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်နိုင်မှုစွမ်းအား တိုးမြှင့်ပေးခြင်း၊ ကျေးလက်ဒေသများမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးမြှင့်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကဲ့သို့သော လူမှုရေးရာဝန်ဆောင်မှုလုပ်ငန်းတွေ ထောက်ပံ့ပေးခြင်းအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ဖို့ ရည်မှန်းဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၀၃ ခုနှစ်မှာ ၃၃ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၈ ခုနှစ်မှာ ၂၃ ဒသမ ၂ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့တာကြောင့် NGPESသည် သိသာထင်ရှားစွာ အထောက်အကူ ဖြစ်စေခဲ့တဲ့ မဟာဗျူဟာလို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ဒါပေမယ့်လည်း အုပ်ချုပ်မှုနဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာကိစ္စရပ်တွေကြောင့် စိန်ခေါ်မှု တွေရှိခဲ့ပြီး အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းများနဲ့ ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း လူမှုရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ ရှိခဲ့တယ်လို့ဆိုပါတယ်။ သဘာဝသယံဇာတ အကန့်အသတ် ရှိမှု၊ ဗျူရိုကရေစီစနစ် မထိရောက်မှုများနဲ့ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လည်း စိန်ခေါ်မှုများရှိခဲ့တဲ့အတွက် သယံဇာတနဲ့ နည်းပညာအကူအညီတွေ စုစည်းရယူနိုင်ဖို့ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ့ရပြီး အုပ်ချုပ်မှုစနစ်နဲ့ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းများ လွယ်ကူလျင်မြန်မှု ရှိစေရန် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးခဲ့တာ တွေ့ရပါတယ်။

အမျိုးသားအာဟာရဆိုင်ရာမဟာဗျူဟာ (National Nutrition Strategy-NNS) (၂၀၁၆-၂၀၂၅)

မကြာသေးမီနှစ်များက လာအိုနိုင်ငံတော်အစိုးရဟာ ကျေးလက်လူဦးရေမှ အသက်ငါးနှစ်အောက်ကလေးငယ်များရဲ့ အာဟာရဆိုင်ရာ အခြေအနေများ တိုးတက်စေရန် NNS ကို စတင်ဆောင်ရွက်ခဲ့ပြီး အာဟာရပြည့်ဝတဲ့ အစားအစာများပိုမိုရရှိစေဖို့၊ မိခင်နို့ တိုက်ကျွေးမှုနှုန်းမြှင့်တင်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုရရှိစေဖို့အတွက် အဓိကထားဆောင်ရွက်ပေးခဲ့တာ တွေ့ရှိရပါတယ်။

ကိုဗစ်-၁၉ကပ်ရောဂါ တုံ့ပြန်ဖြေရှင်းမှုအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲမှုလျှော့ချရေးအတွက် ကိုဗစ်-၁၉ဆိုင်ရာ စီးပွားရေးသက်သာချောင်ချိရေး စီမံချက်များ (၂၀၂၀-၂၀၂၁)ကို ဆောင်ရွက်ခဲ့ပြီး တောင်သူလယ်သမားများအတွက် ငွေကြေးထောက်ပံ့မှု၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနဲ့ စားသုံးမှုတိုးမြှင့်ပေးခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်းတို့ ပါဝင် ပါတယ်။

လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS)

စဉ်ဆက်မပြတ်စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအားနဲ့ လယ်သမားများရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်လာစေဖို့ ရည်ရွယ်ပြီးတော့ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(ADS)ကို ၂၀၁၁ခုနှစ်မှာ ရေးဆွဲခဲ့ပါတယ်။ မဟာဗျူဟာကို အထူးသဖြင့် လုပ်ကွက်ငယ်တောင်သူများအတွက် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်နိုင်မှုစွမ်းအားနဲ့ ဝင်ငွေသိသာစွာ တိုးပွားလာစေဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အဆိုအရ ADS ဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်းလျှော့ချဖို့ များစွာအထောက်အပံ့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လေ့လာတွေ့ရှိချက်

လေ့လာတွေ့ရှိချက်တွေအရ လာအိုနိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်တဲ့အလျောက် ကန့်သတ်ချက်၊ လိုအပ်ချက်များစွာရှိပေမယ့် နိုင်ငံတော်အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဆောင်ရွက်မှုတွေထဲက လျှပ်စစ်ဓာတ်အားရရှိရေး အိမ်ထောင်စု(HH)အဆင့် ရာနှုန်းပြည့်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ခြင်း၊ Industrial Revolution 4.0နဲ့ ကိုက်ညှိပြီး လျှပ်စစ်ကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ လုပ်ကိုင်နိုင်မှု အခြေအနေရှိခြင်း၊ ပို့ဆောင်ရေးအနေနဲ့လည်း လျှပ်စစ်အမြန်ရထား ပြေးဆွဲဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံရဲ့ လူဦးရေနည်းပါးခြင်း၊ နိုင်ငံရေး တည်ငြိမ်မှုရှိခြင်း၊ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေ မရှိခြင်းတို့ကြောင့် စာရေးသူတို့နိုင်ငံထက် ပိုမိုတိုးတက်လာပြီး ဆင်းရဲမှုနှုန်းကို သိသိသာသာလျှော့ချနိုင်တာ တွေ့ရပါတယ်။ အာဆီယံအစည်းအဝေးတွေမှာ အကြိမ်ကြိမ်တွေ့ဆုံဖူး၊ ဆွေးနွေးဖူး၊ ကိုယ်တိုင်လည်း ရောက်ဖူးတဲ့ လာအိုနိုင်ငံထက် တိုးတက်အောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေဟာ သူများတွေနဲ့ လည်းယှဉ်ပြီး သူတို့ထက်သာအောင်လည်း လုပ်နိုင်ပါတယ်။ မိမိတို့ နေထိုင်တဲ့နိုင်ငံကို မိမိတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်ပြီး အပြင်က မည်သူတစ်ဦးတစ်ယောက်မှ လာရောက် ဆောင်ရွက်ပေးမှာ မဟုတ်ပါ။ ဒါကြောင့် ကျွန်တော်တို့အားလုံး နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မိမိတတ်နိုင်တဲ့ အခန်းကဏ္ဍက ပါဝင်ပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့၊ တည်ငြိမ်အေးချမ်းတဲ့၊ စည်ပင်သာယာဝပြောတဲ့၊ ဆင်းရဲမှုလွတ်ကင်းတဲ့ နိုင်ငံတစ်ခုဖြစ်အောင် အတူတကွ ပေါင်းစည်းညီညွတ် ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်းရင်း လေးစားစွာ ရေးသားတင်ပြလိုက်ရပါတယ်။ ။          

ခန့်ဇော် (ကျေးလက်)