Skip to main content

ယှဉ်ပြိုင်မှုဥပဒေအကြောင်း သိကောင်းစရာများ

အေးအေးသိန်း (မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်)

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံသားများ၏ စီးပွားရေးလုပ်ကိုင်ခွင့် အခွင့်အလမ်းများကို တန်းတူညီမျှရရှိစေရမည် ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈)၊ နိုင်ငံတော်အခြေခံမူများ အခန်းပုဒ်မ ၃၆ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ခ) တွင် အောက်ပါအတိုင်း ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။

ပုဒ်မ ၃၆။ နိုင်ငံတော်သည် -

(က) အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စသည့်စီးပွားရေးအင်အားစုအားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်။

(ခ) စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်။

ကောင်းမွန်သော စီးပွားရေးစနစ်တစ်ရပ်ကို ဖော်ဆောင်ရာတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအကြား တရားမျှတသော ယှဉ်ပြိုင်မှုပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်ရန် အရေးကြီးပေသည်။ ယှဉ်ပြိုင်မှုကို ထိခိုက်စေသည့် ချိုးဖောက်မှုများကို တားဆီးနိုင်ရန် ဥပဒေတစ်ရပ်လိုအပ်လာလျှင် ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉ ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ယှဉ်ပြိုင်မှုဥပဒေကို လိုက်နာကျင့်သုံးနိုင်ရန် အကျွမ်းတဝင်မရှိသေးမီ ပြုပြင်ပြောင်းလဲရေးကာလအဖြစ် (၂)နှစ် အချိန်ယူခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယှဉ်ပြိုင်မှုဥပဒေ စတင်အာဏာသက်ရောက်ကြောင်း နိုင်ငံတော်သမ္မတမှ ၂-၁၂-၂၀၁၅ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆၉) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် - ၁၀၆ ဖြင့် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ပြီး ယှဉ်ပြိုင်မှုဥပဒေပါ လုပ်ပိုင်ခွင့်များကို ကော်မရှင်သို့အပ်နှင်းခဲ့ပါသည်။

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအကြား ယှဉ်ပြိုင်မှုအခွင့်အလမ်းများ နည်းပါးစေရန် သို့မဟုတ် အတားအဆီးဖြစ်စေရန်အတွက် ယှဉ်ပြိုင်မှုကို ဆန့်ကျင်ချိုးဖောက်သည့် အောက်ဖော်ပြပါ အပြုအမူများကို မဖြစ်ပေါ်စေရန် ယှဉ်ပြိုင်မှုဥပဒေပါ လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ထိန်းကျောင်းခြင်း၊ တားဆီးခြင်းအစီအမံများဖြင့် အကောင်အထည်ဖော်ရမည်ဖြစ်သည် -

(၁) ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များ ပြုလုပ်ခြင်း၊

(၂) ဈေးကွက်အတွင်း လွှမ်းမိုးထားနိုင်သည့် အခြေအနေကို အလွဲသုံးစားပြု၍ ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်ခြင်း၊

(၃) တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ သက်ဆိုင်ရာဈေးကွက်အတွင်း လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်း၊

(၄) စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များကိုဆန့်ကျင်၍ ယှဉ်ပြိုင်မှုကို ထိခိုက်စေသော အပြုအမူများကို ဆောင်ရွက်ခြင်း။

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်သည် စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းမှုအခြေအနေအလိုက် ယှဉ်ပြိုင်မှုကို ထိခိုက်နိုင်ဖွယ်ရှိသော ဈေးကွက်ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစုရှယ်ယာအရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပစ္စည်းပမာဏတို့ကို သတ်မှတ်ပေးခြင်းဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ယှဉ်ပြိုင်မှုထိခိုက်ခြင်းမရှိစေရန် ထိန်းညှိပေးရန် တာဝန်ရှိသည်။

၎င်းအပြင် ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်နိုင်ခြေရှိသော ဈေးကွက်ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစုရှယ်ယာ အရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပစ္စည်းပိုင်ဆိုင်မှု ပမာဏတို့ကိုလည်း သတ်မှတ်ပေးရန် လိုအပ်သည်။

ပမာဏသတ်မှတ်ချက်ထက် ကျော်လွန်သော စီးပွားရေးလုပ်ငန်း သို့မဟုတ် ကျော်လွန်နိုင်ခြေရှိသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ငန်းပမာဏလျှော့ချရန်လည်းကောင်း၊ ဈေးကွက်လက်ဝါးကြီးအုပ်ချုပ်ကိုင်နိုင်ခြေရှိသည့် စီးပွားရေးလုပ်ငန်းများကို ဈေးကွက်ဝေစုနှင့် အရောင်းမြှင့်တင်မှုများကို ထိန်းညှိနိုင်ရန်လိုအပ်သော ကန့်သတ်မိန့်များ၊ တားမြစ်မိန့်များကို ထုတ်ပြန်ခြင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်မှုကို ဆန့်ကျင်ချိုးဖောက်သည့် အခြေအနေ မပေါ်ပေါက်စေရန် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်က ထိန်းကျောင်းပေးမည်ဖြစ်သည်။

ယှဉ်ပြိုင်မှုကို ဆန့်ကျင်ချိုးဖောက်သည့် အပြုအမူများသည် လုပ်ငန်းနယ်ပယ်အလိုက် များစွာရှိသော်လည်း သိသာထင်ရှားသော ချိုးဖောက်မှုများကို ဖော်ပြအပ်ပါသည် -

ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များ ပြုလုပ်ခြင်းဆိုင်ရာ အပြုအမူများ

(၁) ဝယ်ယူသည့်ဈေးနှုန်းကိုဖြစ်စေ၊ ရောင်းချသည့်ဈေးနှုန်းကိုဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ညှိနှိုင်းသတ်မှတ်ခြင်း၊

(၂) ဈေးကွက်အတွင်း အခြားယှဉ်ပြိုင်သူများ၏ အခွင့်အလမ်းများကို ထိခိုက်စေရန် သို့မဟုတ် ဈေးကွက်မှ ထွက်သွားစေရန်ရည်ရွယ်၍ ဈေးကွက်ကိုဖြစ်စေ၊ ထောက်ပံ့မှု အရင်းအမြစ်များကို ဖြစ်စေ၊ နည်းပညာကိုဖြစ်စေ ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များ ပြုလုပ်ခြင်း၊

(၃) တင်ဒါ သို့မဟုတ် လေလံဆွဲရာတွင် အုပ်စုတစ်စုတစ်ဖွဲ့က တင်ဒါအဆိုပြုဈေးနှုန်း သို့မဟုတ် လေလံကြမ်းခင်းဈေးကိုညှိနှိုင်း၍ အုပ်စုဝင်တစ်ဦးဦးက အခွင့်အရေးရစေရန် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊

(၄) စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဦး၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန်အလို့ငှာ စီးပွားရေးလုပ်ငန်းချင်း ပေါင်းစပ်ခြင်း၊ လုပ်ငန်းရယူခြင်း၊ ဖယ်ရှားခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ညှိနှိုင်းသဘောတူခြင်း။

ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုခြင်းဆိုင်ရာ အပြုအမူများ

(၁) ကုန်ပစ္စည်းထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု သို့မဟုတ် ဝန်ဆောင်မှုကို ချုပ်ကိုင်ခြင်း၊

(၂) ကုန်ပစ္စည်းဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုပြုသူကို တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ထားရှိခြင်း၊

(၃) ယှဉ်ပြိုင်ဖက် စီးပွားရေးလုပ်ငန်း၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို စားသုံးသူများက ရွေးချယ်မှုမပြုနိုင်ရန်ရည်ရွယ်၍ တားဆီးသည့် အစီအမံများချမှတ်ခြင်း၊

(၄) သက်ဆိုင်ရာ ဈေးကွက်သို့ဝင်ရောက်ရန် အလားအလာရှိသည့် အခြားစီးပွားရေး လုပ်ကိုင်သူများကို တားဆီးခြင်း၊

(၅) ဖြန့်ဖြူးသူတို့အပေါ် တရားမျှတမှုမရှိသော စည်းကမ်းများ သတ်မှတ်ခြင်းနှင့် ရောင်းဝယ်မှု ဈေးနှုန်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သတ်မှတ်ပေးခြင်း၊

(၆) လုပ်ငန်းတစ်ရပ် သို့မဟုတ် လုပ်ငန်းအများအပြားထံ ကုန်ပစ္စည်းဖြန့်ဖြူးပေးရန် ငြင်းဆန်ခြင်း၊

(၇) တူညီသော အရောင်းအဝယ်ပြုမှုများတွင် ကွဲပြားခြားနားသော စည်းကမ်းချက်များ ကျင့်သုံးခြင်းဖြင့် ဈေးကွက်သို့ အသစ်ဝင်ရောက်လာသူများကိုဖြစ်စေ၊ လက်ရှိယှဉ်ပြိုင်လုပ်ကိုင် နေသူများကိုဖြစ်စေ လုပ်ငန်းတိုးချဲ့မှုပြုလုပ်ရန် အခွင့်အရေးများကို ဆုတ်ယုတ်စေခြင်း၊ ဈေးကွက်မှ ထွက်သွားစေသည်အထိ ထိခိုက်နစ်နာစေခြင်း၊

(၈) ယှဉ်ပြိုင်သူများ ဈေးကွက်အတွင်းမှ ထွက်သွားစေရန်အလို့ငှာ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် လျော့နည်းသော ဈေးနှုန်း သို့မဟုတ် ဆိပ်ကမ်းရောက် တန်ဖိုးအောက် လျော့နည်းသော ဈေးနှုန်းဖြင့် ကုန်စည်များကို ရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်း။

ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်း အပြုအမူများ

(၁) သက်ဆိုင်ရာ ဈေးကွက်အတွင်း အခြားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ ဝင်ရောက် ဆောင်ရွက်ခြင်းမရှိစေရန် ပထုတ်ခြင်း သို့မဟုတ် ဟန့်တားခြင်း။

(၂) စီးပွားရေးလုပ်ငန်း ယှဉ်ပြိုင်ဖက်များ၏ စားသုံးသူဖောက်သည်များ သို့မဟုတ် ဝယ်ယူသုံးစွဲသူများကို ယင်းစီးပွားရေးယှဉ်ပြိုင်ဖက်နှင့် စီးပွားရေးအရ မပတ်သက်ရန် တားဆီးခြင်း၊

(၃) ကုန်ပစ္စည်းရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆိုင်ရာ အခွင့်အလမ်းများကို ကန့်သတ်ခြင်း၊

(၄) စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများက မဖြစ်မနေဆောင်ရွက်စေရန် စည်းကမ်းချက်များကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သတ်မှတ်ခြင်း၊

(၅) ဈေးကွက် ပျက်ပြားစေရန် ဝန်ဆောင်မှု၊ ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှု၊ လွှဲပြောင်းပေးမှု၊ တင်သွင်းမှုတို့ကို သင့်လျော်သည့် အကြောင်းပြချက်မရှိဘဲ ဆိုင်းငံ့ထားခြင်း၊ လျှော့ချခြင်း၊ ကန့်သတ်ခြင်း၊

(၆) ဈေးကွက် ဝယ်လိုအားအောက် လျော့နည်းစေရန် အရေအတွက် လျှော့ချရန် အလို့ငှာ ကုန်စည်များကို ဖျက်ဆီးခြင်း၊ ပျက်စီးစေရန်ပြုလုပ်ခြင်း၊

(၇) ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရောင်းဝယ် ဖောက်ကားမှုပြုရာတွင် နယ်မြေဧရိယာ ထိန်းချုပ်ကန့်သတ်မှုပြုခြင်း။

တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုဆိုင်ရာ အပြုအမူများ

(၁) စားသုံးသူများကို ထင်ယောင်ထင်မှားဖြစ်စေရန် အမှတ်အသားများကိုလှည့်စားခြင်း၊

(၂) စီးပွားရေးလုပ်ငန်း၏ လျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်း၊

(၃) စီးပွားရေး လုပ်ငန်းတွင် အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊

(၄) အခြားစီးပွားရေးလုပ်ငန်း၏ နာမည်ဂုဏ်သတင်းကို ပျက်ပြားစေခြင်း၊

(၅) အခြားစီးပွားရေးလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်ခြင်း၊

(၆) တရားမျှတမှု မရှိသော ယှဉ်ပြိုင်မှုအလို့ငှာ ကြော်ငြာခြင်း သို့မဟုတ် အရောင်းမြှင့်တင်ခြင်း၊

(၇) အခြားစီးပွားရေး လုပ်ငန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသူအား စာချုပ်ဖောက်ဖျက်ရန် ဆွဲဆောင်ခြင်း၊ လှုံ့ဆော်ခြင်း။

ယှဉ်ပြိုင်မှုကို ဆန့်ကျင်ချိုးဖောက်မှုများတွင် ကျူးလွန်သော ပြစ်မှုအမျိုးအစားပေါ်မူတည်၍ စီမံခန့်ခွဲရေးနည်းလမ်းဖြင့်သော်လည်းကောင်း၊ တရားစီရင်ရေးနည်းလမ်းဖြင့်သော်လည်းကောင်း မည်သည့်နည်းလမ်းဖြင့် အရေးယူသင့်ကြောင်းကို မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်က အဆုံးအဖြတ်ပြု၍ ဆက်လက်အရေးယူဆောင်ရွက်ပါသည်။

ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များပြုလုပ်ခြင်း၊ ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားပြုခြင်းနှင့် ဈေးကွက်လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်း အပြုအမူများသည် ယှဉ်ပြိုင်မှုနယ်ပယ်တွင် ဆိုးရွားသောယှဉ်ပြိုင်မှု ဆန့်ကျင်ချိုးဖောက်မှုများ ဖြစ်ပါသည်။

သို့ဖြစ်ရာ ယှဉ်ပြိုင်မှုဥပဒေပါ ပြစ်မှုများကိုသတိမူ၍ ချိုးဖောက်ခြင်းမပြုမိကြစေရန်ရည်သန်၍ ဗဟုသုတအလို့ငှာ ဤဆောင်းပါးဖြင့် မျှဝေအသိပေး တင်ပြလိုက်ရပါသည်။ ။