ဉာဏဗလအုတ်မြစ်ပေါ်မှာ
မောင်ခြိမ့်မြိုင်
လူငယ်တစ်ယောက်သည် ပညာသင်ယူတတ်မြောက်ပြီးနောက် အသက်မွေးမှုအတွက် သင့်တင့်လျောက်ပတ်သော ဝင်ငွေရသည့် အလုပ်အကိုင်တစ်ခုရှိမည်၊ မိတ်ကောင်းဆွေကောင်း အပေါင်းအသင်းများရှိမည်၊ ရောဂါဝေဒနာကင်း၍ ကျန်းကျန်းမာမာရှိမည်၊ ကိုယ်ကျင့်တရားကို ထိန်းသိမ်းမည်ဆိုလျှင် ထိုလူငယ်သည် ဉာဏဗလ၊ ဘောဂဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ကာယဗလဟူသော ဗလငါးတန် ကိုယ်ခံကောင်းများကို ပိုင်ဆိုင်နေပြီဟုဆိုရမည်ဖြစ်သည်။
လောကနီတိ
ဗလငါးတန် မပြည့်စုံသေးသော လူငယ်များကို ပြည့်စုံစေရန်၊ ပြည့်စုံပြီးလူငယ်များကိုဖွံ့ဖြိုးစေရန် ခေတ်အဆက်ဆက်တွင် စာပေအမျိုးမျိုးဖြင့် လမ်းညွှန်မှုများရှိသည်။ ထင်ရှားသောလမ်းညွှန်စာပေတစ်ရပ်မှာ ပင်းယခေတ်မြန်မာသက္ကရာဇ် ၆၀၀ ကျော်ကာလတွင် စတုရင်္ဂဗလအမတ်ကြီး ရေးသားခဲ့သော ‘လောကနီတိ’ဖြစ်သည်။ လောကနီတိမှာ ပါဠိဘာသာဖြင့်ရေးသားသောကျမ်းဖြစ်ပြီး ခေတ်အဆက်ဆက်တွင် မြန်မာဘာသာပြန်ခြင်း၊ ပျို့ကဗျာလင်္ကာဖွဲ့ခြင်းတို့ဖြင့် ယနေ့ခေတ်အထိ လက်ဆင့်ကမ်းခဲ့သော စာပေအမွေဖြစ်သည်။ လောကနီတိ၏ ပထမအခန်းဖြစ်သော ပဏ္ဍိတကဏ္ဍ (ပညာရှိ အကြောင်းဖော်ပြသောအခန်း)တွင် ဉာဏဗလဟုခေါ်သောပညာ၏ အခြေခံကျမှု၊ အရေးပါမှုကို ဤသို့ဆိုထားသည်။
“ပျင်းသောသူအား အတတ်အဘယ်မှာတတ်အံ့နည်း။
အတတ်မရှိသောသူအား ဥစ္စာအဘယ်မှာရအံ့နည်း။
ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာရအံ့နည်း။
အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာအဘယ်မှာရအံ့နည်း။
ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာပြုနိုင်အံ့နည်း။
ကောင်းမှုမရှိသောသူအား နိဗ္ဗာန်ကို အဘယ်မှာရနိုင်အံ့နည်း။”
ဤအဆိုအမိန့်တွင် အကြောင်းနှင့်အကျိုး ဆင့်ဆင့်ချိတ်ဆက်သွားပုံကို တွေ့နိုင်သည်။ ပျင်းလျှင်ပညာတတ်မည်မဟုတ်။ ပညာမတတ်လျှင် ဥစ္စာရှိမည်မဟုတ်။ ဥစ္စာမရှိလျှင် မိတ်ဆွေရှိမည်မဟုတ်။ မိတ်ဆွေမရှိလျှင် ချမ်းသာရှိမည်မဟုတ်။ ချမ်းသာမရှိလျှင် ကောင်းမှုပြုနိုင်မည်မဟုတ်။ ကောင်းမှုမရှိလျှင် နိဗ္ဗာန်ရောက်မည်မဟုတ်ဟူ၍ အကြောင်းနှင့်အကျိုး ဆက်စပ်ပြသွားခြင်းဖြစ်သည်။ ဗလငါးတန် ရှုထောင့်မှကြည့်လျှင် ဉာဏဗလခေါ် ပညာ၏အရင်းခံကျမှုကို ဤအဆိုအမိန့်တွင်တွေ့နိုင်သည်။ ဉာဏဗလ(ပညာအား)ကိုအခြေခံ၍ ဘောဂဗလ (ဥစ္စာအား)၊ မိတ္တဗလ(မိတ်ဆွေအား)၊ စာရိတ္တဗလ(ကိုယ်ကျင့်အား)တို့ ဖြစ်ပေါ်လာရပုံကိုတွေ့ရသည်။
ကာယဗလ(ကာယအား)အကြောင်း ဤအဆိုအမိန့်တွင် တိုက်ရိုက်မပါသော်လည်း ‘ပညာ’သည် အခြားလိုအပ်ချက်များကို ပြည့်စုံစေနိုင်သကဲ့သို့ ကိုယ်ကာယကျန်းမာမှု၊ ရောဂါဘယကင်းမှု ဟူသောလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်ကြောင်း၊ ကာယဗလသည် ဉာဏဗလပေါ်တွင် အခြေတည်ကြောင်း နားလည်နိုင်ပါသည်။ ကန်တော်မင်းကျောင်းဆရာတော်၏ လောကသာရပျို့တွင် “အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့”ဟု ဖွဲ့ဆိုထားသည်။ အသက်ရှည် အနာမဲ့ခြင်းဟူသော ကျန်းမာရေးလိုအပ်ချက်ကို ဖြည့်ဆည်းရန် ပညာသည်အရေးပါကြောင်း မိန့်ဆိုထားခြင်းဖြစ်သည်။
နောက်အဆိုအမိန့်တစ်ခုမှာ ဆားတုံဆရာတော်၏ ပုတ္တောဝါဒပျို့မှ အများသိကြသော ပညာမသင်သည့် ကုဋေကြွယ်သူဌေးသား အကြောင်းဖြစ်သည်။ “ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်ငြား၊ သူဌေးသားလျှင်” အစချီ၍ မိဘများက သားကိုလွဲမှားသော ချစ်ခြင်းဖြင့် အိမ်မှာပင်ပြုစုယုယကာ ပညာသင်ရန် ကျောင်းသို့ မပို့သည့်အတွက် စာမတတ်ပေမတတ်ဖြစ်ကာ ဉာဏဗလချို့ယွင်းခဲ့ရပုံ၊ မိဘကွယ်လွန်သွားသောအခါ မိဘထားခဲ့သောပစ္စည်းဥစ္စာများကို ပညာမတတ်သည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်းမပြုနိုင်တော့ဘဲ ဘောဂဗလလည်း ချို့ယွင်းရပုံ၊ မိတ်ကောင်းဆွေကောင်းမရှိဘဲ လိမ်လည်လှည့်ဖြားသူများသာတွေ့ရ၍ မိတ္တဗလလည်း ချို့ယွင်းခဲ့ရပုံ၊ မိတ်ဆွေအတုအယောင်များနှင့် မူးရူးသောက်စားကာ စာရိတ္တဗလချွတ်ယွင်းခဲ့ရပုံ၊ နောက်ဆုံးတွင် ခွက်လက်စွဲပြီး တောင်းစားရသော ဘဝသို့ရောက်ပြီးအများက ရိုက်ပုတ်နှင်ထုတ်ကြသဖြင့် ရောဂါဝေဒနာစွဲကပ်ကာ သေဆုံးရသည်အထိ ဆိုးကျိုးခံစားရပြီး နောက်ဆုံးကာယဗလ ချွတ်ယွင်းခဲ့ရပုံတို့ကို ရေးဖွဲ့ထားခြင်းဖြစ်သည်။
လောကနီတိပျို့
ဉာဏဗလနှင့်ပြည့်စုံစေရန်၊ ပညာအခြေခံ ခိုင်မာတောင့်တင်းစေရန် လူငယ်များသည် ပညာကို အပတ်တကုတ်ဆည်းပူးနေကြသည်။ ပညာရှာပုံနှင့်ပတ်သက်၍ စတုရင်္ဂဗလအမတ်ကြီး၏ လောကနီတိကို ကုန်းဘောင်ခေတ်တွင် နေမျိုးမင်းထင်ကျော်ခေါင်ဘွဲ့ရ အမှာတော်ရေး ဦးရှင်ကလေးက‘လောကနီတိပျို့’ ဟူ၍ ပျို့ကဗျာအသွင်ဖြင့် ဖွဲ့ထားသည်။ လောကနီတိပျို့တွင် -
“သိပ္ပကိုမူ၊ နည်းသည်ဟူ၍၊ မအောက်မေ့နှင့်၊ တွေ့ရာမှတ်သား၊ မိုးပေါက်များသော်၊ အင်းနားချောင်းကန်၊ ပြည့်သောဟန်တည့်၊ မှတ်ရန်တစ်ခု၊ နှုတ်မှုလက်မှု၊ အတတ်စုကို၊ ငယ်နုသောအား၊ မမေ့ငြားနှင့်၊ ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က၊ တစ်ခုမျှလျက်၊ အသက်မွေးကျောင်း၊ ဖြစ်တုံရှောင်း၏။” ဟူ၍ ရေးဖွဲ့ထားသည်။ ပညာရှာရာတွင် ပညာတစ်ခုကို နည်းသည် အသေးအဖွဲဖြစ်သည်ဟု သဘောမထားဘဲ ဆည်းပူးရမည်။ အင်းများ၊ ချောင်းများ၊ ကန်များတွင် ရေတဖြည်းဖြည်း ပြည့်လာသည့်ပုံအတိုင်း ပညာကို တဖြည်းဖြည်းတိုးပွားလာအောင် သင်ယူရမည်။ နှုတ်မှုပညာ၊ လက်မှုပညာတစ်ခုကို အစအဆုံးအရင်းမှ အဖျားအထိတတ်အောင် ဆည်းပူးပါက ထိုပညာသည် အသက်မွေးနိုင်သော ပညာဖြစ်လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် တစ်ခါကတက္ကသိုလ်မဂ္ဂဇင်း တစ်စောင်တွင် အထက်ပါလောကနီတိအဆိုအမိန့်ကို ကိုးကားလျက် စာတစ်ပုဒ်ရေးသား ချီးမြှင့်ဖူးသည်။ ခေါင်းစဉ်မှာ ‘ပန်းပဲရွာမှာ အပ်ရောင်း နိုင်အောင်ကြိုးစားရမည်’ ဟူ၍ဖြစ်သည်။ ငါးရာ့ငါးဆယ်နိပါတ်မှ ‘သူစိဇာတ်’ ခေါ် ဇာတ်ဝတ္ထုကို ကိုးကားမိန့်ဆိုခြင်းဖြစ်သည်။ ‘သူစိ’မှာ ‘အပ်’ဟုအဓိပ္ပာယ်ရသော ပါဠိစကားဖြစ်သည်။ ပန်းပဲရွာသို့ အပ်သွားရောင်းသော ဘုရားလောင်းပန်းပဲဆရာလေးအကြောင်း ဖြစ်သည်။
ဘုရားလောင်းပန်းပဲဆရာလေးသည် ထူးခြားလှသော အပ်တစ်ချောင်းကိုပြုလုပ်ပြီး ပန်းပဲတစ်ထောင်နေထိုင်သော ပန်းပဲရွာသို့သွား၍ ‘အပ်ဝယ်ကြမလား’ ဟုကြွေးကြော်သည်။ ပန်းပဲရွာမှာ အပ်လာရောင်းခြင်းမှာ ပန်းပဲသမားများကို စိန်ခေါ်ခြင်းဖြစ်သည်။ ပန်းပဲဆရာကြီးက စိတ်ဝင်စားပြီး အပ်သည်ကိုခေါ်၍အပ်ကို ပြခိုင်းသည်။ အချောင်းကလေးတစ်ချောင်းထုတ်ပြ၍ ‘ဒါအပ်လား’ဟု မေးရာ ‘အပ်မဟုတ်ပါ၊ အပ်ကျည် (အပ်ထည့်သောအိမ်) သာဖြစ်ပါသည်’ ဟုပြောသည်။ ထိုအပ်အိမ်ကို ချွတ်လိုက်ရာ နောက်ထပ် အချောင်းကလေးထွက်လာပြန်သည်။ ‘ဒါအပ်လား’ဟု မေးမြန်းရာ ‘မဟုတ်ပါ၊ အပ်ကျည်ပဲဖြစ်ပါသည်’ဟု ဖြေပြန်သည်။ ဤသို့ဖြင့် အပ်ကျည်ခုနစ်ထပ်ကိုချွတ်ပြပြီး နောက်ဆုံးထွက်လာသော သေးသေးမျှင်မျှင် အချောင်းကလေးကိုမှ ‘ဒါအပ်ပါပဲ’ဟု ပြောသည်။ ပန်းပဲဆရာ ကြီးက ‘ဒီလောက်သေးငယ်တဲ့အပ်ကလေးက ဘာအစွမ်းရှိသလဲ’ ဟု မေးရာ ပန်းပဲဆရာလေးက ရေပေါ်မှာ ပေတုံးတစ်တုံးတင်စေပြီး ပန်းပဲဆရာကြီးအား ထိုအပ်ကလေးကို ပေတုံးပေါ်မှာစိုက်၍တူဖြင့် ရိုက်စေရာ အပ်ကလေးသည် ပေတုံးကို ထုတ်ချင်းဖောက်ပြီး အောက်ကရေခွက်ထဲသို့ ကျသွားသည်။ ပန်းပဲဆရာကြီးနှင့် တပည့်ပန်းပဲတစ်ထောင်တို့က ဘုရားလောင်းပန်းပဲဆရာလေး၏ ပညာစွမ်းကို အံ့ဩချီးကျူးကြသည်။ ပန်းပဲဆရာကြီးသည် ပန်းပဲဆရာလေး၏ ပညာစွမ်းကို အလေးအမြတ်ပြုသောအားဖြင့် တစ်ဦးတည်းသော သမီးချောလေးနှင့် ထိမ်းမြားလက်ထပ်ပေးလိုက်လေတော့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ထိုဇာတ်ကိုရည်ညွှန်းပြီး တက္ကသိုလ်ကျောင်းသားများအား ပန်းပဲဆရာလေးကဲ့သို့ ပညာတစ်ရပ်ကို အဆုံးတိုင် ပေါက်မြောက်ထူးချွန်အောင် သင်ယူဆည်းပူးကြရန် “ပန်းပဲရွာမှာအပ်ရောင်းနိုင်အောင်ကြိုးစားကြပါ” ဟု တိုက်တွန်းခြင်းဖြစ်သည်။
လှုပ်ရှားမှုအမျိုးမျိုးကို ပုံဖော်
လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရေး ရည်ရွယ်ချက်ဖြင့် လှုပ်ရှားမှုအမျိုးမျိုးကိုပုံဖော်ကြရာတွင် ကာယဗလဖွံ့ဖြိုးရေးဆိုင်ရာ အားကစားသရုပ်ပြပွဲများ၊ ကာယအလှပြပွဲများ၊ ဉာဏဗလဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာဖလှယ်သည့်စကားဝိုင်းများ၊ ဆွေးနွေးပွဲများ၊ စာရိတ္တဗလဖွံ့ဖြိုးရေးဆိုင်ရာ လောကနီတိနှင့် ကိုယ်ကျင့်တရားမြင့်မားရေးဟောပြောပွဲများ၊ မိတ္တဗလဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဆုံပွဲများ၊ ဘောဂဗလဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးအသိပညာဖြန့်ဝေသည့် ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို ပုံဖော်ဆောင်ရွက်လျက်ရှိကြပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ပုံစံအမျိုးမျိုး၊ အဆင့်အမျိုးမျိုးဖြင့် ပညာသင်ကြားနေသော ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အရင်းခံမူလဖြစ်သော ဉာဏဗလ(ပညာအား) ပြည့်စုံဖွံ့ဖြိုးစေရန် သင်ယူဆည်းပူးခြင်းဖြင့် ကျန်ရှိသော ကာယဗလ (ကာယအား)၊ မိတ္တဗလ(မိတ်ဆွေအား)၊ ဘောဂဗလ(ပစ္စည်းဥစ္စာအား)၊ စာရိတ္တဗလ(ကိုယ်ကျင့်တရားအား) ဟူသော အင်အားများပါ ပြည့်စုံဖွံ့ဖြိုးလာပြီး အနာဂတ်နိုင်ငံတော်၏ “ပိုမိုကောင်းမွန်သော မနက်ဖြန်များ”ကို ပုံဖော်ဖန်တီးနိုင်စွမ်းရှိမည့် လူငယ်များအဖြစ် တင့်တယ်စွာနေရာယူနိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ။