မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ၏ ဆုံးဖြတ်ချက်နှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း(Judicial Review)
ဦးကျော်ကျော် (တရားရေး)
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးကို တရားစီရင်ရေးကဏ္ဍမှ ဥပဒေအရအပြည့်အဝ အကာအကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်ဖြစ်ရာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာနည်းဥပဒေများ၊ မူပိုင်ခွင့်ဥပဒေများအရ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုလက်စွဲစာစောင်၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အမေးအဖြေတို့ပါ ဖော်ပြချက်များမှ တရားစီရင်ရေး ဆိုင်ရာ ပြန်လည်သုံးသပ်ပေးစေလိုမှု (Judicial Review)နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြအပ်ပါသည်-
သက်သာခွင့်တောင်းဆိုခြင်း
အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေး ထိပါးချိုးဖောက်ခံရသော အခွင့်အရေးရရှိသူသည် ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ နှစ်ရပ်လုံးအရဖြစ်စေ သက်သာခွင့် တောင်းဆိုနိုင်ပါသည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၃၈(က)(၂)၊ ပုဒ်မ ၇၇ (ခ))
အခွင့်အရေးရရှိသူဆိုသည်မှာ အမှတ်တံဆိပ်ပိုင်ရှင်၊ ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်၊ ဒေသဆိုင်ရာ အညွှန်းပိုင်ရှင်၊ ကုန်သွယ်မှု အမည်ပိုင်ရှင်၊ မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးကို လွှဲပြောင်းပေးခြင်းခံရသူ သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းခံရသူအဖြစ် မှတ်ပုံတင်ထားသော အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးရရှိသည့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုခုကို ဆိုသည်။ (ကုန် အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂ (ဓ))
ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ထားကြောင်းကို အထောက်အထားပြနိုင်မည့် သက်သေခံသည့် အမှတ်တံဆိပ် မှတ်ပုံတင်လက်မှတ်မူရင်း သို့မဟုတ် မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီး တံဆိပ်ခတ်နှိပ်ထားသော အမှတ်တံဆိပ်မှတ်ပုံတင် လက်မှတ်မိတ္တူနှင့် အထောက်အထား စာရွက်စာတမ်းများ ဖြစ်ပါသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၉၆)
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃၅/၂၀၂၃) ဖြင့် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၇(ဂ)နှင့် (င)တို့အရ ရန်ကုန်တိုင်းဒေသ ကြီး တရားလွှတ်တော်အား ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၆၆ အရ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၇၂ အရ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် လျှောက်ထားမှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းထားပါသည်။
တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း(Judicial Review)
တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခွင့်အာဏာ (Judicial Review)ဆိုသည်မှာ အစိုးရဌာန၊ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်နှင့် အခြားဌာနများ၏ ပြုမူဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်သုံးသပ်နိုင်ရန် စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းထားသော တရားရုံး၏အာဏာ ဖြစ်ပါသည်။ (မူပိုင်ခွင့်ဥပဒေများအရ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု လက်စွဲစာစောင် အပိုဒ် ၇)
အေဂျင်စီ၏ဆုံးဖြတ်ချက်အပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၅ (က)အရ မှတ်ပုံတင်အရာရှိက ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အေဂျင်စီထံ အယူခံဝင်နိုင်ပါသည်။ အေဂျင်စီက ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ကျေနပ်မှုမရှိသူသည် ယင်းဆုံးဖြတ်ချက် အကြောင်းကြားစာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စီရင်ပိုင်ခွင့်အာဏာအပ်နှင်းထားသော တရားရုံးသို့ ပုဒ်မ ၆၆ အရ လျှောက်ထားနိုင်ပါသည်။ အဆိုပါ လျှောက်ထားမှုသည် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ပေးစေလိုမှု (Judicial Review) ဖြစ်ပါသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၆၅(က)၊၆၆) (ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာ အမေးအဖြေများ အပိုဒ် ၂၈)
မူပိုင်ခွင့်တရားရုံးက တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုအနေဖြင့် ပြန်လည်စိစစ်ဆုံးဖြတ်ရမည့်ကိစ္စများမှာ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သူက လျှောက်ထားလာမှုများဖြစ်ပါသည်။ အေဂျင်စီသည် မှတ်ပုံတင်အရာရှိ၏ အမှတ်တံဆိပ်မှတ်ပုံတင်ရန် လျှောက်ထားချက်နှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို တရားမဝင်ကြောင်းကြေညာရန် လျှောက်ထားချက်နှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ပယ်ဖျက်ရန်လျှောက်ထားခြင်းနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်တို့ ဖြစ်ကြပါသည်။ (မူပိုင်ခွင့်ဥပဒေများအရ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု လက်စွဲစာစောင် အပိုဒ် ၃၄ )
တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ပေးစေလိုမှု (Judicial Review)သည် အေဂျင်စီ၏ ဆုံးဖြတ်ချက်အား သင့်လျော်မှန်ကန်မှုရှိ-မရှိ စိစစ်သုံးသပ်ခြင်းဖြစ်ပြီး တရားရုံး၏ ဆုံးဖြတ်ချက်သည် အေဂျင်စီအပေါ် စည်းနှောင်မှုရှိမည်ဖြစ်၍ အေဂျင်စီသည် လျှောက်ထားခံရသူအဖြစ် ပါဝင်မည်ဖြစ်ပါသည်။ ထို့ပြင် အေဂျင်စီ၏ ဆုံးဖြတ်ချက်အရ အကျိုးရရှိသူသည်လည်း လျှောက်ထားခံရသူအဖြစ် ပါဝင်မည်ဖြစ်ပါသည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အမေးအဖြေများ အပိုဒ် ၃၁)
အေဂျင်စီ၏ဆုံးဖြတ်ချက်အပေါ် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားတောင်းဆိုနိုင်သည်မှာ အေဂျင်စီထံတင်သွင်းသည့် အယူခံမှုတွင် ပါဝင်ခဲ့သည့်သူဖြစ်ရမည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၃၅)
လျှောက်ထားလွှာနှင့်အတူ မူပိုင်ခွင့်တရားရုံးက သုံးသပ်ဆုံးဖြတ်ပေးစေလိုသော အေဂျင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်နှင့်အမှုတွဲ၏ တာဝန်ခံမိတ္တူတစ်စုံ ပူးတွဲပါရှိရမည့်အပြင် လျှောက်ထားလွှာကို ထောက်ခံသည့် ကျမ်းကျိန်လွှာတစ်ရပ်ဖြင့်ဖြစ်စေ၊ ကျမ်းကျိန်လွှာ အများဖြင့်ဖြစ်စေ ပူးတွဲ၍ တင်သွင်းလျှောက်ထားရမည်။ ယင်းကျမ်းကျိန်လွှာတွင် လျှောက်ထားလွှာ၌ပါရှိသော အချက်များ မှန်ကန်ကြောင်းကိုလည်း ဖော်ပြရမည်။ လျှောက်ထားသူသည် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်အချိန်တွင် လိုအပ်သောစာမှတ်စာတမ်း များကို မူပိုင်ခွင့်တရားရုံးသို့ တင်သွင်းရမည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေအရစွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၃၉(က))
ထို့နောက် လျှောက်ထားခံရသူထံ ချက်ချင်းဆင့်စာချအပ်စေရန် မူပိုင်ခွင့်တရားရုံးက လျှောက်ထားသူအား ညွှန်ကြားရမည်။ (မူပိုင်ခွင့် ပုံစံ-၆) လျှောက်ထားသူသည် မိမိစရိတ်ဖြင့် လျှောက်ထားခံရသူအပေါ် ဆင့်စာချအပ်ရမည့်အပြင် ဆင့်စာနှင့်အတူ လျှောက်ထားလွှာနှင့် လျှောက်ထားလွှာကို ထောက်ခံသော ကျမ်းကျိန်လွှာမိတ္တူများ၊ အေဂျင်စီ၏ ဆုံးဖြတ်ချက် အမိန့်မိတ္တူ၊ အမှုတွဲ သို့မဟုတ် မှုခင်းမှတ်တမ်းမိတ္တူတို့ကို လျှောက်ထားခံရသူထံ ပူးတွဲပေးပို့ရမည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၃၉(ဂ))
လျှောက်ထားသူသည် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်ရက်အတွင်း လျှောက်ထားခံရသူအပေါ် အမိန့်ဆင့်စာ ချအပ်ပြီးဖြစ်ကြောင်း ကျမ်းကျိန်လွှာဖြင့် တင်ပြရမည်။ ထိုသို့တင်ပြရန် ပျက်ကွက်ပါက မူပိုင်ခွင့်တရားရုံးသည် ၎င်း၏လျှောက်ထားမှုအား ပယ်နိုင်သည်။ သို့မဟုတ် သင့်လျော်သည့်နေ့ရက်သို့ ချိန်းဆိုသတ်မှတ်နိုင်သည်။ ထိုသို့ ချိန်းဆိုသတ်မှတ်သည့်နေ့ရက်တွင် လျှောက်ထားသူက ထပ်မံပျက်ကွက်လျှင် မူပိုင်ခွင့်တရားရုံးသည် လျှောက်ထားမှုကို ပယ်ရမည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၃၉(ဃ))
လျှောက်ထားခံရသူ(များ)သည် ကြားနာရန်နေ့ရက်မတိုင်မီ မူပိုင်ခွင့်တရားရုံးသို့ ပြန်ကြားလွှာ ၂ စုံ တင်သွင်းရမည်။ (မူပိုင်ခွင့်ပုံစံ-၇) ပြန်ကြားလွှာပါအချက်များအား မိမိသိရှိသမျှ မှန်ကန်သည်ဟု ယုံကြည်ကြောင်းကို လျှောက်ထားခံရသူက ကျမ်းကျိန်လွှာနှင့် တစ်ပါတည်းတင်ပြရမည်။ ယင်းပြန်ကြားလွှာနှင့်အတူ မိမိဘက်မှတင်ပြလိုသော စာမှတ်စာတမ်းများအပြင် သက်သေခံ အထောက်အထားများကို တင်သွင်းနိုင်သည်။ လျှောက်ထားခံရသူသည် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်ရက်အတွင်း ပြန်ကြားလွှာတင်သွင်းရန် ပျက်ကွက်ပါက ပျက်ကွက်သူနှင့်စပ်လျဉ်း၍ ခုခံချေပခြင်းမပြုသကဲ့သို့ သတ်မှတ်ဆောင်ရွက်နိုင်သည်။ ပြန်ကြားလွှာကို မူပိုင်ခွင့်တရားရုံး၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်နိုင်သည်။ သို့မဟုတ် အခြားပြန်ကြားလွှာတစ်ခုခုဖြင့် အစားထိုးတင်သွင်းနိုင်သည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ် ၃၉(င))
တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု စီရင်ပိုင်ခွင့်အာဏာ အပ်နှင်းခံရသည့် မူပိုင်ခွင့်တရားရုံးသို့ အေဂျင်စီ၏ ဆုံးဖြတ်ချက်နှင့် သက်သေခံချက်များအပါအဝင် အယူခံအမှုတွဲမှတ်တမ်းအားလုံးကို လျှောက်ထားခံရသူဖြစ်သည့် အေဂျင်စီက တင်ပြပေးရမည်ဖြစ်ပါသည်။ လျှောက်ထားခံရသူ (အေဂျင်စီတွင်အနိုင်ရရှိသူ) ဘက်မှ တင်ပြမည့် စာအမှတ်စာတမ်းများနှင့် သက်သေခံ အထောက်အထားများသည်လည်း ပြန်ကြားလွှာနှင့်အတူ တစ်ပါတည်းပါဝင်လာမည်ဖြစ်သည်။ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုဆိုသည်မှာ အေဂျင်စီ၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိကို ပြန်လည်စိစစ်ခြင်း ဖြစ်သောကြောင့် မူအားဖြင့် အေဂျင်စီသို့ တင်သွင်းခဲ့သော သက်သေခံချက်များနှင့် အေဂျင်စီဆုံးဖြတ်ချက်၏ အကြောင်းရင်းဇာစ်မြစ် ဖြစ်သောအချက် (အေဂျင်စီက အတည်ပြုသုံးသပ်ထားသော အကြောင်းခြင်းရာ၊ ဆုံးဖြတ်လုပ်ဆောင်ခဲ့သော ဖြစ်စဉ်နှင့် အခြေပြုအသုံးချခဲ့သော ဥပဒေများစသည်)ကို အခြေခံကာ တရားရုံးက စစ်ဆေးရမည်ဖြစ်ပါသည်။ သို့ရာတွင် မူပိုင်ခွင့်တရားရုံးသည် အမိန့်ချမှတ်ရန်အတွက် လိုအပ်သောအခြေအနေတွင် အမှုသည်များအား စာမှတ်စာတမ်းတစ်ရပ်ရပ်ကို တင်ပြစေရန်သော်လည်းကောင်း၊ သက်သေတစ်ဦးဦးကို စစ်ဆေးစေရန်သော်လည်းကောင်း ခွင့်ပြု ဆောင်ရွက်နိုင်ပါသည်။ (မူပိုင်ခွင့်ဥပဒေများအရ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု လက်စွဲစာစောင် အပိုဒ် ၃၃)
မူပိုင်ခွင့်ဦးစီးဌာန၏ စစ်ဆေးမှု လုပ်ထုံးလုပ်နည်းများအရ မဆောင်ရွက်ဘဲ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားခြင်းသည် တရားမဝင်ကြောင်း ကြေညာပေးရန် သို့မဟုတ် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးရန် မူပိုင်ခွင့်တရားရုံးသို့ တိုက်ရိုက်လျှောက်ထားခြင်း မပြုနိုင်ပါ။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအခန်း (၁၅)နှင့် (၁၉)ပါ ပြဋ္ဌာန်း ချက်များအရသာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေအရ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်ကို ကျေနပ်မှုမရှိသူသည် မူပိုင်ခွင့်တရားရုံးသို့ ပြန်လည်စိစစ်ရန် လျှောက်ထားမှုပြုခြင်းသည် တရားစီရင်ရေးဆိုင်ရာ ပြန်လည် သုံးသပ်မှု သဘောပင်ဖြစ်ပါသည်။ (မူပိုင်ခွင့်ဥပဒေများအရ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု လက်စွဲစာစောင် အပိုဒ် ၁၁)
ဆိုင်းငံ့မိန့်ဆိုသည်မှာ အမှတ်တံဆိပ်အတုကို အသုံးပြုထားသည်ဟု စွပ်စွဲခံရသော ကုန်ပစ္စည်းများကို နိုင်ငံတော် နယ်နိမိတ်အတွင်းသို့ တင်သွင်းထားကြောင်း သို့မဟုတ် တင်သွင်းလျက်ရှိကြောင်း သို့မဟုတ် တင်သွင်းရန်ရှိကြောင်း သံသယဖြစ်ဖွယ်ရာ အထောက်အထားရှိလျှင်ဖြစ်စေ၊ တိကျခိုင်လုံသော သတင်းအချက်အလက် ရရှိလျှင်ဖြစ်စေ အဆိုပါကုန်ပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့ရန် ညွှန်ကြားရေးမှူးချုပ်က ထုတ်ပေးသည့်အမိန့်ကိုဆိုသည်။ (အမှတ်တံဆိပ်မူပိုင်ခွင့် ဆိုင်ရာအခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၂(င))
အမှတ်တံဆိပ်အတုကို အသုံးပြုထားသည့် ကုန်ပစ္စည်းဆိုသည်မှာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၊ ကုန်အမှတ်တံဆိပ်၊ ဝန်ဆောင်မှုအမှတ်တံဆိပ်၊ စုပေါင်းပိုင် အမှတ်တံဆိပ်၊ အသိအမှတ်ပြုအမှတ်တံဆိပ်၊ ဒေသဆိုင်ရာအညွှန်း၊ ကျော်ကြားသော အမှတ်တံဆိပ်၊ ကုန်သွယ်မှုအမည်တို့နှင့်စပ်လျဉ်း၍ အခွင့်အရေးရရှိသူ၏ သဘောတူညီချက်မပါဘဲ အခြားသူတစ်ဦးဦးမှ ထပ်တူ သို့မဟုတ် အလားတူ တုပ၍ စီးပွားဖြစ်အသုံးပြုရန် ပြုလုပ်ထားသော ကုန်ပစ္စည်းများကိုဆိုသည်။ (အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာနည်းဥပဒေများ အပိုဒ် ၂(ဃ))
ဆိုင်းငံ့မိန့်လျှောက်ထားချက်ကို လက်ခံပြီးနောက်ဖြစ်စေ၊ ဆိုင်းငံ့မိန့်ထုတ်ပေးရန် လျှောက်ထားခြင်းမရှိသော ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်အရဖြစ်စေ အမှတ်တံဆိပ်အတုကိုအသုံးပြု၍ တင်သွင်းသော ကုန်ပစ္စည်းဖြစ်သည်ဟု ယူဆနိုင်သော ခိုင်လုံသည့်အထောက်အထားများတွေ့ရှိလျှင် အဆိုပါ ကုန်ပစ္စည်းများ ကုန်သွယ်မှုလမ်းကြောင်းအတွင်းသို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုခြင်းကို ဆိုင်းငံ့မိန့်ထုတ်ပြန်၍ ဆိုင်းငံ့ထားရမည်။ (အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးကို အကာ အကွယ်ပေးခြင်းနှင့် စပ်လျဉ်းသည့် အကောက်ခွန်ဆိုင်ရာနည်းဥပဒေများ အပိုဒ် ၁၆(က))
လျှောက်ထားလွှာနှင့်အတူ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့် ပူးတွဲပါရှိရမည်။ ထို့ပြင် လျှောက်ထားသူ (တင်သွင်းသူ)၏ လျှောက်ထားမှုအား ထောက်ခံသည့် အခြားလိုအပ်သော စာမှတ်စာတမ်းများကိုလည်း တင်သွင်းနိုင်သည်။ (ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပိုဒ် ၄၅)
ထို့နောက် မူပိုင်ခွင့်တရားရုံးသည် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ တစ်ဖက်သတ် ကြားနာရန်မသင့်ဟု ယူဆလျှင် လျှောက်ထားခံရသူများထံ ချက်ချင်းဆင့်စာချအပ်စေရန် လျှောက်ထားသူအား ညွှန်ကြား ရမည်။ (မူပိုင်ခွင့်ပုံစံ-၆(က)) လျှောက်ထားသူသည် မိမိစရိတ်ဖြင့် လျှောက်ထားခံရသူအပေါ် ဆင့်စာချအပ်ရမည့်အပြင် ဆင့်စာနှင့်အတူ လျှောက်ထားလွှာနှင့် လျှောက်ထားလွှာကို ထောက်ခံသော ကျမ်းကျိန်လွှာမိတ္တူများ၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အမိန့်မိတ္တူ၊ အမှုတွဲ သို့မဟုတ် မှုခင်းမှတ်တမ်းမိတ္တူတို့ကို လျှောက်ထားခံရသူထံ ပူးတွဲပေးပို့ရမည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၆(ခ))
လျှောက်ထားသူသည် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်ရက်အတွင်း လျှောက်ထားခံရသူများအပေါ် အမိန့်ဆင့်စာချအပ်ပြီးဖြစ်ကြောင်း ကျမ်းကျိန်လွှာဖြင့် တင်ပြရမည်။ ထိုသို့ တင်ပြရန် ပျက်ကွက်ပါက မူပိုင်ခွင့်တရားရုံးသည် ၎င်း၏ လျှောက်ထားမှုအား ပယ်နိုင်သည် သို့မဟုတ် သင့်လျော်သည့်နေ့ရက်သို့ ချိန်းဆိုသတ်မှတ်နိုင်သည်။ ထိုသို့ချိန်းဆို သတ်မှတ်သည့်နေ့ရက်တွင် လျှောက်ထားသူက ထပ်မံပျက်ကွက်လျှင် မူပိုင်ခွင့်တရားရုံးသည် လျှောက်ထားမှုကို ပယ်ရမည်။ (ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၆(ဂ))
လျှောက်ထားခံရသူ(များ)သည် ကြားနာရန် နေ့ရက်မတိုင်မီ မူပိုင်ခွင့်တရားရုံးသို့ ပြန်ကြားလွှာ ၂ စုံ တင်သွင်းရမည် (မူပိုင်ခွင့်ပုံစံ ၇(က))။ ပြန်ကြားလွှာပါအချက်များအား မိမိသိရှိသမျှ မှန်ကန်သည်ဟု ယုံကြည်ကြောင်းကို လျှောက်ထားခံရသူ(များ)က ကျမ်းကျိန်လွှာနှင့် တစ်ပါတည်း တင်ပြရမည်။ ယင်းပြန်ကြားလွှာနှင့်အတူ မိမိဘက်မှ တင်ပြလိုသော စာမှတ်စာတမ်းများအပြင် သက်သေခံအထောက် အထားများကို တင်သွင်းနိုင်သည်။ လျှောက်ထားခံရသူ(များ) သည် မူပိုင်ခွင့်တရားရုံးက သတ်မှတ်သည့်ရက်အတွင်း ပြန်ကြားလွှာတင်သွင်းရန် ပျက်ကွက်ပါက ပျက်ကွက်သူနှင့် စပ်လျဉ်း၍ ခုခံချေပခြင်းမပြုသကဲ့သို့ သတ်မှတ်ဆောင်ရွက်နိုင်သည်။ ပြန်ကြားလွှာကို မူပိုင်ခွင့်တရားရုံး၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်နိုင်သည် သို့မဟုတ် အခြားပြန်ကြားလွှာတစ်ခုခုဖြင့် အစားထိုး တင်သွင်းနိုင်သည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၆(ဃ))
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပုဒ်မ ၇၂ အရ မူပိုင်ခွင့်တရားရုံးသည် ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အား ပြန်လည်စိစစ်ပေးရန် အခွင့်အရေးတောင်းဆိုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းဆိုင်းငံ့မိန့်အပေါ် ပြင်ဆင်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် အတည်ပြု ခြင်းပြုလုပ်ရမည်။ (ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၈)
အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားမှု၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားမှုများအား မူပိုင်ခွင့်ပုံစံ ၅ တွင် ရေးသွင်း၍ တရားမအထွေထွေမှု ဖွင့်လှစ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၏ စီမံခန့်ခွဲရေးအာဏာပိုင်၏ဆုံးဖြတ်ချက်များအပေါ် မူပိုင်ခွင့်တရားရုံးသို့ လျှောက်ထားခြင်း ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် အဆိုပါ လျှောက်ထားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အများသိရှိနိုင်ရန် တင်ပြလိုက်ပါသည်။ ။