သာသနာ့မှတ်တိုင်စိုက်ထူနိုင်ခဲ့သည့် မာရဝိဇယ
မာရဝိဇယ - မာရ်ငါးပါးကို အောင်မြင်တော်မူ ခြင်း (မာရဝိဇယဟူသည် မာရ+ဝိ+ဇယ) ဖြစ်ပြီး မာရဆိုသည်မှာ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်ဆိုတဲ့ မာရ်ငါးပါးကို၊ ဝိ-ဝိသေသန အထူးအားဖြင့်၊ ဇယ- အောင်မြင်တော် မူခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက် (ဩဂုတ် ၁၀ ရက်) နေ့ဟာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဦးခိုက်ဖူးမြော်ခွင့်ရခဲ့တဲ့ ဘဝ ရဲ့ မှတ်တိုင်တစ်ခု။
ခမ်းနားလွန်းလှတဲ့ မုခ်ဦး
ကနဦးတွေ့မြင်ခွင့်ရတာက ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံး ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ထူးခြားလေးနက်လှတဲ့ ဂုဏ်ထူးဝိသေသလက္ခဏာတွေ ထုံမွမ်းထားတဲ့ ခမ်းနားလွန်းလှတဲ့ မုခ်ဦးကိုပါပဲ။ တည်ဆောက်မှုလုပ်ငန်းတွေ မပြီးစီးသေးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ ကလည်း ယာဉ်ရပ်နားရာနေရာမှာ ယာဉ်အဝင်အထွက် အဆင်ပြေစေရေးနဲ့ ဘုရားဖူးပြည်သူတွေ အန္တရာယ်ကင်းရှင်းစေရေး စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးနေပြီး ဘုရားဖူးခရီးသွားတွေရဲ့ ရပ်ထားတဲ့ကား၊ ဆိုင်ကယ်တွေဟာလည်း အကြားအလပ်မရှိ အစီအရီ။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်သူ တစ်ရက်လျှင် ၈၀၀၀၀ ကျော် ရှိပြီး အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူး ပြည်သူတွေနဲ့ အထူးစည်ကားနေမှုမြင်ကွင်းက အင်တာနက်၊ ဖေ့စ်ဘွတ်၊ သတင်းစာ စာမျက်နှာပေါ် တွေနဲ့ ရုပ်မြင်သံကြားထုတ်လွှင့် တင်ဆက်မှုတွေမှာ အခုတစ်လော ရေပန်းစား ထူးမြတ်လှတဲ့ မြန်မာ့ သမိုင်းမော်ကွန်းတစ်ခုလို့ပဲ ဆိုချင်ပါတယ်။
မာရဝိဇယဘုရားကြီးရဲ့ ဉာဏ်တော်အမြင့် ၆၃ ပေနှင့် ပလ္လင်တော်အမြင့်မှာ ၁၈ ပေ စုစုပေါင်း ၈၁ ပေရှိပြီး ဆင်းတုတော်အလေးချိန်က ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန်တန် ၃၅၁၀ စုစုပေါင်း အလေးချိန် ၅၂၉၂ တန်ရှိတယ်လို့လည်း သိရပါ တယ်။
ဘူမိဖဿမုဒြာဟန် စကျင်ကျောက်နဲ့ထွင်းထုပူဇော်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးဟာ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ထားပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက် ရုပ်ပွားတော်တွေအနက် ကမ္ဘာ့အမြင့်ဆုံးနဲ့အလေးချိန်အများဆုံး ထူးမြတ်လှတဲ့ရုပ်ပွားတော်တစ်ဆူဖြစ်တယ်လို့ မှတ်သားရပါတယ်။
မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်လင်းတောက်ပနေမှုအား ကမ္ဘာကိုပြသရေး၊ မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုရဲ့ ဗဟိုချက်အဖြစ်သာသနာပြန့်ပွားရေး လုပ်ငန်းတွေဆောင်ရွက်ပြီး အဓွန့်ရှည်တည်တံ့စေရေး၊ နိုင်ငံတော်ကြီးသာယာဝပြောပြီး ပြည်သူပြည်သားတွေ လုံခြုံအေးချမ်းစွာနေထိုင်နိုင်စေရေးနဲ့ ကမ္ဘာကြီးငြိမ်းချမ်းသာယာစေရေးဆိုတဲ့ ကောင်းမွန်တဲ့ စိတ်ဆန္ဒရည်ရွယ်ချက်တွေနဲ့ ရုပ်ပွား တော်မြတ်ကြီးကို တည်ထားသလို နိုင်ငံသူနိုင်ငံသားတွေနဲ့ ကမ္ဘာသူကမ္ဘာသားအားလုံး အေးချမ်းသာယာပါစေလို့ တောင်းဆုပြုခဲ့ပါတယ်။
မြတ်ဗုဒ္ဓရဲ့အရိပ်အာဝါသ
ဘုရားဖူးဖို့ မုခ်ဦးကို ဝင်လိုက်တာနဲ့ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား အဝေးမှဖူးတွေ့ခွင့်ရနေပါပြီ။ အချိန်က မွန်းလွဲ ၁ နာရီ၊ ၂ နာရီကြားအချိန်ဆိုတော့ နေအပူရှိန်ကတလှပ်လှပ်။ အပြင်က အပူရှိန်ဘယ်လောက်ပြင်းနေပါစေ၊ မြတ်ဗုဒ္ဓရဲ့အရိပ်အာဝါသအောက်ကို ခိုလှုံရောက်ရှိသွားရင်ပဲ လူတိုင်းရဲ့စိတ်အစဉ်မှာ အေးမြကြည်လင်သန့်ရှင်းမှုတွေက သူ့အလိုလို ဖြစ်တည်လာပါတယ်။
မုခ်ဦးမှာလည်း ဘုရားဖူးသူတွေက ဝင်ခွင့် ကတ်ထုတ်သူကထုတ်၊ လုံခြုံရေးစစ်ဆေးမှုခံယူသူကခံယူနဲ့ တိုးမပေါက်အောင် စည်ကားများပြားလှတဲ့ ဘုရားဖူးပြည်သူတွေကိုကြည့်ရင်း စိတ်နှလုံးအေးမြ မှုတွေနဲ့အတူ ကြည်နူးမိပါတယ်။
အဝင်မုခ်ဦးနားမှာပဲ ရဟန်းသံဃာ၊ သီလရှင်၊ သက်ကြီးဘိုးဘွားနဲ့ မသန်စွမ်းဘုရားဖူးသူတွေကို ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း အဆင်ပြေအလွယ် တကူ သွားရောက်ဖူးမြော်နိုင်စေရေး မော်တော် ယာဉ်ငယ်လေးတွေနဲ့ မမောနိုင်မပန်းနိုင် ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲပို့ဆောင်ပေးနေတဲ့ ယာဉ်ငယ်မောင်းသူတွေဟာ ပီတိကိုစား အားရှိပါ၏အလား၊ ပီတိအပြုံးပန်းတွေဝေလျက်။
မိမိတို့ ဘုရားဖူးအဖွဲ့လည်း ဘုရားဖူးသူတွေရဲ့ အကြားမှာတရွေ့ရွေ့ ခြေကျင်လျှောက်လာရင်းနဲ့ပဲ ရှေ့အနည်းငယ်အရောက် ဘယ်ဘက်ခြမ်းမှာ မုစလိန္ဒကန်တော်နဲ့ နဂါးရုံဘုရားကို ဖူးတွေ့ရပါတယ်။ ဝိနည်းမဟာဝါပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ ဇာတကအဋ္ဌကထာစတဲ့ ပိဋကတ်တော်လာ အဆိုတွေ၊ မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်တွေနဲ့အညီ မုစလိန္ဒကန်တော်နဲ့ နဂါးရုံဘုရား ကို တည်ထားတယ်လို့လည်း သိရပါတယ်။
ရှေ့ကိုဆက်လျှောက်လာရင်းနဲ့ပဲ သုဓမ္မာဇရပ်တွေနဲ့ရေပန်းကြီး၊ ရေပန်းငယ်လေးတွေကို တင့်တယ်လှစွာတွေ့ရပြီး ညာဘက်ခြမ်းမှာ ဖွေးဖွေးဖြူနေတဲ့ရွှေရောင်တဝင်းဝင်း ကျောက်စာရုံစေတီ တော်တွေ၊ ရှေ့ကို လှမ်းကြည့်လိုက်ရင် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးကို တွေ့ရပါတယ်။
ဘုရားဖူးရာ လမ်းတစ်လျှောက်မှာ မြတ်ဗုဒ္ဓရဲ့ အရိပ်အာဝါသ အေးမြမှု၊ စကျင်ကျောက်ရဲ့ အေးမြမှုတွေကြောင့် ဘုရားဖူးသူတို့ရဲ့ စိတ်နှလုံးကိုအေးမြကြည်လင်စေပါတယ်။
မိမိတို့ ဘုရားဖူးအဖွဲ့ဟာ တိမ်ယံကြားက ထူးခြားကြီးမြတ်သပ္ပာယ်လှတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်လိုစိတ်ပြင်းပြနေတာကြောင့် ခပ်မြန်မြန်လေးလျှောက်ရင်း အရင်ဆုံး ဦးခိုက်ကန်တော့ကြပါတယ်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းသံဃာ၊ သီလရှင်၊ ဘုရားဖူးခရီးသွားပြည်သူတွေနဲ့ ဘာသာရေးဝတ်အသင်းအဖွဲ့တွေက ရင်ပြင်တော်အပြည့် သန့်ရှင်းရေးကုသိုလ်ပြုသူကပြု၊ တရား၊ ဓမ္မ ရွတ်ဖတ်ပူဇော်သူတွေနဲ့ အေးမြတဲ့မေတ္တာဓာတ်တွေ ထုံမွမ်းလျက်ရှိနေပါတယ်။
စိတ်နှလုံးငြိမ်းချမ်းမှုကို ဆောင်ကြဉ်း
၅၅၀ ဇာတ်နိပါတ်တော်နဲ့ ပဋ္ဌာန်းဒေသနာ တော်မြတ်အား ရည်စူးပူဇော်ထားတဲ့ ဂန္ဓကုဋိတိုက် ၂၄ ဆောင်တို့မှာလည်း စိတ်အေးချမ်းသာစွာ ဖူးမြော် လေ့လာနိုင်ပြီး သီလရှင်ဆရာလေးတွေရဲ့ ပဋ္ဌာန်း ဒေသနာတော်ကို ညီညာဖြဖြ သံပြိုင်ရွတ်ပွားပူဇော် သံကလည်း မြင်ရသူ၊ ကြားရသူတို့အဖို့ စိတ်နှလုံး ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းလို့နေပါတယ်။
တန်ခိုးကြီးဘုရားစေတီ ၃၆ ဆူမှ အောင်မြေတွေကိုယူပြီး ပေါင်းစုပြုလုပ်ထားတဲ့ ဘုရားရင်ပြင် တော် အောင်မြေပေါ်မှာလည်း အဓိဋ္ဌာန်ပြုသူ၊ ပုတီး စိတ်သူတွေအပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ဗောဓိ ညောင်ပင်၊ လင်းလွန်းပင်နဲ့ လုမ္ဗိနီအင်ကြင်းပင်တွေ ရှိရာနေရာတွေမှာလည်း လေ့လာကြည့်ရှုသူတွေနဲ့ မိသားစုလိုက်၊ သူငယ်ချင်းအစုအဖွဲ့အလိုက် အမှတ် တရဓာတ်ပုံရိုက်သူတွေနဲ့ စည်ကားနေပါတယ်။
မိမိတို့အဖွဲ့လည်း မာရဝိဇယရုပ်ပွားတော် မြတ်ကြီးရဲ့ မျက်နှာတော်မူရာ ရှေ့မျက်နှာစာမှာ စိုက်ထူပူဇော်ထားတဲ့ ကျောက်စာရုံစေတီတော် တွေရှိရာဆီကို လျှောက်လာခဲ့ပါတယ်။ ကျောက်စာ ရုံစေတီ စုစုပေါင်း ၇၂၀ တည်ထားကိုးကွယ်ထားပြီး ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ထားတာကို မြင်တွေ့ရပါတယ်။ ထွင်းထုထားတဲ့ အက္ခရာတွေက ပါဠိအက္ခရာ၊ ရိုမန်ဘာသာတွေနဲ့ ရေးထိုး ထားပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် မန္တလေးမြို့မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြုပြီး တည်ထားထွင်းထု ထားပါတယ်။
ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတို့ရဲ့ဆဋ္ဌသင်္ဂါယနာမူဖြစ်တဲ့ ပိဋကတ်ဓမ္မကျမ်းစာ ကျောက်ချပ်ရေ ၁၄၄၀ နဲ့ ပင်မကျောက်စာစေတီတွင် မော်ကွန်း ကျောက်စာလေးချပ် စုစုပေါင်း ကျောက်စာချပ်ရေ ၁၄၄၄ ချပ်ကို ဖူးမြော်ခဲ့ရပါတယ်။
မော်ကွန်းတင် ကမ္ပည်းကျောက်စာရုံစေတီ
ကျောက်စာရုံစေတီတော်တွေရဲ့ အလယ်ဗဟိုတည့်တည့်မှာ မော်ကွန်းတင်ကမ္ပည်းကျောက်စာ ရုံစေတီတည်ထားပြီး ကျောက်စာချပ်ကြီးလေးချပ်ရှိကာ ကျောက်စာတစ်ချပ်စီတိုင်းရဲ့ မျက်နှာတစ်ဖက် တစ်ချက်စီမှာ လှူဒါန်းခဲ့မှုအစုစုနဲ့ လှူဒါန်းစီမံဆောင်ရွက်ခဲ့မှုတို့ကို ရေးသားထွင်းထုထားပါတယ်။
သမိုင်းမော်ကွန်းကျောက်စာဟာ အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိပါတယ်။ အခြား ကျောက်စာရုံစေတီတွေကတော့ အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိပြီး ကျောက်စာချပ်တွေ က အလျား ၄၅ လက်မ၊ အမြင့် ၆ ပေ ၃ လက်မနဲ့ ဒု ၇ ဒသမ ၂ လက်မရှိတယ်လို့ မှတ်သားစေ့ငုမိပါတယ်။
သုဓမ္မာဇရပ်တွေကို ကျွန်းတိုင်တွေအသုံးပြုပြီး မြန်မာမှု၊ မြန်မာ့ဟန်လက်ရာတွေနဲ့ ရှေးမူမပျက် မွမ်းမံတည်ဆောက်ထားတာကို တွေ့ရပါတယ်။ ဘုရားရင်ပြင်တော်ပေါ်ကို သွားရောက်ဖူးမြော်ရာ မှာလည်း သက်သောင့်သက်သာဖူးမြော်နိုင်စေရေး သက်ကြီးဘိုးဘွားတွေ၊ နာမကျန်းသူတွေအတွက် စက်လှေကားထားရှိပေးထားပါတယ်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ် စံပယ်တော်မူရာ သဲဖြူကုန်းတော်မြတ်တစ်ခုလုံးကို ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီနဲ့ ပန်းယွန်း စတဲ့ မြန်မာမှုလက်ရာတွေနဲ့ ပူဇော်ထားရာ မြန်မာ့အလှအနုပညာရပ်တွေကို တစုတစည်းတည်း လေ့လာနိုင်ပါသေးတယ်။
ရတနာပုံခေတ် မြန်မာ့ဟန်၊ မြန်မာ့မာန်တွေနဲ့ ထုံမွမ်းထားတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေဟာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့အတူ ကမ္ဘာတည်သရွေ့ ထွန်းလင်းတောက်ပနေ မှာ ဧကန်မလွဲပင်။
ဗုဒ္ဓဥယျာဉ်တော်ကို လာရောက်ကြတဲ့ ဘုရား ဖူးလာပြည်သူတွေ သုံးဆောင်နိုင်စေရေး နေ့စဉ်မပြတ်သက်သတ်လွတ် သီးစုံဒံပေါက်တွေကို ခုနစ် ရက်သားသမီးတွေရဲ့ စုပေါင်းလှူဒါန်းမှုနဲ့ စတုဒိသာ ကျွေးမွေးနေမှုမြင်ကွင်းဟာ မြန်မာတို့ရဲ့စေတနာသဒ္ဓါတရားထက်သန်မှုကို ဖော်ညွှန်းနေပါတယ်။ အလှူခံဌာနမှာလည်း ကုသိုလ်အရေးလက်မနှေးကြတဲ့ မြန်မာတို့ရဲ့ချစ်စဖွယ် စိတ်ရင်းစေတနာအရင်းခံနဲ့ သဒ္ဓါတရားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနေသူနဲ့ သာဓုအနုမောဒနာ အကြိမ်ကြိမ်ခေါ်ဆိုသူတွေရဲ့ စိတ်ချမ်းမြေ့ပီတိဖြစ်စရာ မြင်ကွင်းတစ်ခုကို လည်း တွေ့မြင်ရပါတယ်။
သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး
ရင်ပြင်တော်ပေါ်ရှိ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးမှာလည်း ပြုခဲ့သမျှကုသိုလ်ကောင်းမှု အစုစုတို့အတွက် ဝသုန္ဓရေဤမြေပံသု သီလာထုကို သက်သေတည်ကာ ခေါင်းလောင်းထိုး ကုသိုလ်ပြုသူ တွေရဲ့ မျက်နှာထက်မှာ ပီတိအပြုံးတွေဝေလို့နေ ပါတယ်။ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးရဲ့ အသံကို ကမ္ဘာတည်သရွေ့ တည်တံ့စေသား၊ ကြားရပါစေသား။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ရာသီ ဥတုနဲ့ အခြားသဘာဝဘေးဒဏ်ခံနိုင်ရည်ရှိစေရေး Steel Rebars တွေထည့်သွင်းပြီး သမားရိုးကျနည်းလမ်းတွေ၊ ခေတ်မီနည်းလမ်းတွေနဲ့ Composite နည်းပညာတွေပေါင်းစပ်ကာ တည်ထားကိုးကွယ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်းရှိ မြန်မာတို့ရဲ့ယဉ်ကျေးမှုအနုသုခုမလက်ရာတွေ အစဉ်တည်တံ့နေစေရေး ထိန်းသိမ်းစောင့်ရှောက်ကာ တန်ခိုးကြီး ဘုရားစေတီပုထိုးတွေ၊ သာသနိကအဆောက်အအုံ တွေကို သဘာဝဘေးဒဏ်နဲ့ လူတို့ရဲ့ပယောဂကြောင့် ပျက်စီးဆုံးရှုံးမှုမှကာကွယ်နိုင်ရေးအတွက် နိုင်ငံသားတစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းက မိမိတို့ ပိုင်ဆိုင်သမျှ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာတည်သရွေ့ ကြာရှည်စေလိုတဲ့ စိတ်ရင်းစေတနာနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားကြရမှာ ဖြစ်ပါတယ်။
သာသနာ့မှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ ဓမ္မအမွေအဖြစ်ပေးအပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် နောင်လာနောက်သားတွေအနေနဲ့ တန်းဖိုး မဖြတ်နိုင်တဲ့ ဓမ္မအမွေကို သက်ဝင်ယုံကြည်စွာ ဆည်းကပ်ပူဇော်လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဗုဒ္ဓသာသနာကမ္ဘာတည်သရွေ့ နေလို၊ လလို ထွန်းလင်းစေရေး ကမ္ပည်းမော်ကွန်းတည်ပါစေသော်ဝ်။ ။
မိဇာ