Skip to main content

မြန်မာသတင်းစာသက်တမ်း ၁၈၇ နှစ်ပြည့်ခရီးနှင့် ၁၀၉ နှစ်ပြည့် သမိုင်းဝင် မြန်မာ့အလင်း (အပိုင်း- ၃)

သီဟစည်သူ

(ယမန်နေ့မှအဆက်)

လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အကူအညီ

၁၉၃၉ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် အင်္ဂလိပ်နှင့်ဟစ်တလာ၏ ဂျာမနီတို့စစ်ကြေညာပြီး ဥရောပတိုက်တွင် ဒုတိယကမ္ဘာစစ်မီးကြီး ပေါက်ကွဲတောက်လောင်နေသော အချိန်အခါသမယဖြစ်သည်။ ထိုအချိန်တွင် ဗမာ့ထွက်ရပ်ဂိုဏ်းဝင်သခင်များသည် “အင်္ဂလိပ်အခက်-ဗမာ့အချက်”ဟူသော ကြွေးကြော်သံဖြင့် ၁၉၃၉ ခုနှစ် အောက်တိုဘာလထဲတွင် ဗမာ့ထွက်ရပ်ဂိုဏ်းကို စတင်ဖွဲ့စည်းခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းအတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ် ဩဂုတ် ၈ ရက်တွင် မြန်မာနိုင်ငံမှပြည်ပသို့ထွက်ခွာသွားခဲ့ပြီး စစ်ကူရှာဖွေခဲ့လေသည်။ ယင်းကိစ္စတွင် မြန်မာ့အလင်းမှ ဦးချစ်မောင်နှင့် တိုက်အုပ်ဦးတင်တို့က ငွေရေးကြေးရေးမှအစ အကူအညီ ထိထိရောက်ရောက်ပေးခဲ့ကြသည်။ ထို့ပြင် ဦးချစ်မောင်က ဗိုလ်ချုပ်အောင်ဆန်း ထွက်ပေါက်ချောင်အောင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာပြည်ထဲ၌ပင် ရှိနေသယောင် မြန်မာ့အလင်းသတင်းများ တွင် ရေးသားဖော်ပြ၍ နယ်ချဲ့အင်္ဂလိပ် အစိုးရ၏ စုံထောက်များကို မျက်စိလည်အောင် လှည့်စားပေးခဲ့သည်ဟု ဆိုသည်။ ထို့အတူ ၁၉၃၀ ပြည့်နှစ် ဂဠုန်ဆရာစံ လယ်သမားအရေးတော်ပုံကြီး၊ ၁၃၀၀ ပြည့်နှစ် ရေနံမြေသပိတ်၊ ဗိုလ်အောင်ကျော်အရေး၊ လွတ်လပ်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြားလာစေရေးတို့အတွက် သတင်း၊ ဆောင်းပါး၊ ကာတွန်းအစရှိသည်တို့ဖြင့် ရေးသားဖော်ပြခဲ့လေသည်။

သမိုင်းဝင်ကြေညာစာတမ်းကြီး

လွတ်လပ်ရေးအကြိုကာလ ၁၉၄၆ ခုနှစ် အောက်တိုဘာ ၁၉ ရက် ညပိုင်းက ရန်ကုန်မြို့ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ မြန်မာ့အလင်းသတင်းစာတိုက် အယ်ဒီတာခန်း၌ ပုဂ္ဂိုလ်ကြီးသုံးဦးတို့သည် စကားပြောလိုက် စာရေးလိုက်နှင့် အလုပ်များလျက်ရှိကြသည်။ ထို့နောက် ၎င်းတို့တိုင်ပင်ဆွေးနွေးပြီး နောက် ရေးသားထားသည့် စာတမ်း တစ်စောင်ကို ထိုအချိန်က မြန်မာ့အလင်းစာစီဌာနမှ ဖိုမင်ချုပ်ဦးသန်းဆောင်နှင့် နေ့စာဖောင်သွင်း ဦးထွန်းတင်တို့နှစ်ဦးအား စာစီစေခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီး သုံးဦးတို့၏ ကြေညာချက်မှာကား သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလတပ်ပေါင်းစုကြီးထဲမှ ထုတ်ပစ်လိုက်သည့် ကြေညာချက်ပင် ဖြစ်လေသည်။ ထိုကြေညာချက်ကို မြန်မာ့အလင်း၏ အယ်ဒီတာအခန်းထဲတွင် လာရောက် ရေးသားခဲ့သူ သုံးဦးမှာကား ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယဥက္ကဋ္ဌသခင်နုနှင့် ဖဆပလအဖွဲ့ချုပ် အမှုဆောင်လူကြီး မြန်မာ့အလင်းတိုက်အုပ် ဦးတင်တို့ပင်ဖြစ်လေသည်။ ယင်းကြေညာချက်မှာ များမကြာမီရက်အတွင်း သတင်းစာများ၏ ရှေ့ဖုံးစာမျက်နှာများတွင် သတင်းကြီးတစ်ပုဒ်အဖြစ် ပါရှိလာခဲ့ပေတော့သည်ဟု မြန်မာ့အလင်းသတင်းစာ အယ်ဒီတာတစ်ဦး အမည်ဖြင့် ၁၈-၇-၁၉၇၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရေးသားခဲ့သည်။ ယင်းနောက် အောက်တိုဘာ ၂၀ ရက်တွင် ရွှေတိဂုံဘုရားအနောက်ဘက် မုခ်၌ကျင်းပသည့် လူထုအစည်းအဝေးကြီးတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလတပ်ပေါင်းစုကြီးထဲမှ ထုတ်ပစ် လိုက်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက လူထုအားရှင်းပြခဲ့သည်။ အဆိုပါ လူထုအစည်းအဝေး၌ပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်ကြီးက တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရေးအတွက် ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ပြန်ကြားပေးရန် ဘိလပ်အစိုးရအား ရာဇသံပေးလိုက်တော့သည်။

စစ်ကြီးပြီးပြီ

ဂျပန်ခေတ်အတွင်း သတင်းစာ ဆက်လက်ထုတ်ဝေနိုင်ရေးအတွက် အယ်ဒီတာချုပ် ဦးသန်းတင့်(ဓူဝံ)နှင့် အယ်ဒီတာအဖွဲ့ဝင်များက ကြိုးစားဆောင်ရွက်ခဲ့ကြရာ ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)က ရန်ကုန်မြို့ကို ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် နှစ်ရက်အကြာ ၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့တွင် သတင်းစာကို ဆက်လက်ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နှင့် နာဂါဆာကီမြို့များပေါ်သို့ အမေရိကန်က အဏုမြူဗုံးချလိုက်ပြီးနောက် ဩဂုတ် ၁၄ ရက်တွင် ဂျပန် ဧကရာဇ် ဟီရိုဟီတိုက ဂျပန်လူထုအား ဂျပန်တို့စစ်ရှုံးပြီဖြစ်ကြောင်းနှင့် မဟာမိတ်တို့၏ ပို့စဒမ်ကြေညာစာတမ်း ကို လက်ခံလိုက်ပြီဖြစ်ကြောင်း တိုကျိုအသံလွှင့်ဌာနမှ အသံလွှင့်ကြေညာခဲ့လေသည်။ ယင်းသတင်းကို ရေဒီယိုမှ ဖမ်းယူရရှိခဲ့သော ဆရာဝန်ကြီး ဒေါက်တာဘသန်း (နောင်ဆေးတက္ကသိုလ်ပါမောက္ခချုပ်)က ဝမ်းသာအားရဖြင့် မြန်မာ့အလင်းသတင်းစာတိုက်သို့ ပြေးလာပြီး ဂျပန်တို့ လက်နက်ချလိုက်ပြီဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီဖြစ်ကြောင်းကို တိုက်အုပ်ဦးတင်ထံ သတင်းပေးရာမှ ယင်းနေ့၌ပင် စစ်ကြီးပြီးပြီဟူသော ညနေခင်းအထူးထုတ် မြန်မာ့အလင်းသတင်းစာတွင် သတင်းထူးသတင်းဦးကို ပထမဆုံးဖော်ပြနိုင်ခဲ့လေသည်။ ဒေါက်တာဘသန်း၏ နေအိမ်မှာ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ယခင်မြန်မာ့အလင်းသတင်းစာတိုက်နှင့် ကပ်လျက်တွင်ရှိသော ဆရာခိုလမ်းထဲတွင်ရှိခဲ့သည်ဟုဆိုသည်။ ဤသည်တို့မှာကား မြန်မာ့အလင်းသတင်းစာကြီးက တိုင်းပြည်ကောင်းစားရေးအတွက် ဆောင်ရွက်မှုများအနက်မှ အနည်းငယ်ထုတ်နုတ်ဖော်ပြခဲ့ခြင်းသာဖြစ်သည်။

မြန်မာ့အလင်းဝိုင်းတော်သားများ

မြန်မာ့အလင်း သတင်းစာခေတ်ဦးတွင်ပါဝင်ခဲ့ကြသည့် သတင်းစာဝိုင်းတော်သားများတွင် မြန်မာ့အလင်း ဦးစိန်း၊ ဒီးဒုတ်ဦးဘချို၊ ဗန္ဓုလဦးစိန်၊ ဆရာသင်၊ ယောဂီဦးတင်၊ ဝန်ကြီးဟောင်း ဦးတင်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဦးမောင်မောင်ခင်၊ ဦးသန်းတင့်(ဓူဝံ)၊ ဦးသိန်း(ဇဝန)၊ ဦးသောင်းညွန့်(ရွှေပိန်သောင်း)၊ ဦးပုကလေး၊ ဦးထွန်းရှိန်၊ ဦးစောဦး(ဂုဏ်ရောင်)၊ ဦးယုမောင် (ရန်ကုန်သတင်းစာ)၊ သခင်ဗဟိန်းတို့နှင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ်ဦးနု၊ သခင်သိန်းဖေ (ဦးသိန်း ဖေမြင့်)၊ သခင်သန်းထွန်း(သုပဏ္ဏက)၊ အကြံပေးအရာရှိဟောင်း ဦးအုန်း၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်တို့ဖြစ်ကြသည်။ မြန်မာ့အလင်းသတင်းစာတွင် ပင်တိုင်ရေး ကာတွန်းဆရာကြီးများအနေဖြင့် ဦးဘဂျမ်း၊ ဦးဟိန်စွန်း၊ ဦးဖေသိန်း၊ ဦးသန်းကြွယ်၊ ဦးအောင်ရှိန်နှင့် ဦးကျော် ဆန်း စသူတို့ပါဝင်ခဲ့ကြလေသည်။ စစ်ပြီးခေတ် မြန်မာ့အလင်းကာတွန်းများအနက် ၁၉၅၂ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာရှေ့ဖုံးပါ ကာတွန်းဦးဖေသိန်း၏ ကာတွန်းကိုထိုစဉ်က စက်မှုလက်မှုဝန်ကြီး ဆမား ဒူးဝါးဆင်ဝါးနောင်က သဝဏ်လွှာနှင့် အတူငွေ ၁၀၀ ချီးမြှင့်ခြင်းခံရသည့်အထိ လက်သံပြောင်မြောက်ခဲ့ကြောင်း သိရပေသည်။

မြန်မာ့အလင်းတွင် စောစောပိုင်းအချိန်၌ ခေါင်းကြီးပိုင်းကို ဦးစိန်း၊ ဆရာသင်နှင့် လွယ်အိတ်ကြီး ဦးဘလှိုင်တို့က ရေးသားခဲ့ကြသည်။ ဂျာနယ်ကျော် ဦးချစ်မောင်လက်ထက်တွင် ဦးချစ်မောင်ကိုယ်တိုင်လည်းရေးသားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နုတို့လည်း ရေးသားခဲ့လေသည်။ ၎င်းတို့အနက် ဂျာနယ်ကျော် ဦးချစ်မောင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ ဆရာသိန်းဖေမြင့်နှင့် ဦးသန့်တို့သည် မြန်မာ့အလင်း၏ အောင်မြင်သော ခေါင်းကြီးရေးဆရာများ ဖြစ်ခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပေ။

၁၉၁၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သော မြန်မာ့အလင်းသတင်းစာကြီးသည် သက်တမ်းရင့်သတင်းစာကြီး ဖြစ်သည့်အပြင် ခေတ်အဆက်ဆက် သမိုင်းတစ်လျှောက် သတင်းစာတည်တံ့ခိုင်မြဲရေးအတွက် ဇွဲရှိရှိ၊ သစ္စာရှိရှိဖြင့် ကြိုးပမ်းထိန်းသိမ်းခဲ့သည်။ မြန်မာ့အလင်းသတင်းစာသည် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ စစ်ပြီးကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်နှင့် ခေတ်ပြောင်းတော်လှန်ရေးကာလ တစ်လျှောက်တွင် ဣန္ဒြေရှိရှိဖြင့် ထုတ်ဝေနိုင်ခဲ့သည်။

ဤသို့ သမိုင်းတစ်လျှောက်ထူးခြားဖြစ်စဉ်များအား မှတ်တမ်းတင်လာခဲ့သည့် လက်ရှိထုတ်ဝေဆဲ မြန်မာသတင်းစာများအနက် သက်တမ်းအရှည်ဆုံးဖြစ်သည့် မြန်မာ့အလင်းသတင်းစာကြီးသည် ၁၉၁၄ ခုနှစ် ဩဂုတ် ၁၅ ရက်မှ စတင်၍ နေ့စဉ်သတင်းစာအဖြစ် ဆက်လက်ထုတ်ဝေလာခဲ့ရာ ၂၀၂၃ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် သက်တမ်း ၁၀၉ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပါသည်။

အမှန်တကယ်တော့ “သတင်းစာလုပ်ငန်းသည် စိတ်ပင်ပန်း၊ လူပင်ပန်းခံ၍ လုပ်ရသောအလုပ်တစ်ခု၊ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ရသော စုပေါင်းတာဝန်ယူအကောင်အထည်ဖော်ရသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ သတင်းစာသမားများသည် နံနက်အရုဏ်တက်ချိန်အလှကို မမြင်ရသလို ညနေ နေဝင်ဆည်းဆာချိန် အလှကိုလည်းမမြင်နိုင်ကြရရှာပါ။ လောကတွင် အလှဆုံးအချိန်နှစ်ခုကို မခံစားရရှာသူများဖြစ်သည်။ သတင်းစာမရိုက်မီကလည်း အချိန်မီရိုက်နိုင်ရန် တစိုက်မတ်မတ် ဆောင်ရွက်ကြရသည်။ ရိုက်နှိပ်ဖြန့်ချိ ပြီးပြန်တော့လည်း အမှားအယွင်းများ မတော်တဆပါသွားမည်လားဟု စိုးရိမ်ကြောင့်ကြနေကြရသည်။ မည်သို့ရှိစေ သတင်းစာသမားတို့သည် မိမိတို့ဝါသနာကြီးလှသော သတင်းစာလုပ်ငန်းကို မစွန့်ရက်၊ မခွာရက်၊ သံယောဇဉ် အမျှင် တန်းတန်းဖြင့် မနားမနေ တက်ညီလက် ညီ ဝိုင်းဝန်းဆောင်ရွက်လျက်သာရှိနေကြပါသည်။ သတင်းစာလုပ်ငန်း၏ တာဝန်ကားကြီးမားလှသကဲ့သို့ ပင်ပန်း လှပါသည်။ ထို့ပြင် ပြည်သူကို နား၊ မျက်စိဖွင့်ပေးလိုသော သတင်းစာသမား၏ စေတနာသည်လည်း အတိုင်းအဆ ကြီးမားလှပါသည်” ဟု သတင်းစာ ဆရာကြီး တက္ကသိုလ်တင်ခက သတင်းစာ သင်တန်းပို့ချချက်ဘာသာရပ်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ။

(ဆက်လက်ဖော်ပြပါမည်)