မြန်မာသတင်းစာသက်တမ်း ၁၈၇ နှစ်ပြည့်ခရီးနှင့် ၁၀၉ နှစ်ပြည့် သမိုင်းဝင် မြန်မာ့အလင်း (အပိုင်း- ၂)
သီဟစည်သူ
(ယမန်နေ့မှအဆက်)
မြန်မာ့အလင်းသတင်းစာသစ် ပြန်လည်ထုတ်ဝေခြင်း
ထို့နောက် ဦးကိုကိုကြီးက ရန်ကုန်မြို့ ပန်းဆိုးတန်း၌ မြန်မာ့အလင်းစာပုံနှိပ်တိုက်ဖွင့်ပြီးလျှင် ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် မြန်မာ့အလင်းသတင်းစာသစ် (The New Light of Burma) အမည်ဖြင့် တစ်ပတ်လျှင်သုံးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ၌ ထုတ်ဝေခဲ့သည်။ အယ်ဒီတာချုပ်မှာ ဦးစိန်း၊ တာဝန်ခံအယ်ဒီတာမှာ ဆရာသင်ဖြစ်၍ ဦးကိုကိုကြီး(နောင်တွင် အမရပူရရက်ကန်းကျောင်းအုပ်ကြီး)က တိုက်ပိုင်အဖြစ် ဆောင်ရွက်သည်။ ၁၉၁၉ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာသစ်ကို နေ့စဉ်သတင်းစာအဖြစ် ပြောင်းလဲထုတ်ဝေခဲ့သည်။ ၁၉၁၉ ခုနှစ် စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီတွင် အယ်ဒီတာ ဆရာသင်သည် လူဆိုးကြီးမောင်မိုး၏ လက်ချက်ဖြင့် အနိစ္စရောက်ခဲ့သဖြင့် ဦးစိန်းသည် မြန်မာ့အလင်း သတင်းစာတိုက်အုပ်အဖြစ် ဆောင်ရွက်ရသည့်အပြင် အယ်ဒီတာတာဝန်ကိုလည်း ဆောင်ရွက်ခဲ့ရသည်။
ဆရာသင်သေဆုံးပြီးနောက် နှစ်နှစ်ခန့်အကြာ ၁၉၂၁ ခုနှစ် ကုန်ခါနီးတွင် မြန်မာ့အလင်းသတင်းစာတိုက်ပိုင်ရှင် ဦးကိုကိုကြီးထံမှ ဦးမောင်မောင်ကြီး ဆိုသူက ငွေကျပ် ၂၀၀၀၀ ဖြင့် ဝယ်ယူပြီး စာ ပုံနှိပ်စက်နှင့် စာလုံးများနှင့်ဆိုင်သော ပစ္စည်းများအား ထပ်မံဝယ်ယူဖြည့်ဆည်းခဲ့သည်။ ထိုစဉ်က မြန်မာ့အလင်းသတင်းစာ၏ နေ့စဉ်စောင်ရေမှာ ၂၀၀၀၀ ကျော်အထိရှိခဲ့သည်။ သတင်းထောက်များကိုငွေပေး၍ စတင်ခန့်အပ်ခဲ့ပြီး နိုင်ငံခြားသတင်းထောက်များကိုလည်း ခန့်ထားနိုင်ခဲ့ကာ အယ်ဒီတာအဖွဲ့ဝင် ၃၀ နီးပါးနှင့် ကာယဉာဏ လုပ်သား ၃၀၀ အထိရှိခဲ့သည်။ နေ့စဉ် သတင်းစာ စာမျက်နှာ ၆၀ အထိဖြစ်ခဲ့ပြီး မြန်မာ့အလင်းမဂ္ဂဇင်းကိုလည်း ပူးတွဲ ထုတ်ဝေခဲ့သည်။
နေ့စဉ်သတင်းစာနှင့် ဂျာနယ်ထုတ်ဝေခြင်း
၁၉၂၁ ခုနှစ် မတ် ၁ ရက် အင်္ဂါနေ့တွင် တစ်ပတ်လျှင်သုံးကြိမ်ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာအပြင် နေ့စဉ်သတင်းစာကိုလည်း ထပ်မံထုတ်ဝေခဲ့သည်။ ထိုအတွင်း မြန်မာ့အလင်းဂျာနယ်ဟူ၍ တစ်ပတ်လျှင်တစ်ကြိမ် ထပ်မံထုတ်ဝေရာ နေ့စဉ်သတင်းစာအလုပ်များ နှင့် ရှုပ်ထွေးများပြားသဖြင့် ခြောက်လ ခန့် ထုတ်ဝေပြီး ရပ်ဆိုင်းထားခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၈၈ ခုနှစ်တွင် ရန်ကုန်မြို့ ဗုဒ္ဓသာသနာပြု အသင်းပိုင်စာပုံနှိပ် တိုက်၏ စက်များနှင့်တကွ ပစ္စည်းအစုံတို့ကို မြန်မာ့အလင်းအတွက် ဦးမောင်မောင်ကြီးက ထပ်မံဝယ်ယူပြီး အလုပ်ကို တိုးချဲ့ခဲ့သည်။
ညနေသတင်းစာထုတ်ဝေခြင်း
မြန်မာသက္ကရာဇ် ၁၂၉၁၊ ၉၂၊ ၉၃ ခုနှစ်၊ ခရစ်နှစ် ၁၉၂၉၊ ၃၀၊ ၃၁ ခုနှစ်များတွင် နေ့စဉ်နံနက်တိုင်း ထုတ်ဝေသည့် မြန်မာ့အလင်းရက်ခြားနှင့် နေ့စဉ်သတင်းစာများအပြင် ရုတ်တရက်ဖြစ်ပေါ်လာသည့် သတင်းများကို ဓာတ်ပုံနှင့်တကွ ညနေပိုင်းတွင် မြန်မာ့အလင်း အထူးသတင်းစာဟူ၍ ရံဖန်ရံခါ ထုတ်ဝေခဲ့သေးသည်။
၁၉၃၀ ပြည့်နှစ် ဩဂုတ် ၁၄ ရက် တွင် မြန်မာ့အလင်းသတင်းစာတိုက်ကို ပန်းဆိုးတန်းလမ်းရှိ တိုက်ဟောင်းမှ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဦးမောင်မောင်အုန်းခိုင် ပိုင်တိုက်ကြီးသို့ ရွှေ့ပြောင်းခဲ့သည်။ ယင်းတိုက်တွင် လုပ်ငန်းတိုးချဲ့လုပ်ကိုင်လာရာ မြန်မာ့အလင်းရွှေခေတ်ဟု ခေါ်ဆိုနိုင်သည်အထိ စောင်ရေ တစ်နေ့တခြား တိုးတက်ခဲ့သည်။
အများပိုင်ကုမ္ပဏီဖွဲ့စည်း
၁၉၃၃ ခုနှစ်တွင် ဦးမောင်မောင်ကြီး ကွယ်လွန်သည့်နောက် ဇနီး ဒေါ်ဒေါ်စု ဆက်လက်လုပ်ကိုင်ပြီး ၁၉၃၈ ရောက်သော် အများပိုင်ကုမ္ပဏီလီမိတက်အဖြစ် ဖွဲ့စည်းခဲ့သည်။
မြန်မာ့အလင်းအများပိုင် လီမိတက်တွင် ကြီးကြပ်အုပ်ချုပ်သူ မန်နေဂျင်းဒါရိုက်တာမှာ ဦးမောင်ကြီး (ကြို့ပင်ကောက်) ဖြစ်သည်။ ဦးမောင်ကြီးသည် ဒေါ်ဒေါ်စု၏ တူမအရင်းဖြစ်သူ ဒေါ်ခင်လေး၏ ခင်ပွန်းဖြစ်သည်။ တိုက်အုပ်မှာ ဦးတင်ကပင် ဆက်လက်တာဝန် ထမ်းဆောင်ခဲ့သည်။
ဦးမောင်ကြီး ကွယ်လွန်ပြီးသည့်နောက်တွင် မြန်မာ့အလင်းသတင်းစာတိုက် မန်နေဂျင်းဒါရိုက်တာအဖြစ် ဦးမောင်ကြီး၏ညီ ဦးဘအေးက ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာ့အလင်းအယ်ဒီတာချုပ်အဖြစ် ဦးသန်းတင့်(ဓူဝံ)က တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၆ ခုနှစ် စက်တင်ဘာ ၁ ရက်အရောက်တွင် နောက်ဆုံးပိုင်ရှင် ဦးဘအေးက လုပ်သားပိုင်အဖြစ် လွှဲပြောင်းပေးခဲ့သဖြင့် လုပ်သားပိုင် မြန်မာ့အလင်းသတင်းစာ အဖြစ် ဆက်လက်ထုတ်ဝေခဲ့သည်။
ယင်းနောက် ၁၉၆၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် မြန်မာ့အလင်းနှင့်အတူ ဟံသာဝတီသတင်းစာကို ပြည်သူပိုင်သိမ်းခဲ့ပြီး ဆက်လက်ထုတ်ဝေခဲ့ရာ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် မြန်မာ့အလင်းသတင်းစာ ထုတ်ဝေမှုကို ခေတ္တရပ်နားခဲ့သည်။ ယင်းနောက် ၁၉၉၃ ခုနှစ် ဧပြီ ၁၇ ရက်တွင် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကို မြန်မာ့ အလင်းအမည်ဖြင့် ပြန်လည်အသက်သွင်းကာ ၁၉၉၆ ခုနှစ်တွင် ဗဟန်းမြို့နယ် ဗိုလ်ချို (၂)ရပ်ကွက် နတ်မောက် လမ်းသွယ်(၁) အမှတ် (၅၃) သို့ ပြောင်းရွှေ့ထုတ်ဝေခဲ့သည်။
ရောင်စုံစတင်ထုတ်ဝေ
ထို့နောက် ၂၀၀၉ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတိုက် ပင်ရင်းဌာနကို နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲသို့ ထပ်မံပြောင်းရွှေ့ပြီး ရောင်စုံ ၁၆ မျက်နှာကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှစတင်၍လည်းကောင်း၊ ရောင်စုံ ၃၂ မျက်နှာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း ပြောင်းလဲထုတ်ဝေခဲ့သည်။
မျက်မှောက်ကာလတွင် နိုင်ငံပိုင်သတင်းစာအနေဖြင့် ထုတ်ဝေလျက်ရှိသည့် မြန်မာ့အလင်းသတင်းစာကို သတင်းအချက်အလက် နည်းပညာခေတ်နှင့်အညီ အများပြည်သူ စိတ်ဝင်စားမှုရှိစေရေးအတွက် ပုံမှန်ဖော်ပြပေးနေကျ ထုတ်ပြန်ကြေညာချက်များ၊ သတင်း၊ ဆောင်းပါး စသည်တို့အပြင် ဇီဝစုံလင်သဘာဝဝန်းကျင်၊ ပျော်ရွှင် လေ့လာ အင်္ဂလိပ်စာ၊ နိုင်ငံတကာ အားကစားမြင်ကွင်း၊ စိုက်၊ မွေး၊ စီးပွား၊ ရွှေနိုင်ငံမြင်ကွင်းကျယ်၊ နည်းပညာနှင့် သတင်းအချက်အလက်၊ ကုန်သွယ်စီးပွား ပြည်တွင်းပြည်ပသတင်းများ အစရှိသည့် ကဏ္ဍသစ်များအား အသွင်သစ်အမြင်သစ်ဖြင့် အပတ်စဉ် ဖော်ပြပေးလျက်ရှိပါသည်။
ပထမဦးဆုံး သတင်းစာဆရာတစ်ဦး သတ်ဖြတ်ခံရမှု
၁၉၁၉ ခုနှစ် စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့ ည ၁၀ နာရီတွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ အလင်းသတင်းစာသစ်၏ တာဝန်ခံအယ်ဒီတာ ဆရာသင်သည် တိုက်အုပ်ဦးစိန်းနှင့်အတူ အိမ်သို့ပြန်ရန်အတွက် ရန်ကုန်ဘူတာကြီးဘက်သို့ လမ်းလျှောက်လာစဉ် ဘူတာကြီးနာရီစင် အနီးရောက်သောအခါ လူဆိုးမောင်မိုး ဆိုသူက ဆရာသင်အား ဓားဖြင့်ထိုးမှုကြောင့် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။ အတူပါလာသော ဦးစိန်းက လည်း ၎င်းတွင်ပါလာသော တုတ်ဖြင့် လူဆိုးကြီး မောင်မိုးအား ရိုက်နှက်ခုခံခဲ့သော်လည်း မထိရောက်ခဲ့ပေ။ ထိုအချိန်က ဆရာသင် အသတ်ခံရမှုသည် မြန်မာနိုင်ငံသတင်းစာသမိုင်း၌ ပထမဦးဆုံး သတင်းစာ ဆရာတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုပင်ဖြစ်သည်။
ဦးကိုကိုကြီး အရိုက်ခံရခြင်း
၁၉၂၀ ပြည့်နှစ် ဝန်းကျင်ခန့်က ရန်ကုန်အနောက်ပိုင်း ကြည့်မြင်တိုင်တွင် မီးအကြီးအကျယ် လောင်ခဲ့သည်။ မီးလောင်သည့် ရပ်ကွက်မှာ တိုက်အိမ်များထက် တဲများပေါများသော ရပ်ကွက်ဖြစ်သည်။ မီးသတ်သမားများသည် တိုက်အိမ်များကိုသာ မီးသတ်ပိုက်များ ဖြင့် ရေပက်ဖျန်းပေးခဲ့ပြီး တဲအိမ်များအားလုံးမှာ မီးဝါးမျိုခြင်းခံလိုက်ရသည်။ ယင်းဖြစ်ရပ်တွင် တဲအိမ်များမှာ မီးလောင်လွယ်၍ အကုန်လုံးမီး ကူးစက်လောင်ကျွမ်းသွားခြင်းပေလော သို့မဟုတ် တိုက်အိမ်ရှင်များက ငွေပေး၍ မီးသတ်သမားများက တိုက်အိမ်များကို ရေကြိုတင်ပက်ဖျန်းပေးနေသဖြင့် တဲအိမ်များမှာ မီးဝါးမျိုခံသွားရခြင်းပေ လောဟုတွေးတောဖွယ်ရာ ရှိနေသည်။ ထို့ကြောင့် ဤအချက်ကို မြန်မာ့အလင်းက ကာတွန်းတစ်ပုံဖြင့် ကလိခဲ့သည်။
ဤသို့ မြန်မာ့အလင်းက ကာတွန်းရုပ်ပုံဖြင့် ကလိလိုက်ခြင်းကို မီးသတ်ဗိုလ် မျက်နှာဖြူမက်ကင်ဇီက အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ထိုအမှုသည် ဒဏ်ငွေငါးရာမှ ထောင်ခြောက်လ အမိန့်ချမှတ်မည်ဖြစ်ကြောင်း ကြိုတင်သိနေကြသည်ဟုဆိုသည်။ ထိုအတောအတွင်း၌ မီးသတ်ဌာနရှေ့မှ လန်ချားစီး၍သွားသော ဦးကိုကိုကြီးအား မီးသတ်သမား တစ်ဦးက သံတုတ်ဖြင့် ရိုက်ခဲ့သည်။ ထို့ကြောင့် ဦးကိုကိုကြီး၏ နောက်စေ့တွင် သေရာပါရှင်ရာပါ ဒဏ်ရာကြီးရရှိခဲ့သည်။
ထိုအကြောင်းနှင့်ပတ်သက်၍ “မြန်မာ့အလင်း သတင်းစာပိုင်ရှင် ဦးကိုကိုကြီးသည် မြန်မာ့အလင်းသတင်းစာသစ်ကို စတင်ထုတ်ဝေ၍မှ မကြာမီမှာပင် ဆရာသင်ဓားထိုး၍ အသတ်ခံရခြင်း၊ မိမိကိုယ်တိုင်လည်း သတင်းစာတွင် ပါလာသည့် သတင်းတပုဒ်ကြောင့် အရိုက်ခံခဲ့ရခြင်း၊ ဝေလ မင်းသားအလည်လာစဉ်က ဦးစိန်းအား နယ်နှင်ဒဏ်ပေးခြင်းတို့ကြောင့် သတင်းစာလုပ်ငန်းတွင် စိတ်ကုန်ခမ်း သွားဟန်တူသည်။ ၁၉၂၁ ခုနှစ် အကုန်လောက်တွင် မြန်မာ့အလင်းသတင်း စာတိုက်ကို ရောင်းချပစ်လိုက်ပြီး မန္တလေးသို့ပြန်၍ မိမိတတ်ကျွမ်းလာခဲ့သော ယက္ကန်းလုပ်ငန်းကို ထူထောင်လုပ်ကိုင် နေလေတော့သည်”ဟု သတင်းစာ ဆရာကြီး ဇဝနက စာနယ်ဇင်းနှင့် နိုင်ငံရေး စာတန်းတွင် မှတ်ချက်ပြုရေးသားခဲ့သည်။
သူရိယနှင့် မြန်မာ့အလင်းတို့အကြားက ပြဿနာ
မြန်မာ့အလင်းသတင်းစာကို သူရိယသတင်းစာကြီး ပေါ်ထွက်လာပြီးနောက် သုံးနှစ်အကြာ ၁၉၁၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ သူရိယသည် မြန်မာ့အလင်းထက် အသက် ၃ နှစ်ကြီး ပြီး မြန်မာ့အလင်း၏ နောင်တော်ဟု ပင်ဆိုနိုင်သည်။ သို့သော် မြန်မာ့အလင်း၏ လုပ်ရပ်တစ်ခုကြောင့် သူရိယ သတင်းစာကို ကြီးကြပ်အုပ်ချုပ်ထုတ်ဝေသူ ဘကြီးဘဖေနှင့် သူရိယဝိုင်းတော်သားအချို့၏ စိတ်ထဲတွင်အောင့်သက်သက်နှင့် ခံပြင်းခဲ့ရသော အချက်တစ်ချက်ရှိသည်။ အကြောင်းမှာ ဘာနုရာဇာနေမင်း(သူရိယ)သည် ရောင်ခြယ်တစ်ထောင် အလင်းရောင်ကိုသာဆောင်နိုင်သည်။ မြန်မာ့အလင်း၏ ဟာရိတဗြဟ္မာကြီးမှာမူကား လက်ညှိုးတစ်ချောင်းညွှန်လျှင် စကြဝဠာတိုက် တစ်သောင်းကို အမှောင်ခွင်း၍ အလင်းဆောင်နိုင်ပေသည်။ ဤသဘောကို ရည်ညွှန်းဖော်ဆောင်ပြီး မြန်မာ့အလင်းက သူရိယအား “ရောင်ခြယ်တစ်ထောင်၊ အလင်းဆောင်သည့် ထွန်းပြောင်ထိန်ဝင်း ရှင်နေမင်းထက်၊ လွန်ကဲမင်းထ၊ ဟာရိတ…ဟု၊ ဗြဟ္မအရောင်၊ ထွန်းလင်း ပြောင်သား …” ဟူသော ကဗျာဖြင့် မထိတထိ ကလိခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
နောက်ပိုင်း၌မူကား သူရိယသည် ဂဠုန်ဦးစောလက်ထဲသို့ ရောက်သွားခဲ့ပြီးနောက် မြန်မာ့အလင်းသတင်းစာမှာ နှိပ်ကွပ်ခံခဲ့ရလေတော့သည်။ ဂဠုန် ဦးစောအာဏာရနေသည့်အချိန် ၁၉၄၀ ပြည့်နှစ်တွင် ပန်းတနော်မြို့နယ် မင်းဂရုရွာတွင်တည်ရှိသော ဘုရားတစ်ဆူ၏ ပရိဝုဏ်အတွင်းသို့ မအူပင်အရေးပိုင် မစ္စတာဝက်ဖ်စတာဆိုသူက ဖိနပ်စီးဝင်ရောက်ခဲ့ခြင်းကို မြန်မာ့အလင်း ခေါင်းကြီးပိုင်းမှ “အိုင်စီအက်စ်များ” ဟူသည့်ခေါင်းစဉ်ဖြင့် ရှုတ်ချရေးသားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ရက်အကန့် အသတ်မရှိ ပိတ်ပစ်ခြင်းခံလိုက်ရလေ တော့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ထိုအချိန်က မြန်မာ့အလင်းသတင်းစာ တာဝန်ခံအယ်ဒီတာ ဦးသန်းတင့်(ဓူဝံ)နှင့် ဦးစောတို့ နှစ်ကြိမ်ခန့်တွေ့ဆုံခဲ့ပြီး နောက် အပိတ်ခံရသည့်နေ့မှ ၁၅ ရက် အကြာတွင် ပြန်လည်ထုတ်ဝေခွင့်ရခဲ့သည်။
အယ်ဒီတာချုပ် ဦးစိန်း နယ်နှင်ဒဏ်အပေးခံရ
၁၉၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်တနင်္လာနေ့တွင် ဝေလမင်းသား မြန်မာပြည်သို့ ရောက်ရှိလာသည်။ အဋ္ဌမမြောက် ဗြိတိသျှဘုရင်လောင်းလျာဖြစ်သော ဝေလ အိမ်ရှေ့မင်းသား (နောင်သော် ဝင်ဆာ မြို့စားကြီး) ကို အလိုတော်ရိကြီးများက သမီးကညာများဖြင့် ပန်းစည်းဆက်၍ ကြိုဆိုသော ကပွဲများ၊ ဧည့်ခံပွဲများဖြင့် ခမ်းနားကြီးကျယ်စွာ ကျင်းပရန် စီစဉ်ထားကြသည်။
သတင်းစာများကမူ သပိတ်မှောက်ရန် လှုံ့ဆော်ရေးသားကြသည်။ သို့အတွက် The New Burma သတင်းစာ အယ်ဒီတာ ဦးဘလှိုင်ကို မော်လိုက်သို့၊ မြန်မာ့အလင်း သတင်းစာဆရာ ဦးစိန်းအား ဟုမ္မလင်းသို့၊ မြန်မာ့ဝန်ထမ်းသတင်းစာ ရမ်းဗြဲဦးမောင်မောင်အား အခြားမြို့တစ်မြို့သို့ နယ်နှင်ဒဏ်ပေးခဲ့သည်။ ဝေလမင်းသားပြန်သွားပြီးနောက်မှသာ ထိုအမိန့်များကို ရုပ်သိမ်းခဲ့သည်ဟု ဆိုသည်။
၁၉၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် ဗုဒ္ဓဟူး နေ့ထုတ် New Burma သတင်းစာ၌ မြန်မာ့အလင်းသတင်းစာကို ကျပ်ငွေ ၂၀၀၀၊ ပညာ့အလင်းသတင်းစာကို ကျပ် ငွေ ၂၀၀၀၊ ဗန္ဓုလဂျာနယ်ကို ကျပ်ငွေ ၂၀၀၀၊ ဝရဇိန်ဂျာနယ်ကို ကျပ်ငွေ ၂၀၀၀ အကြောင်းတစ်စုံ တစ်ရာမပြဘဲ အစိုးရ က အာမခံ တင်ခိုင်းကြောင်း ပါရှိသည်။ ထိုသို့ သတင်းစာများကို အာမခံတောင်း ၍ “ဂုဏ်ပြုရာ၌” ထိုအထဲ၌ မြန်မာ့ဝန်ထမ်းသတင်းစာမပါရှိသည်ကို ကျွန်ုပ်တို့ အံ့ဩစွာ တွေ့ရှိကြောင်းဟူ၍ မှတ်ချက်သဘောဖြင့် ဖော်ပြထားကြောင်း တက္ကသိုလ်ထင်ကြီး၏ မြန်မာနိုင်ငံသတင်းစာများအညွှန်း (ပထမတွဲ) တွင် ဖော်ပြထားသည်။
ဗြိတိသျှအစိုးရက ခေါ်ယူသတိပေးခြင်း
၁၉၃၆ ခုနှစ်တွင် ဂျာနယ်ကျော် ဦးချစ်မောင်အား ဗြိတိသျှအစိုးရအရာရှိက မြန်မာ့အလင်း သတင်းစာပါ သတင်းတစ်ပုဒ်နှင့်ပတ်သက်၍ ခေါ်ယူသတိပေးခဲ့သည်။ အကြောင်းမှာမူကား အက်ဒဝပ် ဘုရင်(ဝေလမင်းသား) နန်းစွန့်သည့်သတင်းကို မြန်မာ့အလင်းမှ ဦးဦးဖျားဖျား ဖော်ပြလိုက်ခြင်းကြောင့်ပင်ဖြစ်သည်။ အဆိုပါသတင်း အပြည့်အစုံမှာ “ကျွန်ုပ်မှန်သည်ဟု ယူဆ၍ လိုက်ခဲ့သော လမ်းစဉ်သည် ပြည်သူလူထု၏ ပျော်ရွှင်ရေးနှင့်တကွ အင်္ဂလန်ထီးနန်း နှင့် အင်ပါယာ ခိုင်မြဲရေးအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယုံကြည်မြှော်လင့်ပါသည်ဟူ၍ အက်ဒဝပ်ဘုရင်သည် ထီးနန်းစွန့်သဝဏ်လွှာကို ကမ္ဘာသို့ ဖတ်ကြားအသံလွှင့်ပြီး ၁၉၃၆ ခုနှစ် အကုန် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ညီတော်ဖြစ်သူ ယော့နယ်စား (ယခု အဲလစ်ဇဘက် ဘုရင်မ၏ ဖခင်)အား ဆဋ္ဌမမြောက်ဂျော့ဘုရင်အဖြစ် ထီးနန်းကို လွှဲအပ်ပေးခဲ့လေသည်၊ အက်ဒဝပ်ဘုရင်သည် ဝင်ဆာမြို့စားကြီးအဖြစ် ခံယူကာမစ္စက်ဆင်မဆင်ကို လက်ထပ်ယူခဲ့လေ၏”ဟု အိန္ဒိယပြည် ကာလကတ္တားမြို့မှ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော အမ်မရီတာဘဇား ပတ်ထရီကာ သတင်းစာကြီးထဲ၌ ပါရှိလာသည်ကို ဦးသိန်းဖေမြင့်က ယင်းသတင်းကိုဖြတ်ယူ၍ လေကြောင်းစာဖြင့် ပေးပို့ခဲ့သည်။ အဆိုပါစာမှာ မြန်မာ့အလင်းသို့ နေ့ချင်းရောက်ရှိလာသဖြင့် နိုင်ငံခြားကြေးနန်း ဘာသာပြန်အယ်ဒီတာ ဆရာဇဝနက ဘာသာပြန်ဆိုရေးသား၍ မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးတွင် ဝေဝေဆာဆာ ထည့်သွင်းဖော်ပြခဲ့လေသည်။
နောက်တစ်နေ့နံနက်၌ အဆိုပါ သတင်းနှင့်ပတ်သက်၍ မြန်မာ့အလင်းသတင်းစာကြီး တစ်စောင်တည်းတွင်သာ ပထမဦးစွာပါရှိလာသဖြင့် ကြီးစွာဂယက်ရိုက်လေတော့သည်။ ထိုသတင်း ကို အစိုးရပိုင်းက ဘိလပ်ကသတင်းမလာ သေးခင်မြန်မာ့အလင်းမှ သတင်းထည့်ခဲ့သည့်အတွက် ဖြေရှင်းရန် အတွင်းဝန်ချုပ် မစ္စတာဘုသ်ဂရေဗလီက အတွင်း ဝန်ရုံးသို့ခေါ်ယူခဲ့သည်။ ထိုအခါ မြန်မာ့ အလင်းမှ တာဝန်ခံအယ်ဒီတာ ဂျာနယ်ကျော် ဦးချစ်မောင်က လုံချည်ဝတ်၊ ခုံဖိနပ်ကြီး တဂျောက်ဂျောက်နှင့် အတွင်းဝန်ရုံးခန်းသို့ ဝင်သွားပြီး ကုလားထိုင်ကို အသံမြည်အောင် ဆွဲထိုင်လိုက်ရာ အတွင်းဝန်ချုပ်က ဝေလမင်းသားနန့်စွန့် သည့်သတင်းကို ဘိလပ်ကကြေးနန်းမရ သေးသည့်အတွက် အတည်မဟုတ်သေးကြောင်း၊ ထို့ကြောင်း သတင်းပြန်ပြင်ထည့်ရန် ဒေါသတကြီးပြောဆိုခဲ့ရာ ဂျာနယ်ကျော် ဦးချစ်မောင်က “ခင်ဗျားတို့အစိုးရသတင်း အရနောက်ကျနေတာ ကို ကျုပ်ကတိုင်းသူပြည်သားတယောက်အနေနဲ့တော့ အများကြီးဝမ်းနည်းပါတယ်။ ဒီသတင်းဟာ အမှန်သတင်းဖြစ်နေပြီမို့ ကျုပ်ပြင်ပြီး ထည့်မပေးနိုင်ဘူး။ အချိန်မကြာတော့ပါဘူး၊ ဘိလပ်က ဒီသတင်းနဲ့ပတ်သက်ပြီး ခင်ဗျားတို့ဆီ အမြန် ရောက်လာတော့မှာမို့ ခင်ဗျားတို့ အစိုးရအဖွဲ့ကြီး မကြာခင်လိမ်မာ လာပါလိမ့်မယ်”ဟု ပြော၍ ထွက်ခဲ့ လေသည်ဟု ဂျာနယ်ကျော်မမလေး၏ သူလိုလူစာအုပ်ကိုကိုးကား၍ သတင်းစာ ဆရာကြီး ချစ်ကြည်ရေး ကြည်ညွန့်က သမိုင်းဝင် သူရိယ - မြန်မာ့အလင်းနှင့် မြန်မာနိုင်ငံရေးစာအုပ်တွင်ရေးသား ဖော်ပြခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)