ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စား လူ့အခွင့်အရေး ညစ်လုံးအောက်က လူနည်းစုများ
မြင့်မြတ်
ယူကရိန်းအရေးအခင်းနဲ့ အကျပ်အတည်းဆိုက်နေချိန်၊ ကမ္ဘာကြီးမှာ ဟိုနေရာတစ်စ၊ ဒီနေရာတစ်စမီးပွားများကြားမှာ လူမှုစီးပွားပဋိပက္ခများ တစ်ဖန်ပေါ်လာခဲ့ရပြန်ပါပြီ၊၊ လူ့အခွင့်အရေးကို ရှေ့တန်းတင်လွန်းလှတဲ့၊ ပွင့်လင်းပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုရဲ့ ရှေ့နောက်မလျော်တဲ့ အခြေအနေများဟာ ခန့်မှန်းရခက်နိုင်ပါတယ်၊၊ အကြမ်းဖက်မှန်းသိသိကြီးနဲ့ အကြမ်းဖက်ကိုမှ အလွန့်အလွန်စာနာသနားပြနေခဲ့တဲ့ နိုင်ငံ၊ ဒီမိုကရေစီကို ဖက်တွယ်ပြီး ထောင်ကျသူကိုတောင် ပန်းခြင်းချသနားပြ၊ သူများအိမ်တွင်းရေး ဝင်စွက်ဖက်ခဲ့သူတွေ...။
မှန်းဆရခက်တဲ့ခန့်မှန်းချက်များကြားက
ကမ္ဘာကြီးမှာ အမုန်းတရားနဲ့ ချစ်ခြင်းမေတ္တာအကြား အများကြီးခြားနားသွားခဲ့ပါပြီ။ ထိလွယ်ရှလွယ် လူ့အဖွဲ့အစည်းတစ်ခုကို အချိန်အကြာကြီးပိုက်မိပြီးမှ ပြန်ပြီးလည်းလွှတ်ချမရ၊ အကြာကြီးလည်း ဆွဲမထားချင်၊ နိုင်ငံရေးကို ဘာသာရေးနဲ့ရော၊ ဘာသာရေးကို နိုင်ငံရေးနဲ့ရော အရောအနှောစုံမှာ ကိုယ်မွေးထားသူက ကိုယ့်ပြန်ခြောက်တာခံရတဲ့ အခြေအနေတချို့ကို ပြင်သစ်မြင်ကွင်းကနေ သင်ခန်းစာယူသင့်ပါတယ်။
ကိုယ်မွေးထားတဲ့ တာလီဘန်ရဲ့ ပြန်မောင်းထုတ်တာခံခဲ့ရတဲ့ အမေရိကန်၊ ကိုယ်မြှုပ်နှံထားတဲ့ အိုက်စစ် (ISIS) တို့နဲ့မှ တစ်ကျော့ပြန်ရန်သူဖြစ်ခဲ့ရတဲ့ အမေရိကန်တို့ရဲ့ ဖြစ်စဉ်နမူနာအတိုင်းပါပဲ။ ယခုလည်း ပြင်သစ်မှာကြုံခဲ့ရပါပြီ။ ပြင်သစ်နိုင်ငံသားအဖြစ် ခံယူခဲ့ပြီးသူ နိုင်ငံရပ်ခြားက အခြေအနေမဲ့ဒုက္ခသည်တွေ၊ နိုင်ငံရေးနဲ့ ပြည်တွင်းစစ်အဖြစ်ဆိုးကြောင့် နေရပ်စွန့်ခွာသားကောင်တွေရဲ့ဘဝကို နိုင်ငံရေးလုပ် ကယ်တင်ရင်းနဲ့ ယနေ့လိုကာလမှာ ထိုလူတွေရဲ့ သင်ခန်းစာပြန်ပေးတာခံနေရတဲ့ ပြင်သစ်အစိုးရနဲ့ လူနည်းစုနိုင်ငံသားတွေရဲ့ ပဋိပက္ခတွေ၊ ဆန္ဒပြသူတွေအပေါ် အစိုးရနဲ့ရဲတပ်ဖွဲ့ရဲ့ ပြန်လည်တုံ့ပြန်ပုံ တုံ့ပြန်ခဲ့တဲ့နည်းတွေဟာ သင်ခန်းစာယူသင့်တဲ့ အခြေအနေများလည်း ဖြစ်ပါတယ်။
ယနေ့ ကမ္ဘာ့နိုင်ငံရေးအတော်များများဟာ ကြိုတင်ကြံစည်မှုများလို့ သတ်မှတ်နိုင်သလို တိုက်ဆိုင်မှုတွေအဖြစ်လည်း မြင်နိုင်ပါတယ်၊၊ BRICS ကိုသွားပြီး မျက်စပစ်မိတဲ့ မေကရွန်ကို CIA က ပြန်ပြီး ပညာပေးလိုက်တာလို့လည်း ယူဆနေသူတွေရှိလေတော့ မှန်တယ်လို့လည်း ပြောလို့မရသလို မှားတယ်လို့ လည်း ဆိုလို့မရပြန်ဘူးပေါ့။ တော်ပါသေးတယ်။ ပြင်သစ်ကြီး ဘက်ပေါင်းစုံပြိုကျ မသွားတာကံကောင်း။ ပြင်သစ်အဓိ ကရုဏ်းက သူတစ်နိုင်ငံတည်းနဲ့လည်း မပြီးခဲ့၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံနိုင်ငံများအထိပါ ကူးစက်သွားပုံကို ကြည့်ခြင်းအားဖြင့် ဥရောပဒေသမှာ လူမှုစီးပွားဘဝတွေ တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာ နေပြီဆိုတဲ့သဘောကို ထင်ဟပ်လာပြီလား၊ သပ်လျှိုသွေးခွဲမှုတွေကြောင့် အိမ်နီးချင်းပြည်တွင်းရေး ပြဿနာတစ်ခုမှသည် ဒေသတွင်းအခြားအိမ်နီးချင်းနိုင်ငံများ ဆီပါ ပျံ့နှံ့သွားတတ်တဲ့သဘောလား၊ စဉ်းစားထားရမယ့်အရာတွေ များစွာ များစွာရှိနိုင်ပါတယ်။
အသုံးချခံအဖြစ် အသုံးချခံရတတ်သည်
ပြင်သစ်ပြည်ကြီး မီးဟုန်းဟုန်း တောက်ခဲ့ရတဲ့ကိစ္စဟာ ပဲရစ်မြို့ ဆင်ခြေဖုံးဆင်းရဲသားရပ်ကွက်က ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ပြင်သစ်အယ်ဂျီးရီးယား နွယ်ဖွားလူငယ်တစ်ယောက်ကို ပြင်သစ် ရဲအရာရှိတစ်ဦးက ယာဉ်စည်းကမ်း မလိုက်နာတဲ့ အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်မိရာက စလိုက်တာပါပဲ။ ပြင်သစ်ရဲအရာရှိတွေရဲ့ မမှားသင့်တဲ့ဆိုးရွားတဲ့မှားယွင်းမှုတစ်ခုကနေ ကံဆိုးလှတဲ့ လူငယ်လေးတစ်ယောက် ယခုလို အသတ်ခံခဲ့ရတာဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ နိုင်ငံတစ်နိုင်ငံကို ပျက်စီးစေချင်ပြီဆိုရင် ကျောင်းသားအရွယ် လူငယ်လူမမယ်လေးတွေဟာ အမြဲတမ်းဓားစာခံဖြစ်ရရှာတဲ့ ဒီအတွေ့အကြုံမျိုးဟာ မရိုးသော်လည်း သတိထားရမယ့် သင်ခန်းစာအဖြစ် သိရှိထားရပါမယ်။
ယာဉ်ကြောတွေအင်မတန်ကျပ်နေချိန်မှာ သူသူကိုယ်ကိုယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုတာ ဖောက်ဖျက်မိတတ်ကြပါတယ်။ ဒါပေမဲ့ လူငယ်တစ်ဦး ဥပဒေမဲ့သေဆုံးသွားရတဲ့အထိ ဖြစ်ပျက်သွားတာကိုတော့ အသေးအဖွဲဆိုပြီး ပေါ့ပေါ့တန်တန်သဘောထားလို့မရပါဘူး။ အခွင့်အရေးအဖြစ် အသုံးချချင်တဲ့ နိုင်ငံရေးတောကြောင်တွေ၊ စက်ဘီးတစ်စီး၊ ကားတစ်စီးနဲ့ လမ်းသလားနေတဲ့ သူလျှိုဒလန်တွေဟာ မနီးမဝေးဝန်းကျင်မှာ အမြဲရှိနေတတ်ပါတယ်။ ပြင်သစ်ရဲတွေဟာ သတိမမူဂူမမြင်သည့်အလား အမှိုက်ကစ၊ ပြာသာဒ်မီးလောင်တတ်တဲ့အခြေအနေကို လျှော့တွက်ခဲ့သလား၊ တမင် မမြင်ချင်ယောင်ဆောင်တာပဲလားမသိ။ သူတို့ပဲသိနိုင်တဲ့ အခြေအနေမို့ သင်ခန်းစာယူစရာအဖြစ်နဲ့သာ သတိထားရမှာဖြစ်ပါတယ်။
မမြင်ချင်မသိချင် ဖုံးဖိထားခြင်းဖြင့်
နောက်ခံအခြေအနေကို ပြန်ကြည့်ရင် ဥရောပကအတိုးတက်အဖွံ့ဖြိုးဆုံးသော နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်မှာဘာကြောင့် ဒီလိုသွေးထွက်သံယို အဓိကရုဏ်းမှု ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွေ မကြာမကြာဖြစ်နေရပါသလဲ၊၊ ၂၀၀၃ ခုနှစ် သမ္မတနီကိုလပ် ဆာကိုဇီလက်ထက်မှာလည်း သုံးပတ်ကြာ အဓိက ရုဏ်းတွေဖြစ်ခဲ့ဖူးတယ်၊ ပင်စင်ပြုပြင်ရေးနဲ့ပတ်သက်ပြီး ယခုနှစ်ထဲမှာလည်း ဖြစ်ခဲ့ဖူးတယ်၊ ယခု ၂၀၂၃ ခုနှစ် ဇွန်လထဲ ၈ ရက်ကြာဖြစ်စဉ်ကတော့ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးတယ်ဆိုတဲ့ ပြင်သစ်သမိုင်းမှာ အဆိုးရွားဆုံးပါပဲ။ မီးပွားတစ်ခုဟာ တောမီးပမာ လိုင်ယွန်၊ လိုင်လီ၊ မာဆေးလ်၊ ဘော့ဒိုးစတဲ့ မြို့ကြီးတော်တော်များများကို ပျံ့နှံ့သွားပြီး ပြည်သူပိုင်အဆောက်အအုံတွေ၊ ရဲစခန်းတွေ၊ ကျောင်းတွေ၊ စတိုးဆိုင်တွေ၊ မြို့နယ်ခန်းမတွေနဲ့ မော်တော်ယာဉ်များစွာဟာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးရဲ့ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရပါတယ်။
နေရာအနှံ့လုယက်မှုတွေ၊ မီးရှို့မှုတွေဖြစ်ခဲ့ပြီး ကားဗုံးပေါက်ကွဲသည်အထိဖြစ်ခဲ့တယ်။ မြို့တော်ဝန်ကိုပါ တိုက်ခိုက်ခဲ့ကြတဲ့အတွက် မြို့တော်ဝန်ဇနီး ခြေထောက်ကျိုးသွားခဲ့ရတယ်။ ပြင်သစ်လုံခြုံရေး အဖွဲ့အစည်းတွေကလည်း ပြင်းပြင်းထန်ထန် ပြန်လည်နှိပ်ကွပ်ခဲ့ကြတယ်။ ဆန္ဒပြပြည်သူအမြောက်အမြား ရိုက်နှက်ဖမ်းဆီးခံကြရတယ်။ ဒီလိုဖြစ်စဉ် တွေဖြစ်ပွားရခြင်းဟာ နိုင်ငံတကာမှာ အထူးအဆန်းတစ်ခုတော့ မဟုတ်ပါဘူး။ ဖြစ်ချိန်တန်ရင် ဖြစ်ရတဲ့သဘောပါပဲ။
ဖြစ်ရတဲ့ အဓိကအကြောင်းရင်း၊ ရင်းမြစ်နဲ့ဖြစ်စဉ်အသေးစိတ်ကို ပြင်သစ်အစိုးရနဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေ၊ အမေရိကန်အပါအဝင် ကျန်ဥရောပအနောက်အုပ်စု ဒီမိုကရေစီနိုင်ငံတွေ အားလုံးအခြေအနေတွေကို ဖုံးဖိထားမသိချင် မမြင်ချင်ယောင်ဆောင်နေလို့သာ ကျန်ကမ္ဘာကြီးက မမြင်ရမသိကြရတာပါ။ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေအပါအဝင် နိုင်ငံအားလုံးဟာ ကိုဗစ်-၁၉ ဂယက်နဲ့ ယူကရိန်းပဋိပက္ခများရဲ့ နောက်ဆက်တွဲဒဏ်တွေ အားလုံးကို အနည်းနဲ့အများခံကြရတာပါပဲ။ ပြင်သစ် လူ့အဖွဲ့အစည်းမှာတော့ ၂၀၀၃ ခုနှစ်ကတည်းက အရင်းတည်လာတဲ့ ဆူပူမှုအဓိကရုဏ်းတွေရဲ့ မဖြေရှင်းနိုင်တဲ့ နောက်ခံအကြောင်းတရားများနဲ့တကွ ပိုပြီးဆိုးရွားတဲ့သမိုင်းကြောင်းတွေ ရှိနေလို့သာလျှင် ဖြစ်ပါလိမ့်မယ်။
မဖြေရှင်းနိုင်သေးတဲ့ အဓိကအကြောင်းတရား ရင်းမြစ်များ
ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုဆိုပေမယ့် ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုသူ တွေဟာပြည်သူတွေ၊ လူငယ်တွေရဲ့ အသံတွေကို နားမထောင်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်၊၊ အဓိကရုဏ်းဖြစ်နေတုန်းလည်း နားမထောင်ခဲ့ကြသလိုဖြစ်ပြီး နောက် တစ်ကြိမ်ဖြစ်နိုင်ခြေအတွက် သင်ခန်းစာမယူ ပြည်သူကို ဂရုမစိုက်လို့သာ နာတာရှည်ရောဂါတစ်ခုလို ဖြစ်နေတဲ့ တူညီတဲ့ဖြစ်စဉ်တွေ ပြင်သစ်မှာ မကြာခဏတွေ့နေရတာပေါ့။ ဖြစ်ရင်လည်း တစ်ဖက်ကရဲ၊ တစ်ဖက်ကအလုပ်သမား လူငယ်လူတန်းစား ထွက်ပေါက်မရှိ၊ အစစအရာရာဆုံးရှုံးမှုနဲ့သာ ရင်ဆိုင်နေရပြီး ဒီထက်ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူးလို့ခံယူထားတဲ့ စိတ်ဓာတ်အကြီးအကျယ်ကျနေတဲ့ ပြင်သစ်လူငယ်တွေအတွက် ပြင်သစ်ဒီမိုကရေစီစနစ်မှာ ဖြေဆေးမရှိတော့ဘူးလား၊ တွေးဆရမှာဖြစ်ပါတယ်၊ သင်ခန်းစာထုတ်ကြရမှာ ဖြစ်ပါတယ်။
ပြဿနာက အလွန်လေးနက်ပြီး သိမ်မွေ့လှပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြင်သစ်နိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ လူမှုစီးပွားဘဝအကြီးအကျယ်ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်ယူထားကြလို့ပါပဲ။ ဒီလိုဖွံ့ဖြိုးပြီး ဒီမိုကရေစီစနစ်အောက်မှာ ဘာကြောင့် ပြင်သစ်လူငယ်တွေဟာ မသေချာ၊ မရေရာဘဝနဲ့ နေထိုင်နေရပါသလဲ။ ဘာကြောင့် အလုပ်လက်မဲ့ပြဿနာကို မဖြေရှင်းနိုင်ရပါသလဲ။ မဖြေရှင်းနိုင်သေးတဲ့ လူမျိုးရေးခွဲခြားမှု၊ ဖိနှိပ်မှု၊ မမျှတမှုပြဿနာပုစ္ဆာများနဲ့ ဆိုးသွမ်းလူငယ်အရေအတွက် များပြားလာမှုဟာ ပျက်စီးစပြုနေတဲ့ အမျိုးသားပညာရေးစနစ်နဲ့ သက်ဆိုင်နေတယ်လို့လည်း ပညာရှင်တွေက မှတ်ချက်ပြုကြပါ တယ်။
ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့နောက်ကွယ်က အရင်းအမြစ်အကြောင်းတရားတွေကို ထိထိရောက်ရောက်ဖြေရှင်းပေးတဲ့ နိုင်ငံရေးသမားတွေရဲ့ အသံမကြားမိသေးပါဘူး။ နိုင်ငံရေးပါဝါအသီးသီး ရယူထားကြပေမယ့် ဘာမှအလုပ်မဖြစ်တဲ့ နိုင်ငံရေးလေဟာနယ်တစ်ခုအဖြစ်သာ ပြင်သစ် နိုင်ငံရေးသမားတွေကို လူငယ်တွေ စိတ်ကုန်နေကြပြီဖြစ်ပါတယ်။
မပါမပြီး ဆိုရှယ်မီဒီယာနဲ့ လူမှုကွန်ရက်စနက်
ပြင်သစ် နိုင်ငံရေးသမားတွေဟာ ယခုအရေးအခင်းကြီးကို မီးလောင်ရာလေပင့်သလိုဖြစ်စေခဲ့တဲ့ ဆိုရှယ်မီဒီယာနဲ့ လူမှုကွန်ရက်တွေရဲ့ သက်ရောက်မှု ဒဏ်ရာဒဏ်ချက်ကိုတော့ ပြင်းပြင်းထန်ထန် ခံစားလိုက်ကြရပါတယ်။ Snowball effect လို ဆင့်ကဲဆင့်ကဲဖြစ်လာတဲ့ ဆိုးကျိုးတစ်ခုတစ်ခုကနေ နောက်ထပ်ဖြစ်လာတဲ့ မကောင်းတဲ့သက်ရောက်မှုတွေဟာ ဆိုရှယ်မီဒီယာများရဲ့စနက်ကြောင့်လည်း ပါတဲ့အတွက် မေကရွန်ကိုယ်တိုင် အမိန့်ထုတ်ပြန် ပိတ်ပင်လိုက်ရတဲ့အထိ သက်ရောက်မှုက ဘယ်လောက်ပြင်းထန်ခဲ့တယ်ဆိုတာ ဆန်းစစ်ကြည့်နိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ သူ့အကြောင်းနဲ့သူရှိနေတဲ့ ပြည်တွင်းပဋိပက္ခတစ်ခုဟာ သတင်းတု၊ သတင်းမှားတွေနဲ့ ပိုပြီးဆိုးရွားသွားတဲ့ အကြောင်းရင်းခံတွေကို ရှာကြည့်ရင် ဆိုရှယ်မီဒီယာရဲ့ ပုံကြီးချဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို တွေ့ရပါလိမ့်မယ်။ နမူနာ အီရန်၊ ဗင်နီဇွဲလားစတဲ့ နိုင်ငံတွေရဲ့ဖြစ်ခဲ့ကြတဲ့ ပြည်တွင်းရေး ပြဿနာတွေမှာဆိုရင် ဆိုင်ရာအစိုးရတွေဟာ ဘာကြောင့် ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်ခဲ့ကြသလဲ၊ ဒီမိုကရေစီဘိုးအေ နိုင်ငံတွေအနေနဲ့ ကိုယ်ချင်းစာနားလည် သဘောပေါက်လောက်မယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ပြင်သစ် Gz တွေရဲ့ ဆိုးသွမ်းရမ်းကားမှုဒဏ်ကို သူတို့ရဲ့ မိဘတွေလည်း ခံစားကြရပါတယ်။ သားသမီးမကောင်း မိဘခေါင်းဆိုသလို ဆုံးမသွန်သင်မှုမရှိဘူးဆိုတဲ့ မှတ်ချက်နဲ့ မိဘတွေကို ငွေဒဏ်ထောင်ဒဏ်တွေချမှတ်ဖို့ မေကရွန်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ဘာကြောင့် အသံတွေတိတ်နေရပါလိမ့်
လူ့အခွင့်အရေးကို အင်မတန်ရှေ့တန်း တင်လွန်းတဲ့နိုင်ငံမှာ တာဝန်ယူတာဝန်ခံမှုကို နားမလည်တဲ့ ရဲအရာရှိတစ်ဦးက အချိုးအစားအင်အားဘယ်လိုမှ ယှဉ်လို့မရတဲ့ လူငယ်တစ်ဦးကို ယခုလို ဥပဒေမဲ့ ပစ်သတ်လိုက်တဲ့အပေါ်မှာ ဘယ်အမေရိကန်၊ ဘယ်အီးယူ ၊ ဘယ်လို လူ့အခွင့်အရေးအဖွဲ့အစည်း၊ ဘယ်ကုလ အဖွဲ့အစည်းကမှ ထိထိရောက်ရောက် မဝေဖန်ခဲ့ကြခြင်းဟာလည်း အံ့ဩစရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ တရုတ်၊ ရုရှား၊ အီရန်တို့ဆိုရင်တော့ ရှေ့ဆုံးကအော်နိုင်တဲ့ အနောက်မီဒီယာ တွေအနေနဲ့ ယခုလိုပြင်သစ်ပြဿနာမှာတော့ ဘာကြောင့်များ အသံတိတ်နေကြပါလိမ့်၊ လူ့အခွင့်အရေးအတွက် အေးချမ်းစွာ ဆန္ဒပြတိုက်ပွဲဝင်နေကြသူများဆိုပြီး ဘယ်အနောက်နိုင်ငံကမှ ဝေဖန်ပြစ်တင်တာလည်း မတွေ့ရ၊ အလွန်ကိုကွဲပြား ခြားနားသိသာလွန်းတဲ့ အနေအထားတွေပါ။
၂၀၁၇ ခုနှစ်ကတည်းကဖြစ်နေခဲ့တဲ့ ဒီလိုအလားတူ ဖြစ်စဉ်တွေကြောင့် ပြင်သစ်ရဲတွေရဲ့အသတ်ခံရတဲ့ အာရပ်၊ အာဖရိကနွယ်ဖွား အရေအတွက်ဟာ ၁၃ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။ သူများနိုင်ငံရဲ့ အရေးအခင်းများမှာ ဆန္ဒပြသူတစ်ယောက်ယောက်သေရင် အစိုးရက ရက်ရက်စက်စက်သတ်ဖြတ်တယ်လို့ စွပ်စွဲကြသူတွေ၊ ဇာတ်နာအောင်မီးထိုးခဲ့သူတွေ၊ သတင်းမှန်မမှန် မစိစစ်ဘဲသူများ ပြည်တွင်းရေး ဝင်စွက်ဖက်ခဲ့သူတွေ၊ အမှန်ကိုလက်မခံ၊ လုပ်ဇာတ်ခင်း၊ အမှားသတင်းကိုမှ လက်ခံယုံကြည်ပြီး ဆိုင်ရာနိုင်ငံတွေကို စီးပွားရေးအရ ပိတ်ဆို့ဟန့်တား၊ ဒုက္ခရောက်အောင်လုပ်ကြတဲ့ နိုင်ငံတွေထဲမှာ ယခုလို အပြစ်မဲ့ကိုယ့်ပြည်သူတွေကို ရက်ရက် စက်စက်ပစ်သတ်၊ ရိုက်နှက်၊ ဖမ်းဆီးထောင်ချနေတဲ့ ပြင်သစ်လည်း ပါဝင်ပါ တယ်။ စံနှုန်းနှစ်မျိုးနဲ့ လူ့အခွင့်အရေးပုံစံအမျိုးမျိုးကို နှိုင်းယှဉ်ချိန်ဆသုံးသပ် နိုင်အောင်ဖြစ်ပါတယ်၊၊
စံနှစ်မျိုးလူ့အခွင့်အရေးကို ကျင့်သုံးတတ်တဲ့ လစ်ဘရယ်ဘိုးအေကြီး ပြင်သစ်နိုင်ငံရဲ့ ဖြစ်စဉ်များအရ ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီမမည်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ တည်ငြိမ်အေးချမ်းမှု ဆိုတဲ့ လူတိုင်းတောင့်တနေတဲ့အရာကိုကော ဒီမိုကရေစီစနစ်ကြီးကသာ အလုံးစုံပေးနိုင်တယ်ဆိုတာ သေချာပါရဲ့လား၊ လူ့အခွင့်အရေးဆိုပေမဲ့ အာဏာရှင်အပြုအမူကိုလည်း လုပ်ချင်လုပ်တတ်ကြတယ်။ ဒီမိုကရေစီအရ လူများစုဆန္ဒလိုက်ရမယ်ဆိုပေမဲ့ လိုက်ချင်မှလည်း လိုက်မယ်၊ လူနည်းစုစကား နားထောင်ရမယ်ဆိုပေမဲ့ လက်တွေ့နားထောင်ချင်မှလည်း နားထောင်ပါလိမ့်မယ်။ ဒါဟာ ယနေ့ ပြင်သစ်မှာ ဖြစ်ပျက်နေတဲ့အရာ တွေပါ။
စံပြုဒီမိုကရေစီကို တမ်းတနေသူတွေအနေနဲ့ ယနေ့ပြင်သစ်ပြည်သူတွေ ခံစားနေရတဲ့ တရားမမျှတမှုနဲ့ မတည်ငြိမ်တဲ့ လူမှုစီးပွားဘဝတွေကို ဘယ်နိုင်ငံရေးစနစ် ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းသင့်ပါသလဲ။ လူ့အခွင့်အရေးအရ စာနာမှုနဲ့နိုင်ငံသားဘဝရခဲ့ကြသူတွေရဲ့ အကြွင်းမဲ့သစ္စာစောင့်သိမှုနဲ့ နိုင်ငံချစ်စိတ်အပေါ်မှာကော စိတ်ချလက်ချယုံကြည်သင့်ပါရဲ့လား၊ စကားလုံးလှလှသုံးပြီး လက်တွေ့ မလိုက်နာနိုင်သူတွေကြားမှာ လူသားအကျိုးထက် နိုင်ငံရေးဗန်းပြစနစ်တွေစံနှုန်းတွေကို ပို၍ဇောင်းပေးသင့်ပါသလား။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးထက် တစ်ပါးနိုင်ငံ၊ တစ်ပါးလူမျိုးအပေါ်မှာ အထင်ကြီးလေးစား လွမ်းမောနေသူတွေအတွက် ပြင်သစ်နိုင်ငံရဲ့ ခါးသီးဖွယ်အတွေ့အကြုံများကနေ သင်ခန်းစာ ယူသင့်ပါကြောင်းသာ တင်ပြလိုက်ရပါတော့တယ်။ ။