Skip to main content

သမုဒ္ဒဂီရိမြို့၊ မိုခါမုန်တိုင်းနှင့် ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ( ၁ )

အစွန်းရောက်ရာသီဥတု

ကမ္ဘာကြီးအနှံ့တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ပြင်းထန်သော မုန်တိုင်းကြီးများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လျက်ရှိပေသည်။

ကမ္ဘာ့ရာသီဥတု စနစ်ကြီးတစ်ခုလုံး ပြောင်းလဲနေခြင်းဖြစ်ပါသည်။ အချို့နေရာများတွင် မိုးရွ သည့်နေ့ရက်များ ပိုမိုတိုးလာ၏။ အချို့နေရာများတွင်မူ မိုးခေါင်သည့်ကာလ ပိုမိုရှည်လျားလာ၏။ အပူလှိုင်း (El Nino) တွေ ဖြစ်ပေါ်လာသည်။ အအေးလှိုင်း (La Nina) တွေ ဖြစ်ပေါ်လာသည်။ အပူလှိုင်းနှင့် အအေးလှိုင်းတို့ကား အလွန်အန္တရာယ်ရှိသော သဘာဝဖြစ်စဉ်များပင် ဖြစ်ပါသည်။ ထိုဖြစ်စဉ်နှစ်ခုလုံးက ကမ္ဘာ့ပတ်ဝန်းကျင်ကို ဆိုးကျိုးများစွာ သက်ရောက်စေခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တစ်နှစ်လျှင် ပျမ်းမျှ ၁၀ ကြိမ် ဖြစ်ပေါ်တတ် သည့်အနက် ၆ ဒသမ ၈ ရာခိုင်နှုန်းသည်သာ မြန်မာနိုင်ငံသို့ ဝင်ရောက်တတ်ပါသည်။ သို့သော် ၁၉၉၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်သည့် အကြိမ်အရေအတွက် တိုးလာနေကြောင်း မှတ်တမ်းများအရ တွေ့ရပါသည်။ အားကောင်းသော မုန်တိုင်းများသည် သုံးနှစ်လျှင် တစ်ကြိမ်ခန့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လေ့ရှိသည်။

ထိုဖြစ်စဉ်များကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ မုန်တိုင်းဒီရေ ဝင်ရောက်မှုနှင့် လေပြင်းတိုက်ခတ် မိုးကြီးမှုတို့ကို တိုး၍ခံစားရလေသည်။

သမုဒ္ဒဂီရိမြို့

စာရေးသူသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိတိုင်အောင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးစသည့် ရှေးရခိုင်မင်းဆက်တို့၏ဒေသ စစ်တွေမြို့တွင် ဆယ်စုနှစ်တစ်စုနီးပါးခန့် တာဝန်ထမ်းဆောင် ခဲ့ရသည်။

ကစ္ဆပနဒီခေါ် ကုလားတန်မြစ်သည် ရခိုင်တို့၏ ပင်မသွေးကြောလည်းဖြစ်၊ ရခိုင်ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးစည်ပင်ဖြတ်သန်းရာ အရပ်ဌာနလည်းဖြစ်၏။ ထိုကုလားတန်မြစ်၏ မြစ်ဝပိုင်း မြစ်ရေစီးရာ လက်ယာဘက်ကမ်းတွင် စစ်တွေမြို့တည်ရှိသည်။ ပင်လယ်သမုဒ္ဒရာအနီး၌ မြို့တည်ခဲ့၍ ရှေးဟောင်း စာပေများတွင် သမုဒ္ဒဂီရိမြို့ (စစ်တွေ)ဟုလည်း တွေ့ရသည်။ စစ်တွေမြို့ တည်ရှိရာကျွန်းတွင် တောင်ဟူ၍မရှိ။ တောဟူ၍မရှိ။ ရခိုင်ပြည်နယ်တွင် တော၊ တောင် မရှိသည့်မြို့ဟူ၍ စစ်တွေတစ်ခုတည်းသာ ရှိပါသည်။

စစ်တွေကျွန်းသည် အရှေ့ဘက်တွင် ကုလားတန်မြစ်ဝ၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် မယူမြစ်ဝ၊ မြောက်ဘက်တွင် မြစ်ဝနှစ်ခုကို ဆက်သွယ်ပေးသော ချောင်းများ ရှိကြသည်။ ရေပတ်လည်ဝိုင်းနေသည့်ကျွန်း၏ အကျယ်အဝန်းမှာ ၈၉ ဒသမ ၄၂ စတုရန်းမိုင်ခန့် ရှိသည်။ ကျွန်း၏အကျယ်ဆုံးနေရာတွင် ၁၄ မိုင်၊ အကျဉ်းဆုံးနေရာတွင် နှစ်မိုင်မျှရှိသည်။ စတုရန်း မကျတကျပုံဖြစ်ပြီး အနောက်မြောက်မှ အရှေ့တောင်သို့ သွယ်တန်းနေသည်။ ပင်လယ်ကမ်းခြေ အရှည်မှာ ၁၂ မိုင်မျှရှိလေသည်။

မုန်တိုင်းမြင်ကွင်း

စစ်တွေတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က စာရေးသူနေထိုင်သည့် အဆောက်အအုံနှင့် ပင်လယ် ကမ်းခြေမှာ သုံးမိုင်ခန့်သာဝေးသည်။ ထို့ကြောင့် ပင်လယ်လှိုင်းသံ တဝုန်းဝုန်းသည် ညစဉ်အိပ်ရာဝင် ဂီတသံစဉ်များဖြစ်ခဲ့၏။ ထို့ပြင် နှစ်စဉ်ကြုံနေကျ မုန်တိုင်းကြီးငယ်တို့နှင့်လည်း မိတ်ဆွေဖြစ်ခဲ့ပြန်၏။ မုန်တိုင်းအများစုမှာ မိုးဦးနှင့် မိုးနှောင်းကာလများ တွင်သာ ဖြစ်ပေါ်တတ်ပြီး တစ်ခါတစ်ရံတွင်သာ မိုးလယ်ကာလများတွင် တိုက်ခတ်လေ့ရှိပါသည်။ မုန်တိုင်းကာလများကို တုန်လှုပ်စွာ၊ ကြံ့ခိုင်စွာ ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရဖူးပါသည်။ မိုင် ၂၀၊ ၃၀ လေတိုက်နှုန်းများသည် စစ်တွေ၏ လေပြည် လေညင်းဖြစ်သည်။ မိုင် ၅၀၊ ၆၀ လေတိုက်နှုန်းများက စစ်တွေဒေသသားတို့အတွက် စာမဖွဲ့လောက်ခဲ့။ သို့သော် အင်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ကိုမန်၊ မာလာ၊ ဂီရိကဲ့သို့ မုန်တိုင်းများ၊ လေဆင်နှာမောင်းများ၏ လက်ခမောင်းခတ် စိန်ခေါ်ခြင်း ကိုတော့ ကြံ့ကြံ့ခံခဲ့ရပေသည်။

လေပြင်းမုန်တိုင်းဝင်ရောက်ချိန်တိုင်း တောနှင့် တောင်မရှိဘဲ ပင်လယ်ပြင်များ၊ လယ်ကွင်းများ ကွင်းလဟာပြင်များသာ ဝန်းရံတည်ရှိနေသော စစ်တွေမြို့ကြီးသည် မုန်တိုင်းဒဏ်ကို လည်စင်းခံရတော့သည်။

မိုးသက်မုန်တိုင်းတို့သည် တဟဲဟဲကြုံးဝါး အော်မြည်သံနှင့်အတူ အရပ်ရှစ်မျက်နှာတို့မှ တရစပ် တိုက်ခတ်ကုန်၏။ လေပြင်းတို့က ရွှီခနဲ ရွှီခနဲ၊ ဝေါခနဲ ဝေါခနဲ အသံပြု၏။ လျှပ်ပန်းတဝင်းဝင်းနှင့် ကြက်သီးမွေးညင်းထဖွယ် လျှပ်စီးလက်၏။ မိုးခြိမ်းသံတွေ တချွင်ချွင်မြည်ဟိန်း တခြိမ်းခြိမ်း တချုန်းချုန်းနှင့် ကြောက်မက်ဖွယ် ခြိမ်းခြောက်၏။ ပင်လယ်လှိုင်းတွေ မြင့်တက်ကာ တဝုန်းဝုန်းနှင့် ကမ်းခြေကိုအရှိန်နှင့် ဆင့်ကဲဆင့်ကဲ တစ်ဟုန်ထိုး ပြေးဝင်ရိုက်ခတ်ကြ၏။ မိုးသည်းထန်စွာ သဲကြီးမဲကြီးရွာ၏။ ကောင်းကင်ပြင်ကြီးတစ်ခုလုံး မည်းမည်းမှောင်နေ၏။ တစ်ခါတစ်ရံ နီနီရဲသော အဆင်းရှိ၏။

 လေကား တောင်ကတိုက်၏။ မြောက်ဘက်က ဝေ့ဝေ့ဝိုက်ဝိုက်တိုက်ပြန်၏။ ပြီးတော့ အရှေ့၊ အနောက်ကလည်း လေအရှိန် ပြင်းပြင်းနှင့် ဝင်ဆောင့်ကြ၏။ သစ်ပင်ကြီးများ လိမ်ကောက် ကုန်ကြ၏။ သစ်ပင်တို့အမြစ်မှ တဖွားဖွား ကျွတ်ထွက်ကုန်ကြ၏။ သစ်ကိုင်းတို့ကငုံးတိ အရွက်မရှိတော့။ အရိုးပြိုင်းပြိုင်းသစ်ကိုင်းတို့ မြေပြင်မှာ ကျိုးပြတ်လွင့်စဉ်ကြရ၏။ နှစ်ချို့သစ်ပင်ကြီးများ၊ သစ်ပင်ငယ် များ မြေပြင်၌ ပြားပြားဝပ်ကုန်ကြ၏။ အိမ်ပေါ်သို့၊ လမ်းပေါ်သို့ တဖြောင်းဖြောင်း ကျိုးကျကုန်၏။

သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်၊ အုန်းပင်၊ အုန်းရွက်၊ အုန်းလက်၊ ထရံ၊ သွပ်မိုး၊ ဓနိသက်ငယ်တို့ အမှိုက် သရိုက်များနှင့်အတူ လေထဲမှာ စက္ကူချပ်သဖွယ် လွင့်စဉ်ဝဲပျံနေကြ၏။ အိမ်ခေါင်အစုံလိုက်၊ အတွဲလိုက် ကျွတ်ထွက်ကုန်၏။ အဆောက်အအုံနံရံများ ပရမ်းပတာ ကျွမ်းထိုးမှောက်ခုံ ပြိုကျပျက်စီး၏။ မှန်တံခါးတွေ ခွမ်းခနဲ ခွမ်းခနဲ ပွင့်ထွက်ကုန်၏။ အမိုးသာမက ဒိုင်း/မြားတို့သည်ပင်လျှင် လွင့်ဝဲပြီး မြေပြင်၌ ဓား/လှံသဖွယ် အရှိန်ဖြင့် ဒုတ်ဒုတ်ထိ စိုက်ဝင်ကြကုန်၏။ ခြံစည်းရိုးများ ဖရိုဖရဲ တဝုန်းဝုန်းနှင့် ပြိုလဲကုန်၏။ ဓာတ်တိုင်၊ ဓာတ်ကြိုးများကား သစ်ပင်သစ်ကိုင်းများပိပြီး အရုပ်ကြိုးပြတ် ဖြစ်ကုန်၏။ ငှက်များ၊ တိရစ္ဆာန်များ တုံးလုံးပက်လက် သေကြ၏။ မုန်တိုင်းအလွန် နောက်ဆက်တွဲ လေပြင်းများကိုလည်း တစ်ဖန် ကြောက်ကြရပြန်၏။

မုန်တိုင်းတို့သည် အချိန်ပိုင်းအတွင်း နာရီပိုင်းအတွင်းသာ တိုက်ခတ်သွားခဲ့သော်လည်း မုန်တိုင်းစဲ ငြိမ်သက်ပြီးနောက် တွေ့မြင်ရသည့် မြင်ကွင်း များကား မယုံနိုင်စရာကောင်းလောက်အောင် အလွန်ဆိုးရွား အကျည်းတန်လွန်းလှပေစွ။

မိုခါမုန်တိုင်း

ယခုတစ်ကြိမ်တွင်လည်း သမုဒ္ဒဂီရိသည် ဆိုင်ကလုန်းမုန်တိုင်းကြီးမိုခါ (MOCHA) နှင့် ထပ်မံကြုံတွေ့ ရင်ဆိုင်ရပြန်လေပြီ။

သဘာဝဘေးဒဏ်သည်ကား မည်သည့်အချိန် ဖြစ်ပေါ်လာမည်ကို ကြိုတင်သိရှိရန်ခက်ခဲပြီး မဖြစ်ပွားမီ ရက်အနည်းငယ်အလိုမှပင် မည်ကဲ့သို့ ဖြစ်ပေါ်လာနိုင်သည်ကို ခန့်မှန်းသိရှိနိုင်ပေသည်။

ယခင်ဖြစ်ပေါ်ခဲ့ ကြုံဖူးခဲ့သော မုန်တိုင်းအတွေ့ အကြုံများကြောင့် နိုင်ငံတော်သည် ယခုတစ်ကြိမ်တွင် ကြိုတင်ပြင်ဆင်မှုများ အားကောင်းခဲ့ပါသည်။ မုန်တိုင်းဝင်ရောက်နိုင်သည့် နေ့ရက်၊ အချိန်တို့ကို ကြိုတင်ခန့်မှန်းကြသည်။ သဘာဝဘေးအန္တရာယ်ကို အန်တုမည့်ပရောဂျက် (Projects) များ ရေးဆွဲနိုင်ခဲ့သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အချိန်မီကျင်းပခဲ့သည်။ အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများတက်ရောက်ခဲ့ကြသည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကလည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

“ကာကွယ်တားဆီးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနဲ့ ပြန်လည်ထူထောင်ခြင်း တို့သည် အရေးကြီးသဖြင့် ဒေသခံများအနေနှင့်

သဘာဝဘေးအန္တရာယ်ကို ကြိုတင်မျှော်တွေး ပြင်ဆင်ကြရန်၊ ကာကွယ်မှုနဲ့ အနိုင်ယူသွားကြရန် လိုအပ်ကြောင်း” နိုင်ငံတော်အကြီးအကဲက လမ်းညွှန် ခဲ့ပါသည်။

ထိုအစည်းအဝေး လမ်းညွှန်ချက်များနှင့်အညီ “မုန်တိုင်းနှင့်ပတ်သက်၍ အပိုင်း ၃ ပိုင်းဖြင့် ရင်ဆိုင်ဖြေရှင်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ပထမပိုင်းမှာ (Preparation) ကြိုတင်ပြင်ဆင်ခြင်း၊ ဒုတိယ ပိုင်းမှာ (Rescue) ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် တတိယပိုင်းမှာ (Rehabili-tations) ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

စာရေးသူသည် ရခိုင်ဒေသတွင် အချိန်အတော် ကြာနေထိုင်ခဲ့ဖူးသဖြင့် ဒေသစွဲသံယောဇဉ်များရှိပါသည်။ ထို့ကြောင့် စိုးရိမ်စိတ်ဖြင့် စစ်တွေရှိ သူငယ်ချင်း၊ ရောင်းရင်းမိတ်ဆွေများထံ ဖုန်းဆက် အားပေးရင်း ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းမတိုင်မီ ကြိုတင်ပြင်ဆင်မှု အားကောင်းမှုများအကြောင်း ကောင်းစွာသိရှိခဲ့ရပါသည်။

ကြိုတင်ပြင်ဆင်မှုမရှိလျှင် နှစ်ခါရှုံးရသည်ဟု မှတ်သားဖူးပါသည်။

မုန်တိုင်း၏ထိုးနှက်ဖျက်ဆီးမှု

ဤသို့ဖြင့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ ၁၃: ၃၀ နာရီအချိန်ခန့်မှစတင်၍ မိုခါမုန်တိုင်းသည် စစ်တွေမြို့ကို ဝင်ရောက်ပြီး ကြမ်းတမ်းစွာထိုးနှက် မွှေနှောက်ဖျက်ဆီးပါတော့သည်။ ထိုအချိန်မှစ၍ မိတ်ဆွေများနှင့်လည်း ဖုန်းအဆက်အသွယ် ပြတ်တောက်သွားတော့သည်။ မြန်မာ့ရုပ်မြင် သံကြား၊ မြဝတီသတင်း၊ ရေဒီယိုသတင်းများကို နားစွင့်ရသည်။ နေ့စဉ်သတင်းစာများကို မျက်ခြည် မပြတ် ဖတ်ရသည်။ မိုခါဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ ကျော်အထိ ရှိခဲ့သည်ဟုဆို၏။ အင်အားအလွန် ပြင်းထန်သလို အဖျက်စွမ်းအားလည်း အလွန်ကြီးမားခဲ့၏။ မုန်တိုင်းဗဟိုချက်သည် စစ်တွေအနီးမှ ဖြတ်သန်းခဲ့ခြင်းကြောင့် စစ်တွေဒေသသည် အပျက်အစီး ပမာဏလွန်စွာများပြားခဲ့ရသည်။ အဆောက်အအုံ၊ အိမ်ရာ၊ လမ်းတံတား၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး၊ သာသနိကအဆောက်အအုံများ၊ စေတီပုထိုးများ၊ သစ်ပင်များ အတော်များများ ပျက်စီးခဲ့ရလေသည်။ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၄၈ ဦး သေဆုံး ခဲ့ပြီး ပျက်စီးမှုတန်ဖိုး ငွေကျပ် ၅၂၂ ဘီလီယံခန့် ရှိခဲ့သည်ဟု သိရပါသည်။

စစ်တွေမြို့ပေါ်ရှိ အဆောက်အအုံခေါင်မိုးများ ၉၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ကြောင်းလည်း သိရ သည်။ ဆက်သွယ်ရေးအော်ပရေတာ မိုဘိုင်းစခန်း ၁၂၀၀ ကျော်အနက် ၉၀၀ ကျော် ပျက်စီးသွားခဲ့သဖြင့် အဆက်အသွယ်များ ပြတ်တောက်ခဲ့ရပါသည်။

မုန်တိုင်းကြောင့် ပြည်နယ်အတွင်း အသက် မွေးဝမ်းကျောင်းဆိုင်ရာ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ငါးခြောက်လုပ်ငန်းများ ပျက်စီးကြရသည်။ သောက်သုံးရေအခက်အခဲ၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများပါ ထိခိုက်ခဲ့ပါသည်။

ထို့အပြင် ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တော စသောမြို့နယ်များအတွင်း ဆည်နှင့် တာတမံများ အချို့ပျက်စီးသွားခဲ့သည်ဟုလည်း သိရပါသည်။      

သို့သော် လူထိခိုက်ဆုံးရှုံးမှုမှာ မုန်တိုင်း၏ ပမာဏနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးသာဖြစ်ခဲ့သည်။ ဤသည်မှာ မုန်တိုင်းမဝင်မီကာလက နိုင်ငံတော်အဆင့် ဆောင်ရွက်ခဲ့သည့် ကြိုတင်ပြင်ဆင်မှု၊အချိန်နှင့်တစ်ပြေးညီ သတိပေးမှု၊ အသိပညာပေးမှုများနှင့် ဒေသခံပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုတို့ ကြောင့် ရရှိလာသည့်ရလဒ်ပင်ဖြစ်ပေသည်။

မုန်တိုင်းအလွန်

နိုင်ငံတော်ဝန်ကြီးချုပ်သည် မေလ ၁၄ ရက်နေ့ မုန်တိုင်းတိုက်ခတ်သွားပြီးနောက် မေလ ၁၅ ရက် နေ့တွင် ရခိုင်ပြည်နယ်သို့ ချက်ချင်းသွားရောက်ခဲ့ ပါသည်။ သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒေသများ အား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရန် စီစဉ်ခဲ့ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များကို တပ်မတော် လေယာဉ်များ၊ သင်္ဘောများဖြင့် အဆက်မပြတ် တဖွဲဖွဲစေလွှတ်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထိခိုက်ပျက်စီးမှုပမာဏ ကြီးမားလွန်းသည့်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့် စပ်လျဉ်း၍ “လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးမူလအခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း အကူအညီပေးအပ် မည်ဟု ကမ်းလှမ်းလာသဖြင့် လက်ခံထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့ရှိပြီးသားအားဖြင့် ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ဖြင့်လည်း မှာကြားခဲ့ပါသည်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအားလုံးကို အနီးကပ်ကြီးကြပ်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့အား တာဝန်ပေးခဲ့ပါသည်။ ထို့အပြင် ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ကြီးကြပ်ပံ့ပိုးဆောင်ရွက်ပေးရန် ဒေသများပိုင်းခြားလျက် တပ်မတော် အဆင့်မြင့်အရာရှိကြီးများကို တာဝန်အသီးသီးပေးအပ်ခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နိုင်ငံအနှံ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ခြင်းကို ၁၉၉၂ - ၁၉၉၃ ဘဏ္ဍာနှစ်မှ စတင်ခဲ့သည်မှာ ယနေ့ကာလအချိန်အထိဆိုလျှင် နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ကြီးကြပ်နိုင်ရန် ပြည်နယ်ရုံး တစ်ရုံး၊ ခရိုင်ရုံး သုံးရုံး၊ မြို့နယ်ရုံး ရှစ်ရုံးနှင့် မြို့နယ်ခွဲရုံး သုံးရုံးတို့ကို ဖွင့်လှစ်ထားရှိ ပါသည်။ ထို့အပြင် လူငယ်သင်တန်းကျောင်း သုံးကျောင်း၊ စက်မှုသင်တန်းကျောင်း နှစ်ကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်း သုံးကျောင်း ဖွင့်လှစ်၍ ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှသာ ဒေသဖွံ့ဖြိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပါသည်။ ထိုသို့ ဒေသတစ်ခုချင်းစီ ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

မိုခါမုန်တိုင်းမတိုင်မီကပင် ရခိုင်ပြည်နယ် အတွင်း ၂၀၂၂ - ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း ၇၇၄၈၉ ဒသမ ၈၃၂ သန်းသုံးစွဲလျက် ဒေသတွင်းလူမှုစီးပွား ဆိုင်ရာ ဖွံ့ဖြိုးရေး ကဏ္ဍအသီးသီးတွင် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ပါသည်။ လမ်း/တံတားကဏ္ဍတွင် မြေလမ်း ၄၁၁ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၃၉၉ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၃၆ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၈ မိုင် ၃ ဖာလုံနှင့် မြစ်ချောင်းများ ပေါများလှသည့် ရခိုင်ပြည်နယ်အတွင်း တံတားကြီး/ငယ်ပေါင်း အစင်း ၂၀၁၀ တို့ တည်ဆောက်ပြီးစီး ခဲ့ပါသည်။

နိုင်ငံတော်အနာဂတ်အတွက် အခြေခံအရေး ကြီးလှသည့် ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းပေါင်း ၁၀၅ ကျောင်း၊ ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေးဌာနပေါင်း ၂၇ ခုတို့အား တည်ဆောက် ပေးနိုင်ခဲ့ပါသည်။ ထို့အတူ ရေရရှိရေးကဏ္ဍတွင်လည်း ရေရရှိရေးလုပ်ငန်းပေါင်း ၁၈၂ ခုနှင့် သာသနာရေးလုပ်ငန်းအနေဖြင့် ဘုန်းတော်ကြီး ကျောင်းပေါင်း ၇၀ ကိုလည်း ဆောက်လုပ် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ ကျေးရွာများ မီးလင်းရေးအတွက် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ အစုံ ၁၄၂၁၀ အား မြို့နယ်များ၊ ကျေးရွာများ၊ ကျွန်းများ၊ IDP စခန်းများအထိ ပြည်နယ်၏ နေရာအနှံ့နီးပါး ဖြန့်ခွဲတပ်ဆင်ပေးနိုင်ခဲ့ပါသည်။ အိမ်ရာဆောက်လုပ် ရေးကဏ္ဍတွင်လည်း တန်ဖိုးနည်းအိမ်ရာပေါင်း ၈၀၁ လုံး ဆောက်လုပ်ပေးနိုင်ခဲ့ပါသည်။

ပြိုင်တူတွန်းကြရမည်

သို့သော် ယခုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၏ အင်နှင့်အားနှင့် ဖျက်ဆီးခံရမှုကြောင့် ဆောင်ရွက်ပြီးသည့် အချို့သော ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ရပြီ။ ဝန်ထမ်းအိမ်ရာများ၊ နိုင်ငံတော်ပိုင် အဆောက်အအုံများ၊ ဒေသခံတို့၏ မြို့ပြအဆောက် အအုံများ၊ ကျေးလက်နေအိမ် တော်တော်များများ၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင် ကျောင်းများ၊ ဆေးရုံများ ကြေမွပြိုကျပျက်စီးခဲ့ရပြီ။ ဒေသတစ်ခုလုံးလိုလို ပြန်လည်ပြုပြင်ထူထောင် ပေးရန်အတွက် အရေးပေါ်လိုအပ်ခဲ့လေပြီ။ အချိန် အတိုင်းအတာတစ်ခုတော့ ယူရပါလိမ့်မည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေသို့ရောက်ရှိသည်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေပြင်သို့ ချက်ချင်းကွင်းဆင်းကြသည်။ ဖြန့်ခွဲပြီး အချက်အလက်များ အသေးစိတ်ရယူသည်။ ဌာနဆိုင်ရာ များ၊ ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးသည်။ ထူထောင်ရေးလုပ်ငန်းများကို ရှိသမျှအင်အားနှင့် နေ့နေ့ညည အကောင်းဆုံးဖြစ်အောင် စီစဉ်ခဲ့ကြသည်။ အလျင်လိုအပ်သည်မှာ အခြေခံစားကုန်၊ ဆေးဝါးနှင့်တည်ဆောက်ရေးပစ္စည်းများပင်ဖြစ် သည်။

မုန်တိုင်းပြီးနောက် မကြာမီ မုတ်သုံမိုးကလည်း ဆက်ပေသေးသည်။ လောလောဆယ် လူနေ အဆောက်အအုံများ၏ အမိုးအကာများ လုံခြုံစေဖို့ အမိုးသွပ်များ၊ မိုးကာစများ လိုအပ်သည်။ သစ်ပင် များလဲကျ ပိတ်ဆို့နေသောလမ်းများကို ဦးစွာရှင်းရ သည်။ အပျက်အစီးများကို ဖယ်ရှားရသည်။ သစ်ပင်များ ဖြတ်တောက်ရန် Chainsaw များလည်း လိုအပ် သည်။ စက်/ယန္တရားများ၊ ကားများ လိုအပ်သည်။

ထို့ကြောင့် လိုအပ်သောပစ္စည်းများကို ရရှိနိုင်သည့် ကား၊ သင်္ဘော၊ လေယာဉ်လမ်းကြောင်းများမှ တစ်ဆင့် ရခိုင်ပြည်နယ်သို့ အမြန်ဆုံးပို့ဆောင်ပေးရန် မှာယူခဲ့ပါသည်။

မူလတန်းအရွယ်က သင်ယူခဲ့ရသော ယခုတိုင် မှတ်မိနေသေးသည့် ဖတ်စာအား သတိရမိပါသည်-

ဇွန်ပန်းရုံအနီး

လှည်းဘီး နွံထဲကျွံနေသည်။

ကူ၍တွန်းပေးကြပါ။

လေးလွန်း၍ မတွန်းနိုင်ဘူးလား။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ ။