အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲနေမည့် မြန်မာ-ရုရှား ဆက်ဆံရေး
ဒေါက်တာနိုင်ဆွေဦး
မြန်မာ - ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး တစ်လအကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလကတည်းကပင် စတင်ခဲ့သည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် နေ့တွင် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေးသည် (၇၅) နှစ်မြောက် စိန်ရတုသို့တိုင် ရောက်ရှိလာတော့မည်ဖြစ်သည်။
ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးခဲ့သော နှစ်နိုင်ငံဆက်ဆံရေးသည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုကျော်အကြာတွင်တော့ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပိုမိုသက်ဝင်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကဲ့သို့သော ကမ္ဘာ့စင်မြင့် များတွင်လည်း ရုရှားအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သည့် သာဓကများစွာ ရှိသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပထဝီအနေအထားအရ မိုင်ပေါင်း ၄၀၀၀ ကျော် (ကီလိုမီတာအားဖြင့် ၆၅၀၀ ကျော်) ဝေးကွာနေသော်လည်း ယနေ့မျက်မှောက်ကာလတွင် နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ မဟာဗျူဟာ မိတ်ဖက်အဆင့်အတန်းဖြင့် ညီအစ်ကိုရင်းများ သဖွယ် ချစ်ခင်ရင်းနှီးစွာဖြင့် တည်တံ့လျက်ရှိသည်။ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာ ကြည့်မည်ဆိုလျှင်လည်း ယနေ့ကာလသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အထွန်းလင်း အတောက်ပဆုံးအချိန်ဟု ဆိုနိုင်သည်။ စိန်ရတုကာလနှင့် တိုက်ဆိုင်နေသည်ဟုလည်း ဆိုရပါမည်။
မျက်မှောက်ကာလ
မြန်မာ - ရုရှားဆက်ဆံရေး
မျက်မှောက်ခေတ် မြန်မာနှင့် ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံဆက်ဆံရေးသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမိုခိုင်မာကြောင်း တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်ပိုင်း တွင်လည်း ယခုအခြေအနေအထိ ဆက်လက်ခိုင်မြဲတည်ရှိနေခြင်းဖြစ်သည်။
မြန်မာနှင့်ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့် (၇၅) နှစ်မြောက် နှစ်ပတ်လည် နေ့ကို မြန်မာနိုင်ငံ နှင့် ရုရှားနှစ်နိုင်ငံလုံးတွင် ခမ်းနား ကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆယ်စုနှစ် နှစ်စုကျော်အကြာတွင် နှစ်နိုင်ငံအကြားဆက်ဆံရေးသည် အထူးသဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် ပိုမိုခိုင်မာအားကောင်းလာခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်တွင်မူ ထိုကဏ္ဍများတွင်သာမက အခြားသော ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခဲ့သည်။ မကြာသေးမီက လျှပ်စစ်နှင့်စွမ်းအင်၊ အာကာသနှင့်နျူကလီးယားစွမ်းအင် ကဏ္ဍများအပါအဝင် အခြားကဏ္ဍများတွင် ပူးပေါင်း လုပ်ဆောင်ရန် အခွင့်အလမ်းများပေါ်ထွက်လာခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နေ့တွင် ရန်ကုန်မြို့တော်၌ ရုရှားနှင့်မြန်မာတို့ ပူးပေါင်းတည်ဆောက်သည့် နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ (Nuclear Technology Infor-mation Center)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်။
မျက်မှောက်ကာလ မြန်မာ - ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို လေ့လာကြည့်မည်ဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် လက်ထက်တွင် ပိုမိုသိသာထင်ရှားစွာ တိုးတက်စည်ပင်လာခဲ့သည်။ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် စတင်တာဝန်ယူသည့် ၂၀၁၁ ခုနှစ်ကတည်းကပင် စတင်ကာ တပ်မတော်တည်ဆောက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ တပ်မတော်ကို တည်ဆောက်ရာတွင် စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် (Standard Army) ဟူသောအယူအဆကို ဖော်ထုတ်ခဲ့သည်။
လူ့စွမ်းအားအရင်းအမြစ်သည် ခေတ်မီတပ်မတော်တည်ဆောက်ရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ယူချိန်မှ စတင်ကာ တပ်မတော်အတွင်း လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ပညာတော်သင်အများအပြား စေလွှတ်ခဲ့သည်။ ယခုအခါ ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်းတက်ရောက်ပြီးစီး အောင်မြင်သည့်တပ်မတော်အရာရှိ ၆၀၀၀ ကျော်အား မွေးထုတ်ပေးနိုင်ခဲ့သည်။
ထိုအရာရှိများအနက် ၁၁ ဦးသည် ရုရှားနိုင်ငံ၏ အမြင့်ဆုံးဘွဲ့ဖြစ်သော Doctor of Technical Science (DSc.) ဘွဲ့အား ထိုက်ထိုက်တန်တန်ရရှိခဲ့သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပညာတော်သင်စေလွှတ်ရာတွင် တပ်မတော်အရာရှိများသာမကဘဲ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ လက်ထောက်ကထိကဆရာများကိုပါ စေလွှတ်ခဲ့သည်။ ထိုဆရာများသည်လည်း ယခုအခါ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် အဆင့်မြင့်ရာထူးများရရှိ တာဝန်ထမ်းဆောင်နေကြပြီဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်အား ဟန်ချက်ညီဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းမှုဖြစ်သည်။
စာရေးသူသည်လည်း နိုင်ငံတော်၏စေလွှတ်မှုဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဆင့်မြင့်ဆုံး တက္ကသိုလ်ဖြစ်သည့် မော်စကိုနိုင်ငံတော်တက္ကသိုလ် (Moscow State Univer-sity) တွင် ဆေးပညာဘွဲ့လွန်သင်တန်းများ တက်ရောက်သင်ကြားဖူး သည်။
မြန်မာ့တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (Conference on Science and Technology) များကို နှစ်စဉ်ကျင်းပ ပြုလုပ်ပေးလျက်ရှိရာ ရုရှားနိုင်ငံရှိတက္ကသိုလ်များမှ ပါမောက္ခများလည်း ပါဝင်ဆွေးနွေးကြသည်။ ရုရှားနိုင်ငံတွင် ပြုလုပ်သည့် Caucus 2020 ကဲ့သို့သော စစ်ဘက်ဆိုင်ရာ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများသို့လည်း ပုံမှန်စေလွှတ်ကာ ပါဝင်လေ့ကျင့်စေလျက်ရှိသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games ပြိုင်ပွဲများ၌ မြန်မာ့တပ်မတော်မှ တင့်ကားပြိုင်ပွဲဝင်အဖွဲ့၊ ဆေးတပ်ဖွဲ့ ပြိုင်ပွဲဝင်အဖွဲ့၊ လက်ဖြောင့်ရိုင်ဖယ် ပြိုင်ပွဲဝင်အဖွဲ့နှင့် လေကြောင်းချီတပ်ဖွဲ့ ပြိုင်ပွဲဝင်အဖွဲ့များသည် နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိသည်။ ထို Interna-tional Army Games ၏ Tank Biathlon ပြိုင်ပွဲသို့ သံချပ်ကာယန္တရား တပ်ဖွဲ့အနေဖြင့် နှစ်စဉ်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် Tank Biathlon ပြိုင်ပွဲ၏ Division-2 တွင် မြန်မာ့တပ်မတော်သံချပ်ကာ ယန္တရားတပ်ဖွဲ့အနေဖြင့် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ခြင်းမှသည် မိမိနိုင်ငံ တပ်မတော်သားများ၏ တိုက်ခိုက်ရေး စွမ်းရည်တိုးတက်စေရန် လုပ်ဆောင်နိုင်ခဲ့ သည်။
၂၀၂၂ ခုနှစ် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲကို စိန့်ပီတာစဘတ်မြို့၌ ပြုလုပ်ရာ မြန်မာ့တပ်မတော်စစ်ကျောင်းကြီးများမှ ဗိုလ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲအမျိုးအစား ၂၀ အနက် သုံးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။ ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ အနက် မြန်မာ့တပ်မတော် ဗိုလ်လောင်းများအနေဖြင့် နိုင်ငံအလိုက် အဆင့် (၈) ရရှိခဲ့ သည်။ တစ်ဦးချင်းအနေဖြင့်လည်း ရွှေတံဆိပ်နှင့်ငွေတံဆိပ် ဆုတံဆိပ်များလည်း ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများသည် ပထမဆုံးအတွေ့ အကြုံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ကြိုးစားအားထုတ်မှုကြောင့် ဆုတံဆိပ်များ ရရှိခဲ့ခြင်းဖြစ်သည်။ ဗိုလ်လောင်းဘဝတွင်ပင် နိုင်ငံတကာအတွေ့အကြုံများ ရရှိခဲ့ကြသည်။ နောက်နှစ်များတွင်လည်း ယခုကဲ့သို့ပင် စေလွှတ်ဝင်ရောက်ယှဉ်ပြိုင်စေမည် ဆိုလျှင် ၎င်းတို့အတွက် အတွေ့အကြုံကောင်းများ ရရှိလာမည်ဖြစ်သည်။ နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင်လည်း ပိုမိုတိုးတက်ကောင်းမွန်စေရန် တည်ဆောက်လာနိုင်မည်ဖြစ်သည်။
နှစ်နိုင်ငံ ပူးတွဲဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်သည့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် (Russia - Myanmar Commission on Military Technical Cooperation) ကို ဖွဲ့စည်းထားရှိကာ နှစ်နိုင်ငံစစ်ဘက်နည်းပညာဆိုင်ရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ထိုကော်မရှင်အနေဖြင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား စစ်ဘက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံက လူသားအရင်း အမြစ်ဆိုင်ရာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာတို့တွင် လိုအပ်သည်များဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့မှုအခြေအနေ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကာကွယ်ရေး စွမ်းရည်တိုးမြှင့်ရေးဆိုင်ရာ ပြိုင်ပွဲများ နှင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင် ဆောင်ရွက်လျက် ရှိပြီး ဆက်လက်ပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲ မှုအခြေအနေများနှင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ပုံမှန်အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေး လုပ်ဆောင်လျက်ရှိသည်။
စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လေ့လာရာတွင် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်အား ယခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒီဗော့စတော့ရှိ အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်ဝင်း (Far Eastern Federal University – FEFU) တွင် ကျင်းပခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထို (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum - 2022) ၏ မျက်နှာစုံညီအစည်း အဝေး (Plenary Session) တွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့သည်။
ထိုမျက်နှာစုံညီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်း ကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာ လူသားများ အသက်ရှင်နေထိုင် လှုပ်ရှား သွားလာရန်လိုအပ်သော စွမ်းအင် (Energy) ကို အစားအသောက်များမှ ရရှိခြင်းဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာလုံခြုံမှုရှိရေး (Food Secu-rity) သည် တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် သက်ရှိလူသားများအားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက် တစ်ခုပင်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security) ဆိုသည်မှာ နိုင်ငံတစ်ခုအတွင်း နေထိုင်ရှင်သန် ရပ်တည်လျက်ရှိသည့် သက်ရှိများအားလုံးအတွက် လုံလောက်သော စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်းပင်ဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ်များစွာတိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ကုန်သွယ်ရေးလုပ်ငန်းများနှင့် အပြိုင် နိုင်ငံအသီးသီးအလိုက် စားသုံးကုန်များ ထုတ်လုပ်လာရာမှ ယနေ့ခေတ်တွင် အဆိုပါ အဓိပ္ပာယ်ဖွင့်ဆိုမှုသည် ပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး အနေဖြင့် ပြည်တွင်း၌မထုတ်လုပ်နိုင်သည့် စားသုံးကုန်များကို နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူ တင်သွင်းမှုများ ပြုလုပ်လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security) သည် စားနပ်ရိက္ခာလုံခြုံရေး (Food Security) အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရကြောင်း ထည့်သွင်းဆွေးနွေးသွားခဲ့သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ၏ဆက်ဆံရေးသည် (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးထားသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဖိတ်ခေါ်မှုများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေးတို့အပါအဝင် ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ထိုသည်တို့ကို ကြည့်ခြင်းအားဖြင့် အနာဂတ်တွင် နှစ်နိုင်ငံအကြား ဘက်စုံကဏ္ဍစုံမှပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်လာဖွယ်ရှိသည်။
မကြာသေးမီက ရုရှားနှင့်တရုတ်တို့ ဦးဆောင်ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooper-ation Organization – SCO) သို့ ဆွေးနွေးဖက်နိုင်ငံ (Dialogue Partner) အဖြစ်ဝင်ရောက်ရန် မြန်မာနိုင်ငံ၏ လျှောက်ထားမှုအား အတည်ပြုလက်ခံခဲ့ခြင်းကို ကြည့်ခြင်း အားဖြင့် နှစ်နိုင်ငံချင်းသာမက နိုင်ငံစုံဆက်ဆံရေး တိုးတက်လာသည်ကို တွေ့ရှိနိုင်သည်။ မဝေးတော့သည့် အနာဂတ်တွင်လည်း မြန်မာနိုင်ငံအား Observer အဆင့်အတန်း ပေးအပ် ဖွယ်ရှိသည်။ ထိုမှ တစ်ဆင့်တက်ကာ SCO အဖွဲ့ဝင်အဖြစ်သို့ တက်လှမ်းသွားသင့်သည်။ စစ်အေး တိုက်ပွဲပြီးဆုံးချိန် Bipolar World အဆုံးသတ်ပြီးနောက် အမေရိကန်ဦးဆောင်သည့် Unipolar World သာ ကျန်ရှိခဲ့သည်။ နောက်ပိုင်း တရုတ်နှင့်ရုရှား အင်အားကြီးထွားလာမှု၊ သဘောထား တူညီရာဖြစ်စေ၊ ပထဝီအနေအထားတူရာဖြစ်စေ နိုင်ငံများစုပေါင်းပြီး ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုအစုအဖွဲ့များ (Regional Cooperation Organizations) (ဥပမာ Shanghai Cooperation Organization (SCO)၊ BRICS၊ BRICS Plus) များ ဖွဲ့စည်းလာခြင်းသည် ဗဟုဝင်ရိုးကမ္ဘာခေါ် Multipolar World အား ဦးတည်လာခြင်းဖြစ်သည်။ လက်ရှိ ကမ္ဘာ့အခင်းအကျင်းသည် စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်လျက်ရှိသည်။
နှစ်နိုင်ငံလုံးအတွက် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့်ကဏ္ဍသည် Think Tanks များ အချင်းချင်းဆက်ဆံရေးနှင့် ပညာရပ်ဆိုင်ရာ Institution များ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် “Think Tank” ဆိုသည့် စကားလုံးအား လူအများစုက ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြပါ။ အကြံပေးပညာရှင် အဖွဲ့အစည်းများသည် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် အမျိုးသားရေးဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ကြိုးပမ်းနေကြသည့် သုတေသန အဖွဲ့များဖြစ်သည်။ အကြံပေးပညာရှင် အဖွဲ့အစည်းများသည် နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွား ရေး၊ လုံခြုံရေး၊ ပတ်ဝန်းကျင်၊ သိပ္ပံနှင့် နည်းပညာစသည့်နယ်ပယ်များစွာတွင် သုတေသနနှင့် အကြံပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြသည်။
၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း စာရေးသူသည် ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက် အရ ရုရှားဖက်ဒရေးရှင်းသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း စိန့်ပီတာစဘတ်မြို့တော် အစိုးရ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗီတာလီ ဆိုလိုနက် စကီး၊ The Alexander Gorchakov Public Diplomacy Fund တို့အပါအဝင် မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့ အခြေစိုက် Think Tanks များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့နှင့် စိန့်ပီတာစဘတ်မြို့တော်အခြေစိုက် Omega LLC တို့အကြား သုတေသနနှင့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု သဘောတူစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။
ဆက်လက်ပြီးလည်း The Alexan-der Gorchakov Public Diplomacy Fund နှင့် သဘောတူညီချက်အရ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က မြန်မာနိုင်ငံမှ လူငယ် ပညာတော်သင်များကို ရုရှားနိုင်ငံသို့ ဂျာနယ်လစ်ဇင်နှင့် အခြားကဏ္ဍများတွင် လေ့လာရန် သုံးလအတွင်း နှစ်ကြိမ်စေလွှတ်နိုင်ခဲ့သည်။
အပြန်အလှန်အားဖြင့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၏ ဖိတ်ကြားမှုအရ Moscow State Institute of International Relations (MGIMO University) နှင့် People’ Friendship University of Russia (RUDN University) တို့မှ ဒုတိယပါမောက္ခချုပ်များအပါအဝင် ရုရှားနိုင်ငံမှ နာမည်ကျော်တက္ကသိုလ်များနှင့် အခြားအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယမန်နှစ် နိုဝင်ဘာလအတွင်းက တစ်ပတ်ကြာ လာရောက် လေ့လာလည်ပတ်ခဲ့သည်။ ၎င်း ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။ အဆိုပါခရီးစဉ်သည် အလွန်ပင်အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း နှစ်ဖက်စလုံးက အသိအမှတ်ပြုကြသည်။ ထိုခရီးစဉ်အတွင်း သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့နှင့် ရုရှား နိုင်ငံ Moscow State Institute of International Relations (MGIMO University) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကိုလည်း လက်မှတ်ရေးထိုး နိုင်ခဲ့သည်။
စာရေးသူအနေဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ စိန့်ပီတာစဘတ်မြို့တော် ပြည်ပဆက်ဆံရေး ကော်မတီနှင့် စိန့်ပီတာစဘတ် ရေကြောင်းနည်းပညာတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကွန်ဖရန့်တွင် တက်ရောက်ဆွေးနွေးခွင့်ရရှိခဲ့သည်။ အထက်ပါ အကြောင်းအရာများသည် မြန်မာနှင့်ရုရှား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး အတွက် အကြံပေးပညာရှင်အဖွဲ့များ (Think Tanks) များ၏ လုပ်ဆောင်မှုများဖြစ်သည်။ ရှေ့ဆက်လက်၍လည်း နှစ်နိုင်ငံအကြံပေးပညာရှင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုများအား တိုးချဲ့လုပ်ဆောင် သွားကြရမည်ဖြစ်သည်။
နိဂုံး
ရုရှားနိုင်ငံခြားရေးမူဝါဒဖြစ်သည့် ဗဟုကမ္ဘာသို့ ဦးတည်ရာလမ်းကြောင်းသွယ် (The Path to Multipolar World) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အရှေ့ဖျား စီးပွားရေးဖိုရမ် (Eastern Economic Forum) တို့ကဲ့သို့သော စီးပွားရေးဖိုရမ်များက အရေးပါလျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်သည့် (၁၀) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ဆွေးနွေးပွဲ (The X Moscow Conference on International Security) ဖွင့်ပွဲတွင် သမ္မတဗလာဒီမာပူတင်က ဧကဝင်ရိုးကမ္ဘာဆိုသည်မှာ အတိတ်တွင် ကျန်ခဲ့ပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး General of the Army ရွှိုင်းဂူကလည်း အမေရိကန်နှင့်၎င်းမဟာမိတ်များ၏ အကြွင်းမဲ့လွှမ်းမိုးချုပ်ကိုင်မှုသည် အတိတ်ကအရာဖြစ်သွားပြီ။ ယူကရိန်းတွင် အထူးစစ်ဆင်ရေး စတင်ဆင်နွှဲသည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစပြီး ဧကဝင်ရိုးကမ္ဘာ အဆုံးသတ်သွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ ပါသေးသည်။
အမေရိကန်ဦးဆောင်နေသည့် ဧကဝင်ရိုးကမ္ဘာ (Unipolar World) ကို အဆုံးသတ်စေပြီး ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) အစပျိုးရန် လုပ်ဆောင်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ရုရှားသည် အရှေ့တောင်အာရှဒေသအတွင်းတွင် လာအို၊ ဗီယက်နမ်၊ မြန်မာတို့နှင့် ပိုမိုရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးရှိသည်။ ရုရှားသည် အရှေ့တောင်အာရှဒေသအပါအဝင် အာရှ-ပစိဖိတ်ဒေသကြီးအား ယခင်ကထက် ပိုမိုအလေးထားလာသည်ကို တွေ့ရှိရသည်။
မိမိတို့မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို လက်ခံကျင့်သုံးလျက် ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅) ရပ်ကို ကျင့်သုံးလျက်ရှိသည်။ ဘက်မလိုက် သည့် နိုင်ငံခြားရေးမူဝါဒအား ကျင့်သုံးလျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို လိုလားသော ရုရှားကဲ့သို့ မိတ်ဆွေနိုင်ငံများနှင့် ပိုမိုရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်သည်။
မိမိတို့နှစ်နိုင်ငံသည် နှစ်ပေါင်းများစွာ မိတ်ဆွေကောင်းပီသစွာဖြင့် နေထိုင်ခဲ့ကြသည်။ သံတမန် ဆက်ဆံရေး ကောင်းမွန်သည်သာမက နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား မိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်ဆံရေးကောင်းများကို တည်ဆောက်နိုင်ခဲ့သည်။ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သကဲ့သို့ အရပ်ဘက်ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍတို့တွင်လည်း ခိုင်မာသည့် ဆက်ဆံရေးသမိုင်းကောင်းကို ဆက်လက်တည်ဆောက်သွားရမည်ဖြစ် သည်။ သမ္မတပူတင်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် မြန်မာသည် အရှေ့တောင် အာရှဒေသတွင် ကျွန်ုပ်တို့ ကာလရှည်လက်တွဲနေသည့် ယုံကြည်ရသော မိတ်ဖက်နိုင်ငံ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ မြန်မာနှင့်ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ် ပြည့် မြောက်သည့် ၂၀၂၃ ခုနှစ်မှသည် ကမ္ဘာတည်သရွေ့ ဆက်လက်အဓွန့်ရှည် တည်တံ့ခိုင်မြဲပါ စေကြောင်း ဂုဏ်ပြုရေးသားဖော်ပြအပ်ပါသည်။ ။