Skip to main content

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (ဩစတြီးယားနိုင်ငံ)

ခိုင်လေးငယ်

နိဒါန်း

ဩစတြီးယားသမ္မတနိုင်ငံသည် ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ လစ်ချ်တင်စတိန်း၊ ဆလိုဗား ကီးယား၊ ဆိုဗေးနီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အရှေ့အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ ၈၃၈၇၈ စတုရန်းကီလိုမီတာ (၃၂၃၈၅ စတုရန်းမိုင်) ကျယ်ဝန်းပြီး လူဦးရေ ၈ ဒသမ ၉၅ သန်းခန့်ရှိသည်။ ဩစတြီးယားသည် ပါလီမန်ဒီမို ကရေစီနိုင်ငံဖြစ်သည်။ ဩစတြီးယားနိုင်ငံ၏ မြို့တော် ဗီယင်နာ (Vienna)သည် လူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိသော အကြီးဆုံးမြို့တော်ဖြစ်သည်။ လူဦးရေအများစုသည် နိုင်ငံ၏တရားဝင်ဘာသာ စကားဖြစ်သည့် ဂျာမန်ဘာသာစကားကိုပြောဆို ကြပြီး အခြားဒေသခံရုံးသုံး ဘာသာစကားများမှာ ခရိုအေးရှား (Croatian)၊ ဟန်ဂေရီ (Hungarian)နှင့် စလိုဘေးနီးယား (Slovene)တို့ဖြစ်သည်။ ဩစတြီးယားသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး Organization for Economic Cooperation and Development (OECD) တည်ထောင်သူလည်းဖြစ်သည်။ ၁၉၉၅ ခုနှစ်မှစတင်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့သည်။ ဩစတြီးယားသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ကိုးခုဖြင့် ဖွဲ့စည်းထားသည်။ အမည်အားဖြင့် Burgeland၊ Carinthia၊ Lower Austria၊ Upper Austria၊ Salzburg၊ Styria၊ Tyrol၊ Vorarlberg နှင့် Vienna တို့ဖြစ်သည်။ ပြည်နယ်များတွင် သီးခြားအုပ်ချုပ်ရေးအာဏာများရှိပြီး ပြည်နယ်လွှတ်တော်များကို ရွေးချယ်ထားသော ဥပဒေပြုအာဏာများဖြင့် ထိန်းသိမ်းထားသည်။ ၎င်းတို့တွင် ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများရှိသည်။

ရွေးကောက်ပွဲသမိုင်း

ဩစတြီးယားနိုင်ငံ ပြည်ထောင်စုလွှတ်တော်တွင် အောက်လွှတ်တော် (National Council) နှင့် အထက်လွှတ်တော် (Federal Council) ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည်။ တစ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများအနေဖြင့် အမျိုးသားကောင်စီ ရွေးကောက်ပွဲများနှင့် သမ္မတရွေးကောက်ပွဲများ ကျင်းပပြီး ပြည်နယ်ရွေးကောက်ပွဲများတွင် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများ၊ မြူနီစီပယ် ရွေးကောက်ပွဲများနှင့် မြို့တော်ဝန်ရွေးကောက်ပွဲများ ကျင်းပသည်။ ရွေးကောက်ပွဲအားလုံးသည် တန်းတူ ညီမျှ၊ တိုက်ရိုက်၊ လျှို့ဝှက်၊ လွတ်လပ်စွာဟူသော ကိုယ်ပိုင်မဲပေးခွင့်၏ အခြေခံမူများနှင့်အညီ ကျင်းပသည်။ ဩစတြီးယားနိုင်ငံ၌ ၂၀၀၇ ခုနှစ် ဖက်ဒရယ် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသည့် အသက်ကို (၁၈) နှစ်မှ (၁၆) နှစ်သို့ လျှော့ချခဲ့သည်။ အချို့ ပြည်နယ်များတွင် ၂၀၀၇ ခုနှစ်မတိုင်မီ ကျင်းပခဲ့သောပြည်နယ်နှင့် ဒေသရွေးကောက်ပွဲများ တွင် မဲပေးရမည့်အသက်ကို လျှော့ချထားပြီး ဖြစ်သည်။

 

ဩစတြီးယားနိုင်ငံ၏ လွှတ်တော်နှင့် အခြားဥပဒေပြုအဖွဲ့များအတွက် ရွေးကောက်ပွဲစနစ်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံရေးပါတီများမှ မဲရုံများတွင် ရရှိသည့်ခိုင်လုံမဲများအပေါ် အခြေခံ၍ ကိုယ်စားလှယ်လောင်းနေရာများ အချိုးကျခွဲဝေစေရန်ဖြစ်ပြီး ဥပဒေပြုအဖွဲ့၏ဖွဲ့စည်းပုံသည် မဲဆန္ဒရှင်များ၏ဆန္ဒကို ကိုယ်စားပြုစေနိုင်ရန်ဖြစ်သည်။ ဤစနစ်သည် မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ ကိုသာမဟုတ်ဘဲ နိုင်ငံရေးပါတီများကိုပါ ရွေးချယ် ရန်လိုအပ်သည်။

သမ္မတ

ဩစတြီးယားနိုင်ငံ၏ သမ္မတအား ခြောက်နှစ်လျှင်တစ်ကြိမ် ဆန္ဒမဲပေးတိုက်ရိုက်ရွေးကောက် တင်မြှောက်သည်။ သမ္မတသည် ခြောက်နှစ်သက်တမ်းကို နှစ်ကြိမ်ဆက်တိုက်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်။ သမ္မတသည် အမျိုးသားကောင်စီကို ဖျက်သိမ်းခွင့်ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရတရားရေးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တရားသူကြီးချုပ်များ၊ စစ်အရာရှိများနှင့် အဓိကဗျူရိုကရက်အများစုကို ခန့်အပ်ခွင့်နှင့် သက်တမ်းတိုးခွင့်အာဏာတို့ရှိသည်။ သမ္မတသည် နိုင်ငံ့ခေါင်းဆောင်ဖြစ်ပြီး တရားဝင်အပ်နှင်းထား သောအာဏာများရှိသော်လည်း လက်တွေ့တွင် ပိုမိုကျယ်ပြန့်သော မူဝါဒပိုင်းများနှင့် ဆုံးဖြတ်ချက် ချသည့်ကိစ္စများတွင် အစိုးရနှင့်တိုင်ပင်ဆွေးနွေးသည်။

သမ္မတရွေးကောက်ပွဲ

သမ္မတရွေးကောက်ပွဲကို နှစ်ကျော့ပြန်စနစ်ဖြင့် ကျင်းပသည်။ ပထမအကျော့တွင် မည်သည့် ကိုယ်စားလှယ်လောင်းကမှ မဲအရေအတွက် ၅၀ ရာခိုင်နှုန်းထက်ပို၍ မရရှိခဲ့ပါလျှင် ဒုတိယအကျော့တွင် ဆန္ဒမဲအများဆုံးရရှိသူနှစ်ဦးသာ ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်း တစ်ဦးသာ ရွေးကောက်ပွဲဝင်ပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပါသည်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် သမ္မတရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည်။ သမ္မတရွေးကောက်ပွဲကြေညာချက်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်နှင့် လျှောက်လွှာတင်သွင်းရမည့်ရက်တို့ ပါဝင်သည်။ ကိုယ်စားလှယ်လောင်းများ၏အမည်များကို ရွေးကောက်ပွဲနေ့မတိုင်မီ ရက်ပေါင်း ၃၀ ထက် နောက်မကျစေဘဲ ပြည်ထောင်စု ရွေးကောက်ပွဲအာဏာပိုင် (ဗဟိုရွေးကောက်ပွဲ ကော်မရှင်)ထံ တင်ပြရသည်။ နိုင်ငံတော်သမ္မတက ကျမ်းသစ္စာကျိန်ဆိုပြီး ရာထူးတာဝန်ယူသည့် အချိန်မှစ၍ သက်တမ်းစတင်သည်။

လွှတ်တော်ဖွဲ့စည်းခြင်း

ဩစတြီးယားလွှတ်တော်တွင် အမျိုးသားကောင်စီနှင့် ဖက်ဒရယ်ကောင်စီဟူ၍ လွှတ်တော် နှစ်ရပ်ရှိသည်။ အမျိုးသားကောင်စီသည် အဓိကဥပဒေပြုအဖွဲ့ဖြစ်သည်။ ဥပဒေပြင်ဆင်ရေးနှင့် အကောင်အထည်ဖော်ရေးကို ပြည်ထောင်စုအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများတွင် ဆောင်ရွက်သည်။ ဥပဒေပြုရေးတာဝန်များကို ပြည်ထောင်စုအဆင့်တွင် အမျိုးသားကောင်စီက ဖက်ဒရယ် ကောင်စီနှင့် တွဲဖက်ဆောင်ရွက်သည်။ အမျိုးသား ကောင်စီတွင် အဖွဲ့ဝင် ၁၈၃ ဦးကို ငါးနှစ်တစ်ကြိမ် သို့မဟုတ် (တစ်ခါတစ်ရံဆောလျင်စွာ) မဲပေးခွင့်ရှိသော နိုင်ငံသားအားလုံးက ရွေးချယ်တင်မြှောက်သည်။

ဖက်ဒရယ်ကောင်စီသည် လူထုဆန္ဒမဲဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ဘဲ ၎င်း၏ဖွဲ့စည်းမှုသည် ဥပဒေပြုရေးအဆင့်တွင် ကိုယ်စားပြုသည့်ပါတီများ၏ အင်အားပေါ်တွင် မူတည်သည်။ ဆိုလိုသည်မှာ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပပြီးနောက် ဖက်ဒရယ် ကောင်စီဖွဲ့စည်းပုံသည် ပြောင်းလဲနိုင်ခြင်းကြောင့် ဖြစ်သည်။ ဖက်ဒရယ်ကောင်စီသည် ပြည်နယ် အားလုံး၏အကျိုးစီးပွားကို ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော်များသည် ပြည်နယ်တစ်ခုချင်းစီရှိ နိုင်ငံသားများ၏အကျိုးစီးပွားကို ကိုယ်စားပြုသည်။ ဖက်ဒရယ်ပြည်နယ်တစ်ခုစီကို သက်ဆိုင်ရာ လွှတ်တော်က ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်အုပ်ချုပ်ရေးမှူးမှဦးဆောင်သည့် ပြည်နယ် အစိုးရအဖွဲ့က အုပ်ချုပ်သည်။

ဖက်ဒရယ်ပြည်နယ်တစ်ခုစီသို့ ခွဲဝေပေးသော ကိုယ်စားလှယ်အရေအတွက်ကို ယင်း၏လူဦးရေပေါ်တွင် အခြေခံသည်။ အကြီးဆုံးပြည်နယ်များကို ကိုယ်စားလှယ် ၁၂ ဦးခွဲဝေပေးကာ အငယ်ဆုံး ပြည်နယ်များကို ကိုယ်စားလှယ်ဦးရေ သုံးဦးခွဲဝေပေးသည်။ အထက်လွှတ်တော်တွင် ပြည်နယ်များ၏ လူဦးရေပြောင်းလဲလာသည်နှင့်အမျှ ၎င်းတို့ရပိုင်ခွင့်ရှိသော လုပ်ပိုင်ခွင့်အရေအတွက်များလည်း ပြောင်းလဲလာသည်။ လုပ်ပိုင်ခွင့်အရေအတွက်ကို သန်းခေါင်စာရင်းအရ ဆယ်နှစ်တစ်ကြိမ် ပြန်လည် တွက်ချက်သည်။ ယင်းနောက် ပြည်ထောင်စုသမ္မတ သည် ပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ်မည်မျှကို အထက်လွှတ်တော်သို့ လွှဲအပ်နိုင်သည်ကို သတ်မှတ်သည်။ သို့အတွက်ကြောင့် အထက် လွှတ်တော် (ဖက်ဒရယ်ကောင်စီ)ရှိ အရေအတွက်ကို ကြိုတင်သတ်မှတ်မထားပေ။ လက်ရှိတွင် အထက် လွှတ်တော်၌ ကိုယ်စားလှယ် ၆၁ ဦးရှိသည်။ အထက်လွှတ်တော် (ဖက်ဒရယ်ကောင်စီ)သည် အောက်လွှတ်တော် (အမျိုးသားကောင်စီ)နှင့် ဆက်စပ်၍ ပြည်ထောင်စုဥပဒေများကို ထုတ်ပြန်ပြီးအောက်လွှတ်တော်မှ အတည်ပြုထားသည့် ကန့်သတ်ထားသော ဗီတိုအာဏာအသုံးပြုခွင့်ရှိသည်။

လွှတ်တော်ရွေးကောက်ပွဲ

အမျိုးသားကောင်စီ ရွေးကောက်ပွဲသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ် ၁၈၃ ဦးကို ငါးနှစ်တစ်ကြိမ် ကျင်းပရွေးချယ်ပေးသည့် အထွေထွေရွေးကောက်ပွဲလည်းဖြစ်သည်။ အမျိုးသားကောင်စီရွေးကောက်ပွဲများ ကျင်းပရန်အတွက် ဩစတြီးယားပြည်နယ် ကိုးခုကိုဒေသဆိုင်ရာ ရွေးကောက်ပွဲခရိုင် ၃၉ ခုအဖြစ် ထပ်မံပိုင်းခြားထားသည်။ ရွေးကောက်ပွဲခရိုင် ၃၉ ခုသာရှိသော်လည်း အဖွဲ့ဝင် ၁၈၃ နေရာ ရွေးချယ်ရမည်ဖြစ်သည့်အတွက် လူဦးရေများသည့်ခရိုင်များတွင် ကိုယ်စားလှယ် အရေအတွက်လည်းများသည်။ ကိုယ်စားလှယ် လောင်းများကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် အနည်းဆုံး ရရှိရမည့် ခိုင်လုံမဲအရေအတွက်သည် လေးရာခိုင် နှုန်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းမှု

ဩစတြီးယားနိုင်ငံတွင် ဖက်ဒရယ်ဘုတ်အဖွဲ့ ဟုခေါ်သော ထိပ်တန်းဗဟိုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းထားသည်။ ဖက်ဒရယ် ရွေးကောက်ပွဲဘုတ်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးနှင့် အကဲဖြတ်သူ (အဖွဲ့ဝင်) ၁၇ ဦး (အမျိုးသမီး ငါးဦးအပါ) တို့ဖြင့် ဖွဲ့စည်းထားပြီး လွတ်လပ်သော အခွင့်အာဏာရှိသည်။ အကဲဖြတ်သူ နှစ်ဦးကို တရားစီရင်ရေးမှထုတ်ယူပြီး ကျန်အကဲ ဖြတ်သူ ၁၅ ဦးကို အမျိုးသားကောင်စီတွင် ကိုယ်စားပြုပါတီများမှ အမည်စာရင်းတင်သွင်း၍ အချိုးကျခန့်အပ်သည်။ ဖက်ဒရယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့သည် အမှီအခိုကင်းသော အစိုးရအဖွဲ့ အစည်းတစ်ခုဖြစ်သည်။ ဖက်ဒရယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့၏ အဖွဲ့ဝင်များအားလုံးသည် အခြားသော ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် မသက်ဆိုင်ပါ။ ဖက်ဒရယ်ပြည်ထဲရေးဝန်ကြီးသည် လက်ထောက်များကို ခန့်အပ်နိုင်ပြီး အကဲဖြတ်သူတိုင်း ပူးတွဲအကဲဖြတ်သူများကို ရွေးချယ်ခန့်အပ်နိုင်သည်။ ဗဟိုရွေးကောက်ပွဲဘုတ်အဖွဲ့သည် နိုင်ငံတစ်ဝန်းရွေးကောက်ပွဲများ အကောင်အထည်ဖော်ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး ၎င်းတို့၏သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်နေသည့် အခြားသောရွေးကောက်ပွဲ အာဏာပိုင်များအားလုံးကို ကြီးကြပ်ကွပ်ကဲသည်။ ဖက်ဒရယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့သည် အမျိုးသားကောင်စီ၊ ဥရောပ ပါလီမန်၊ ဖက်ဒရယ်သမ္မတရုံး၊ ဆန္ဒခံယူပွဲနှင့်လူထုညှိနှိုင်းမှုများအတွက် ရွေးကောက်ပွဲများကို တာဝန် ယူဆောင်ရွက်သည့်အပြင် အာဏာပိုင်များသည် အများသူငါလုပ်ဆောင်မှုများ၏ နောက်ဆုံးရလဒ် များကို ဆုံးဖြတ်ပြီး ဥရောပနိုင်ငံသားများအတွက် ပံ့ပိုးကူညီမှုဆိုင်ရာ ထုတ်ပြန်ချက်များကို စစ်ဆေးနိုင်သည်။ ရွေးကောက်ပွဲဘုတ်အဖွဲ့၏ အတွင်းရေးမှူးရုံးနှင့် ပံ့ပိုးရေးဌာနခွဲအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနတွင် ရွေးကောက်ပွဲရေးရာဌာနကို ဖွဲ့စည်း၍ဆောင်ရွက်သည်။ ပြည်နယ်အစိုးရရုံး ကိုးရုံးတွင် ပြည်နယ်ရွေးကောက်ပွဲအာဏာပိုင် အဖွဲ့တစ်ခုစီ သီးခြားဖွဲ့စည်းထားသည်။ ယင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး သို့မဟုတ်ဥက္ကဋ္ဌနှင့် ပြည်နယ်မဲရုံအရာရှိအဖြစ်ခန့်အပ်ရန် အမြဲတမ်း ကိုယ်စားလှယ်တစ်ဦးနှင့် အကဲဖြတ်သူ ကိုးဦးပါဝင်သည်။

ကော်မရှင်အဖွဲ့ဝင်များ အရည်အချင်းသတ်မှတ်ချက်

(၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကော်မရှင် ဥက္ကဋ္ဌသည် တရားသူကြီးချုပ်အဆင့်ရှိသူ ဖြစ်ရမည်။

(၂) ကော်မရှင်အဖွဲ့ဝင်များသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်မီသူဖြစ် ရမည် -

(က) နိုင်ငံသားဖြစ်သူ၊

(ခ) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ရရှိထားသူ၊

(ဂ) ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ဥပဒေ စသည့် နယ်ပယ်များတွင် အတွေ့အကြုံရှိသူ၊

(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၆ ပါ အချက်များနှင့် ကိုက်ညီမှုရှိသူ။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

ဩစတြီးယားရွေးကောက်ပွဲအုပ်ချုပ်ရေးတွင် အဆင့်ငါးဆင့်ရှိပြီး နိုင်ငံ၏အုပ်ချုပ်မှုကို ထင်ဟပ် စေသည်။ ယင်းမှာ ဗဟိုရွေးကောက်ပွဲဘုတ်အဖွဲ့ (FEB)၊ ပြည်နယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ ကိုးခု (PEBs)၊ ခရိုင်ရွေးကောက်ပွဲဘုတ်အဖွဲ့ ၁၀၀ ကျော် (DEBs)၊ မြူနီစီပယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ ၂၀၀၀ ကျော် (MEBs)နှင့် မဲရုံဘုတ်အဖွဲ့ ၁၂၀၀၀ (PSBs) ဝန်းကျင်ရှိသည်။ ဘုတ်အဖွဲ့အားလုံးသည် အမြဲတမ်းတည်ရှိပြီး ရွေးကောက်ပွဲ အမျိုးအစားအားလုံးကို စီမံခန့်ခွဲရန် လိုအပ်သလိုခေါ်ယူဆွေးနွေး ညှိနှိုင်းသည်။

အစိုးရအဆင့်အသီးသီးရှိ အရပ်ဘက်ဝန်ထမ်းများသည် သက်ဆိုင်ရာရွေးကောက်ပွဲဘုတ်အဖွဲ့တွင် ပါဝင်ကူညီဆောင်ရွက်ကြသည်။ ပြည်ထဲရေး ဝန်ကြီးသည် ဗဟိုရွေးကောက်ပွဲဘုတ်အဖွဲ့(FEB)တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် မဲလက်မှတ်များ ထုတ်လုပ်ခြင်း၊ ရွေးကောက်ပွဲအာဏာပိုင်များအတွက် လမ်းညွှန်ချက်နှင့် လေ့ကျင့်ရေးညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးပစ္စည်းများ ပြင်ဆင်ခြင်းအပါအဝင် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို တာဝန်ယူဆောင်ရွက်သည်။ ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဘုတ်အဖွဲ့အဆင့်ဆင့်ကို ကြီးကြပ်ခြင်း၊ ရွေးကောက်ပွဲနောက်ဆုံးရလဒ်များကြေညာ ပေးခြင်းတို့ကိုလည်း ဆောင်ရွက်သည်။

ပြည်နယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ (PEBs)၊ ခရိုင်ရွေးကောက်ပွဲဘုတ်အဖွဲ့ (DEBs)နှင့် မြူနီစီပယ် ရွေးကောက်ပွဲဘုတ်အဖွဲ့ (MEBs)အားလုံးကို ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်းဥက္ကဋ္ဌများသည် အများအားဖြင့် သက်ဆိုင်ရာ ဒေသအစိုးရအကြီးအကဲများ ဖြစ်ကြသည်။ အခြားသော ရွေးကောက်ပွဲဘုတ်အဖွဲ့ဝင်များသည် ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် ၎င်းရရှိသောဒေသမဲများ အချိုးအစားအလိုက် ကိုယ်စားပြုခန့်အပ်ထားသည်။ မဲရုံဘုတ်အဖွဲ့(PSBs)တွင် မြို့တော်ဝန်မှခန့်အပ်ထားသောဥက္ကဋ္ဌတစ်ဦးနှင့် ပါတီများမှ အဆိုပြုတင်သွင်းထားသော အဖွဲ့ဝင် သုံးဦးပါဝင်သည်။ ဘုတ်အဖွဲ့အားလုံး၏ အဖွဲ့ဝင်များအားလုံးကို ငါးနှစ်တာသက်တမ်းအတွက် ခန့်အပ်သည်။

ပြည်နယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ (PEBs) အဓိကအခန်းကဏ္ဍမှာ ရွေးကောက်ပွဲရလဒ်များကို စုစည်းရန်ဖြစ်သည်။ ခရိုင်ရွေးကောက်ပွဲ ဘုတ်အဖွဲ့ (DEBs) စာတိုက်မဲများကို ရေတွက်ရန် တာဝန်ရှိသည်။ မြူနီစီပယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ (MEBs) မဲရုံမှရလဒ်များကိုစုစည်းပြီး မဲဆန္ဒရှင်စာရင်းများကို ကြီးကြပ်ရန်တာဝန်ရှိသည်။ မဲရုံဘုတ်အဖွဲ့ (PSBs) သည် ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းကို စီစဉ်ဆောင်ရွက်သည်။

နိုင်ငံရေးပါတီများဆိုင်ရာ

ဩစတြီးယားနိုင်ငံတွင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီပေါင်း ၁၀၀၀ ကျော်ရှိပြီး လက်ရှိ၌ ဩစတြီးယားပြည်သူ့ပါတီ (OVP)၊ ဩစတြီးယားဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPO)၊ ဩစတြီးယား လွတ်လပ်ရေးပါတီ (FPO)၊ ဂရင်း (GREEN)နှင့် NEOS ဟူသည့် အဓိကပါတီကြီး ငါးခုရှိသည်။ မတူညီသောနိုင်ငံရေးပါတီ အများအပြားတည်ရှိမှုသည် ဒီမိုကရေစီ၏ အမှတ်အသားတစ်ခုဖြစ်ပြီး ၎င်းတို့ ၏အရေးပါမှုသည် နိုင်ငံရေးဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍ တစ်ခုကြောင့်ဖြစ်သည်။

ဩစတြီးယားနိုင်ငံရေးပါတီများ၏ ကုန်ကျစရိတ်များနှင့် ငွေကြေးထောက်ပံ့မှုများကို စာရင်းစစ်တရားရုံးက စစ်ဆေးသည်။ နိုင်ငံရေးပါတီများသည် ရန်ပုံငွေရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ၎င်းတို့၏ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ်လည်တာဝန်ခံ မှုအစီရင်ခံစာများကို ပြုစုပေးရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများဆိုင်ရာ

သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အသက်(၃၅)နှစ်ပြည့်ရန် လိုအပ်ပြီး လွှတ်တော်ရွေးကောက်ပွဲအတွက် ဖြစ်လျှင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည် ဖြစ်သည်။ ဖက်ဒရယ်သမ္မတအဖြစ် အရွေးချယ်ခံရန် လွှတ်တော်ကိုယ်စားလှယ်လောင်းအနေဖြင့် မဲဆန္ဒရှင်များ၏ တရားဝင်ခိုင်လုံမဲလက်မှတ် အနည်းဆုံး ၆၀၀၀ ၏ ထောက်ခံချက်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ တရားဝင်ဖွဲ့စည်းထားသော ဖက်ဒရယ် ရွေးကောက်ပွဲအာဏာရှိသည့် အဖွဲ့အစည်းထံသို့ ကြေညာချက်နှင့်အတူ တင်ပြရသည်။ တစ်ချိန်တည်းတွင် လွှတ်တော်ကိုယ်စားလှယ်ဝင်ကြေး ယူရို ၃၆၀၀ ကို ပေးဆောင်ရသည်။ အလားအလာရှိသော ကိုယ်စားလှယ်လောင်းများအနေဖြင့် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲအတွက် လက်မှတ်များကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ စုဆောင်း နိုင်သည်။ နောက်ဆုံးတင်သွင်းရမည့်နေ့မှာ ရွေးကောက်ပွဲမတိုင်မီ ၃၇ ရက်နေ့ (၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့) ၁၇:၀၀ နာရီအချိန်တွင် ဖြစ်သည်။ အမျိုးသားကောင်စီကိုယ်စားလှယ် လောင်းနေရာ ခွဲဝေရန်အတွက် ခရိုင်မဲဆန္ဒနယ်ကိုးခု (ပြည်နယ်ကိုးခုနှင့်ထပ်တူ) ခွဲကာ ဒေသဆိုင်ရာမဲဆန္ဒနယ် ၃၉ ခုသို့ ထပ်မံပိုင်းခြားထားသည်။

မဲဆန္ဒရှင်စာရင်းပြုစုခြင်း

မဲဆန္ဒရှင်စာရင်းကို မြူနီစီပယ်အာဏာပိုင်များက ၎င်းတို့နေထိုင်ရာ နေရာဒေသအလိုက် ပြုစုသည်။ မြူနီစီပယ်များသည် ၎င်းတို့မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာနယ်နိမိတ်အလိုက် စဉ်ဆက်မပြတ် ထိန်းသိမ်းထားရှိသည်။ ဤစာရင်းများသည် ရွေးကောက်ပွဲမတိုင်မီ ထုတ်ပေးသည့် ဗဟိုမဲဆန္ဒရှင် စာရင်းနှင့်ချိတ်ဆက်ထားသည်။ မဲဆန္ဒရှင်အနေဖြင့် မိမိ၏အမည်စာရင်း မှားယွင်းမှုများအား ပြင်ဆင်ရန် သက်ဆိုင်ရာမြူနီစီပယ်များအလိုက် မဲဆန္ဒရှင် စာရင်းကပ်ထားချိန် ၁၀ ရက်အတွင်း တောင်းဆိုခွင့်ရှိပြီး မြူနီစီပယ်၏ဆုံးဖြတ်ချက်ကို အယူခံလျှောက်ထားပါက အုပ်ချုပ်ရေးတရားရုံးသို့ ဆက်လက်လျှောက်ထားနိုင်သည်။ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာမြူနီစီပယ်၏ မဲဆန္ဒရှင်စာရင်းများကို စာရင်းများ၏ကုန်ကျစရိတ်အတိုင်း မိတ္တူကူးယူခွင့်ရှိသည်။

ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒရှင်စာရင်း ပြုစု ခြင်းနှင့် မဲဆန္ဒရှင်စာရင်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များကို အောက်ဖော်ပြပါအချိန်များမှလွဲ၍ အမြဲ မပြတ်ဆောင်ရွက်ရသည် -

- အထွေထွေရွေးကောက်ပွဲ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၈ (၅) အရ
ကျင်းပသော ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၆၀ အတွင်း၊

- ကြားဖြတ်ရွေးကောက်ပွဲများတွင် သက်ဆိုင် ရာ လစ်လပ်နေရာများနှင့် ယင်းရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို ကြေညာသည့် အချိန်အတွင်း၊

- အခြားကိစ္စရပ်များတွင် လစ်လပ်နေရာ ကြေညာပြီးချိန်နှင့် ရွေးကောက်ပွဲကျင်းပ မည့်ရက် ကြေညာသည့်အချိန်အတွင်း။

မဲဆန္ဒရှင်များဆိုင်ရာ

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက်(၁၆)နှစ်ပြည့်ပြီးသော ဥပဒေအရ တားမြစ်ခြင်းမခံရသည့် ဩစတြီးယားနိုင်ငံသားများ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ သက်ဆိုင်ရာမဲရုံ၏ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး မဲဆန္ဒရှင်နှင့်ပတ်သက် သည့် စာရွက်စာတမ်းများ လက်ခံရရှိသူသည် ယင်းမဲရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ မဲဆန္ဒရှင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းဆိုသည်မှာ မဲဆန္ဒရှင်စာရင်း သွင်းချိန်တွင် ထုတ်ပေးသော စာရွက်စာတမ်းဖြစ်သည်။ နိုင်ငံသားများသည် တစ်နှစ်ထက်မပိုသောရာဇဝတ်မှုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရမှသာလျှင် ၎င်းတို့၏မဲပေးခွင့်ဆုံးရှုံး မည်ဖြစ်သည်။

ဆန္ဒမဲပေးခြင်း

ဩစတြီးယားနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များ သည် ၎င်းတို့၏အမြဲတမ်းနေရပ်နှင့် သတ်မှတ်ထား သောမဲရုံတွင် မဲပေးရန်ပျက်ကွက်နေသူများသည် ဩစတြီးယားရှိ မဲရုံတိုင်းတွင်မဲပေးရန် သို့မဟုတ် စာတိုက်မှမဲပေးရန်အတွက် အသုံးပြုနိုင်မည့် “မဲကတ်” ကို ရယူခွင့်ရှိသည်။ ဩစတြီးယားနိုင်ငံ သားများသည် စာတိုက်မှမဲပေးနိုင်သည်။ စာတိုက် မဲပေးခြင်းသည် နိုင်ငံရပ်ခြားနှင့် ဩစတြီးယား၏ ကန့်သတ်ချက်များအတွင်း ညီတူညီမျှဖြစ်သည်။ စာတိုက်မှမဲပေးရာတွင် အသုံးပြုသည့်မဲကတ်များ အားလုံးသည် ညနေ ၅ နာရီတွင် ခရိုင်ရွေးကောက်ပွဲ အာဏာပိုင်ထံသို့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။ မဲရုံသို့ လာရောက်မဲမပေးနိုင်သည့် ပုဂ္ဂိုလ်များ ဥပမာ- သက်ကြီးရွယ်အိုများ၊ အိပ်ရာထဲလဲနေသူများ၊ အကျဉ်းသားများတို့သည် ရွေးကောက်ပွဲ အာဏာပိုင်တစ်ဦးထံတင်ပြ၍ ဝန်ဆောင်မှုများ ရယူနိုင်သည်။ တစ်နည်းအားဖြင့် စာတိုက်မဲပေးခြင်းကိုလည်း အသုံးပြုနိုင်သည်။ မဲဆန္ဒရှင်များသည် ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်များကို စာတိုက်မှ (mail) ပေးပို့ရာတွင် ဆန္ဒမဲလက်မှတ်နှင့်အတူ ၎င်းတို့၏ဆန္ဒမဲကို မည်သည့်လွှမ်းမိုးမှုမရှိဘဲမိမိ ဆန္ဒအရပေးသည့် မဲဖြစ်ကြောင်း သက်သေ အထောက်အထားကိုပါ ပူးတွဲပေးပို့ရမည်ဖြစ်သည်။

မျက်မမြင်မဲဆန္ဒရှင်များ သို့မဟုတ် ဆိုးရွားသောအမြင်အာရုံ ချို့ယွင်းနေသူများအား ၎င်းတို့၏ ချို့ယွင်းမှုကိုမခွဲခြားဘဲ ကိုယ်တိုင်မဲပေးပိုင်ခွင့်ရှိစေရန် အထောက်အကူပစ္စည်း (ပုံစံခွက်)ကို ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားရှိပေးသည်။ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမဲဆန္ဒရှင်များအတွက် မဲပေးရာတွင် လမ်းညွှန်ကူညီပေးနိုင်ရန် လူတစ်ဦးခေါ်ဆောင်နိုင် သည်။ ထိုကဲ့သို့ ယုံကြည်ရသူကို မဲဆန္ဒရှင်က ရွေးချယ်ခွင့်ရှိပြီး အရာရှိထံတင်ပြရသည်။

ရွေးကောက်ပွဲရလဒ်များရေတွက်ခြင်း၊ ကြေညာခြင်း

ဩစတြီးယားနိုင်ငံတွင် မဲများကိုဒေသဆိုင်ရာရွေးကောက်ပွဲအာဏာပိုင် (မြူနီစီပယ်နှင့် ခရိုင် ရွေးကောက်ပွဲအာဏာပိုင်များ)မှ သီးသန့်ရေတွက် သည်။ ခြွင်းချက်အနေဖြင့် စာတိုက်မဲများကို ခရိုင်ရွေးကောက်ပွဲအာဏာပိုင်များက ရေတွက်သည်။ ဒေသရွေးကောက်ပွဲဘုတ်အဖွဲ့၏ အဖွဲ့ဝင်အရေ အတွက်သည် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသည့်ရပ်ရွာတစ်ခု၏ ပရိဝုဏ်အား ရွေးကောက် ပွဲဘုတ်အဖွဲ့များအဖြစ် ထပ်မံခွဲခြားထားခြင်း ရှိ/မရှိအပေါ်မူတည်သည်။ မြူနီစီပယ်အဖွဲ့၏ ရွေးကောက်ပွဲအာဏာပိုင်သည် ဒေသဆိုင်ရာ အာဏာပိုင်အဖြစ် ဆောင်ရွက်ပါကဥက္ကဋ္ဌ တစ်ဦးနှင့် အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သည်။ ပရိဝုဏ်တစ်ခုအတွက် ဒေသဆိုင်ရာကော်မရှင် ဥက္ကဋ္ဌတစ်ဦးနှင့် တစ်ခုတွင်အဖွဲ့ဝင်သုံးဦး ၎င်းတို့အတွက် အစားထိုးရန်တစ်ဦးပါဝင်သည်။ မြူနီစီပယ် အဖွဲ့၏ဥက္ကဋ္ဌများ (များသောအားဖြင့် သက်ဆိုင်ရာ မြို့တော်ဝန်)သည် ဥပဒေအရကော်မရှင်၏အကြီး အကဲဖြစ်လာသည်။ ပါတီတစ်ခုအတွက် ကိုယ်စားလှယ်အရေအတွက်ကို ရွေးကောက်ပွဲရလဒ်အား “D’Hondt” စနစ်ဖြင့် တွက်ချက်သည်။

ကော်မရှင်သည် မဲရုံပိတ်ပြီးသည်နှင့်တစ်ပြိုင်နက် ရွေးကောက်ပွဲရလဒ်များကို ရေတွက်ဆုံးဖြတ် ခြင်း၊ ကြေညာခြင်းနှင့် ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲဥပဒေ အပိုဒ်ခွဲ (၁) အရ ကော်မရှင်သည် ရွေးကောက်ပွဲနောက်ဆုံး ရလဒ်ကို မကြေညာမီ ရွေးကောက်ပွဲ လတ်တလော ရလဒ်(ယာယီရလဒ်)များကို ကြေညာနိုင်သည်။ ကော်မရှင်သည် ရွေးကောက်ပွဲရလဒ်များအားလုံး စိစစ်တွက်ချက်ပြီးမှသာ နောက်ဆုံးရလဒ်ကို ကြေညာရသည်။

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ

ဩစတြီးယားနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၆ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၉ ခုနှစ်တို့တွင် လွှတ်တော်ရွေးကောက်ပွဲများကို အသီးသီးကျင်းပခဲ့သည်။

လက်ရှိအစိုးရလက်ထက်တွင် ဝန်ကြီး ၁၂ ဦးအနက် ခြောက်ဦးသည် အမျိုးသမီးများဖြစ်သည်။ ယေဘုယျအားဖြင့် လွှတ်တော်နှစ်ရပ် စလုံးရှိ လက်ရှိလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၄၀ ရာခိုင်နှုန်းသည် အမျိုးသားကောင်စီဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုကောင်စီ ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အမျိုးသမီးများဖြစ်ကြသည်။ အမျိုးသားကောင်စီအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်မှာ အောက်ပါအတိုင်းဖြစ်သည်-

နိဂုံး

ဩစတြီးယားနိုင်ငံသည် နိုင်ငံသားများ ဆန္ဒမဲပေးခွင့်ကို အသက်(၁၆)နှစ် သတ်မှတ်ထားသဖြင့် ဩစတြီးယားလူငယ်များအကြား နိုင်ငံရေး စိတ်ဝင်စားမှုတိုးလာစေခြင်းသည် နိုင်ငံရေးဖြစ်စဉ်များတွင် ပြောင်းလဲမှုများဖြစ်ပေါ်လာသလို မဲပေးမှုရာခိုင်နှုန်းတိုးတက်သည်ကို တွေ့ရှိရပြီး ရွေးကောက်ပွဲများကျင်းပရာတွင်လည်း ကျွမ်းကျွမ်းကျင်ကျင်နှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်စေရန် စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ကြောင်းတွေ့ရှိရသဖြင့် လေ့လာသင့်ကြောင်းတင်ပြအပ်ပါသည်။ ။