Skip to main content

ဆင်းရဲခြင်းလွတ်ကင်းအောင်

ခန့်ဇော် (ကျေးလက်)

စာရေးသူအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ခရိုင်မှူး/ မြို့နယ်ဦးစီးမှူး စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွေမှာ ခေါင်းဆောင်မှု ဘာသာရပ်ကို သင်ပေးလေ့ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်တွေအကြောင်း၊ ဆင်းရဲရတဲ့အကြောင်းရင်း၊ အာဆီယံနိုင်ငံများရဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းအခြေအနေတွေ ကိုလည်း မျှဝေသင်ကြားပေးခဲ့ပါတယ်။ ဆင်းရဲရတဲ့အကြောင်းရင်းတွေ၊ ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအကြောင်းကို မျှဝေပေးဖို့ စဉ်းစားမိလို့ ယခုဆောင်းပါးကို ရေးဖြစ်ပါတယ်။

ဆင်းရဲခြင်းအဓိက နှစ်မျိုးရှိပြီး ဝင်ငွေမရှိ၊ ငွေကြေးမရှိခြင်းနဲ့ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့ဖြစ်ပါတယ်။ ဆင်းရဲခြင်းကို အိမ်တစ်အိမ်၊ လူတစ်ဦးချင်းစီရဲ့ဝင်ငွေနဲ့ တိုင်းတာကြပါတယ်။ လွယ်ကူရိုးရှင်းအောင် ပြောရရင်လူတစ်ဦးဟာ တစ်နေ့ဝင်ငွေ ဘယ်လောက်ရှိလဲ၊ အသုံးစရိတ်လောက်လား၊ လိုအပ်လား၊ စုဆောင်းနိုင်သလား၊ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရဲ့လား၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုရေးတွေမှာ သုံးနိုင်သလား စတဲ့အချက်တွေကိုကြည့်ပြီး ဆင်းရဲ၊ ချမ်းသာ ခွဲခြားသတ်မှတ်တာ ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုင်းတာတဲ့ စံသတ်မှတ်ချက်တွေတော့ ကွာခြားပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာမှာ လူတစ်ဦး တစ်ရက်ဝင်ငွေကျပ် ၁၅၉၀ (သို့) အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၆ အောက်ရရှိသူများကို ဆင်းရဲနွမ်းပါးမှုစာရင်းအောက် ရောက်ရှိတယ်လို့ သတ်မှတ်ပါတယ်။ Myanmar Living Condition Survey ၂၀၁၇ စစ်တမ်းအရ ၂၀၀၅ ခုနှစ်မှာ ဆင်းရဲမှုနှုန်း ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်အရောက်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့တာ တွေ့ရပါတယ်။

ဘာ့ကြောင့်ဆင်းရဲရသလဲ…

ဆင်းရဲရတဲ့အကြောင်းတွေကို လေ့လာကြည့်ရင် နိုင်ငံတော်အဆင့်၊ လူ့အဖွဲ့အစည်းအဆင့်၊ အိမ်ထောင်စုအဆင့် စတဲ့အဆင့်သုံးမျိုးကို အခြေခံပြီး ဆက်စပ်ကြည့်ရပါတယ်။ အဓိကအားဖြင့် အကြောင်းရင်း ခြောက်မျိုးကြောင့် ဖြစ်ပါတယ်-

          (၁)     နယ်မြေမတည်ငြိမ်မှု၊ မလုံခြုံမှု၊

          (၂)      အခွင့်အလမ်းများ နည်းပါးမှု၊

          (၃)     အလုပ်အကိုင်/ ဝင်ငွေမရှိခြင်း၊

          (၄)     မညီမျှမှု၊

          (၅)     ထိခိုက်လွယ်မှု/ ဖယ်ကြဉ်ခံရမှု၊

          (၆)     အခြေခံအဆောက်အအုံတွေ မပြည့်စုံမှု စတာတွေကြောင့် ဖြစ်ပါတယ်။

နိုင်ငံတော်အဆင့် (National Level) အကြောင်းရင်းများကိုကြည့်ရင် အဓိကအကြောင်းအရာများ ကတော့-

          (၁) ရာသီဥတုဆိုးရွားပြီး ရေကြီး၊ မိုးခေါင်၊ မုန်တိုင်း၊ ငလျင် စသည့် သဘာဝဘေး အန္တရာယ်များ မကြာခဏ ပြင်းထန်စွာ ခံစားရခြင်း၊

    (၂) သဘာဝသယံဇာတ အရင်းအမြစ်များ ရှိသော်လည်း စနစ်တကျ မစီမံနိုင်ခြင်း၊ နိုင်ငံတော်မှ တရားဝင် ဝင်ငွေမရဘဲ မှောင်ခိုများ၊ လက်နက်ကိုင်သောင်းကျန်းသူများမှ ထိန်းချုပ်သုံးစွဲခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ၊ အကျင့်ပျက်ခြစားမှုများရှိခြင်း၊ ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝ မရရှိခြင်း၊

          (၃) လုပ်ကိုင်စားသောက်ရန် မြစ်ချောင်း၊ အင်းအိုင်၊ လယ်ယာကိုင်းကျွန်း ရှားပါးခြင်း၊ (ကျွန်တော်တို့ နိုင်ငံမှာတော့ ပေါပါတယ်)

          (၄) တိုင်းရင်းသား တန်းတူညီမျှမှု မရှိခြင်း၊ ရှိသော်လည်း မရှိဟု တမင်အသုံးချ အဖျက် လမ်းကြောင်း ရွေးချယ်ခြင်း၊

          (၅) စီးပွားရေး မတည်ငြိမ်ခြင်း၊ ဈေးကွက် မတည်ငြိမ်ခြင်း၊

          (၆)     ပြည်တွင်းစစ်ဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းအဆင့် (Community Level)အကြောင်းရင်းများကိုကြည့်ရင် အဓိက အကြောင်း အရာများကတော့-

          (၁) လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်၊ မပြည့်စုံခြင်း၊

          (၂)      လူမှုရေးအခြေခံအဆောက်အုံ မကောင်း မွန်၊ မပြည့်စုံခြင်း၊

          (၃) အလုပ်အကိုင်၊ အခွင့်အလမ်း ရှားပါးခြင်း၊

          (၄)     ဖွံ့ဖြိုးရေးဆောင်ရွက်ပေးမယ့် လူ့အဖွဲ့ အစည်းများ နည်းပါးခြင်း စသည်တို့ ဖြစ်ပါတယ်။

အိမ်ထောင်စုအဆင့် (Household Level) အကြောင်းရင်းများကိုကြည့်ရင် အဓိကအကြောင်း အရာများကတော့-

          (၁)     အိမ်ထောင်စုဝင်များတဲ့ အိမ်တစ်အိမ်မှာ အလုပ်လုပ်နိုင်သူ အရေအတွက်နည်းပြီး သက်ကြီးရွယ်အို၊ မကျန်းမာသူ၊ ကလေးအရေအတွက်များခြင်း၊

          (၂) အမျိုးသမီး/ သက်ကြီးရွယ်အိုများ ဦးစီးတဲ့ အိမ်ထောင်စုဖြစ်ခြင်း၊

          (၃)     အထက်ပါအချက်များကြောင့် ဝင်ငွေရှာဖွေ နိုင်မှုမရှိဘဲ ထွက်ငွေများခြင်း၊

          (၄)     ပညာရေးနိမ့်၊ ပညာမတတ်၊ ကျန်းမာရေး မကောင်း၍ လုပ်နိုင်ကိုင်နိုင်မှု မရှိဘဲ စွမ်းဆောင်ရည်နည်း၍ ဝင်ငွေမရှာဖွေနိုင်ခြင်း၊

          (၅)     အရက်သေစာသောက်စားပြီး လောင်းကစားလုပ်ခြင်း၊ ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အမှုအခင်းများ ရင်ဆိုင်ရခြင်း၊

          (၆)     လုပ်ကိုင်ရန် ငွေကြေးအရင်းအနှီးရရန် ခက်ခဲခြင်း၊ မလွယ်ကူခြင်း၊ ရရှိသော်လည်း အတိုးနှုန်း ကြီးမားခြင်း၊

        (၇) ရှိတဲ့အလုပ်၊ ရတဲ့အလုပ်ကို ဖြစ်မြောက်အောင် မလုပ်ချင်၊ အပျင်းကြီးသူ၊ တိုးတက် ချင်စိတ်မရှိသူ၊ အလုပ်မလုပ်သူများရှိသည့် အိမ်ထောင်စုဖြစ်ခြင်း စသည်တို့ကြောင့် ဖြစ်ပါတယ်။

ဆင်းရဲခြင်းလွတ်ကင်းအောင် ဘယ်လိုလုပ်ကြမလဲ…

၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အစိုးရကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းတွေကို အထူးအလေးထား ဆောင်ရွက်ခဲ့ရာ ဘက်စုံကျေးလက် ဒေသဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲချမှတ်ပြီး လုပ်ငန်းစဉ်(၅)ခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်(၅)ရပ်ကတော့-

          (က)    ကျေးလက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်ချောမွေ့စေရေး၊

          (ခ)     ကျေးလက်နေပြည်သူများ ဘေးကင်း လုံခြုံသော သောက်သုံးရေရရှိရေး၊

          (ဂ)     ကျေးလက်နေ ပြည်သူများ၏ ပညာရေး အဆင့်အတန်း တိုးတက်မြင့်မားရေး၊

          (ဃ)    ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှု စနစ် ပိုမိုကောင်းမွန်စေရေးနဲ့

          (င)     ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေးတို့ပဲ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ အစိုးရကာလ မှာလည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်(၈)ရပ်ကို ချမှတ်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ယင်းလုပ်ငန်းစဉ်(၈) ရပ် ကတော့-

          (၁) လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊

          (၂) မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊

          (၃)     ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

          (၄)     အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး၊

          (၅) သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

          (၆) ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊

          (၇) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊

      (၈) စာရင်းအင်းအချက်အလက်များ ကောက်ယူစုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေးတို့ ဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဗဟိုကော်မတီတွင် သမ္မတကဥက္ကဋ္ဌဖြစ်ပြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ပါဝင်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်း ကော်မတီတွင် ဒုတိယသမ္မတကဥက္ကဋ္ဌဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အဓိကဝန်ကြီးဌာနဖြစ်တဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၂၀၁၅ ခုနှစ်ထောင်စုနှစ် ရည်မှန်းချက်တွေအရ ဆင်းရဲမှုနှုန်းမှာ ၂၀၀၅ ခုနှစ်မှာ ၃၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမှုနှုန်း ၁၆ ရာခိုင်နှုန်းအထိ လျော့ကျသွားစေရေး ဦးစားပေး အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ခဲ့ပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဓိကအထက်ပါ လုပ်ငန်းစဉ်(၈)ရပ်ကို ဦးစားပေးအကောင်အထည်ဖော်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အိမ်ထောင်စုစားဝတ်နေရေး အခြေအနေ လေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) (Myanmar Integrated Household Living Conditions Assessment- IHLCA) လေ့လာချက် အရ ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်အတွင်း လူနေမှု ဘဝပြည့်စုံဖူလုံမှု လူမှုရေးဆိုင်ရာ အတိုင်းအတာများမှာ သိသာစွာတိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိကာလမှာတော့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပန်းတိုင်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (SDG) ရည်မှန်းချက်တွေနဲ့အညီ စီမံချက်၊ စီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော်ကြပါတယ်။

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ နေထိုင်မှုစစ်တမ်း (Myanmar Poverty and Living Conditions Survey 2017– MPLCS)အရ လူဦးရေတိုးပွားလာတဲ့တိုင် ၂၀၀၅ မှာ ဆင်းရဲနွမ်းပါးသူ အရေအတွက် ၁၈ ဒသမ ၇ သန်းခန့်ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာ ၁၁ ဒသမ ၈ သန်းသို့ လျော့ကျသွားတဲ့အတွက် ဆင်းရဲမှုကို ထက်ဝက်နီးပါး လျှော့ချနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ သို့ရာတွင် မြို့ပြနှင့် ကျေးလက် ကျေးရွာ-မြို့နယ်များအကြား ဆင်းရဲ-ချမ်းသာ ကွာဟမှုနှုန်းမှာ မြင့်မားနေဆဲဖြစ်ပြီး ကျေးလက်ရှိ ဆင်းရဲနွမ်းပါးသူအရေအတွက်မှာ မြို့ပြရှိ အရေအတွက်ထက် ၆ ဒသမ ၇ ဆ ပိုများနေသေးကြောင်း တွေ့ရှိရပါတယ်။ ဆင်းရဲမှုလျှော့ချနိုင်ဖို့အတွက်ဆိုရင် အခွင့်အလမ်းတွေ ဖန်တီးပေးခြင်း၊ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးဖို့လိုအပ်ပြီး အောက်ဖော်ပြပါ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်-

          (၁)     အလုပ်အကိုင်အခွင့်အလမ်းဖန်တီး/တိုးမြှင့်ပေးခြင်း၊

        (၂) ငွေကြေးအရင်းအနှီးရရှိနိုင်မှု အခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း (မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ MSME ချေးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည် ငွေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ စသည်)၊

          (၃)     ထုတ်ကုန်ရောင်းဖို့ ဈေးကွက်အခွင့်အလမ်း ဖန်တီး/ တိုးမြှင့်ပေးခြင်း၊

       (၄)     ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မဟာဗျူဟာရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ် တွင် ကျေးရွာအားလုံး၏ ရာခိုင်နှုန်း ၈၀ နှင့် ကျေးလက်နေ လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ရာသီ မရွေးသွားလာနိုင်သော လမ်းများ အသုံးပြုနိုင်ရေးလမ်းပန်းဆက်သွယ်ရေးအခွင့်အလမ်းဖန်တီး/ တိုးမြှင့်ပေးခြင်း၊

    (၅)     ၂၀၃၀ ပြည့်နှစ် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေး မျှော်မှန်းချက်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် ရည်မှန်းချက်များ ပြည့်မီစေရေး အတွက် လူသားတိုင်းလက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ခေတ်မီစွမ်းအင်ရရှိစေရန် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု အခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း၊

  (၆) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်နှင့်အညီ ၂၀၃၀ ပြည့် နှစ်မှာ လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနဲ့ မိလ္လာစနစ်သုံးစွဲနိုင်ရေး ရည်မှန်းချက်နဲ့ သန့်ရှင်းသောသောက်သုံး ရေရရှိနိုင်မှု အခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း၊

  (၇)     ပညာသင်ကြားနိုင်သည့် အခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း (ဆင်းရဲသည့် မိသားစုမှ ကလေးများအတွက် ပညာသင်ဆုများ၊ ပညာသင်ထောက်ပံ့ကြေး၊ အခမဲ့ ပညာရေး)၊ 

   (၈) ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းဖန်တီး/တိုးမြှင့်ပေးခြင်း (အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု၊ ကျန်းမာရေးအာမခံ)စတဲ့ အခွင့်အလမ်းများကို ဖန်တီး/တိုးမြှင့် ပေးရမှာ ဖြစ်ပါတယ်။

အထက်ပါအခွင့်အလမ်းတွေကို ဖော်ဆောင်ပေးခြင်းအားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ဖြစ်တဲ့ ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် ဆင်းရဲနွမ်းပါးမှုပုံစံ အမျိုးမျိုး အဆုံးသတ်ရေး ရည်မှန်းချက် ပြည့်မီစေရေးမှာ အထောက်အပံ့ကောင်းတစ်ခုဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။

ဆင်းရဲခြင်းမှ လွတ်မြောက်အောင် ဆောင်ရွက်ရာမှာ အောက်ဖော်ပြပါတို့ကိုလည်း ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်-

          (၁)     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးခြင်း (ရာသီဥတု မဖောက်ပြန်အောင်)၊

          (၂)      နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊

          (၃) ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊

          (၄) လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ တန်းတူညီမျှရှိရေး မြှင့်တင်ခြင်း၊

          (၅)     လူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ပေးခြင်း၊

          (၆) ဖွံ့ဖြိုးရေးအကူအညီပေးမည့် အဖွဲ့များ ပူးပေါင်းပါဝင်လာအောင်၊ အကူအညီပေး လာအောင် ဆွဲဆောင်ခြင်း၊

          (၇) ဆင်းရဲသူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရင်းနှီးမြှုပ်နှံပေးခြင်း၊

          (၈) ဖွံ့ဖြိုးရေးဆောင်ရွက်ပေးတဲ့ အဖွဲ့များ တာဝန်ယူ၊ တာဝန်ခံမှုရှိလာစေရေး အားပေးခြင်း (ကောင်းမွန်သော စီမံအုပ်ချုပ်ရေး- Good Governance) စသည်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ အခွန်မူဝါဒနဲ့အညီ ထိရောက်ကောင်းမွန်တဲ့ အခွန်ကောက်ခံမှုစနစ်နဲ့ နိုင်ငံတော်မှာ ညီညွတ်မျှတတဲ့ အရအသုံးငွေကြေးစနစ် ပေါ်ပေါက်စေပြီး၊ ငွေကြေးလည်ပတ်မှုကို မှန်ကန်စေပြီး ငွေကြေးဖောင်းပွမှု မပေါ်ပေါက်စေရေး ထိန်းသိမ်းပေးဖို့၊ ရသင့်ရထိုက်တဲ့ အခွန်အခတွေကို ဥပဒေနဲ့အညီ အပြည့်အဝကောက်ခံရရှိရေး ICT နည်းပညာတွေ တိုးချဲ့အသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်သွားကြဖို့၊ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုတွေမရှိအောင် ထိန်းကျောင်း တည့်မတ်ကြီးကြပ်သွားဖို့လည်း လိုအပ်မှာ ဖြစ်ပါ တယ်။

ဆင်းရဲရတဲ့ အကြောင်းတရားများစွာရှိတဲ့ အနက်က အရေးကြီးဆုံး။ အဓိကအကျဆုံးကတော့ တည်ငြိမ်အေးချမ်းရေး၊ တစ်နည်းဆိုရရင် “ငြိမ်းချမ်းရေး” ရပြီး “ငြိမ်းချမ်းပြီးတည်ငြိမ်ရေး”ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရအောင်လုပ်နိုင်မယ်၊ ဒေသအလိုက် အကြမ်းဖက်မှုတွေ ကင်းဝေးမယ်ဆိုရင် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နိုင်လာမယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့လုပ်နိုင်မယ်။ ကူးသန်းရောင်းဝယ်ရေးတွေ ကောင်းလာမယ်၊ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲဧကန်ဖြစ်ပြီး ဆင်းရဲမှုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုအရေးကြီးဆုံးက ပညာရေးနဲ့ မှား/မှန် ခွဲခြားသိမြင်တတ်တဲ့ ပညာဉာဏ်၊ ပညာ အသိအမြင်၊ ဗဟုသုတပဲ ဖြစ်မယ်ထင်ပါတယ်။ ပညာမတတ်၊ ပညာအသိ မရှိရင် မှား/ မှန် မခွဲခြားတတ်ဘဲ မကောင်းမှု ဒုစရိုက်တွေလုပ်မယ်။ အကုသိုလ်အလုပ်တွေ လုပ်မယ်။ တိုးတက်ရာ တိုးတက်ကြောင်း မတွေးနိုင်၊ မကြံစည်နိုင်၊ မလုပ်နိုင် ဖြစ်မယ်။ နိုင်ငံအတွက် အမျိုးသားရေးစိတ်ဓာတ် မွေးမြူရမယ့်အကြောင်း မသိနိုင်၊ နိုင်ငံသားတာဝန် မသိနိုင်၊ လူ့အဖွဲ့အစည်း ကောင်းရာ ကောင်းကြောင်းကို မသိမြင်နိုင်ဘဲ အမှားများစွာ ကြံစည်လုပ်ကိုင် နေကြရင် တစ်ဦးချင်း၊ တစ်အိမ်ချင်းအတွက်သာမက အဖွဲ့အစည်း၊ တိုင်းပြည်အထိပါ မတိုးတက်နိုင် ဖြစ်ပေမယ်။ ဒါ့ကြောင့် ပညာရေးဟာ အလွန်အရေးကြီးပါတယ်။ အတန်းပညာ တတ်ရုံတင်မက အမှား/အမှန် ဝေဖန်ပိုင်းခြားသိမြင်နိုင်တဲ့ အသိ၊ ပညာ၊ သတိ ရှိရန်လည်း အလွန်အရေးကြီးပါတယ်။

ဆင်းရဲခြင်းကင်းစွာ စိတ်အေးချမ်းသာခြင်းပြည့်စုံစေဖို့ရာ...

ဆင်းရဲခြင်းဆိုရာမှာ စိတ်ဆင်းရဲခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စိတ်ဆင်းရဲခြင်း ဖြစ်ရတဲ့ အကြောင်းရင်းကတော့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ငွေကြေးမပြည့်စုံလို့၊ လိုချင်တာ မရလို့၊ လုပ်ချင်တာမလုပ်ရလို့၊ သွားချင်တာ မသွားရလို့၊ စားချင်တာ မစားရလို့၊ ဖြစ်ချင်တာတွေ မဖြစ်လို့၊ ချစ်ခင်သူတွေ့နဲ့ အတူမနေရလို့၊ ချစ်ခင်သူ တွေနဲ့ကွဲရလို့ စတဲ့အကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။ ဘာသာတရားနဲ့အညီ နှလုံးသွင်းနိုင်ပြီး လောဘနည်းမယ်၊ လိုအင်ရမ္မက်နည်းမယ်၊ ရောင့်ရဲ တင်းတိမ်နိုင်မယ်ဆိုရင်တော့ ငွေကြေးပြည့်စုံခြင်းနဲ့မဆိုင်တဲ့ စိတ်ချမ်းသာစရာ ကိစ္စတွေကို ဖန်တီး ရယူနိုင်ပြီး စိတ်ဆင်းရဲမှုတွေ ကင်းဝေးမှာ ဖြစ်ပါတယ်။ စိတ်ဆင်းရဲမှုကင်းဝေးမှ လူသားဆန်စွာ မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာတရားတွေနဲ့အညီ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ အများကို ကူညီနိုင်သူ၊ ပံ့ပိုးနိုင်သူဖြစ်အောင်ကြိုးစား၊ အများအတွက်၊ မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ နိုင်ငံအတွက်၊ လူသားတွေအတွက် အကျိုးပြုမယ့် အတွေး၊ အကျိုးရှိမယ့်အလုပ်တွေ လုပ်ရင်လည်း စိတ်ချမ်းသာမှု ရနိုင်တာပါပဲ။ စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်လို့ပြောတော့ သစ်ပင်စိုက်ကြရမှာပေါ့။ သစ်ပင်စိုက်တာကလည်း ကိုယ့်ပတ်ဝန်းကျင် သာယာလှပရေးအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ အထောက်အကူပြုစေတာဖြစ်လို့ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်မှသာ သဘာဝဘေးအန္တရာယ် ကျရောက်တာတွေ၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲတာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ သဘာဝဂေဟစနစ်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ဖြစ်ပေါ်နေသလိုပဲ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ နိုင်ငံ့စီးပွားတိုးတက် မြင့်မားခြင်းတို့ဟာလည်း တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်အထောက်အပံ့ ပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲမှုလျှော့ချ ရေးအတွက် ဆောင်ရွက်ကြရာမှာ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်တွေနဲ့အတူ တည်ငြိမ်အေးချမ်းရေး၊ ပညာရည်မြင့်မားရေးတို့ကိုပါ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေနဲ့(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်မှာ “ဖွံ့ဖြိုးရေးမှသည် ငြိမ်းချမ်းရေးဆီ သို့” ဆောင်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ “ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်”၊ တစ်ဖန် “ဖွံ့ဖြိုးမှ ငြိမ်းချမ်းမယ်” ဆိုတဲ့ သဘောတရားကို အလေးထားဆောင်ရွက်နေတာကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဆင်းရဲခြင်း လွတ်ကင်းအောင်၊ ကိုယ်၊ စိတ်နှစ်ပါးချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆိုရာမှာ ငြိမ်းချမ်းရေးဟာ အလွန်အရေးကြီးတဲ့ကဏ္ဍက ပါဝင်ပါတယ်။ တစ်ဦး တစ်ယောက်ချင်း စီရဲ့ခံယူချက်၊ စိတ်ထား၊ အသိအမြင်ဟာ ရိုးသားပြီး ငြိမ်းချမ်းရေးကို လိုလားနေဖို့ လိုပါတယ်။ လူတိုင်း ငြိမ်းချမ်းရေးကို လိုချင်စိတ် ဖြစ်နေရပါမယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ ဆင်းရဲခြင်း လွတ်ကင်းအောင် ငြိမ်းချမ်းရေးအရယူဖို့ တိုက်တွန်းကြပါစို့၊ ငြိမ်းချမ်းရေး ရယူကြပါစို့။ နိုင်ငံဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ဆင်းရဲခြင်းလွတ်ကင်းရေးမှာ အဓိကကျတဲ့ ငြိမ်းချမ်းရေး ရဖို့ အားလုံးအားလုံး ဝိုင်းဝန်းပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး ရယူကြပါစို့။ ။