Skip to main content

နိုင်ငံ့စီးပွား စိုက်ပျိုးမွေးမြူရေးစွမ်းပကား

ထက်ဝေအောင်(စစ်ကိုင်း)

နိုင်ငံတော်သည် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအား များမြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေ တိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍အာဟာရ ပြည့်ဝသည့် စားနပ်ရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေ အကာအကွယ်များစွာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး ပံ့ပိုးကူညီပေးလျက်ရှိသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖြစ်သည့် ဈေးကွက်သုတေသန၊ စိုက်ပျိုးရေး သုတေသန၊ မွေးမြူရေးသုတေသန၊ စက်မှု သုတေသန၊ နည်းပညာသုတေသန၊ ပညာရေး သုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် မြေနှင့် ရေ အရင်းအမြစ်များကို အကျိုးရှိရှိ သုံးစွဲသွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခေတ်မီ နည်းစနစ်များဖြင့် ပေါင်းစပ်၍ လယ်ယာ၊ သားငါး ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ

လယ်ယာစီးပွားလုပ်ငန်းများ ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်စေရမည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ဈေးကွက် ဝယ်လိုအားကောင်းမွန်မှုနှင့် အာဟာရပြည့်ဝသည့် သီးနှံစုံ ထုတ်လုပ်နိုင်မှုတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ အောင်မြင်မှုရရှိရန် အထူးလိုအပ်သည်။ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ အားနည်းချက်၊ အားသာချက် များကို အချိန်မီပြုပြင်ဆောင်ရွက်ပါက အာဟာရ ပြည့်ဝသော သီးနှံ၊ အသား၊ ငါးများ တိုးတက် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ စိုက်နည်းစနစ်ကောင်း များကို အားထားရန်လိုအပ်ပြီး ဖြစ်ပေါ်ပြောင်းလဲနေ သည့် ရာသီဥတုအလိုက် ရေမြေဒေသကိုက်ညီသည့် ဒဏ်အခံနိုင်ဆုံးမျိုးများစိုက်ပျိုးကြရမည် ဖြစ်သည်။ နိုင်ငံတော်ကလည်း စီးပွားရေးမူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်သူကိုဗဟိုပြုသော ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိပေသည်။

နိုင်ငံ၏လယ်ယာ၊ သားငါးကဏ္ဍသည် စားရေးဖူလုံမှုအတွက် များစွာအထောက်အကူပြုပြီး ကဏ္ဍတစ်ရပ်အနေဖြင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး တိုးတက်မှုနှုန်းများကို ကိုယ်စားပြုသည်။ လယ်ယာကဏ္ဍတွင် အရေးကြီး အဓိကသီးနှံများဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ရော်ဘာနှင့်ချက်ကြံရင့် အပါအဝင် သီးနှံများကို လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းတိုးမြင့်ရေး၊ အရည်အသွေး ပြည့်ဝသော ထွက်ကုန်များရရှိရေး၊ အထွက်ကောင်းမျိုးများ ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲနိုင်ရေး၊ သွင်းအားစုနှင့်နည်းပညာများအား အချိန်ကိုက် အချိုးကျသုံးစွဲနိုင်ရေး အစီအမံကောင်းများသည် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုလျက်ရှိသည်။

ရေသည် အဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတဖြစ်

စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အလေးထားဆောင်ရွက်ရာ တွင် ရေသည် မရှိမဖြစ်အရေးပါသည်။ ရေနှင့် အစားအစာသည် လူနှင့်သက်ရှိအားလုံးတို့ အသက်ရှင်သန်နေထိုင်မှုအတွက် မဖြစ်မနေ လိုအပ်သောအရာဖြစ်သည်။ ရေသည် အဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတဖြစ်သည်။ နိုင်ငံတော် အစိုးရက စိုက်ပျိုးရေကို ထိရောက်စွာအသုံးချနိုင်ရေး၊ မိုးရွာသွန်းမှု လျော့နည်းလာသည့်အလျောက် မြစ်များ၊ ချောင်းများ၊ မြောင်းများအတွင်းရေ သိုလှောင်နိုင်ရေးအတွက်ဆည်၊ တာတမံကြီးများ၊ မြစ်ရေတင်စီမံကိန်းများအသုံးပြုရေး ရေရှည် အသုံးပြုနိုင်မည့် စီမံကိန်းများချမှတ်လျက်ရှိသည်။ စိုက်ပျိုးရေကို ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် ရေစီမံခန့်ခွဲမှုကို လယ်သမားများကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်စေမည့် ရေအသုံးချသူများအဖွဲ့ (Water User Group- WUG)နှင့် ရေအသုံးချသူများ အသင်း (Water User Association- WUA)များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိ ရပါသည်။ စနစ်ကောင်းလျှင်ခေတ်ကောင်းသို့ ရောက်ရှိနိုင်သဖြင့်နည်းစနစ်၊ နည်းပညာကို ကောင်းစွာအသုံးချခြင်းဖြစ်သည်။

ယနေ့ မျက်မှောက်ကမ္ဘာတွင် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍအတွက် ဆိုလာလျှပ်စစ်စီမံ ကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လာ သည်ကို တွေ့ရှိရသည်။ ဆိုလာလျှပ်စစ်စီမံကိန်းများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သဖြင့် ကောင်းစွာအသုံးချပါက ပိုမိုထိရောက်အသုံးဝင်လှပါသည်။ နိုင်ငံတော်သည် မြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေ၊ သုံးရေနှင့် သောက်ရေရရှိရေးအလေး ထားဆောင်ရွက်လျက်ရှိပြီး ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေကို အသုံးပြု၍ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အားဖြင့် ရေရှည်အသုံးပြုနိုင်မည့် မြစ်ရေတင်စီမံကိန်းများ ဖြစ်ပေါ်လာစေရန်အတွက် မြစ်ရေတင်လုပ်ငန်းများ ကို ဆိုလာစနစ်ဖြင့် တိုးချဲ့တပ်ဆင်ဆောင်ရွက်လျက်ရှိသည်။

ဈေးကွက်ဝင်သီးနှံ၊ စီမံကိန်းသီးနှံများ

လယ်ယာလုပ်ငန်းခွင်တွင် စီးပွားရေးအရ တွက်ခြေကိုက်သော စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ၊ ကြံ အစရှိသည့်သီးနှံများ ယှဉ်ပြိုင်စိုက်ပျိုးကြသကဲ့သို့ ဈေးကွက်ဝင်သီးနှံ၊ စီမံကိန်းသီးနှံများလည်း စိုက်ပျိုးသင့်ပေသည်။ ယနေ့အချိန်တွင် နိုင်ငံစီးပွားမြှင့်တင်မှုအနေဖြင့် ဘက်ပေါင်းစုံမှ စီမံကြိုးစား ဆောင်ရွက်နေချိန်ဖြစ်သည်။ လယ်ယာကဏ္ဍတွင် နွေစပါး၊ ဆောင်းပဲတီ၊ နေကြာ၊ ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေး အလေးထားဆောင်ရွက် လျက်ရှိသည်။ သီးနှံအလိုက် ဧကတိုးချဲ့ရေးသာမက ဒေသရေမြေအလိုက် သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် အထွက်နှုန်းတိုးတက်ရေးသည် သီးနှံထုတ်လုပ် မှုလုပ်ငန်းများအတွက် အထွက်နှုန်းနှင့်ဝင်ငွေ တွက်ခြေကိုက်မှုကိုဖြစ်စေသည်။ စက်မှုလယ်ယာ တစ်ခေတ် ကူးပြောင်းဆောင်ရွက်မှုအနေဖြင့် တောင်သူများနှင့် စက်မှုလယ်ယာဝန်ဆောင်မှု လုပ်ကိုင်သူများကို ပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ ကြံနှင့်အာလူးသီးနှံများကို Fully Mechanized ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း၊ လယ်ထွန်စက်များကို ထွန်နှင့်ထယ်နှစ်မျိုးသာ အသုံးပြုလျက်ရှိရာမှ မြေပြင်၊ မျိုးစေ့ချ၊ ကြားပေါင်းလိုက်၊ ဆေးဖျန်း၊ ရိတ်သိမ်းအစအဆုံး ထွန်စက်နှင့် နောက်တွဲကိရိယာများ အသုံးပြုခြင်းများ သင်တန်းပေးလျက်ရှိသည်။

နိုင်ငံတော်သည် စားနပ်ရိက္ခာဖူလုံရေးအတွက် မြေနှင့်ရေအရင်းအမြစ်များကို အကျိုးရှိရှိသုံးစွဲရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစီမံဆောင်ရွက်လျက် ရှိသည်။ မျိုးသန့်မျိုးစေ့ထုတ်လုပ်ရေးသည် သီးနှံအထွက်တိုးရေးအတွက် များစွာအထောက်အကူပြုသဖြင့် လယ်ယာလုပ်ငန်းခွင်အရောက် မျိုးကောင်း မျိုးသန့်အလုံအလောက်ရရှိရေး မျိုးစေ့ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပိုမိုထုတ်လုပ်ရေး အားပေးဆောင်ရွက်လျက်ရှိသည်။ လယ်ယာသားငါးကဏ္ဍတွင် သီးနှံမျိုးစေ့ ထုတ်လုပ်ရေး လုပ်ငန်းသည် မရှိမဖြစ်အရေးပါသကဲ့သို့ မွေးမြူရေးဆိုင်ရာ နို့စားနွား၊ အသားစားနွား၊ ခိုင်းနွားများ တိုးပွားစေရေးအတွက် မျိုးရည်ခဲချောင်းထုတ်လုပ်ခြင်း၊ နိုက်ထရိုဂျင်အရည်ထုတ်လုပ်ခြင်း၊ မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းများကို မျိုးကောင်းမျိုးသန့်ပွား များနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်လျက်ရှိသည်။ မွေးမြူရေးငါးနှင့် ပုစွန်များနိုင်ငံတကာဈေးကွက် တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ငါး၊ ပုစွန်ထုတ်လုပ်မှုအခန်းကဏ္ဍ တိုးတက်ထုတ်လုပ် ရေး၊ အင်း၊ ဘုံ ငါးဖမ်းကွက်နှင့် မွေးမြူရေး ရေချိုငါး/ ပုစွန်ထုတ်လုပ်မှု၊ ရေငန်ငါး /ပုစွန် ထုတ်လုပ်မှုလုပ်ငန်းများ ဟန်ချက်ညီညီ ပိုမိုတိုးတက်ထုတ်လုပ် နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ဆန်၊ ပဲ၊ ပြောင်း၊ ဝါ၊ ဆီထွက်သီးနှံအထွက်နှုန်း ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဆင်းရဲငတ်မွတ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ထောင်စုနှစ်ရည်မှန်းချက်များသတ်မှတ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၁၇)ရပ်ပါ ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမူအကျင့်ကောင်းများကို လက်ခံကျင့်သုံးလျက်ရှိသည်။ မြန်မာ့လယ်ယာမြေတစ်ခွင်တွင်အထွက် ကောင်းမျိုးများ ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လယ်ယာသုံးစက်ကိရိယာများ ပိုမို သုံးစွဲနိုင်ရေး၊ သွင်းအားစုနှင့်နည်းပညာများအား အချိန်ကိုက်အချိုးကျသုံးစွဲနိုင်ရေးနှင့် သုတေသန လုပ်ငန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ စွမ်းရည်ကောင်းများဖြင့် စားနပ်ရိက္ခာထုတ်လုပ် လျက် ပြည်တွင်း/ ပြည်ပသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရေး ရည်သန်ဆောင်ရွက်မှုသည် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းမှုစွမ်းပကားဖြင့် နိုင်ငံ့ စီးပွားမြှင့်တင်ရန် ရေရှည်မြော်တွေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။ ။