Skip to main content

လူမှုစီးပွားအခြေခံ MSME လုပ်ငန်းများ အားပေး

ထက်ဝေအောင်(စစ်ကိုင်း)

နိုင်ငံတစ်နိုင်ငံအနေဖြင့် အလုံးစုံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် စီးပွားရေးလုပ်ငန်းများကို ခိုင်မာအောင် အုတ်မြစ်ချတည်ဆောက်ရလေ့ရှိသည်။ စီးပွားရေးလုပ်ငန်းများသည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ အစာအာဟာရဖြစ်သည်။ နိုင်ငံစီးပွားရေး အင်အားတောင့်တင်းစေရန် စီးပွားရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ထူထောင်ရန်လိုပေသည်။ စီးပွားရေးလုပ်ငန်း အများစုလိုအပ်သည့် အခြေခံအရင်းအနှီးမှာ လျှပ်စစ်ကဏ္ဍဖြစ်သည်။ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးသည်နှင့် အခြားသောစီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်မောင်းနှင်နိုင်စွမ်း ရှိပေသည်။ ရေ၊ မီးအစုံစုံပြည့်စုံလျှင် ရေမြေပေါ်အခြေပြု တည်ဆောက်သွားနိုင်မည့် စီးပွားရေး လုပ်ငန်းများစွာ ပေါ်ထွက်လာနိုင်သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ငွေကြေးလည်ပတ်စီးဆင်းမှု အားကောင်းစေသကဲ့သို့ ကုန်ထုတ်လုပ်မှုကဏ္ဍအသီးသီးကို တိုးတက်စေနိုင်သည်။ နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိမှသာ နိုင်ငံ့ဂုဏ်သိက္ခာဝင့်ထည်နိုင်သည်။ ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ သုံးစွဲအားပေး ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲခြင်းကို တားဆီးနိုင်သည်။ ပြည်ပသွင်းကုန်အစား ပြည်ပပို့ကုန်အသွင် ပြောင်းလဲ၍ နိုင်ငံ၏ စီးပွားရေးအဆင့်အတန်း မြှင့်တင်သွားရပေမည်။ နိုင်ငံခြားဝင်ငွေ စီးဆင်းမှု အားကောင်းခြင်းမှတစ်ဆင့် နိုင်ငံအတွက်လိုအပ်သည့် ကဏ္ဍအသီးသီးကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

ထိရောက်သောစီးပွားရေးလုပ်ကိုင်မှုပုံစံများ

စီးပွားရေးချဲ့ထွင်လုပ်ကိုင်လျက် စိတ်ဓာတ်၊အတွေးအခေါ်မြင့်မားအောင် ဆောင်ရွက်နိုင်ပေသည်။ ဦးနှောက်ကြီးသူ၊ လုပ်ဆောင်နိုင်စွမ်းရှိသူက တစ်ကွက်ပိုသာသည် ဆိုစကားအတိုင်း စီးပွားရေး လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သူ၊ စွန့်ဦးတီထွင်သူများကသာ တစ်ပန်း သာအောင်မြင်ကြသည်။ ထိရောက်သောစီးပွားရေးလုပ်ကိုင်မှုပုံစံများချမှတ်၍ ပိုမိုကောင်းမွန်သော အနာဂတ်နိုင်ငံကို တည်ဆောက်နိုင်ပေသည်။ စီးပွားရေးလုပ်ငန်းသည် နိုင်ငံ၏ပုံရိပ်သဖွယ် ဖြစ်သဖြင့် နိုင်ငံတော်နှင့် နိုင်ငံတော်အတွင်းရှိ မှီတင်းနေထိုင်သူအားလုံး အသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးကူညီဖော်ဆောင်ကြရမည်ဖြစ်သည်။

စွန့်ဦးတီထွင်လုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးကူညီခြင်းဖြင့် ကျွဲကူးရေပါသည့်ပမာ ချမ်းသာကြွယ်ဝသည့်နိုင်ငံတော်ကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ အဆိုပါလုပ်ငန်းများသည် စီးပွားရေးမောင်းနှင်အားများသဖွယ်ဖြစ်ပြီး ကျယ်ပြန့်သော စီးပွားရေးအင်အားစုကြီးပမာ အထောက်အကူပြု စွမ်းနိုင်ပေသည်။ အောင်မြင်သော စီးပွားရေး လုပ်ငန်းတစ်ရပ် တည်ဆောက်ရာတွင် စီးပွားရေး ဆိုင်ရာ လိုအပ်သောနည်းစနစ်နှင့် အသုံးဝင်သော နည်းလမ်းများကို ကောင်းစွာအသုံးချရန် လိုအပ်ပေသည်။ လုပ်ငန်းတစ်ခုချင်းစီတွင် စိတ်ကူးသစ် များစွာပါရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများစွာကို လေ့လာဆန်းစစ်ကြည့်ပါက အငယ်စား စီးပွားရေးလုပ်ငန်းများကို ဗဟိုပြုသည်ကို တွေ့ရှိရသည်။ မြို့ရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်း၊ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသကဲ့သို့ စတိုးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ သစ်သီးဆိုင်၊ ပန်းဆိုင်များကဲ့သို့ လုပ်ငန်းများစွာလည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။ အဆိုပါလုပ်ငန်းငယ်များသည် ပြည်တွင်းဈေးကွက်တစ်ခုဖန်တီး၍ ကုန်ပစ္စည်းရောင်းချခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကို ဦးတည်သည်။

စွန့်ဦးလုပ်ငန်းရှင်တစ်ဦးသည် နိုင်ငံ၏အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပြီး လုပ်ငန်း၏အားသာချက်နှင့် လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ထည့်သွင်းစဉ်းစားရလေ့ရှိသည်။ ထို့အတူ ဈေးကွက်အပေါ်နားလည်ခြင်း၊ စီးပွားရေးဝန်းကျင်ကို လေ့လာသုံးသပ်ခြင်းဖြင့် ဝယ်လိုအားနှင့် ရောင်းလိုအားကို အကဲခတ်နိုင်စေမည်ဖြစ်သည်။ ဈေးကွက်အခြေအနေသည် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ သိရှိရမည့်စနစ်တစ်ခု ဖြစ်သည်။ ဈေးကွက်အတွင်းရှိ ကုန်စည်၊ ဝန်ဆောင်မှု၊ ဈေးနှုန်းပမာဏတို့သည် လုပ်ငန်းတွင်ပါဝင် လုပ်ကိုင်သူများအတွက် ရင်ဆိုင်ကြရမည့်ယှဉ်ပြိုင် မှုအသွင်အပြင်ဖြစ်သည်။ ကုန်ဈေးနှုန်းမြင့်တက်ခြင်းသည် ကုန်ထုတ်လုပ်မှုစရိတ် မြင့်တက်မှု၊ သယ်ယူပို့ဆောင်မှုစရိတ် မြင့်မားမှုတို့ကြောင့်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုစရိတ်မြင့်တက်မှုတွင် လုပ်သားအရင်းအနှီး၊ လျှပ်စစ်အရင်းအနှီး၊ စက်ပစ္စည်းကိရိယာ ပြင်ဆင်ထိန်းသိမ်းမှု အရင်းအနှီးများစွာပါဝင်နိုင်သည်။ သယ်ယူပို့ဆောင်မှုစရိတ် မြင့်မားမှုတွင် စက်သုံးဆီဈေးနှုန်းသည် ကုန်ပစ္စည်းစီးဆင်းမှု၏ အဓိကရေသောက်မြစ်ဖြစ်သည်။

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်း

လုပ်ငန်းရပ်အသီးသီးသည် စားသုံးသူများ၏ လိုအပ်ချက်၊ သုံးစွဲသူများ၏ အသုံးပြုမှုအပေါ် ရပ်တည်ကြသည်။ အပြန်အလှန်အားဖြင့် ဆက်သွယ်မှုရှိသဖြင့် ဈေးကွက်၏တောင်းဆိုမှုအလိုက် ဖြည့်စွမ်းနိုင်သည့်အစီအမံများ ချမှတ်ရန်လိုသည်။ စားသုံးသူသည် စဉ်ဆက်မပြတ်တည်ရှိနေမည့် ဖြစ်တည်မှုဖြစ်သည်။ စီးပွားရေးကို ဗဟိုပြု လုပ်ဆောင်သူများသည် စားသုံးသူတိုင်းအတွက် လိုအပ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်း များဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အရည်အသွေးနှင့်ဈေးနှုန်းသည် ဆက်စပ်မှုရှိသည်။ အရည်အသွေးနိမ့်သောပစ္စည်းများကို လူတိုင်းနှစ်သက်လေ့မရှိကြပေ။ သုံးစွဲသူနှစ်သက်သည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများသည် ကုန်စည်စီးဆင်းမှုအတွက် သိမ်မွေ့သောဖြစ်စဉ်များ ဖြစ်သည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် မျက်မှောက်ကာလနှင့် အနာဂတ်လိုအပ်ချက်ကိုတွက်ဆ၍ ဈေးကွက်အပေါ် သုတေသနပြုခြင်း၊ ဆန်းစစ်ခြင်းများပြုလုပ် ကြရလေ့ရှိသည်။ တိုးတက်ပြောင်းလဲမှုရှိသည့် ခေတ်နှင့်အပြိုင် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ တီထွင်ဆန်းသစ်သည့် ထုပ်ပိုးမှုပုံစံပြုပြင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်းများကို ထိထိမိမိအသုံးချရန် လိုအပ်ပေသည်။ ထို့အတူကုန်ပစ္စည်းကြော်ငြာ၏ ဆွဲဆောင်မှုသည် စားသုံးသူပြည်သူများကြားတွင် ကျယ်ပြန့်လှသည်။ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချ သူနှင့်စားသုံးသူများကြားတွင် ယုံကြည်မှုတစ်ရပ်ရှိရန် အထူးလိုအပ်သည်။

မြန်မာ့ရိုးရာ ဒေသထွက်ကုန်စည်အမျိုးမျိုး

နိုင်ငံ၏ ဒေသအသီးသီးသည် မြန်မာ့ရိုးရာဒေသထွက် ကုန်စည်အမျိုးမျိုးထွက်ရှိပေသည်။ အဆိုပါဒေသထွက်ကုန်ပစ္စည်းများတွင် လိုအပ်သည့် ကုန်ကြမ်းများရှာဖွေခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များတွင် ဝယ်လိုအား/ ရောင်းလိုအားကို အခြေပြုဆောင်ရွက်ကြလေ့ရှိသည်။ စားသုံးသူနှစ်ခြိုက်သည့် ကုန်ပစ္စည်းသည်နာမည် ရထင်ရှားသည်။ နာမည်ရှိသည့် အမှတ်တံဆိပ် နောက်တွင်လည်း ပုံစံတူအတုအပ သတိပြုစရာ အခြေအနေများ ပေါ်ပေါက်လေ့ရှိသည်။ ကုန်အမှတ်တံဆိပ်တစ်ခုသည် သက်မဲ့တစ်ခုဖြစ်သော်လည်း ကုန်ပစ္စည်းတီထွင်ထုတ်လုပ်မှုကို ကိုယ်စားပြုသည်။ အရည်အသွေးညံ့လျှင် ကုန်အမှတ်တံဆိပ်ကို ထိခိုက်နိုင်ပြီး စားသုံးသူများအကြားဝယ်လိုအား ကျဆင်းသွားစေနိုင်သည်။ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်အတွင်း ရေရှည်ရပ်တည်နေနိုင်သည့် စွမ်းဆောင်ချက်ရှိရန်လိုအပ်ပြီး လုပ်ငန်းအပေါ် စီမံခန့်ခွဲနိုင်စွမ်းအားကို ပြသရန်ဖြစ်သည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ငန်းတစ်ခုချင်း မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ဝယ်လိုအား/ရောင်းလိုအားကို ကိုယ်စားပြုသည့် ကုန်စည်အရေအတွက်နှင့် အရည်အသွေးကို အာမခံရရှိစေနိုင်မည်ဖြစ်သည်။ ယှဉ်ပြိုင်ခြင်းသည် တိုးတက်မှုကိုဖြစ်စေသည်။ လုပ်ငန်းတိုင်းသည် မှန်ကန်သောလုပ်ဆောင်ချက်၊ ခိုင်မာသောယုံကြည်ချက်ဖြင့် ရှေ့သို့ချီရန်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိ၏အရည်အသွေးကို ပြသရန်လိုသည်။ တစ်ဦး၏အားသာချက်ကို တစ်ဦးကနားလည်ပြီး မိမိ၏အရည်အသွေးကို တိုးတက်စေသည့် ပြိုင်ဘက်ကောင်းရွေးချယ်ကြ ရမည်ဖြစ်သည်။ အပြိုင်ရှိမှတိုးတက်သည်။ ကောင်းသောယှဉ်ပြိုင်ခြင်းဖြင့်သာ နိုင်ငံတော်ကြီး စည်ပင်ဖွံ့ဖြိုးအောင် စွမ်းဆောင်သွားနိုင်လိမ့်မည် ဖြစ်ပါသည်။

ဈေးကွက်ခိုင်မာမှုစနစ်ကို ကိုယ်စားပြုလာခြင်း

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် သုံးစွဲသူပြည်သူများကို ဗဟိုပြုသောလုပ်ငန်းများဖြစ်သည်။ လုပ်ငန်းများကောင်းမွန်စွာလည်ပတ်နိုင်ရေး သုံးစွဲသူနှင့် ထိတွေ့ဆက်ဆံခြင်းသည် ဈေးကွက်အတွင်းရှိ ကုန်စည်အရည်အသွေးကို စုံစမ်းခြင်းလည်း ဖြစ်သည်။ ပြိုင်ဘက်ကောင်းများနှင့် တွေ့ဆုံခြင်းလည်း ဖြစ်သည်။ အလားတူမိမိ၏လုပ်ငန်း၊ ကုန်အမှတ်တံဆိပ်ကို တောက်ပလာအောင်လုပ်ဆောင်ခြင်းနှင့်တူညီသည်။ အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းဆိုင်ရာ ဈေးကွက်ရှာဖွေသည့်လုပ်ငန်းများ သည် မိမိကုန်ပစ္စည်းကိုအာမခံခြင်းဖြစ်သည်။ ဝန်ဆောင်မှုလုပ်ငန်းသည် တိုးတက်ပြောင်းလဲ လျက်ရှိသည့်ခေတ်ကို ဆွဲဆောင်ခြင်းသာဖြစ်သည်။ ဆန်၊ ဆီ၊ ဆားအစဖုန်းဖြင့်ဆက်သွယ်မှာယူနိုင်ပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာသည်။ ဝယ်ယူသည့်ပစ္စည်းအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် အာမခံဆောင်ရွက်ပေးခြင်းသည် ဈေးကွက်ခိုင်မာမှုစနစ်ကို ကိုယ်စားပြုလာခြင်း ဖြစ်သည်။

အနှစ်ချုပ်ပါလျှင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းအစီအစဉ်များတွင် စတင်လုပ်ကိုင်မည့်သူများကို လမ်းဖွင့်ကြိုဆိုကြ ရမည်ဖြစ်သည်။ ချေးငွေနှင့်အကူအညီရရှိရေး လမ်းပြကူညီကြရပါမည်။ အတွေ့အကြုံရင့်ကျက်သော လုပ်ငန်းတိုင်းတွင် မဟာဗျူဟာ၊ နည်းဗျူဟာ လုပ်ငန်းအစီအစဉ်ရှိသည်။ မတူညီသော လုပ်ငန်းအစီအစဉ်၊ မတူညီသော လုပ်ငန်းနယ်ပယ်များတွင် လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ရေး ရှုထောင့်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရလေ့ရှိသည်။ လုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံခြင်းသည် အကျိုးအမြတ်ကို ဖန်တီးပေးစွမ်းနိုင်သည်။ လုပ်ငန်းတစ်ခုသည် ဈေးကွက်နှင့်ဝန်းကျင်ကောင်းပေါ်တွင် တည်မှီနေခြင်းကြောင့် ခိုင်မာသောဈေးကွက်ကို ဖော်ဆောင်ကြရမည် ဖြစ်သည်။ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာပါက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းမှတစ်ဆင့် စီးပွားရေးသမားတစ်ယောက် ဖြစ်လာနိုင်သည်။ တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ပြည်တွင်း/ပြည်ပ အသုံးချနိုင်သည့် အရည်အသွေး မြင့်ထုတ်ကုန်များ ထုတ်လုပ်လျက် နိုင်ငံတော်၏ အကျိုးစီးပွား၊ လူမှုစီးပွားဘဝ တိုးတက်ရေးကို ဖြည့်စွမ်းနိုင်ခြင်းကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရး(MSME)လုပ်ငန်းများ အားပေး ကူညီဆောင်ရွက်ရေးဆန္ဒဖြင့် တိုက်တွန်းရေးသား လိုက်ရပါသည်။ ။