အခွန်ထမ်းပြည်သူများ သိထားသင့်သော အခွန်အယူခံခုံအဖွဲ့အကြောင်း
ဒေါက်တာအိလှိုင်းသက်ဇာ
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အခွန်အကောက်ရငွေများသည် အဓိကကျသည့်ဘဏ္ဍာငွေများဖြစ်ပါသည်။ အဆိုပါ အခွန်အကောက်ရငွေများ ဥပဒေနှင့်အညီအပြည့်အဝရရှိရန် အခွန်ကောက်ခံမှုစနစ်သည် အခွန်ထမ်းပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ညီညွတ်မျှတစေပြီး နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုရန် လိုအပ်သကဲ့သို့အခွန်အာဏာပိုင်များ၏ အခွန်စည်းကြပ်ကောက်ခံမှုအပေါ် အပြည့်အဝကျေနပ်မှုမရှိသည့် အခွန်ထမ်းများအတွက် ပွင့်လင်းမြင်သာသည့် အခွန်အယူခံစနစ်တစ်ခု တည်ရှိရန်လည်းလိုအပ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်က ခေတ်စနစ်နှင့်အညီ အခွန်အယူခံခုံရုံးများ ဖွဲ့စည်းပြီးတရားမျှတမှုရှိရေး ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ကြပါသည်။
အခွန်အယူခံခြင်းနှင့်စပ်လျဉ်း၍ ၁၉၅၃ ခုနှစ် မြန်မာနိုင်ငံအမြတ်တော်ခွန် (ပြင်ဆင်ချက်) အက်ဥပဒေပုဒ်မ ၅ - က အရ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်သုံးဦးတို့ဖြင့် အမြတ်တော်ခွန်အယူခံခုံရုံးကိုစတင်ဖွဲ့စည်းပြီး အမြတ်ခွန်အယူခံမှုများကို ကြားနာစစ်ဆေးစီရင်ဆုံးဖြတ်ခဲ့ပါသည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁-၁၀-၁၉၇၂ ရက်မှစ၍ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်လေးဦးပါဝင်သော အခွန်အယူခံခုံအဖွဲ့ကို ဖွဲ့စည်းပြီး အမြတ်ခွန်အယူခံမှုများသာမက အကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်၊ ဟိုတယ်နှင့်ပျော်ပွဲစားရုံခွန်၊ ပွဲခွန်စသော အခွန်အကောက်ဆိုင်ရာအမှုများနှင့် စပ်လျဉ်းသည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့်တရားရုံးချုပ်သို့ လွှဲအပ်ပေးရန် လျှောက်ထားသည့် လွှဲအပ်မှုများကို ကြားနာစစ်ဆေးစီရင်ဆုံးဖြတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ အမြတ်ခွန်အယူခံခုံရုံးမှ အခွန်အယူခံခုံအဖွဲ့ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
ဖွဲ့စည်းတာဝန်ပေးအပ်
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရလက်ထက် ၁၉၇၆ ခုနှစ် အမြတ်ခွန်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ)အရ ဝန်ကြီးအဖွဲ့၏ ၁၁-၁၂-၁၉၇၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂) ဖြင့် လည်းကောင်း၊ တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၂၈- ၇ - ၁၉၈၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၈၉) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့၏ ၃၁-၅-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၁၇) ဖြင့်လည်းကောင်း အခွန်အယူခံခုံအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်၍အမှုများကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက် နိုင်ငံတော်၏ဘဏ္ဍာငွေကို အခွန်အရပ်ရပ်မှ အပြည့်အဝကောက်ခံ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်မှလည်း နိုင်ငံသားနှင့် အခွန်ထမ်းတိုင်းအနေဖြင့် ဥပဒေအရပေးဆောင်ရမည့် အခွန်များကိုပေးဆောင်ရာ၌ တန်းတူညီမျှမှုနှင့် တရားမျှတမှုအခွင့်အရေးများရရှိစေရန်အတွက်လည်းကောင်း၊ ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် ပွင့်လင်းမြင်သာသော အယူခံပိုင်ခွင့်များ ရရှိစေရန်အတွက်လည်းကောင်း အခွန်အယူခံခုံအဖွဲ့ဥပဒေကို ၁-၈-၂၀၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၃) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
အခွန်အယူခံခုံအဖွဲ့ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများကို ၂၇-၉-၂၀၁၉ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ (၃၄၁/၂၀၁၉)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ ထုတ်ပြန်ခဲ့သည့် အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများကို ၄-၅-၂၀၂၁ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ (၉/၂၀၂၁) ဖြင့် ပြင်ဆင်ခဲ့ပါသည်။
လွတ်လပ်သော အဖွဲ့အစည်း
အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခွန်အယူခံခုံအဖွဲ့ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ခုံအဖွဲ့သည် တရားစီရင်ရေးသဘောဆောင်သည့်လုပ်ပိုင်ခွင့် (Quasi-Judicial Power) နှင့် ချင့်ချိန်ဆောင်ရွက်ပိုင်ခွင့် (Discretionary Power) များကို အပ်နှင်းထားသည်နှင့်အညီအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းအသီးသီးက စည်းကြပ်ကောက်ခံလျက်ရှိသည့် အခွန်အမျိုးမျိုးနှင့်စပ်လျဉ်းသည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့်လွှဲအပ်မှုတို့ကို လွှမ်းခြုံကြားနာ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့သည် နိုင်ငံတော်ကဥပဒေနှင့်အညီ အခွန်စည်းကြပ်မှုနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်မြင့်မားသော အခွန်စီမံခန့်ခွဲမှုတိုးတက်ဖြစ်ထွန်းရေးအတွက် ပွင့်လင်းမြင်သာပြီးမျှတမှန်ကန်သည့် အခွန်အယူခံစနစ်ဖြင့် နိုင်ငံသားနှင့်အခွန်ထမ်းများ၏ ယုံကြည်အားထားမှုကိုမြှင့်တင်ရန် မဟာဗျူဟာမျှော်မှန်းချက်ထားရှိ ဆောင်ရွက်နေပါသည်။ မဟာဗျူဟာမျှော်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရေးအတွက် နည်းဗျူဟာလုပ်ငန်းစဉ် (၄) ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ နှစ်နှစ်စီမံကိန်းကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု၏ အားနည်းချက်၊ အားသာချက်များကို ဆန်းစစ်အခြေပြုလျက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ နှစ်နှစ်တာကာလအတွက် ဆောင်ရွက်မည့်နည်းဗျူဟာ လုပ်ငန်းစဉ်များကို ထပ်မံရေးဆွဲသတ်မှတ်ခဲ့ပါသည်။
အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့သည် နိုင်ငံသားနှင့် အခွန်ထမ်းများအတွက် တရားမျှတမှု၊ ခုခံချေပနိုင်မှုနှင့် အယူခံနိုင်မှုအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂကချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ (Sustainable Develo-pment Goals – SDGs)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP)တို့နှင့်အညီ စွမ်းဆောင်ရည်မြင့်မားသည့် အခွန်စီမံခန့်ခွဲမှု ယန္တရားတစ်ရပ်စဉ်ဆက်မပြတ် ဖြစ်တည်နေစေရေးအတွက် ပြည်ထောင်စုအစိုးရသို့ အထောက်အကူပေးနေသော အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ရပ်တည်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အခွန်အယူခံခုံအဖွဲ့ကိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ခြောက်ဦး ဖြင့်ဖွဲ့စည်းတာဝန်ပေးလျက် အခွန်အယူခံခုံအဖွဲ့ဥပဒေနှင့်အညီ အခွန်ဆိုင်ရာအမှုများကို ကြားနာစစ်ဆေးစီရင်ဆောင်ရွက်လျက်ရှိပါသည်။ အခွန်အယူခံခုံအဖွဲ့သို့ လျှောက်ထားတင်သွင်းနိုင်သည့်အမှုများမှာ အထက်တွင်ဖော်ပြခဲ့သော အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှု စသည့် အမှု လေးမျိုး ဖြစ်ပါသည်။
အယူခံမှု
အယူခံမှုဆိုသည်မှာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့်အခွန်များကို တာဝန်ယူကောက်ခံသည့်ဌာနများက ချမှတ်သောအခွန်ဆိုင်ရာ အပြီးသတ်ဆုံးဖြတ်ချက်၊ အမိန့်တစ်ခုခုကို မကျေနပ်၍သော်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ချမှတ်သော ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့်အမိန့်ကိုမကျေနပ်၍ သော်လည်းကောင်း၊ အစိုးရအဖွဲ့ကအခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ တာဝန်ပေးအပ်ခြင်းခံရသော အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း တစ်ခုခုကချမှတ်သည့် အခွန်ဆိုင်ရာအပြီးသတ် ဆုံးဖြတ်ချက်တစ်ခုခုကို မကျေနပ်၍သော်လည်းကောင်း ခုံအဖွဲ့ထံ အယူခံသည့်အမှုကိုဆိုလိုခြင်းဖြစ်ပါသည်။
ခုံအဖွဲ့သို့ အယူခံမှုလျှောက်ထားရာတွင် ခုံအဖွဲ့ကသတ်မှတ်ထားသောပုံစံဖြင့် သက်ဆိုင်ရာဌာနများ၏ မူလဆုံးဖြတ်ချက်၊ အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်းကိုးဆယ်အတွင်းခုံအဖွဲ့ထံသို့ လျှောက်ထားရန်ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းသတ်ကာလအတွင်း လျှောက်ထားနိုင်ခြင်းမရှိပါက လျှောက်ထားသူအနေဖြင့် လုံလောက်သောအကြောင်းပြချက်များ တင်ပြရမည်ဖြစ်ပါသည်။
ပြင်ဆင်မှု
ပြင်ဆင်မှုဆိုသည်မှာ ခုံအဖွဲ့ကချမှတ်သော အမိန့်တွင်အမှုအကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ နစ်နာသူကဥပဒေနှင့်အညီ ပြန်လည်စိစစ်ပြင်ဆင်ပေးရန် ခုံအဖွဲ့သို့ ပြန်လည်တင်ပြသည့်အမှုကိုဆိုလိုခြင်းဖြစ်ပါသည်။ နစ်နာသူဆိုသည်မှာ အမှုအကြောင်းခြင်းရာအလိုက် ဥပဒေအရနစ်နာသူ၊ တစ်စုံတစ်ရာဆုံးရှုံးခံရသူ၊ တစ်စုံတစ်ရာကို မတရားငြင်းပယ်ခံရသူ သို့မဟုတ် တစ်စုံတစ်ရာတွင်၎င်း၏ ပိုင်ရေးပိုင်ခွင့်ကို မတရားထိခိုက်စေသော ဆုံးဖြတ်ချက်ချမှတ်ခြင်းခံရသူတို့ကိုဆိုလိုပါသည်။ ပြင်ဆင်မှုလျှောက်ထားရာတွင် ခုံအဖွဲ့က သတ်မှတ်ထားသောပုံစံဖြင့် လျှောက်ထားရန်ဖြစ်ပြီး ခုံအဖွဲ့၏ စီရင်ချက်အမိန့် ချမှတ်သည့်နေ့မှ ရက်ပေါင်း ခြောက်ဆယ်အတွင်းခုံအဖွဲ့ ထံသို့ လျှောက်ထားရမည်ဖြစ်ပါသည်။
ပြန်လည်သုံးသပ်မှု
ပြန်လည်သုံးသပ်မှုဆိုသည်မှာ ခုံအဖွဲ့ကချမှတ်ခဲ့သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ပေးပါရန် ဆုံးဖြတ်ချက်ချမှတ် ခြင်းခံရသူတစ်ဦးဦးက ခုံအဖွဲ့သို့ပင် ပြန်လည်လျှောက်ထားသည့်အမှုကို ဆိုလိုပါသည်။ အခွန်အယူခံခုံအဖွဲ့အနေဖြင့် မိမိ၏ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နိုင်ရန် ဥပဒေအရ အခွင့်အာဏာအပ်နှင်းထားခြင်းဖြစ်ပါသည်။ ပြန်လည်သုံးသပ်မှု လျှောက်ထားရာတွင်လည်းခုံအဖွဲ့က သတ်မှတ်ထားသောပုံစံဖြင့် လျှောက်ထားရန်ဖြစ်ပါသည်။ ခုံအဖွဲ့၏ စီရင်ချက်အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်းကိုးဆယ်အတွင်း လျှောက်ထားရမည်ဖြစ်ပါသည်။
ပြန်လည်သုံးသပ်မှုနှင့်စပ်လျဉ်း၍ တင်သွင်းရာတွင် ပြန်လည်သုံးသပ်စေလိုသည့် အကြောင်းအချက်ခိုင်လုံမှုရှိရန် လိုအပ်ပါသည်။ တစ်နည်းအားဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၇၊ နည်းဥပဒေ ၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တင်ပြလျှောက်ထားကြရန် ဖြစ်ပါသည်။
လွှဲအပ်မှု
လွှဲအပ်မှုဆိုသည်မှာခုံအဖွဲ့သို့ တင်သွင်းလာသည့်အမှုတွင် ဥပဒေကြောင်းအရဖြေရှင်းရမည့် ကိစ္စဖြစ်သဖြင့် ခုံအဖွဲ့ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များအားလုံးပါဝင်သော စုံညီခုံအဖွဲ့က ကြားနာစိစစ်ပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးပို့သည့်အမှုကို ဆိုလိုသည်။ လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးရန်လျှောက်ထားလာသည့် အခါဖြစ်စေ၊ လွှဲအပ်ရန်အကြောင်းပေါ်ပေါက်လာသည့်အခါဖြစ်စေ စုံညီခုံအဖွဲ့ကလွှဲအပ်မှုအဖြစ် ဆောင်ရွက်ရန်သင့်မသင့် ဆုံးဖြတ်ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ လွှဲအပ်မှုလျှောက်ထားခြင်းကိုခုံအဖွဲ့က သတ်မှတ်ထားသည့်ပုံစံဖြင့် လျှောက်ထားရန်ဖြစ်ပြီးခုံအဖွဲ့က စီရင်ချက်အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း ခုံအဖွဲ့ထံ လျှောက်ထားရန်ဖြစ်ပါသည်။
ခုံအဖွဲ့သို့ အမှုတင်သွင်းလိုသူသည် မိမိ၏အမှုကိုကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ အကျိုးဆောင်ရှေ့နေဖြင့်ဖြစ်စေ အခွန်အယူခံခုံအဖွဲ့ရုံးရှိ မှတ်ပုံတင်အရာရှိထံသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားရန် လိုအပ်ပါသည်။ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဟု ဆိုသော်လည်း ကိုဗစ် -၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်အချိန်တွင် သွားလာမှုအခက်အခဲများကြောင့် စည်းကမ်းသတ်ကာလအတွင်းအမှုများ အချိန်မီတင်သွင်းရမည့် အခွင့်အရေးမဆုံးရှုံးကြစေရန် လျှောက်ထားချက်များကို စာတိုက်မှဖြစ်စေ၊ အမြန်ချောပို့လုပ်ငန်းမှဖြစ်စေမှတ်ပုံတင်အရာရှိထံ လိပ်မူ၍လျှောက်ထားခြင်းကိုလည်း လက်ခံဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံသားနှင့်အခွန်ထမ်းများ၏ အကျိုးအတွက် ဖြေလျော့သတ်မှတ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။
လျှောက်ထားချက်
လျှောက်ထားချက်ကို သတ်မှတ်ပုံစံဖြင့် တင်သွင်းလျှောက်ထားရန်ဖြစ်ပြီးသတ်မှတ်ပုံစံကို အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ စာအုပ်တွင်လည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့ရုံးမှ မှတ်ပုံတင်အရာရှိထံတွင်လည်းကောင်း ရယူနိုင်ပါသည်။ လျှောက်ထားချက်များတင်သွင်းသည့်အခါ ရုံးခွန်အက်ဥပဒေပါ သတ်မှတ်ချက်နှင့်အညီ လိုအပ်သောတံဆိပ်ခေါင်းများ ထမ်းဆောင်ရန်လိုအပ်ပါသည်။
အယူခံမှု၊ ပြင်ဆင်မှုနှင့် ပြန်လည်သုံးသပ်မှုလျှောက်ထားရာတွင် လျှောက်ထားလွှာနှင့်အမှုအတွက် တင်သွင်းလိုသည့် အထောက်အထားစာရွက်စာတမ်းများ မူရင်း(၁)စုံနှင့် မိတ္တူ(၆)စုံ တင်သွင်းလျှောက်ထားရမည်ဖြစ်ပြီး လွှဲအပ်မှုလျှောက်ထားရာတွင် လျှောက်ထားလွှာနှင့် အမှုအတွက်တင်သွင်းလိုသည့် အထောက်အထား စာရွက်စာတမ်းများမူရင်း (၁)စုံနှင့် မိတ္တူ(၁၂)စုံ တင်သွင်းလျှောက်ထားရမည်ဖြစ်ပါသည်။ လျှောက်ထားချက်ကို အကျိုးဆောင်ရှေ့နေဖြင့် လျှောက်ထား ပါကရုံးခွန်တံဆိပ်ခေါင်းကပ်ထားသည့် တရားမကိုယ်စားလှယ်လွှဲစာနှင့် ရှေ့နေဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်ပါရှိရန်ဖြစ်ပြီး ကိုယ်စားလှယ်ဖြင့် လျှောက်ထားပါက သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှဲအပ်သည့်ကိုယ်စားလှယ်လွှဲစာ ပါရှိရန်လိုအပ်ပါသည်။
ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းက လျှောက်ထားမှုများတွင် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းအမည်ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းမှတာဝန်ရှိသူက လျှောက်ထားခြင်းဖြစ်လျှင် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ကိုယ်စားလှယ်အဖြစ်လွှဲအပ်ကြောင်း ရုံးခွန်တံဆိပ်ခေါင်းကပ်ထားသည့် လွှဲအပ်စာပါရှိရမည်ဖြစ်ပါသည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်းမရှိသူက အမှုလျှောက်ထားဆောင်ရွက်ရန် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါက အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၃၉ ပါပြဋ္ဌာန်းချက်နှင့်အညီ ကိုယ်စားလှယ်လွှဲစာ (SP/GP) ပါရှိရမည်ဖြစ်ပါသည်။
လျှောက်ထားသူသည် မိမိမကျေနပ်သည့် အခွန်ဆိုင်ရာအပြီးသတ်ဆုံးဖြတ်ချက်၊ အမိန့်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွင် တာဝန်ခံမိတ္တူမှန်ကူးယူ၍ လျှောက်ထားချက်နှင့်အတူ ပူးတွဲတင်သွင်းရမည်ဖြစ်ပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နေသည့်ကာလတွင် အခွန်အယူခံခုံအဖွဲ့သို့ တင်သွင်းလျှောက်ထားသော အမှုများ မြန်ဆန်ပြီးပြတ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သတ်မှတ်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီအမှုများကို ဗီဒီယိုဆက်သွယ်မှု (Video Confe-rencing) စနစ်ဖြင့် ကြားနာစစ်ဆေးဆုံးဖြတ်ပေးခဲ့ပြီး ယခုအခါ ဗီဒီယိုဆက်သွယ်မှုစနစ်ဖြင့် ကြားနာစစ်ဆေးခြင်းအပြင် ဥပဒေနှင့်အညီ အများပြည်သူရှေ့မှောက်တွင်လည်း စည်းကမ်းချက် များနှင့်အညီ ကြားနာစစ်ဆေး၍ ဆုံးဖြတ်ပေးလျက်ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့တွင် အမှုများကြားနာဆောင်ရွက်သည့်အခါ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် ယင်းတို့ကကိုယ်စားလှယ်လွှဲအပ်သော ဦးစီးအရာရှိ အဆင့်အောက်မနိမ့်သော ဌာနကိုယ်စားလှယ်က ခုံအဖွဲ့ရှေ့မှောက်တွင်အမှုအတွက် လျှောက်လဲတင်ပြခွင့်ရှိသော်လည်း ပြင်ပပုဂ္ဂိုလ်များအနေဖြင့် ရှေ့နေလိုင်စင်ရရှိထားသော အခွင့်ရကိုယ်စားလှယ်နှင့် အကျိုးဆောင် ရှေ့နေများကသာ လျှောက်လဲချက်ပေးခြင်း (pleading and addressing)ကို ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့က သတ်မှတ်ညွှန်ကြားထားပါသည်။
တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အခွန်ဆိုင်ရာအယူခံသည့်ကိစ္စရပ်များကို အခွန်အယူခံခုံအဖွဲ့ဥပဒေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ ဥပဒေပုဒ်မ ၄၁ တွင် ပြဋ္ဌာန်းထားသဖြင့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက်ကောက်ခံသည့် အခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများ၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဇယား (၁)ပါ အခွန်အကောက်အားလုံးနှင့် အကောက်ခွန်စသည့်အခွန်များနှင့် သက်ဆိုင်သောအမိန့်များ၊ ဆုံးဖြတ်ချက်များအပေါ်အယူခံလိုပါက အခွန်အယူခံခုံအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားကြရန်သာဖြစ်ပါသည်။ အခွန်အယူခံခုံအဖွဲ့သည် တင်သွင်းလျှောက်ထားလာသောအမှုများကို ဥပဒေနှင့်အညီ လွတ်လပ်စွာကြားနာစစ်ဆေးစီရင် ဆုံးဖြတ်လျက်ရှိပြီးခုံအဖွဲ့က ကြားနာစစ်ဆေးဆုံးဖြတ်သောအမှုများတွင် အမှုကြောင်းခြင်းရာ ပြဿနာနှင့်စပ်လျဉ်း၍ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါသည်။
ဖေ့ဘုတ်စာမျက်နှာ ဖွင့်လှစ်
အခွန်အယူခံခုံအဖွဲ့သည် မိမိ၏လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်နည်းပညာများ အသုံးချဆောင်ရွက်လျက် အများပြည်သူများ သိရှိနိုင်စေရန် ဆောင်ရွက်ခဲ့ပါသည်။ အခွန်အယူခံခုံအဖွဲ့ အမည်ဖြင့် ဖေ့ဘုတ်စာမျက်နှာကိုဖွင့်လှစ်၍ အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့၏လုပ်ငန်း ဆောင်ရွက်ချက်များကို လွှင့်တင်ဖော်ပြနိုင်ခဲ့ပါသည်။ ခုံအဖွဲ့ကချမှတ်သောစီရင်ချက်အမိန့်များကို သက်ဆိုင်ရာအမှုသည်များနှင့် အများပြည်သူသိရှိနိုင်ရေးအတွက် အခွန်အယူခံခုံအဖွဲ့၏ကိုယ်ပိုင် Website ရေးဆွဲလွှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် Myanmar National Portal ၌ အခွန်အယူခံခုံအဖွဲ့၏ Page ကို သီးခြားလွတ်လပ်သောအဖွဲ့အဖြစ် လွှင့်တင်ထားရှိပါသည်။ အဆိုပါ Page တွင် အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများကို လည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့ကအခါအားလျော်စွာ ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် သတ်မှတ်ပုံစံများကို လည်းကောင်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
အခွန်အယူခံခုံအဖွဲ့နှင့် အခွန်အယူခံခုံအဖွဲ့ရုံးတို့သည် ခေတ်မီတိုးတက်နေသည့် နည်းပညာများနှင့်အညီ လျှောက်ထားလာသည့် အမှုများနှင့်စပ်လျဉ်း၍ အမှုတွဲများကိုထိန်းသိမ်းရာတွင် Case Management System စနစ်ကိုအသုံးပြု၍ ရေရှည်တည်တံ့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့ရုံးအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကို အသုံးပြု၍ ခုံအဖွဲ့ရုံးထံမှ ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ မိုဘိုင်းဖုန်းများသို့ Short Code “1111” ဖြင့် မိမိတို့ ဝန်ဆောင်မှုရယူခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့်အခြေအနေများကို SMS ပေးပို့မေးမြန်းကာ ပြည်သူတို့၏ တုံ့ပြန်ဖြေကြားမှုများ၊ အကြံပြုချက်များအရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်
အခွန်အယူခံခုံအဖွဲ့၏ ရုံးစိုက်ရာဒေသသည် နေပြည်တော်ဖြစ်ပြီး ယခင်ကအခွန်အယူခံခုံအဖွဲ့ရုံးကို ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ်(၄၆)နေပြည်တော်တွင် တွဲဖက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှ ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်း၏မြောက်ဘက် ရုံးအမှတ်(၄၆)ကပ်လျက်ရှိ အခွန်အယူခံခုံအဖွဲ့ပိုင် ဧရိယာ ၆ ဒသမ ၀၅ ဧက ကျယ်ဝန်းသော မြေကွက်ပေါ်တွင် နိုင်ငံတော်၏ ခွင့်ပြုငွေဖြင့် ရုံးအဆောက် အအုံသစ်ကြီးကို ဆောက်လုပ်ခဲ့သဖြင့် ရုံးအမှတ်(၅၇)၊ အခွန်အယူခံခုံအဖွဲ့ အဆောက်အအုံသစ်ကြီး ပေါ်ထွန်း လာပြီး ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် အဆိုပါအဆောက်အအုံသစ်ကြီးသို့ အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးဝန်ထမ်းများ ပြောင်းရွှေ့ပြီးလုပ်ငန်းတာဝန်များကို ဆောင်ရွက်နေပြီဖြစ်ပါသည်။ ဤအခွန်အယူခံခုံအဖွဲ့ အဆောက်အအုံသစ်ကြီးကို ၂၃-၁၂-၂၀၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
အခွန်အယူခံခုံအဖွဲ့အနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများဆုံးရှုံးနစ်နာမှုမရှိစေရေးနှင့် တစ်ဖက်တွင်လည်း နိုင်ငံသား/အခွန်ထမ်းများအနေဖြင့် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဥပဒေနှင့်အညီ ခုခံချေပခွင့်၊ ပွင့်လင်းမြင်သာသော အယူခံပိုင်ခွင့်အခွင့်အရေးများကို အပြည့်အဝရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ “ယုံကြည်မျှတမှန်ကန်အခွန်အယူခံ” ဟူသော အခွန်အယူခံခုံအဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသား၊ အခွန်ထမ်းများအတွက် အကောင်းဆုံးဝန်ဆောင်မှုများကို ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြင်တွေ့နိုင်ပါသည်။ ထိုသို့ နိုင်ငံတော်နှင့် အခွန်ထမ်း/ပြည်သူများ၏ အကျိုးကို ပြည့်ဝစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့သည် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှုများ၊ ဆွေးနွေးဖလှယ်မှုများ၊ သင်ယူမှတ်သားမှုများကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ တာဝန်ရှိသူများနှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်ခြင်းဖြင့်လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန်အစဉ် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။ ။
ကိုးကား
အခွန်အယူခံခုံအဖွဲ့သမိုင်း
မှတ်တမ်း
အခွန်အယူခံခုံအဖွဲ့ဥပဒေနှင့် အခွန်အယူခံခုံအဖွဲ့
နည်းဥပဒေများ
အခွန်အယူခံခုံအဖွဲ့၏
ညွှန်ကြားချက်များ
ဦးမြ / ဦးကျော်အေး၊
တရားမ ကျင့်ထုံးဥပဒေ
အခွန်အယူခံခုံအဖွဲ့၏
မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ