လွတ်လပ်သည့်မြန်မာဟူသော ဂုဏ်ဒြပ်နှင့်အတူ လက်ဆင့်ကမ်းပေးရမည့်အမွေအနှစ်
မိုးကေနိုင်
၇၅ နှစ် စိန်ရတုတိုင် တည်ခဲ့ပြီဖြစ်သည့် မြန်မာ့လွတ်လပ်ရေး။
လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟူသောကြွေးကြော်သံဖြင့် တိကျပြတ်သားသော ရည်မှန်းချက်တစ်ခုဆီ အရောက်လှမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး အလိုချင်ဆုံးသော လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ နယ်ချဲ့တိုင်းတစ်ပါးတို့ စိုးမိုးမှုအောက်မှာမနေချင်ကြ၍ အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ပြီးမှ ခက်ခဲကြမ်းတမ်းစွာဖြင့် တိုက်ခိုက်ရယူခဲ့ရသော လွတ်လပ်ရေးဖြစ်၍ စစ်မှန်သောလွတ်လပ်ရေးဟု ဆိုထိုက်သည်။
အချုပ်အခြာအာဏာပိုင် လုံးဝလွတ်လပ်သောနိုင်ငံ၊ လုံးဝလွတ်လပ်သော လူမျိုးများအဖြစ်သို့ရောက်ရှိသည်ဖြစ်၍ လွတ်လပ်ရေးကို အလေးအနက်တန်ဖိုးထားတတ်ကြသည်၊ အထွတ်အမြတ်ထားအပ်ကြသည်။
တာဝန်ယူတာဝန်ခံမှုရှိရမည့် သမိုင်းပေးတာဝန်
မြန်မာတို့၏ လွတ်လပ်ရေးမပျောက်ကွယ်၊ မပျက်စီး၊ အဖျက်ဆီးမခံရအောင် အသက်ပေးကာကွယ်ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်မှာ ၇၅ နှစ်ရှိခဲ့ပါပြီ။ လွတ်လပ်ရေးကိုတည်တံ့ခိုင်မြဲစေရန် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရမည်မှာ ယနေ့မျိုးဆက်သစ် ပြည်ထောင်စုသားအားလုံး၏ သမိုင်းပေးတာဝန်ဖြစ်နေသည်ကိုလည်း သတိမလစ်ရန်လိုသည်။ ဤနေ့ ဤကာလရောက်တိုင်းသားစဉ် မြေးဆက်သတိပေးနှိုးဆော်ကြသလို ကိုယ့်လက်ထက်ရောက်မှ အချုပ်အခြာဆုံးရှုံးရသည့်အဖြစ်မျိုး လုံးဝမဖြစ်စေလိုသည်မှာ လွတ်လပ်ရေးနှင့်တကွ လွတ်လပ်မှုကို တန်ဖိုးထားသူတိုင်း၏ ပြင်းပြသောဆန္ဒဖြစ်သည်။
လွန်ခဲ့သော အတိတ်ကာလများကို ပြန်ပြောင်းကြည့်လျှင် မြန်မာနိုင်ငံတွင် လုံးဝလွတ်လပ်သော အလွတ်လပ်ဆုံးကာလများရှိခဲ့သလို အကျပ်အတည်းဖိအားများအောက်တွင် နေထိုင်ခဲ့ရသည် များလည်းရှိခဲ့သည်။ သို့သော်လွတ်လပ်မှုဟူသောဂုဏ်ဒြပ်ကို တလွဲ၊ အလွဲအသုံးချလျှင်ကားတန်ဖိုးလျော့သွားမည်သာဖြစ်သည်။
လွတ်လပ်မှုမှာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရတတ်သည်။ မိမိ၏လွတ်လပ်မှုသည် အခြားသူတစ်ဦး၏လွတ်လပ်မှုကို မထိခိုက်စေသင့်။ လေးစားရမည်ဖြစ်သည်။ နိုင်ငံသားတစ်ဦး၏ အခြေခံအခွင့် အရေးဆိုသည်မှာ တရားမျှတမှုရှိ၊ မရှိ၊ ခွဲခြားဆက်ဆံမှုရှိ၊ မရှိ၊ တန်းတူညီမျှမှု ရှိ၊ မရှိအပေါ်တွင် အခြေခံသည်။ အဆိုပါ အခြေခံအချက်မျှလောက်မှမရှိသော လူ့အဖွဲ့အစည်းတစ်ခုတွင် တရားဥပဒေ စိုးမိုးမှုအားနည်းနေတတ်ပြီး နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုသည် များသည်ထက်များလာနိုင်ပါသည်။ ဆိုလိုသည်မှာ လူတစ်ဦးချင်းစီ၏ လုံခြုံမှုမရှိခြင်း၊ လွတ်လပ်မှုကင်းမဲ့ခြင်းမှသည် လူ့အဖွဲ့အစည်း၏ လွတ်လပ်မှုကို ထိခိုက်နိုင်ခြေ၊ ထိုမှတစ်ဆင့်နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာထိပါးနိုင်ခြေအထိ ရှိလာနိုင်ခြင်းကို သတိထားနိုင်ရန်ဖြစ်ပါသည်။
ဆုံးရှုံးနိုင်ခြေများသည့် လွတ်လပ်ရေး၏အဓိပ္ပာယ်
တိုင်းတစ်ပါးနယ်ချဲ့လက်အောက်တွင်ရှိစဉ်က တရားမျှတမှုကင်းမဲ့ခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ တန်းတူညီမျှမှုမရှိခြင်း၊ ဖိနှိပ်ခံရခြင်း၊ လွတ်လပ်မှုမရှိ ကျွန်သဖွယ်ဆက်ဆံခံရခြင်းတို့ကြောင့် နယ်ချဲ့ကိုတော်လှန်ခဲ့ပြီးမှ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။ လွတ်လပ်သောနိုင်ငံ တစ်နိုင်ငံဖြစ်ကာမှ၊ အချုပ်အခြာပိုင်နိုင်ငံဖြစ်ကာမှ တရားမျှတမှုမရှိ ခွဲခြားဆက်ဆံခံရသည့်အခြေအနေ၊ နိုင်ငံသားအခွင့် အရေးများဆုံးရှုံးနေရသည့် အခြေအနေနှင့် လွတ်လတ်မှုမရှိ မငြိမ်းချမ်းသည့်ဘဝမျိုးကို စစ်မှန်သောလွတ်လပ်မှုဟု ထင်မြင်ကြမည်မဟုတ်ပါ။
ပြည်သူတွေတိုင်းရင်းသားတွေမညီညွတ်ကြ၍ အချင်းချင်းတိုက်ကြခိုက်ကြ၊ မစည်းလုံးကြ၍ နိုင်ငံပြိုကွဲမည့် ဘေးမှလည်းကောင်း၊ တိုင်းတစ်ပါး ကိုလိုနီလက်သစ်တို့၏ ဝင်ရောက်စွက်ဖက်ဖိအားပေးမှုအမျိုးမျိုးကြောင့်လည်းကောင်း၊ အချုပ်အခြာထိပါးခံရပြီး ကျဆုံးနိုင်ငံဖြစ်မည့်အရေးမှလည်းကောင်း လွတ်လပ်ရေးဆုံးရှုံးနိုင်ခြေများစွာရှိနေသည်ကို သတိပြုဆင်ခြင်ရမည်ဖြစ်ပါသည်။
လူဦးရေ ၅၅ သန်းမျှရှိသော မြန်မာနိုင်ငံသည် ဧရိယာအကျယ်အဝန်း ကြီးမားကျယ်ပြန့်ပြီး သဘာဝကပေးထားသော တောတောင်ရေမြေနှင့် သယံဇာတများပေါများကြွယ်ဝပါသည်။ (၁၃၅)မျိုးသော တိုင်းရင်းသားလူမျိုးစုများသည် မတူကွဲပြားခြားနားသော ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများကို ကိုယ်စီပိုင်ဆိုင်ကြသည်။
ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စံဖြင့် အေးအတူပူအမျှ အစဉ်အဆက်နေထိုင်လာခဲ့ကြသော်လည်း မတူညီမှုကိုအကြောင်းပြု၍ လက်နက်ကိုင်တိုက်ခိုက်နေကြသော လက်နက်ကိုင်အဖွဲ့များစွာ လည်းရှိကြသည်။ တိုက်ခိုက်မှုများဖြင့် မငြိမ်းချမ်းနိုင်သေးသည်မှာ အားလုံးအသိဖြစ်သည်။ နိုင်ငံရေးအကြောင်းပြချက်ဖြင့် မငြိမ်သက်အောင်ဆူပူလှုံ့ဆော်အကြမ်းဖက်မှုများလည်း ရှိနေဆဲဖြစ်သည်။ အကြမ်းဖက်မှုများကြီးထွားပြီး အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေရသည်။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုသည်ဆက်စပ်နေပြီး ငြိမ်းချမ်းမှုမရှိ၍ မဖွံ့ဖြိုး၊ မဖွံ့ဖြိုး၍ မငြိမ်းချမ်းနိုင်၊၊ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို တစ်ပြိုင်နက်တည်ဆောက်နေရသည်။ သို့မဟုတ်လျှင် လွတ်လပ်ရေးဆိုသောဝေါဟာရ၏ အဓိပ္ပာယ်၊ လွတ်လပ်ရေး၏အနှစ်သာရကို တန်ဖိုးထားနားလည်ရန် ခက်ခဲနေပါလိမ့်မည်။
တိုင်းတစ်ပါးလက်အောက် ကျွန်အဖြစ်ဖြင့်မနေလို၍ ကျွန်ပြုသူများကို တိုက်ခဲ့ပြီးမှ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့ လွတ်မြောက်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်ပြန်မဖြစ်ရန် ကာကွယ်စောင့်ရှောက်သူကစောင့်ရှောက်နေသလို ကျွန်သဘောက်ဘဝ မျှော်ကိုးသူများ လည်းရှိနေပြန်သည်။ ကာကွယ်သည်ဆိုရာတွင် အသက်ပေးစောင့်ရှောက်၍ နိုင်ငံတော်ကြီးတည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ တိုင်းရင်းသားအားလုံး ပိုင်သောလွတ်လပ်ရေးကို အသက်တစ်မျှတန်ဖိုးထား၍ဖြစ်သည်။ တိုင်းတစ်ပါး လက်အောက်ပြန်ရောက်အောင်တွန်းပို့ပြီး တိုက်ရိုက်ကျွန်ခံချင်သူများရှိနေသလို လက်ဝေခံဘဝဖြင့် သူများကျွေးစာ၊ ပေးစာ၊ ကမ်းစာမျှော်လင့်ပြီး ခိုင်းသည့်အတိုင်းလုပ်၍ တိုင်းပြည်ကို အကြမ်းနည်း၊ အနုနည်းမျိုးစုံဖြင့်ဖျက်ဆီးပြီး သွယ်ဝိုက်ကျွန်ခံသူများလည်း ရှိနေပြန်သည်။
လုံခြုံရေးနှင့် အချုပ်အခြာဆက်စပ်မှု
နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်ရေးနှင့်အချုပ်အခြာတည်မြဲနေသရွေ့ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေနိုင်မည်သာဖြစ်သည်။ ထို့ကြောင့် လည်းလွတ်လပ်ရေးကို တိုက်ယူစဉ်က လွတ်လပ်ရေးသည်သာ ပထမ၊ ဒုတိယ၊ တတိယဦးစားပေးရှိခဲ့သော်လည်း ယခုကာလမှာမူ တိုင်းပြည်အတွက် အရေးကြီးဆုံးဖြစ်သော အချုပ်အခြာမကျိုးပေါက်ရန်က အရေးကြီးဆုံးဖြစ်နေ၍ လုံခြုံရေးသည်သာ ပထမ၊ လုံခြုံရေးသည် ဒုတိယ၊ လုံခြုံရေးသည်သာ တတိယဟုသတ်မှတ်လိုပါသည်။ လုံခြုံရေးဟုဆိုလိုက်သည်နှင့် လက်နက်ကိုင်တပ်ဖွဲ့စစ်သည်များကိုသာ ပြေးမြင်ရန်မဟုတ်၊ နယ်ပယ်များစွာအထိ ကျယ်ပြန့်စွာမြင်ပေးရန်လိုသည်။
လူသားလုံခြုံရေးဟူ၍ လူတစ်ဦးချင်းလုံခြုံရေးမှသည် အစာအာဟာရလုံခြုံဖူလုံမှုရှိရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဓာတုဇီဝလုံခြုံရေး၊ စွမ်းအင်လုံခြုံရေး၊ သတင်းအချက်အလက်လုံခြုံရေး၊ ကျန်းမာရေးလုံခြုံရေး၊ ပြည်သူ့ရေးရာလုံခြုံရေး စသည်ဖြင့်နိုင်ငံတော်လုံခြုံရေးအထိ သဘောတရားအရကျယ်ပြောလှသည်။ ဆိုင်ရာအထူးပြုနယ်ပယ်အလိုက် မကျိုးမပျက်ဆက်စပ်ဆောင်ရွက်နိုင်မှသာ နိုင်ငံတစ်နိုင်ငံ၏ ပြီးပြည့်စုံသော လုံခြုံမှုကိုရရှိခံစားနိုင်မည်ဖြစ်ပါသည်။ နယ်ပယ်အားလုံးတွင် လူသားလုံခြုံရေးကပို၍အဓိကကျပြီး အားလုံး၏ဗဟိုချက် မဖြစ်မည်ဟုလည်း ယူဆပါသည်။
လုံခြုံရေးကျိုးပေါက်မှုအန္တရာယ်
အထက်ပါ သဘောတရားများအရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင်လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်စွမ်းတွင်ပြဿနာများစွာ ကြုံတွေ့ဖြေရှင်းနေရသလို စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်ကိုလည်း တွေ့မြင်နေရသည်။
ကမ္ဘာ့နေရာအချို့တွင် လက်နက်ကိုင်ပဋိပက္ခအသစ်များ စစ်ပွဲအသစ်များဖြစ်ပေါ်နေသည်။ နိုင်ငံတစ်နိုငံ၏ လုံခြုံရေးကျိုးပေါက်မှုသည် ကျန်နိုင်ငံများတွင်ပါ သက်ရောက်မှုများရှိလာနေပြီး ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်မှုများ ရှိလာနေသည်။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါအန္တရာယ်များနှင့်အတူ စီးပွားရေးဆုတ်ယုတ်မှုများ၊ ဆင်းရဲမွဲတေမှုနှင့် အငတ်ဘေးပြဿနာ၊ ထိုမှသည် ဆင်းရဲချမ်းသာကွာခြားချက်နှင့် မညီမျှမှုများဆက်တိုက်ဆိုးရွားလာနေပြီး နိုင်ငံရွှေ့ပြောင်းထွက်ခွာမှုများနှင့်အတူ အချို့ဖွံ့ဖြိုးပြီးနိုင်ငံများပင် ဒုက္ခသည်ပြဿနာများကို ထပ်ဆင့် ကြုံတွေ့လာနေရပြီဖြစ်သည်။
ဆင်းရဲမှုအပြင် မူးယစ်ဆေးဝါးပျံ့နှံ့ခြင်းကပါ ထပ်ဆင့်လာသည့်အခါ ရာဇဝတ်မှုများပါထူပြောလာသည်။ လက်နက်မှောင်ခို တင်သွင်းမှုများကအကြမ်းဖက်အားပေးသလိုဖြစ်လာနေသည်။ ဖွံ့ဖြိုးတိုးတက်ရေးတွင်အခရာဖြစ်သော ပညာသင်ကြားရေးတွင် အနှောင့်အယှက်များရှိနေခြင်း၊ နိုင်ငံသားများ၏ ကိုယ်ကျင့်တရားများပျက်ယွင်းလာခြင်း၊ နိုင်ငံတွင်းခိုးဝင်မှုများပြားလာခြင်းနှင့်အတူ လူမှုရေးပဋိ ပက္ခအသစ်များကလူ့အဖွဲ့အစည်းအတွင်း မငြိမ်သက်မှုများဖြစ်ပေါ်စေပြီး တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်လာနေသည်။ အထက်ပါအကြောင်းတရားများကြောင့် နိုင်ငံများစွာတွင်အစိုးရများအပေါ် လူထု၏ယုံကြည်မှုများ ပျောက်ဆုံးလာပြီး နိုင်ငံရေးဆိုင်ရာလုံခြုံမှုကိုပါ ထိခိုက်မှုများရှိလာနေကာ ကမ္ဘာကြီးအတွက် အနုတ်လက္ခဏာများသာဖြစ်သည်ကို ဆင်ခြင်သုံးသပ်ရမည်ဖြစ်သည်။
လွတ်လပ်ရေးကိုထိပါးနိုင်သည့် ကြောင်းကျိုးတရားများ
နိုင်ငံတိုင်းတွင် မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဘာသာတရား၊ စာပေအနုပညာ ဓလေ့ထုံးတမ်းအစဉ်အလာများ ကိုယ်စီရှိကြသည်။ အရေးတကြီးတန်ဖိုးထားရမည့် ကိုယ်ပိုင်အမျိုးသားရေးစရိုက်လက္ခဏာများလည်းဖြစ်သည်။ ကိုယ်ခံအားနည်းလျှင် မိမိတို့အမျိုးသားရေးစရိုက်နှင့်မစပ်ဟပ်သည့် ဆန့်ကျင်ဘက်ယဉ်ကျေးမှုများ တဖြည်းဖြည်းစိမ့်ဝင်ပျံ့နှံ့ပြီး ယဉ်ကျေးမှုတိုက်စားခံရနိုင်သည်။ ထိုအခါ နိုင်ငံသားများအထူးသဖြင့် လူငယ်များတွင်မိမိယဉ်ကျေးမှုကို အထင်သေးပြီးတိုင်းတစ်ပါးယဉ်ကျေးမှုနှင့် သူများတိုင်းပြည်ကိုမှ အထင်ကြီးကုရခက်သည့်ရောဂါတစ်မျိုးနှယ် စွဲကပ်သွားတတ်သည်။
နောက်ဆက်တွဲအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားကြန်အင် လက္ခဏာနှင့်တကွ တိုင်းရင်းသားအပေါင်း၏ အမျိုးသားအကျိုးစီးပွားကိုပါ မျက်ခြည်ပြတ်သွားတတ်သည်။ နိုင်ငံတော်၏အချုပ်အခြာတွင်ပါဝင်သည့် ဘာသာသာသနာနှင့် အမျိုးသားရေးလက္ခဏာများ တစ်စထက်တစ်စဝါးမျိုခံရပြီ၊ ချို့ယွင်းပျက်စီးလာပြီဆိုလျှင် နောင်တွင်လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရာတွင်အခက်အခဲများ ရှိလာနိုင်သည်ဆိုသည့်အချက်ကို မြော်တွေးထားရမည်ဖြစ်သည်။
အထက်ပါအချက်များသည် နိုင်ငံတော်၏ လုံခြုံရေးကိုသာမက လွတ်လပ်ရေးကိုပါ ခြိမ်းခြောက်ထိပါးလာနိုင်ခြေရှိသည့် အချက်များဖြစ်သည်ကို သတိထားရမည်ဖြစ်သည်။ ယနေ့ ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေများအရ နိုင်ငံတစ်နိုင်ငံအနေဖြင့် ကျဆုံးရန်လွယ်ကူလှသည်။ ပထဝီနိုင်ငံရေး၊ စီးပွား ရေးအရချိန်ညှိစွက်ဖက်လာမှုများအပေါ် တောင့်ခံနိုင်ရန်လိုပါသည်။ လွတ်လပ်ရေးဆုံးရှုံးနိုင်စေသော ပြင်ပအကြောင်းတရားများကို လွန်ဆန်ရန်မလွယ်ကူသော်လည်း မိမိပြည်တွင်းအကြောင်းတရားများကိုမူ မိမိတို့စွမ်းအားများဖြင့်ကောင်းစွာချေဖျက်နိုင်မည့် အခွင့်အလမ်းများကိုရယူဆုပ်ကိုင် အသုံးချနိုင်စွမ်းရှိရပါမည်။
ခက်ခက်ခဲခဲရယူထားရသော လွတ်လပ်ရေး၏တန်ဖိုးကို မျိုးဆက်အစဉ်အဆက်သိရှိနားလည်ရန်ကား အရေးကြီးဆုံးဖြစ်သည်။ တိုင်းတစ်ပါးလက်အောက်တွင် ဆိုးဆိုးရွားရွားနေခဲ့ရသည့်ဘဝမျိုး ယနေ့မျိုးဆက်သစ်တို့ မကြုံဖူးသော်လည်း အတိတ်ကမ္ဘာ့သမိုင်းသင်ခန်းစာများအရ အချုပ်အခြာဆုံးရှုံးခဲ့ရသော နိုင်ငံများမှပြည်သူများ၏ဘဝကို ဝင်ရောက်ခံစားကြည့်လျှင်လည်း သိနားလည်နိုင်မည်သာဖြစ်သည်။
ခက်ခဲစွာ ပေးဆပ်ရယူထားရသော ပစ္စည်းတစ်ခု၏ အနှစ်သာရနှင့်တန်ဖိုးဟူသည် ဘယ်အရာနှင့်မှလဲ၍မရပါ။ ရတနာသဖွယ်သဘောထား၍ တန်ဖိုးကိုနားလည်မှသာထိန်းသိမ်းတတ်ပါမည်၊ စောင့်ရှောက်နိုင်စွမ်းရှိပါမည်။ ဆင်ခြင်တုံတရားပြည့်ပြီး အမြော်အမြင်လည်း ထပ်တူရှိနေမှသာ ပြီးပြည့်စုံခြင်းသို့ ရောက်ပါမည်။ ဆုံးရှုံးနိုင်ခြေအကြောင်းတရားများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ ပညာဉာဏ်ဖြင့် ဖန်တီးနိုင် လျှင်ကားအားသာချက်များကို တည်ဆောက်ပြီးသားဖြစ်သွားပါမည်။ သို့မှသာ မိမိတို့ လက်ထက်တာဝန် ကျေစွာထိန်းသိမ်းထားသော လွတ်လပ်သောမြန်မာဆိုသည့် အမွေအနှစ်ကောင်းတစ်ခုကို နောင်မျိုးဆက်တို့ထံ အပြစ်အနာအဆာမရှိ လက်ဆင့်ကမ်းလွှဲပြောင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပါသည်။ ။