Skip to main content

ရာသီဥတုပြောင်းလဲမှုနှင့် ဒေသဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး

သိန်းထွန်း(IR)

တဖြည်းဖြည်းတိုးမြင့်နေသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းနက်စေသည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်လာနေပါသည်။

တစ်ပြိုင်နက်တည်းတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်လာသည့် အကျပ်အတည်းများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအတွက် ပိုမိုကောင်းမွန်သည့် လူမှုဘဝများတည်ဆောက်ရေးမှာ ယနေ့ထက်တိုင် ကြီးမားသောစိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်ပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် ရေရှည်ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး အနာဂတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် မမျှော်မှန်းနိုင်သည့် အခက်အခဲအတားအဆီးများကို ဖြစ်စေလျက်ရှိပါသည်။ ထိုအခက်အခဲ အကျပ်အတည်းများကိုဖြေရှင်းနိုင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံအသီးသီး၊ ဒေသအသီးသီးက ကြိုးပမ်းနေကြသည့်တိုင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်များ တိုးမြင့်လျက်ရှိနေပါသည်။

ကာလတိုအတွင်း ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များ

၂၀၂၂ ခုနှစ် Intergovernmental Panel on Climate Change (IPCC) အစီရင်ခံစာပါ ၂၀၁၂ ခုနှစ်မှ ၂၀၄၀ ပြည့်နှစ် ကာလတိုခန့်မှန်းချက်အရ မကြာမီကာလအတွင်း အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိလာမည့် ကမ္ဘာကြီးပူနွေးလာမှုသည် ရာသီဥတုဆိုင်ရာ အန္တရာယ်များစွာကို ရှောင်လွှဲ၍မရဘဲတိုးမြင့်လာလျက်ရှိပြီး ဂေဟစနစ်များနှင့် လူသားတို့အတွက်အန္တရာယ်များစွာကို ဖြစ်ပေါ်စေလျက်ရှိကြောင်း ဆိုပါသည်။

ဘေးအန္တရာယ်အဆင့်သည် တုံ့ပြန်နိုင်မှုအားနည်းခြင်း၊ ပြင်းထန်သောရာသီဥတုဒဏ်ခံရခြင်း၊ လူမှုစီးပွားဘဝတိုးတက်မှုအဆင့်နှင့် အလိုက်သင့်ပြောင်းလဲနိုင်ခြင်းဆိုင်ရာ တစ်ချိန်တည်းတစ်ပြိုင်တည်း လတ်တလောလုပ်ဆောင်နိုင်မှုများအပေါ် မူတည်ပါသည်။ ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ နီးကပ်လာသည့် ကမ္ဘာကြီးပူနွေးလာမှုအားတားဆီးသည့် လတ်တလောလုပ်ဆောင်မှုများသည် ပိုမိုမြင့်မားသော ပူနွေးမှုအဆင့်နှင့်နှိုင်းယှဉ်ပါက လူသားစနစ်နှင့်ဂေဟစနစ်များ၌ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်နေသည့်ခန့်မှန်းထားသော ဆုံးရှုံးမှုများနှင့်ပျက်စီးမှုများကို သိသိသာသာလျှော့ချနိုင်မည်ဖြစ်ပါသည်။

သို့သော်လည်း ၎င်းတို့အားလုံးကို ဖယ်ရှားနိုင်မည် မဟုတ်ကြောင်း ဆိုပါသည်။ မဝေးတော့သည့်ကာလတွင် သဘာဝနှင့်လူသားစနစ်များအပေါ် သက်ရောက်နေသည့် ရာသီဥတုဆိုင်ရာ အန္တရာယ်များသည် ရာသီဥတုဘေးအန္တရာယ်ဆိုင်ရာ ကွာခြားမှုများထက် ၎င်းတို့၏ ခံနိုင်ရည်ရှိမှုနှင့် ပြင်းထန်သော ရာသီဥတုဒဏ်ခံရခြင်းဆိုင်ရာ ပြောင်းလဲနိုင်စွမ်းရှိမှုတို့အပေါ်တွင်ပိုမိုမူတည်နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကာလရှည်ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များ

၂၀၄၁ ခုနှစ်မှ ၂၁၀၀ ပြည့်နှစ်အထိ ကာလရှည်ခန့်မှန်းမှုအရ ၂၀၄၀ ပြည့်နှစ်အလွန်ကာလ၌ ကမ္ဘာကြီးပူနွေးလာမှုအဆင့်အပေါ်မူတည်၍ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝနှင့်လူသားစနစ်များအတွက်များပြားလှသည့် ဘေးအန္တရာယ်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

တွေ့ရှိထားပြီးသည့် အဓိကဘေးအန္တရာယ် ၁၂၇ ခုအတွက် အကဲဖြတ်ထားသည့် ကာလလတ်နှင့် ကာလရှည်အကျိုးသက်ရောက်မှုများသည် လတ်တလောတွေ့ရှိထားသည်များထက် အဆပေါင်းများစွာမြင့်မားနိုင်ကြောင်း ဆိုပါသည်။ ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်သည့် အန္တရာယ်များ၏ ပြင်းထန်မှုနှင့် ဖြစ်ပွားနှုန်းသည် ကာလတိုလျော့ပါးသက်သာရေးလုပ်ဆောင်မှုနှင့် လိုက်လျောညီထွေဖြစ်စေသည့် လုပ်ဆောင်မှုများအပေါ်တွင် အဓိကမူတည်နေပါသည်။

ထို့အပြင် ခန့်မှန်းထားသည့် ဆိုးရွားသောသက်ရောက်မှုများအပြင် ဆက်စပ်ဆုံးရှုံးမှုများနှင့် ပျက်စီးမှုများမှာလည်း ကမ္ဘာကြီးပူနွေးလာမှုနှင့်အညီ တိုးမြင့်လာနေပါသည်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် အထူးသဖြင့် အစားအစာဖူလုံရေးနှင့် အာဟာရလျော့ကျလျက်ရှိသည့် ထိခိုက်လွယ်သောဒေသများတွင် စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာရရှိနိုင်မှု အခွင့်အလမ်းအပေါ် ဖိအားများ တိုးလာစေမည်ဖြစ်ပါသည်။ မိုးခေါင်မှုများ၊ ရေလွှမ်းမိုးမှုများနှင့်အပူလှိုင်းများဖြစ်ပွားမှုအကြိမ်ရေ၊ ပြင်းထန်မှုနှင့် အလွန်အကြူးဖြစ်မှုများ တိုးမြင့်လာပြီး ပင်လယ်ရေမျက်နှာပြင် ဆက်လက်မြင့်တက်မှုများသည် ၁ ဒသမ ၅ စင်တီဂရိတ်နှင့် ၂ ဒီဂရီစင်တီဂရိတ်အကြား အသင့်အတင့်မှ မြင့်မားသည့်အဆင့်ရှိ ထိခိုက်လွယ်သောဒေသများရှိ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာဘေးအန္တရာယ်များ မြင့်တက်လာမည်ဖြစ်ပါသည်။

အထူးသဖြင့် လိုက်လျောညီထွေမှုအဆင့်နိမ့်နေသည့် သို့မဟုတ် မရှိသည့်ဒေသများတွင် ဘေးအန္တရာယ်ပိုမိုထိခိုက်စေမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရပါသည်။ အပူချိန်ဆက်လက်တိုးမြှင့်လာမှုနှင့်အတူဖြစ်လာမည့် ဘေးအန္တရာယ်များသည် ခန့်မှန်းထားသည်ထက် ပိုမို မြင့်တက်လာမည်ဟုလည်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးစိန်ခေါ်မှုများ

မြန်မာနိုင်ငံသည် သဘာဝဘေးများနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် ထိခိုက်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လာမည့်နှစ်များအတွင်း ဘေးအန္တရာယ်အသစ်များကြောင့် အထိခိုက်နိုင်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း MIMU Analytical Briefs အစီရင်ခံစာကဆိုပါသည်။ ယင်း၏ အကျိုးဆက်မှာအသက်ဆုံးရှုံးမှုများ၊ အသက်မွေး ဝမ်းကျောင်းမှုများနှင့် ပစ္စည်းဥစ္စာများ သိသိသာသာဆုံးရှုံးနိုင်သည့်အပြင်နိုင်ငံ GDP ၏ သုံးရာခိုင်နှုန်းခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီးရေရှည်အကျိုး သက်ရောက်မှုများမှာ ပိုမိုကြီးမားနိုင်ကြောင်းလည်း သုံးသပ်ထားပါသည်။

၂၀၁၉ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်အတွင်း ပေါ်တိုရီကို၊ မြန်မာနှင့်ဟေတီနိုင်ငံတို့သည် ပြင်းထန်သောရာသီဥတုဆိုင်ရာအဖြစ်အပျက်များကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံများဖြစ်ကြောင်း Global Climate Risk Index 2021 တွင်တွေ့ရပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများသည် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအကြိမ်အရေအတွက်နှင့် ပြင်းထန်မှုတို့အပေါ် သက်ရောက်လျက်ရှိပြီးရေကြီးခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်းနှင့် မိုးခေါင်ခြင်းတို့ မကြာခဏနှင့် ပြင်းထန်လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။

ထို့အပြင် ဒီရေတောများနှင့်သစ်တောများကဲ့သို့သော သဘာဝဂေဟစနစ်များဆုံးရှုံးခြင်း၊ နှစ်စဉ်ပျမ်းမျှအပူချိန် မြင့်တက်လာခြင်းနှင့် မိုးရွာသွန်းမှုပိုမိုပြင်းထန်လာနိုင်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းအန္တရာယ်စသည်တို့သည် မြန်မာနိုင်ငံလူထုအပေါ် သဘာဝဘေးအန္တရာယ်ဖြစ်စေသည့် အကြောင်းရင်းများအဖြစ်တွေ့ရပါသည်။

မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတို့ကြောင့် မကြာသေးမီနှစ်များအတွင်း အပူချိန်နှင့် မိုးရွာသွန်းမှုဆိုင်ရာ သိသိသာသာ စံချိန်တင်ခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်ငံသည် ၎င်း၏ပထဝီဝင်အနေအထားကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ်ရင်ဆိုင်နေရပါသည်။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတို့သည် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပိုမိုတွန်းအားပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မတူညီသောဒေသအသီးသီးတွင် ပုံမှန်နီးပါးဖြစ်နေသည့် ခြိမ်းခြောက်မှုများတွင် ငလျင်၊ ဆူနာမီ၊ ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် မိုးခေါင်ခြင်းတို့ ပါဝင်ပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မုန်တိုင်းများနှင့်မိုးခေါင်မှုများ ပိုမိုမကြာခဏဖြစ်ပေါ်စေပြီး ပိုမိုပြင်းထန်လာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားပါသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည်လည်း ကမ်းရိုးတန်းဒေသခံများအတွက် ခြိမ်းခြောက်မှုအသစ်များ ဖြစ်ပေါ်စေနိုင်ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် အပူဒဏ်ကြောင့် စိုက်ပျိုးရေးအတွက် စိန်ခေါ်မှုအသစ်များကို ဖြစ်ပေါ်စေလျက်ရှိပါသည်။

အကျိုးသက်ရောက်လာနိုင်မှုများ

မြန်မာနိုင်ငံ၏ နှစ်စဉ်ပျမ်းမျှအပူချိန်များသည် ဆယ်စုနှစ်များစွာအတွင်း မြင့်တက်လျက်ရှိပြီး ဆက်လက်၍လည်းမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ မြန်မာနိုင်ငံတွင် အပူချိန်တိုးလာမှုသည် ၂၀၄၀ ပြည့်နှစ်အထိ တဖြည်းဖြည်းဆက်လက်တိုးမြှင့်လာမည်ဟု ခန့်မှန်းထားကြပြီး ထိုထက်ပိုမိုကြာရှည်နိုင်ဖွယ် ရှိနေပါသည်။ တစ်နိုင်ငံလုံး နေ့စဉ်ပျမ်းမျှအပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဆယ်စုနှစ်တစ်ခုလျှင် ၀ ဒသမ ၂၅ ဒီဂရီစင်တီဂရိတ်ခန့်မြင့်တက်ခဲ့ပြီး နေ့စဉ် အမြင့်ဆုံးအပူချိန်သည် ဆယ်စုနှစ်တစ်ခုလျှင် ၀ ဒသမ ၄ ဒီဂရီစင်တီဂရိတ် တိုးလာခဲ့ပါသည်။

ကုန်းတွင်းဒေသများသည် ကမ်းရိုးတန်းဒေသများထက် ပျမ်းမျှနှင့်အမြင့်ဆုံးအပူချိန် နှစ်ခုစလုံးတွင် အနည်းငယ်ပိုမိုပူနွေးခဲ့သည်။ ထို့အပြင် ရာသီဥတုပြောင်းလဲလာသည့် အကျိုးဆက်သည် မြန်မာနိုင်ငံ၌ လာမည့်ဆယ်စုနှစ်များအတွင်း သိသိသာသာပြောင်းလဲလာမည်ဟု ခန့်မှန်းထားပြီး မြန်မာ့ဂေဟစနစ်အပေါ် သိသိသာသာနှင့် ကာလရှည်ကြာ အကျိုးသက်ရောက်မှုများရှိနေပြီး လူသားကျန်းမာရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံမှု၊ အခြေခံအဆောက်အအုံ၊ ဒေသတွင်းအသက်မွေး ဝမ်းကျောင်းမှုနှင့်ပိုမိုကြီးမားသော စီးပွားရေးတို့အပေါ် သက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံသဘာဝဘေးစီမံခန့်ခွဲမှု

မြန်မာနိုင်ငံသည် အာဆီယံဒေသတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်မျိုးစုံရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့အတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ကမ်းရိုးတန်းဒေသများ၊ ပြည်သူ့ကျန်းမာရေးနှင့်ရေအရင်းအမြစ်များကို ထိခိုက်စေလျက်ရှိပါသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်များသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ တုံ့ပြန်နိုင်စွမ်းအားနည်းမှုတို့အပေါ်အရေးပါသည့် အကျိုးသက်ရောက်မှုတစ်ခု ဖြစ်လျက်ရှိပါသည်။ ရာသီဥတုပြောင်းလဲမှုသည် နိုင်ငံ၏ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအထူးသဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အဓိကခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လျက်ရှိပါသည်။ ထိုခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုက်လျောညီထွေရှိသည့်မူဝါဒများ၊ စီမံကိန်းများဖြင့် ရေတိုအကျိုးသက်ရောက်မှုများကို လျော့နိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များကို ထိရောက်စွာတုံ့ပြန်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့်ဇီဝစနစ်များ ထိန်းသိမ်းရန်၊ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒများ၊ စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂမူဘောင်သဘောတူညီချက် (United Nations Framework Convention on Climate Change-UNFCCC)အား ၁၉၉၂ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အတည်ပြုခဲ့ပါသည်။ ကျိုတိုနိုင်ငံတကာ သဘောတူညီချက်ကို ၂၀၀၃ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပွား ပြီးနောက် ပထမဆုံးသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒတစ်ခုဖြစ်သည့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ တည်မြဲအမိန့်ကို ၂၀၀၉ ခုနှစ်တွင် ရေးဆွဲထုတ်ပြန်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပါရီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့ပါသည်။

ပြဋ္ဌာန်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားရာသီဥတုပြောင်းလဲမှုဆိုင်ရာ လိုက်လျောညီထွေဖြစ်ရေး လုပ်ဆောင်မှုအစီအစဉ် (NAPA) ကို ၂၀၁၂ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့ပါသည်။ အလားတူပင် မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစီမံချက် Myanmar Action Plan for Disaster Risk Reduction (MAPDRR)ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက် Myanmar Climate Change Strategy and Action Plan (MCCSAP) ၂၀၁၈ - ၂၀၃၀ ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး အခြားဆက်စပ်သည့် သဘာဝဘေးအန္တရာယ်၊ သဘာဝပတ်ဝန်းကျင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်စသည့်ဆက်စပ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်ကို တွေ့ရပါသည်။

ကျင်းပဆဲ COP27 ၏ ရည်မှန်းချက်တစ်ရပ်

ယနေ့ဆိုလျှင် အီဂျစ်နိုင်ငံတွင် ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာညီလာခံ COP27 အား နိုဝင်ဘာ ၆ ရက်မှ စတင်ကျင်းပလျက်ရှိပြီး နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံများသည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change - UNFCCC) ၏ နှစ်စဉ်ကျင်းပသည့် ညီလာခံများဖြစ်သည်။ COP27 သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချခြင်း၊ လိုက်လျောညီထွေဖြစ်စေသည့် ကြိုးပမ်းမှုများ အရှိန်မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းမှုများမြှင့်တင်ရန်နှင့် ထိုသို့ ကြိုးပမ်းပြောင်းလဲစဉ်ကာလ၌ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား ဦးစားပေးအဖြစ် သတ်မှတ်၍သင့်လျော်သော ဘဏ္ဍာငွေစီးဆင်းမှုများတိုးမြှင့်သွားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

ယခုနှစ် ကျင်းပလျက်ရှိသည့် COP27 ၏ ရည်မှန်းချက်များကို အောက်ပါအတိုင်း တွေ့ရပါသည် -

(က) လျှော့ချရေး။ အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် “စံနမူနာပြ” နိုင်သည့် အခြေအနေရှိသောနိုင်ငံများအနေမှ ဦးဆောင်၍ ချက်ချင်းလုပ်ဆောင်ရန်နှင့် ကမ္ဘာကြီးပူနွေးလာမှုကို ၂ ဒီဂရီစင်တီဂရိတ်အောက် ကန့်သတ်ရန်အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန် တိုက်တွန်းထားပါသည်။

( ခ ) လိုက်လျောညီထွေရှိရေး။ COP27 သည် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်အား မြှင့်တင်ရန်နှင့် ကမ္ဘာ့ထိခိုက် လွယ်ဆုံးသော အသိုက်အဝန်းများကို ကူညီရန်အတွက် “အရေးကြီးသော မရှိမဖြစ်တိုးတက်မှု” ကို အာမခံရန်ဖြစ်သည်။

( ဂ ) ဘဏ္ဍာရေး။ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီရန်အတွက် ကတိပြုထားသည့် တစ်နှစ်လျှင် ဒေါ်လာ ၁၀၀ ဘီလီယံပေးအပ်ခြင်းအပါအဝင် ရာသီဥတုဘဏ္ဍာရေးဆိုင်ရာ သိသာထင်ရှားသော တိုးတက်မှုကို ပြုလုပ်ရန်ဖြစ်ပါသည်။

(ဃ) ပူးပေါင်းဆောင်ရွက်ခြင်း။ ကုလသမဂ္ဂ၏ စေ့စပ်ညှိနှိုင်းမှုများသည် အများဆန္ဒကို အခြေခံသောကြောင့် သဘောတူညီချက်ရရှိရန် “သက်ဆိုင်သူ အားလုံး၏ တက်တက်ကြွကြွပါဝင်မှု” လိုအပ်မည်ဖြစ်ပါသည်။

စွမ်းဆောင်ရည်မြှင့်တင်ရေး

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် လူသားတို့၏ အပြုအမူကြောင့်ဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ကမ္ဘာ့ရာသီဥတုများ ပြောင်းလဲလာပါသည်။ ထို့အပြင် လူသားတို့၏ အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂတ်လုပ်ဆောင်မှုများသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအပေါ် အကျိုးသက်ရောက်လျက်ရှိပြီး ထိုအကျိုးသက်ရောက်မှုများကို လူသားတို့ရင်ဆိုင်နေကြရပါသည်။

လူသားတို့ ရင်ဆိုင်နေကြရသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘေးအန္တရာယ်များကို ကာလတဖြေရှင်းရန်အတွက် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ ပိုမိုသိမြင်နားလည်လာစေရေး၊ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း တိုးတက်ကောင်းမွန်လာစေရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်စွမ်း ပိုမိုမြှင့်တင်ပေးနိုင်ရေး စသည့်စွမ်းဆောင်ရည်မြှင့်တင်မှုများ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။

ယင်းမှာ ကမ္ဘာ့ကြီးပူနွေးလာမှုကို လျှော့ချခြင်း၊ ရာသီဥတုပြောင်းလဲမှုအားကာကွယ်ခြင်း၊ လိုက်လျောညီထွေရှိစေခြင်းနှင့် ခံနိုင်ရည်တည်ဆောက်ခြင်းနှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မူဝါဒများ၊ စီမံကိန်းများ၊ အဖွဲ့အစည်းများ၊ ဘဏ္ဍာငွေ၊ စွမ်းဆောင်ရည်နှင့်နည်းပညာ၊ အသိပညာပေးမှုနှင့် မိတ်ဖက်ပြုမှုများ လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ ထိခိုက်လွယ်သော ဒေသများနှင့်ကဏ္ဍများတွင် လိုက်လျောညီထွေရှိသည့် စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်ပြီး ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကိုခံနိုင်ရည် ရှိမည်ဖြစ်ပါသည်။ ။

ကိုးကား

၁။      Climate, Environmental Degradation and Disaster Risk in Myanmar, a MIMU Analytical Brief, May 2022

၂။     Climate Change 2022: Impacts, Adaptation and Vulnerability, Working Group II Contribution to the Sixth Assessment Report of the Intergovernmental Panel on Climate Change

၃။      Global Climate Risk Index 2021