အဂတိလိုက်စားမှုများ တိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့
လင်းလက်
အဂတိလိုက်စားမှုဆိုသည်မှာ
လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း၊ လက်ခံခြင်းနှင့်ရယူခြင်းတို့သည်သာ အဂတိလိုက်စားမှုဖြစ်သည်ဟု အဂတိလိုက်စားမှုဆိုသည့် အနက်အဓိပ္ပာယ်ကို ယေဘုယျဆန်ဆန် နားလည်လက်ခံတတ်ကြပါသည်။ သို့ရာတွင် အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်သည် ထို့ထက်ကျယ်ပြန့်၍ အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်ပင် ခက်ခဲလှပါသည်။ အောက်စဖို့ဒ် (the Oxford) နှင့် မယ်ရီရမ်ဝက်ဘ်စတာ (Merriam-Webster) အဘိဓာန်တို့တွင် “လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် လိမ်လည်လှည့်ဖြားသော ပြုမူဆောင်ရွက်မှုနှင့် အထူးသဖြင့် ဩဇာအာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် တရားမဝင်သောအပြုအမူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
အပြည်ပြည်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်များ
ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UnitedNationsConvention Against Corruption_UNCAC)တွင် အဂတိလိုက်စားမှုဆိုသည်မှာ “အများပြည်သူဆိုင်ရာ အရာရှိများ၏ တရားဥပဒေနှင့်ဆန့်ကျင်သည့် ကျူးလွန်ဆောင်ရွက်မှုများ” ဟုလည်းကောင်း၊ ကမ္ဘာ့ဘဏ်က “ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူဆိုင်ရာ လုပ်ငန်းဌာနအားအသုံးချခြင်း” ဟုလည်းကောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Organization for Economic Co-operation and Development-OECD)က “အများပြည်သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိကဆိုင်ရာဌာနအား ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုခြင်း” ဟုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transpa-rency International-TI)က “ယုံကြည်အပ်နှံထားသော လုပ်ပိုင်ခွင့်အာဏာအား အလွဲသုံးစားပြုခြင်း” ဟုလည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါသည်။
နိုင်ငံတိုင်းကလက်မခံ
အဂတိလိုက်စားမှုသည် လူ့ကျင့်ဝတ်ကို ဖောက်ဖျက်သောအပြုအမူဖြစ်သည်ဟုဆိုနိုင်သည်။ အဂတိလိုက်စားမှုဆိုသည့်အရာကို ထောက်ခံအားပေးသော၊ ဥပဒေအရကျူးလွန်ခွင့်ပြုသော နိုင်ငံမရှိပေ။ နိုင်ငံတိုင်းက အဂတိလိုက်စားမှုကို လက်မခံနိုင်သဖြင့် ကုလသမဂ္ဂ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCAC)သည် ၃၁-၁၀-၂၀၀၃ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ၅၈/၄ အရ ပေါ်ထွက်လာခဲ့ရခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၌ အဂတိလိုက်စားမှုဆိုသည့်အရာကို မိမိနိုင်ငံ၊ မိမိဥပဒေဖြင့် အရေးယူဆောင်ရွက်နေကြပါသည်။
သိင်္ဂါလောဝါဒသုတ်နှင့် အဂတိတရားလေးပါး
မြတ်စွာဘုရားရှင်ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစဉ်အခါက သိင်္ဂါလသူဌေးသားကို သိင်္ဂါလောဝါဒသုတ် (ခေါ်) ဂိဟိဝိနယ (ခေါ်) လူ့ဝတ်နည်းကျင့်ဝတ်တရားတော်များဖြစ်သည့် ကမ္မကိလေသတရားလေးပါး၊ အဂတိတရားလေးပါး၊ ဥစ္စာပျက်စီးကြောင်း ခြောက်ပါး၊ အရပ်မျက်နှာခြောက်ပါးတို့ကို ဟောကြားညွှန်ပြဆိုဆုံးမတော်မူခဲ့သည်။ သိင်္ဂါလောဝါဒသုတ်လာ အဂတိတရားလေးပါးတို့မှာ-
ဆန္ဒာဂတိ။ ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊
ဒေါသာဂတိ။ စိတ်ဆိုးသဖြင့် မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊
မောဟာဂတိ။ ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊
ဘယာဂတိ။ ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း တို့ဖြစ်ပါသည်။
အကျိုးနှင့်အပြစ်
ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း မည်သည့်အကြောင်းကြောင့်မဆို ဘက်လိုက်ခြင်းမပြုသင့်သည်ကို ပြုကျင့်ခြင်းဖြင့် အဂတိတရားလေးပါးကို လိုက်စားသောသူ သည် လဆုတ်သောအခါ လမင်း၏အရောင်အဝါသည် တစ်နေ့တခြား လျော့ပါးဆုတ်ယုတ်သကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွ အခြံအရံနှင့်ကျော်စောခြင်းတို့သည် လျော့ပါးဆုတ်ယုတ်တတ် သဖြင့် အဂတိတရားလေးပါးကို ရှောင်ရှားသင့်ကြောင်း မြတ်စွာဘုရားရှင်က ဆုံးမထားခြင်းဖြစ် သည်။
အဂတိတရားလေးပါးကိုရှောင်ရှား၍ လူ့ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းကာ ပြုမူဆောင်ရွက်သူသည် လဆန်းသောအခါ လမင်း၏အရောင်အဝါသည် တစ်နေ့တခြားတိုးပွားလာဘိသကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွအခြံအရံနှင့် ကျော်စောခြင်းတို့သည် တစ်နေ့တခြား တိုးပွား လာမည်ဖြစ်ပါသည်။
အလောင်းမင်းတရား လက်ထက်အခါ
မြန်မာ့သမိုင်းတွင် ကုန်းဘောင်မင်းဆက်နှင့် တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် တိုင်းပြည်ကိုစီမံအုပ်ချုပ်ရာတွင် ကျောသားရင်သားခွဲခြားမှုမရှိ၊ ဘက်လိုက်မှုမရှိသဖြင့် ပြည်သူများ၏ ချစ်ခင်ယုံကြည်မှုကို ရရှိခဲ့ပါသည်။ မိဖုရားခေါင်ကြီးက ၎င်း၏မောင်တော်သည် ရာထူးနေရာမရှိ၍ ချီးမြှင့်မြှောက်စား ပေးရန် လျှောက်တင်မှုအပေါ် နန်းတော်အောက်၌မွေးနေသောခွေးကို သွားရောက်ကြည့်ရှုစေရာ တိကျသေချာမှုမရှိဘဲ အကြိမ်ကြိမ်ပြန်လည်ကြည့်ရှုနေသည်ကို ထောက်ပြကာ ယောက်ဖတော်ပင်ဖြစ်လင့်ကစားရာထူးရာခံချီးမြှင့်ခြင်း မပြုခဲ့သဖြင့် ပြည်သူများ၏ချစ်ခင် ယုံကြည်မှု ပိုမိုရရှိခဲ့ပါသည်။
သမိုင်းအဆက်ဆက် တိုက်ဖျက်ခဲ့ပါသည်
မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ရပြီး ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးရခဲ့ပါသည်။ လွတ်လပ်ရေးရပြီး ၁၀ လအကြာ ၁၉၄၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေကိုပြဋ္ဌာန်းကာ တံစိုး လက်ဆောင်ပေးခြင်း၊ ရယူခြင်းနှင့် အဂတိလိုက်စားခြင်းတို့ကို တားမြစ်ထိန်းချုပ်ဆောင်ရွက်ခဲ့ပါ သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် မြန်မာ့သမိုင်း၌ မည်သည့်အချိန်တွင်မှ အဂတိလိုက်စားမှုကို လက်ခံခဲ့ခြင်းမရှိဘဲ ခေတ်စနစ်နှင့်အညီ တွန်းလှန်တိုက်ဖျက်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
ဥပဒေအရတားမြစ်ရ
အဂတိလိုက်စားမှုကြောင့် နိုင်ငံ၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစနစ်များကို ထိခိုက်စေပြီး အများပြည်သူ၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးစေသဖြင့် မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုဖွဲ့စည်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ခေတ်စနစ်နှင့်အညီဖြစ်စေရန် ဥပဒေကို စတုတ္ထအကြိမ်အထိ ပြင်ဆင်ကာ အသွင်အမျိုးမျိုးဖြင့် ဖြစ်ပွားနေသော အဂတိလိုက်စားမှုများကို ဟန့်တားထိန်းချုပ်၊ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
စတုတ္ထအကြိမ်ပြင်ဆင်ခဲ့သော အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ (က) (၁)နှင့် ၃ (က) (၂) တို့တွင် အဂတိလိုက်စားမှု၏အဓိပ္ပာယ်ကို အောက်ဖော်ပြပါအတိုင်းဖွင့်ဆိုထားပါသည်-
(က) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကိုပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့် အညီရထိုက်သော အခွင့်အရေးကို မမှန်မကန်ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း၊
( ခ ) မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်းပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့်သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင်ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း ပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကိုဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်း။
ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်လာ
၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အဂတိလိုက်စားမှု ဆိုရာတွင် တံစိုးလက်ဆောင်လက်ခံခြင်းနှင့် ရယူခြင်းတို့အတွက်သာ အရေးယူဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာထိခိုက်နစ်နာဆုံးရှုံးမှုများကို အရေးယူဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် စတုတ္ထအကြိမ်ပြင်ဆင်ခဲ့သည့် ဥပဒေတွင် အဂတိလိုက်စားမှု၏အဓိပ္ပာယ်ကို ပိုမိုကျယ်ပြန့်စွာ ဖွင့်ဆိုခဲ့ပြီး “နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးမှုများ” ကိုပါ အရေးယူဆောင်ရွက်နိုင်ခဲ့သဖြင့် အဂတိလိုက်စားမှုများကို ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။
အဂတိပယ်ခွာပြည်သာယာရေး
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၄ အရ မည်သူမဆို အဂတိလိုက်စားမှု သို့မဟုတ် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းတို့နှင့်စပ်လျဉ်း၍ ကော်မရှင်၊ ကော်မရှင်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးအဖွဲ့၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်ပါသည်။
အဂတိလိုက်စားမှုများကြောင့် နစ်နာသူများအနေဖြင့် တိုင်တန်းချက်များပေးပို့ရာတွင် တိုင်ကြား နိုင်မည့်နည်းလမ်းများ၊ သတိပြုရမည့်အချက်များနှင့် ကော်မရှင်အနေဖြင့် တိုင်ကြားစာများကို စိစစ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ကော်မရှင်၏ Website နှင့် Facebook Page များတွင်လည်း ဖော်ပြထားပါသည်။ ထို့ပြင် နိုင်ငံပိုင်သတင်းစာများတွင်လည်း အလျဉ်းသင့်သလို ဖော်ပြလျက်ရှိရာ ပြည်သူများက အဂတိလိုက်စားမှုများကို လုံးဝသည်းခံခွင့်လွှတ်ခြင်း မပြုသောစိတ်ဖြင့် အဂတိလိုက်စားမှုများကို သတ်မှတ်ချက်များနှင့်အညီ သတင်းပေးဖော်ထုတ် တိုင်ကြားခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပူးပေါင်းကာ အဂတိပယ်ခွာ ပြည်သာယာရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ကိုးကား
၁။ Wikipedia
၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
၃။ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း
၄။ အောက်စဖို့ဒ်(the Oxford)နှင့်မယ်ရီရမ်ဝက်ဘ်စတာ (Merriam-Webster) အဘိဓာန်
၅။ https://info.worldbank.org/governance/wgi/
၆။ www.oecd.org/corruption
ရ။ https://www.transparency.org/en/
၈။ https://www.lexico.com/definition/corruption