Skip to main content

ရုပ်သေးသမားနှင့် ဇာတ်သမားပြန်လျှင် အဟုတ်ရှေးစကားနှင့် မှတ်သားစရာများကျန်ရမည်

ဦးရဲဒွေး(အမြင့်သဘင်)

မြန်မာနိုင်ငံ၌ ပျူခေတ်ကပင် အနုသုခုမသဘင်ဂီတ အနုပညာရပ်များ ထွန်းကားခဲ့လေသည်။ ခရစ်နှစ် ၈၀၂ တွင် ပျူသရေခေတ္တရာမှ ပျူယဉ်ကျေးမှုအဖွဲ့ကို တရုတ်ပြည်သို့ စေလွှတ်လိုက်ရာတွင် တရုတ်ဧကရာဇ်တဲကျန်း ရှေးမြန်မာများဖြစ်ကြသော ပျူတို့၏ ဂီတအလှများတွင် ရက်ပေါင်းများစွာ နစ်မွန်းနေသဖြင့် တရုတ်ကဗျာစာရေးဆရာကြီး တစ်ဦးက တရုတ်ပြည်သူတို့၏အကျိုးကို မမေ့လျော့ရန် ကဗျာတစ်ပုဒ်ဖြင့် သတိပေးမှု ပြုခဲ့ရသည်။

ပုဂံခေတ်တွင် အိန္ဒိယ၊ သီရိလင်္ကာ (သီဟိုဠ်)၊ ပျူ၊ မွန်၊ ဗမာ လူမျိုးတို့၏ အဆို၊ အတီး၊ အက အနုပညာရှင်များနှင့် အနုပညာရပ်များပေါင်းစုံ တိုးတက်မြင့်မားခဲ့သည်။ ပုဂံခေတ်ခန့်မှ စတင်၍ မြန်မာတိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုအနုပညာနှင့် အတတ်ပညာရပ်များလည်း ဆက်နွှယ်ပေါင်းစည်းခဲ့လေသည်။

ရုပ်သေးရုပ်ကြီးသဘင်များ

အင်းဝခေတ်သည် ပုဂံခေတ်၌ စတင်ဖြစ်ထွန်းခဲ့သော မြန်မာစာပေ၏ “ပထမရွှေခေတ်” ဖြစ်ပေသည်။ ယနေ့မဟာဂီတပင် ကြိုးသီချင်းကြီးများ ပတ်ဆိုင်း (ဆိုင်းဝိုင်းကြီး)နှင့် ရုပ်သေးရုပ်ကြီး သဘင်များ ပေါ်ထွန်းခဲ့သည်။ ရှင်မဟာရဋ္ဌသာရဖွဲ့သီတော်မူသော “သံဝါရပျို့” တွင် “ရုပ်ကြီးရုပ်ငယ် မီးဝယ်ကြည့်ပွဲ” ဟု ဖော်ပြပါရှိလေရာ ရုပ်သေးသာမက ရုပ်ကြီးလည်း ထွန်းကားခဲ့သည်။ ညောင်ရမ်းခေတ်၌ ဦးကုလားရေးသားသော “မဟာရာဇဝင်ကြီး”တွင် နိုင်ငံခြားသံတမန်များအား ဧည့်ခံဖျော်ဖြေပွဲတွင် “အရုပ်ကြီး အရုပ်ငယ် သဘင်စုံခံရသည်” ဟူသော သမိုင်းမှတ်တမ်းက အင်းဝခေတ်တွင် ရုပ်ကြီးဖြစ်တည်ပြီးဖြစ်ကြောင်း ဖော်ညွှန်းနေခြင်းဖြစ်သည်။

အင်းဝခေတ်တွင်ပင် ဇာတ်(ပြဇာတ်) ပညာ(Drama) လည်း ရုပ်စုံသဘင်ဖြင့် ပေါ်ထွန်းခဲ့သည်ဟု မှန်းဆဖွယ်ဖြစ်သည်။ ပုဏ္ဏားရုပ်ကြီးက ပရိသတ်နှင့် စကားပြောပုံဟန် “တံတားဦးတည် မင်္ဂလာစေတီမော်ကွန်း” လင်္ကာတွင် ဖော်ပြပါရှိရာ ထိုခေတ်၌ ဇာတ်လမ်း ဇာတ်ကွက်ဇာတ်ရုပ် ဇာတ်ကောင်များဖြင့် ဇာတ်၊ ပြဇာတ်ပညာ ဖြစ်ထွန်းခဲ့သည်ဟု မှန်းဆဖွယ်ဖြစ်ပြန်သည်။

ဇာတ်ငါးဇာတ်

ညောင်ရမ်းမင်းက ညောင်ရမ်းခေတ်ကို တည်ထောင်ပြီးနောက် ငါးနှစ်မျှအကြာတွင် ဘုရင့်သမီးတော် ပန်ထွာမင်းသမီး၏ ဆံထုံးထုံး နားထွင်းမင်္ဂလာပွဲ သဘင်တွင် ဝိဓုရဇာတ်၊ မနော်ဇာတ်၊ ကိန္နရာဇာတ်၊ ကုမ္မာဘယဇာတ်၊ အန္တရဒေဝိဇာတ်များ ကပြခဲ့သည်ဟူသော သမိုင်းမှတ်တမ်းအရလည်းကောင်း၊ ညောင်ရမ်းခေတ်တည်ထောင်ပြီးနောက် ဇာတ်ငါးဇာတ် ကပြခဲ့သော သမိုင်းအထောက်အထားအရ လည်းကောင်း၊ မည်သည့်အနုပညာရပ်မဆို ပြောင်းလဲတိုးတက်ရန်မှာ ကာလရှည်ကြာမည် ဖြစ်၍လည်းကောင်း၊ ပြဇာတ်(ဇာတ်) ပညာသည် ညောင်ရမ်းခေတ်ထက် အဆောအလျင်ကျသော တောင်ငူ (ဟံသာဝတီ) ခေတ် သို့မဟုတ် အင်းဝခေတ်တွင် ဖြစ်ထွန်းခဲ့သည်ဟုလည်း မှန်းဆဖွယ် ဖြစ်ပေသည်။

ဇာတ်နှင့် ပြဇာတ်တို့၏ တင်ဆက်ကပြမှု

ကုန်းဘောင်ခေတ်တွင်ကား ယဉ်ကျေးမှုအနုပညာ ပန်းဥယျာဉ်ကြီးအတွင်းဝယ် စာပေ၊ အဆိုသဘင်၊ အတီးသဘင်၊ အကသဘင်၊ အမြင့်(ရုပ်စုံ)သဘင်များ၊ အနိမ့် (ဇာတ်)သဘင်၊ အငြိမ့်သဘင်၊ ယိုးဒယားသီချင်း၊ ယိုးဒယားဇာတ်တော်ကြီးများ ဟူသော အဖူးအပွင့်၊ အခက်အလက်တို့သည် ဝေဆာမြိုင်ဆိုင်စွာ လန်းပွင့်ဆန်း တင့်ခဲ့ကြလေသည်။ ထိုခေတ်တွင်ပင် မြန်မာ့ဇာတ်သဘင်သည် ထိုင်းနိုင်ငံမှ အိန္ဒိယနွယ်သော ရာမာယဏ ဇာတ်တော်ကြီးနှင့် ဂျာဗား(အင်ဒိုနီးရှား)နွယ်သော အီနောင်(ပန်ဂျီး)ဇာတ်တော်ကြီးများကို ခံ့ညားထည်ဝါစွာ ကပြလာခဲ့သည်။ ဇာတ်ခုံပညာလည်း တီထွင်ပေါ်ပေါက်ခဲ့သည်။ ဦးကြင်ဥနှင့် ဦးပုညတို့က ပြဇာတ်များကို ရေးသားတင်ဆက်ခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော “ရွှေရိုး” ကလောင်အမည်ခံ အင်္ဂလိပ်လူမျိုး ဂျော့စကော့(George Scott)က ရဟန်း ပညာရှိ၊ လူပညာရှိများထံ ချဉ်းကပ် သုတေသနပြု၍ ရေးသားသော “ မြန်မာ၊ သူ့ဘဝ သူ့အတွေး” (The Burman: His Life and Notions)စာအုပ်တွင် “ဇာတ်” မှာ ဘုရားဟော ဗုဒ္ဓဝင်၊ နိပါတ်ဝင်၊ မဟာဝင်များအပေါ် အခြေခံထားသော ဇာတ်ထုပ်ဇာတ်လမ်းများကို ဆိုလို၍ “ပြဇာတ်”မှာ ထိုဇာတ်များအပြင် ထိုးဇာတ် လုပ်ဇာတ်များ အဓိကထားကာ တင်ဆက်ကပြမှုကို ဆိုလိုခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပေသည်။ သို့သော် ဇာတ်နှင့် ပြဇာတ်တို့၏ တင်ဆက်ကပြမှု (Presentation and Performance)မှာ ကွာခြားမှုမရှိပေဟုလည်း ရေးသားဖော်ပြထားသည်။

“ကုန်းဘောင်ခေတ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘင်ဆိုင်ရာ ဝန်ကြီးနှင့် ဝန်ကြီးဌာနကို ခန့်အပ်တည်ထောင်သည့် နိုင်ငံဖြစ်လာသည်” ဟု “အရှေ့တိုင်း ဇာတ်သဘင် (Theatre in the East)” စာအုပ်ရေးသားသော အမေရိကန်လူမျိုး ဖိုဗီယံဘောင်းဝါး (Faubion Bowers)က ဖော်ပြထားလေသည်။ ခရစ်နှစ် ၁၇၇၆ ခုနှစ် စဉ့်ကူးမင်း လက်ထက်တွင် ပထမသဘင်ဝန်မှာ ဦးပိုးဖြူဖြစ်၍ ဒုတိယသဘင်ဝန်မှာ ဦးတုတ်တို့ ဖြစ်ကြသည်။ သဘင်ဝန်များက အနိမ့်သဘင်ခေါ် ဇာတ်သဘင်အတွက် စည်းမျဉ်း စည်းကမ်းများကို ပြဋ္ဌာန်းခဲ့လေသည်။ ထို့အတူ ဘကြီးတော်မင်းလက်ထက်တွင် သဘင်ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူမှာ ဦးသော်ဖြစ်၍ ရုပ်စုံသဘင်အတွက် စည်းမျဉ်း စည်းကမ်းများကို ချမှတ်ခဲ့သည်။

မြန်မာ့ဇာတ်သဘင်နှင့် ရုပ်စုံရုပ်သေးသဘင်များသည် ပြည်သူအပေါင်းအား ဖျော်ဖြေမှုအပြင် လောကီလောကုတ္တရာ နှစ်ဖြာသော ပညာဗဟုသုတများ ပေးဝေခဲ့သည့် သဘင်များဖြစ်၍ စာနယ်ဇင်းများ၊ ရေဒီယိုများနှင့် ရုပ်မြင်သံကြားများသဖွယ် ရပ်တည်ခဲ့လေသည်။

မျိုးဆက်သစ် သဘင်ဂီတအနု ပညာဝါသနာရှင်နှင့် ပညာရှင်

ယခုအခါ ကျင်းပလျက်ရှိသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် အဆိုပညာ၊ အကပညာ၊ အရေးပညာ၊ အတီးပညာ ပြိုင်ပွဲများ ပါဝင်လေသည်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲ ဆောင်ရွက်လျက်ရှိကြသော မျိုးဆက်သစ် သဘင်ဂီတအနု ပညာဝါသနာရှင်နှင့် ပညာရှင်တို့က ပါဝင်သီဆိုတီးမှုတ်ကပြ ရေးသားဆောင်ရွက်ကြရင်း သဘင်မှု အနုပညာနယ်ပယ်တွင် “ရုပ်သေးသမားလာတော့ အဟုတ်ရှေးစကား ကျန်ရမည်”နှင့် “ဇာတ်သမားလာတော့ မှတ်သားစရာကျန်ရမည်” ဟူသော ဆောင်ပုဒ်များနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့ကို ကျရာတာဝန် ကျရာကဏ္ဍမှ တတ်အားသမျှ အလုပ်အကျွေးပြုနိုင်ကြပါရန် လေးစားဂုဏ်ယူဝမ်းမြောက်စွာဖြင့် ရေးသားဆန္ဒပြုလိုက်ပါသည်။          ။