Skip to main content

လူတိုင်းညီမျှ ရိက္ခာရဖို့ အားလုံးပူးပေါင်း လုပ်ဆောင်စို့

ကိုရင်အောင်မိုး-စိုက်ပျိုးရေး

လူသားအားလုံး အာဟာရပြည်ဝတဲ့အစားအစာတွေ ဖူဖူလုံလုံစားသုံးနိုင်ကြဖို့နဲ့ ငတ်မွတ်ခေါင်းပါးမှု၊ အစာရေစာပြတ်လပ်မှုမတွေ လျော့ပါးပပျောက်စေဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကဆယ်စုနှစ်၊ ရာစုနှစ်အလိုက်အစီအမံတွေ ရေးဆွဲချမှတ်ဆောင်ရွက်နေကြသော်လည်း ကမ္ဘာ့ကပ်ရောဂါနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုတွေ၊ နိုင်ငံတွေအကြား နိုင်ငံရေး၊ စီးပွားရေးနည်းပညာအားပြိုင်မှုတွေစတဲ့ အကြောင်းအမျိုးမျိုးရဲ့ သက်ရောက်မှုတွေအောက်တွင် ကျန်းမာခြင်းနဲ့ပြည့်စုံတဲ့ စားနပ်ရိက္ခာကို စားသုံးခွင့်မရရှိတဲ့လူဦးရေက တိုး၍တိုး၍ လာဆဲဖြစ်နေပါတယ်။

ကမ္ဘာသူကမ္ဘာသားတွေအားလုံး တစ်ယောက်မကျန် အာဟာရပြည့်ဝသော စားနပ်ရိက္ခာရရှိနိုင်တဲ့ ကမ္ဘာကြီးအဖြစ် ရေရှည်တည်တံ့ရပ်တည်နိုင်ဖို့မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့တစ်နိုင်ငံချင်း၊ လူသားတစ်ဦးတစ်ယောက်ချင်းက အပြန်အလှန်မျှဝေခံစားတတ်သော ကိုယ်ချင်းစာနာမှု၊ နားလည်ခွင့်လွှတ်မှု၊ အားပေးကူညီမှုတွေနဲ့ စုပေါင်းလုပ်ဆောင်ကြရန် လိုအပ်ဖို့လည်းဖြစ်ပါတယ်။

အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အထူးအလေးထားဆောင်ရွက်

စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မိမိတို့မြန်မာနိုင်ငံအနေနဲ့ရှိပြီးဖြစ်တဲ့ ရေမြေသဘာဝအရင်းအမြစ်တွေကို ထိထိရောက်ရောက်အသုံးချပြီး ကုန်ထုတ်လုပ်မှုတွေ တိုးမြှင့်အောင်ဆောင်ရွက်နေသလို လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်လာဖို့အဓိက မောင်းနှင်အားဖြစ်တဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တောင်သူလယ်သမားတွေအကြား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ကြစေဖို့ နိုင်ငံတော်အစိုးရက အထူးအလေးထား အားပေးဆောင်ရွက်နေတာကို တွေ့မြင်နေရပါတယ်။ အရင်းနှီးရှိသူနဲ့ ထုတ်လုပ်နိုင်စွမ်းရှိသူတို့ကို ပေါင်းစပ်ပေးခြင်းဖြစ်ပါတယ်။

နိုင်ငံရဲ့ အဓိကရိက္ခာစပါး၊ ဆီထွက်သီးနှံနဲ့ ပဲမျိုးစုံအပြင်ဝတ်ရေးအတွက် ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး သွင်းကုန်အစားထိုးနိုင်ရေးဆောင်ရွက်သလို၊ စားနပ်ရိက္ခာလိုအပ်ချက်ရှိနေတဲ့ နိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ဖို့၊ စိုက်ပျိုးထုတ်လုပ်သူတွေအတွက် အကျိုးအမြတ်ပိုမိုရရှိနိုင်မယ့် အရည်အသွေးကောင်းလယ်ယာထွက်ကုန်တွေ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ဖို့၊ ကုန်ချောထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုးလာရေးစတဲ့ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးကိုလည်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နေတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

လယ်ယာကဏ္ဍရဲ့ ထုတ်လုပ်မှုတိုးတက်ရေးကို မည်မျှပင်ကြိုးပမ်းအားထုတ်စေကာမူ နိုင်ငံတစ်ခုရဲ့စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရပြည့်ဝရေးဟာ အဲဒီနိုင်ငံမှာနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုနဲ့ အာဟာရဆိုင်ရာနားလည်မှု၊ ကျန်းမာရေးဆိုင်ရာ အသိပညာပြည့်ဝမှုကလည်း များစွာလိုအပ်နေကြောင်းပညာရှင်များရဲ့ သုံးသပ်တင်ပြမှုတွေရှိနေပါတယ်။

စားနပ်ရိက္ခာဖူလုံရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်ရာမှာသက်ဆိုင်ရာ ပညာရှင်တွေရဲ့ သုတေသနရလဒ်တွေ၊ လက်တွေ့ကြုံတွေ့ရမှုတွေအပေါ် သုံးသပ်ဖော်ထုတ်ပြီး ဖြန့်ဝေပေးနေတဲ့ခေတ်မီစိုက်ပျိုးရေး နည်းပညာတွေ၊ သွင်းအားစုဆိုင်ရာတွေ၊ စိုက်ပျိုးရေရရှိရေးနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဆိုင်ရာ နည်းစနစ်တွေ၊ အဆင့်မြင့်လယ်ယာမြေဖော်ထုတ်အသုံးပြုရေး၊ စက်မှုလယ်ယာစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး၊ ရိတ်သိမ်းပြီးနောက်ပိုင်းလုပ်ငန်းစဉ်တွေမှာ လိုက်နာဆောင်ရွက်ရမယ့် ရိတ်သိမ်းချိန်လွန် နည်းပညာတွေစတဲ့ လုပ်ငန်းတွေအပေါ် စိုက်ပျိုးထုတ်လုပ်သူတွေဘက်က တိကျစွာလိုက်နာဆောင်ရွက်ရမည့် တစ်ဧကချင်း၊ လူတစ်ဦးချင်းရဲ့ ထုတ်လုပ်မှုတိုးတက်လာရုံသာမက အစားအစာ ဘေးကင်းလုံခြုံတွေ အာဟာရပြည့်ဝတဲ့စားသောက်ကုန်တွေ၊ နိုင်ငံတကာဈေးကွက်ဝင်တဲ့အရည်အသွေးမြင့် ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်နိုင်မှာလည်းဖြစ်ပါတယ်။

အလားတူပါပဲ ကုန်သွယ်ရာမှာဖြစ်ပေါ်နေတဲ့ သီးနှံဖိတ်စင်လေလွင့်မှုတွေ၊ ချက်ပြုတ်စားသုံးမှုတွေမှာဖြစ်ပေါ်နေတဲ့ အလေအလွင့်တွေ၊ တန်ဖိုးမဲ့စွန့်ပစ်မှု တွေလျှော့ချနိုင်ရေး လုပ်ငန်းတွေမှာလည်း ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်နေပါတယ်။ လူသားအားလုံးအညီအမျှ အာဟာရပြည့်ဝဖို့ လူသားအားလုံး ပူးပေါင်းလုပ်ဆောင်ကြဖို့လိုအပ်ကြောင်း သတိပြုဖို့လိုအပ်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကိုပိုင်ဆိုင်

လက်ရှိကြုံတွေ့နေရသော ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကောင်းမွန်စေဖို့ အာဟာရမျှတစွာစားသုံးဖို့ အာဟာရဆိုင်ရာနားလည်မှုနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာတွေအတန်အသင့် ပျံ့နှံ့စွာရရှိနေကြပြီဖြစ်ပါတယ်။ အာဟာရမျှတစွာ စားသုံးခြင်းနဲ့ သီးနှံတစ်ခုချင်းကရရှိတဲ့ အာဟာရတန်ဖိုး၊ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုမှုကို ပိုပြီးထိထိရောက်ရောက် အသုံးချနိုင်ကြမယ်ဆိုရင် ကူးစက် ရောဂါတွေကို ခံနိုင်ရည်ရှိရုံသာမကပဲ ကျန်းမာပျော်ရွှင်တဲ့ဘဝတွေကိုလည်း ပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အော်ဂဲနစ်(Organic)ထုတ်ကုန်တွေ၊ ဂျီအေပီ(GAP)ကျင့်စဉ်နဲ့ စနစ်တကျထုတ်ထားတဲ့ အသီးအနှံတွေ၊ ဂျီအေအိတ်ပီ(GAHP)နဲ့ မွေးမြူထုတ်လုပ်ထားတဲ့ အသားတွေ၊ ဂျီအေကျူပီ(GAqP)စံနှုန်းအတိုင်း မွေးမြူထုတ်လုပ်ထားတဲ့ ငါး၊ ပုစွန်တွေစတဲ့အဆင့် မြင့်ထုတ်ကုန်တွေကို ငွေကြေးတတ်နိုင်သူတွေက ရွေးချယ်ဝယ်ယူစားသုံးနိုင်ကြပေမယ့် အခြေခံလူတန်းစားနဲ့ပြည်သူအများစုကတော့ လက်လှမ်းတမီမှာဝယ်ယူရရှိသမျှကိုသာ စားသုံးနေကြရတာလည်း ဖြစ်ပါတယ်။

တစ်ပိုင်တစ်နိုင် ဥယျာဉ်ငယ်လေးများ ထူထောင်

ဒါကြောင့်လည်း မိသားစုတိုင်းတစ်ပိုင်တစ်နိုင် ဥယျာဉ်ငယ်လေးတွေ ထူထောင်စိုက်ပျိုးစားသောက်ကြဖို့၊ မြို့ပြနေမိသားစုတွေ အိမ်ဝရံတာပန်းအိုးများမှာ သီးပင်စားပင်ငယ်တွေ စိုက်ပျိုးစားသောက်သည့် အလေ့အထပြန်လည်ထွန်းကားလာဖို့ အားပေးဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အခြေအနေပေးသူတွေအနေနဲ့ ကြက်နဲ့ ဆိတ်တစ်ပိုင်တစ်နိုင် မွေးမြူရေးကို လုပ်ကိုင်နိုင်ကြမယ်ဆိုရင် မိသားစုအတွက် အာဟာရပြည့်ကြက်ဥနဲ့ ဆိတ်နို့တွေကို စားသုံးနိုင်ကြမည်ဖြစ်ပြီး အပိုဝင်ငွေလည်းရရှိနိုင်ကြမှာဖြစ်ပါတယ်။ ကိုယ်တိုင်စိုက်ပျိုးပြီးထွက်ရှိလာတဲ့ အသီးအနှံတွေကို စားသုံးခြင်းကဘေးကင်း အာဟာရပြည့်ဝစေမှာဖြစ်သလို မိမိမျက်ကွယ်မှာ ပိုးသတ်ဆေးများအပါအဝင် စိုက်ပျိုးရေးသွင်းအားစုတွေ အတိုင်းအဆမဲ့ သုံးစွဲထားမှု၊ ရောင်းကုန်မျက်နှာပန်းလှဖို့သုံးထားတဲ့ ဆိုးဆေးတွေ၊ ကြာရှည်အထားခံဖို့ အသုံးပြုထားတဲ့ ဓာတုဆေးဝါးတွေရဲ့အန္တရာယ်က ရှောင်လွှဲနိုင်ကြမှာဖြစ်ပါတယ်။ ဒါ့အပြင်အသုံးစရိတ်ထွက်ငွေလျှော့ချနိုင်လို့ မိသားစုဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းက ထိန်းသိမ်းပေးပြီးဖြစ်မှာပါ။

အဲဒီလို အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူ၊ ပြည်သူအားလုံးက မိမိတို့ကျရာကဏ္ဍက ပူးပေါင်းပါဝင်လုပ်ဆောင်ကြမှသာ လုံလောက်တဲ့စားနပ်ရိက္ခာ ပမာဏရရှိနိုင်မှု၊ ဈေးနှုန်းသင့်တင့်တဲ့ စားနပ်ရိက္ခာရရှိနိုင်မှု၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားနပ်ရိက္ခာရရှိနိုင်မှုတွေနဲ့ ပြည့်စုံတဲ့နိုင်ငံတစ်ခုအဖြစ်အောင်အောင်မြင်မြင် ရပ်တည်နိုင်မှာဖြစ်သလို “ထွက်ကုန်မြှင့်တင်တိုးထုတ်လျှင်၊ ကောင်းမွန်ပြည့်ဝအာဟာရ၊ ဝန်းကျင်လှပ တို့ဘဝ၊ လူတိုင်းစေ့ငရရှိကြ” ဆိုတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ်နဲ့အညီ လူတိုင်းအာဟာရပြည့်ဝပြီး ကောင်းမွန်လှပတဲ့ ဝန်းကျင်ကောင်းကို ပုံဖော်နိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါတယ်။ ။