တစ်နိုင်ငံလုံး အကြားမလပ် ဖွံ့ဖြိုးတိုးတက်ရေး
ဇော်ဇော်အောင် - မန္တလေး
ဘယ်တိုင်းပြည်အတွက်မဆို အခြေခံအကျဆုံး မရှိမဖြစ်လိုအပ်ချက်က ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်တယ်။ နိုင်ငံရေးစနစ်တွေကို ငြင်းကြခုံကြတာ၊တည်ဆောက်ကြတာ၊ ပြုပြင်ပြောင်းလဲကြတာ၊ အဟောင်းဖျက်ပြီး အသစ်တည်ထောင်ကြတာအားလုံးဟာ အဓိကရည်ရွယ်ချက် တစ်ခုကြောင့်ပဲဖြစ်တယ်။
အဲဒီရည်ရွယ်ချက်ကတော့ ဖွံ့ဖြိုးတိုးတက်ရေးပဲ။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ စီးပွားရေးကောင်းဖို့ တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ စီးပွားရေးအပြင် ကျန်တဲ့ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးစနစ်လည်းပါဝင်တယ်။ နိုင်ငံရေးစနစ်ဆိုတာလည်း တရားသေသတ်မှတ်ပြီး တစ်ခုတည်းက ထာဝရပြည့်စုံတယ်မရှိဘူး။ ကမ္ဘာကြီးက အရှိန်အဟုန်ပြင်းပြင်းနဲ့ပြောင်းလဲနေတာ ဖြစ်လေတော့ နိုင်ငံရေးစနစ်ဆိုတာလည်း အမြဲတမ်း အသစ်အသစ်တွေ ကာလဒေသအခြေအနေ ရေခံမြေခံအရ လိုအပ်နေမှာပဲဖြစ်လို့ နိုင်ငံရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုတာလည်း ရည်မှန်းချက်တစ်ခုအဖြစ် ရှိနေသင့်တယ်။
တည်ငြိမ်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်
နိုင်ငံရေးစနစ်ကို ကောင်းအောင်တည်ဆောက်ချင်ကြတဲ့ ရည်ရွယ်ချက်က နိုင်ငံတွေ ဘက်စုံထောင့်စုံ ဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်သလို နိုင်ငံတစ်နိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကလည်း အပြန်အလှန်အားဖြင့် တည်ငြိမ်ကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကို ရေရှည်ပိုင်ဆိုင်နိုင်ဖို့ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံချက်မပေးနိုင်ရင် ဒီမိုကရေစီစနစ်ဖြစ်ဖြစ် တခြားဘာနာမည်ပဲပေးထားပေးထား အဲဒီနိုင်ငံရေးစနစ်ကို အလုပ်ဖြစ်တဲ့ နိုင်ငံရေးစနစ်လို့ ပြောဖို့ခက်လိမ့်မယ်။
ဒီမိုကရေစီဟာ အကောင်းဆုံးနိုင်ငံရေးစနစ်ဖြစ် တယ်ဆိုရင် အဲဒီစနစ်ကို ကျင့်သုံးရတာရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်တာမို့ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိရင် ဒီမိုကရေစီစနစ်ဟာ အင်မတန်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်ပါဆိုတဲ့ကိစ္စကို မေးခွန်းထုတ်စရာဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီမိုကရေစီကျင့်သုံးရင် တိုင်းပြည်ဟာ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာဖို့ မဖြစ်မနေလိုတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမှသာ ဒီမိုကရေစီစနစ်ရဲ့တန်ဖိုးဟာလည်း မြင့်တက်လာနိုင်မှာဖြစ်သလို အဲဒီ ဒီမိုကရေစီစနစ်ဟာ အမှန်တကယ်ရေရှည်တည်တံ့ပြီး ထွန်းကားနေနိုင်မှာဖြစ်တယ်။
တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးဟာနိုင်ငံ ရေရှည်တည်တည်ငြိမ်ငြိမ်ရှိဖို့၊ ငြိမ်းချမ်းသာယာ နေဖို့ချမ်းသာကြွယ်ဝဖို့၊ သူများနဲ့ယှဉ်ရင် အောက်တန်းနောက်တန်းမကျဖို့ စတဲ့ ကိစ္စအားလုံးအတွက် ပင်မသွေးကြောပဲ။ မြန်မာနိုင်ငံဟာ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေနဲ့ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံမှီတင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်တယ်။ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာဟာ ပြည်နယ်၊ ပြည်မဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းရင်းသားအားလုံး နိုင်ငံသားအားလုံး အေးချမ်းသာယာဝပြာဖို့ဖြစ်တယ်။
ဒါတင်မကသေးဘူး။ တိုင်းပြည်တစ်ပြည်မှာ မရှိမဖြစ်လိုအပ်တဲ့နိုင်ငံသားတွေ အားလုံးတန်းတူ ညီမျှရှိရေး၊ တရားမျှတရေးတို့အတွက် အခြေခံအကျဆုံးကိစ္စလည်းဖြစ်တယ်။ တစ်နိုင်ငံလုံး တစ်ပြေးညီတိုးတက်ဖွံ့ဖြိုးမှသာ ပြည်နယ်၊ ပြည်မတွေအကြား၊ တောင်ပေါ်နဲ့မြေပြန့်ကြား ဆင်းရဲချမ်းသာကွာဟမှု၊ လူနေမှုအဆင့်အတန်းကွာဟမှု၊ ကျန်းမာရေးနဲ့ ပညာရေးအခွင့်အရေး များကွာဟမှုတွေ လျော့ပါးပျောက်ကွယ်သွားနိုင်တာဖြစ်တယ်။
ဝေးလံခေါင်ဖျားတောင်ပေါ်ဒေသက တိုင်းရင်းသားတွေဟာ ပင်လယ်နဲ့နီးတဲ့ မြေပြန့်ဒေသက နိုင်ငံသားတွေလိုပဲ ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းခွင့်ရကြမယ်၊ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူခွင့်ရှိကြမယ်၊ ပညာသင်ကြားခွင့်ရှိကြမယ်၊ သေချာခိုင်မာပြည့်စုံတဲ့ဘဝနဲ့ သေချာခိုင်မာပြည့်စုံတဲ့အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရရှိကြမယ်ဆိုရင် တိုင်းရင်းသားတွေကြား၊ နိုင်ငံသားတွေကြား အငြိုးတွေ၊ အမုန်းတွေဆိုတာ ရှိနိုင်ပါဦးမလား၊ နိုင်ငံသားတွေအားလုံး အချင်းချင်းချစ်ခင်စည်းလုံးကြဖို့၊ အချင်းချင်းလေးစားတန်ဖိုးထားကြဖို့၊ အချင်းချင်းကူညီ စောင့်ရှောက်ကြဖို့ဆိုတာ အထွေအထူးစိုးရိမ်ပူပန်နေစရာမလိုဘဲ အလိုလိုပြေလည်သွားပါလိမ့်မယ်။
အပွန်းပဲ့ခံကြမှာမဟုတ်
အဲဒီလိုအခြေအနေကို ဖန်တီးနိုင်ကြပြီဆိုရင် နိုင်ငံတော်ရဲ့အချုပ်အခြာတည်တံ့ခိုင်မြဲဖို့၊ တစ်နည်းအားဖြင့် နိုင်ငံတော်တည်တံ့ခိုင်မာဖို့ဆိုတဲ့ကိစ္စအတွက်လည်း အင်မတန်ကြီးမားတဲ့ အင်အားတစ်ခု၊ အထောက်အပံ့တစ်ခုကို ရရှိပြီးသားဖြစ်သွားလိမ့်မယ်။ နိုင်ငံသားတွေ အားလုံးဟာများစွာ စည်းလုံးညီညွတ်နေကြလိမ့်မယ်။ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်နေတဲ့ အခြေအနေကသူတို့ရဲ့ဘဝ၊ သူတို့ရဲ့မျိုးဆက်တွေရဲ့ဘဝနဲ့ အနာဂတ်တွေကို ကောင်းမွန်စွာ ပုံဖော်ပေးထားတဲ့၊ တည်ဆောက်ပေးထားတဲ့၊ အာမခံချက်ပေးထားတဲ့၊ အကြောင်းခြင်းရာ ဖြစ်နေတာကြောင့်အဲဒီအခြေအနေကို သူတို့က အပွန်းပဲ့ခံကြမှာမဟုတ်ဘူး။ ယုတ်လျော့မယ့် အခြေအနေကိုလည်း လက်ခံကြမှာမဟုတ်ဘူး။ နိုင်ငံတော်အပေါ်အချုပ်အခြာအပေါ် ကျရောက်လာမယ့် ဘယ်လိုအန္တရာယ်မျိုးကိုမဆို နိုင်ငံသားတွေက စည်းလုံးညီညွတ်စွာနဲ့ ကြံ့ကြံ့ခံခုခံတွန်းလှန် ဖယ်ရှားကြလိမ့်မယ်။
နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကရော။ တစ်နိုင်ငံလုံးအကြားမလပ် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရင် တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံအဆောက်အအုံတွေကလည်း တောင့်တင်းခိုင်မာ စနစ်ကျခေတ်မီနေပြီးသားဖြစ်မှာဖြစ်သလို နိုင်ငံသားတွေရဲ့ အဆင့်အတန်းနဲ့ အရည်အသွေးဟာလည်း အဆင့်မီနေကြမှာဖြစ်တယ်။ အားလုံးက ပညာတတ်သူတွေ၊ စားဝတ်နေရေး ဖူလုံပြည့်စုံသူတွေ၊ ကိုယ်ကျင့်တရားကောင်းမွန်သူတွေ၊ အသိတရားပြည့်စုံကြွယ်ဝသူတွေ၊ အတွေးအခေါ် မြင့်မားသူတွေ၊ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရှိကြသူတွေ ဖြစ်လာကြမှာဖြစ်တာကြောင့် ကမ္ဘာမှာဘယ်နိုင်ငံနဲ့ယှဉ်ယှဉ် အောက်တန်းနောက်တန်းကျနေတော့မှာမဟုတ်တော့တာ သေချာတယ်။
အဲဒီအခါ အစိုးရတွေရဲ့ဂုဏ်သိက္ခာဟာလည်း မြင့်သည်ထက်မြင့်မားလာမယ်။ နိုင်ငံတော်ရဲ့ တန်ဖိုးနဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာဟာလည်း မြင့်မားလာလိမ့်မှာ မုချဖြစ်တယ်။ ဆင်းရဲမွဲတေပြီးတော့ အသိတရားနိမ့်ပါးလို့ ဂုဏ်သိက္ခာနဲ့တန်ဖိုးနိမ့်ကျနေကြရတဲ့ အခြေအနေဆိုတာ လွင့်ပါးပျောက်ကွယ်သွားလိမ့်မယ်။ ဘယ်တိုင်းပြည်ဘယ်လူမျိုးကမှ ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေကို စော်ကားမော်ကားလုပ်ရဲကြမှာမဟုတ်တဲ့အပြင် တလေးတစားနဲ့ ဆက်ဆံကြရတော့မှာဖြစ်တယ်။
နိုင်ငံသားတွေရဲ့ အရည်အသွေးမြင့်လာအောင် အထူးကြိုးပမ်းမြှင့်တင်
နိုင်ငံအနှံ့အကြားမလပ် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံရေးစနစ်တစ်ခုတည်ဆောက်ရုံနဲ့အကောင် အထည်ဖော်နိုင်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေပုံမှန်ရှိနေရုံနဲ့လည်း ဖြစ်မလာဘူး။ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံရေးနဲ့ဆိုင်တာမှန်ပေမယ့် နိုင်ငံရေးတစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ဘူး။ နိုင်ငံရေးစနစ်ကို တစ်ဖက်မှာ အကောင်းဆုံးတည်ဆောက်ကြရင်းနဲ့ တစ်ပြိုင်နက်တည်းမှာ နိုင်ငံသားတွေရဲ့အရည်အသွေးမြင့်လာအောင် အထူးကြိုးပမ်းမြှင့်တင်ရ လိမ့်မယ်။
နိုင်ငံသားတွေရဲ့ အရည်အသွေးဆိုရာမှာ စိတ်ပိုင်းဆိုင်ရာအရည်အသွေးရော ရုပ်ပိုင်းဆိုင်ရာအရည်အသွေးပါ မြှင့်တင်ဖို့ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင် သန်စွမ်းဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းဖို့ကို တစ်ပြိုင်နက်တည်း တည်ဆောက်ရမှာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာမှာကိုက ဒီနှစ်ချက်ကို အခြေခံကျကျလုပ်ကိုင်ကြဖို့ လိုအပ်တယ်။ နိုင်ငံသားတွေ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်သန်စွမ်းလာကြမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာလည်း ကျွဲကူးရေပါကိစ္စဖြစ်သွားပါတယ်။
အပြန်အလှန်အားဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နိုင်ငံသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတွေဟာ ဖွံ့ဖြိုးတိုးတက်(ကြံ့ခိုင်သန်စွမ်း) လာလေ့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းမှုအတွက်က အာဟာရပြည့်ဝစွာစားသောက်ဖို့၊ ကျန်းမာရေးနဲ့ အညီနေထိုင်နိုင်ဖို့ ဖန်တီးပေးရမှာဖြစ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းမှုအတွက် အသိပညာပြည့်စုံရေးစိတ်ဓာတ်နဲ့ အတွေးအခေါ်မြင့်မားရေးကို တည်ဆောက်မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ပညာတတ် အသိ ပညာပြည့်စုံတဲ့ စည်းကမ်းဥပဒေတွေကို တန်ဖိုးထားလေးစားလိုက်နာရကောင်းမှန်းသိတဲ့ နိုင်ငံသားတွေဆိုတာဟာ အရည်အသွေးမြင့်တဲ့ နိုင်ငံသားတွေဖြစ်ပြီးတော့ သူတို့ဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဓိကမောင်းနှင်ကြမယ့် မောင်းနှင်အားတွေဖြစ်ပါတယ်။
နိုင်ငံသားတွေအချင်းချင်း လေးစားချစ်ခင် စည်းလုံးညီညွတ်မှုကိုတည်ဆောက်
နေရာဒေသတစ်ခုသို့တည်းမဟုတ် နေရာဒေသတချို့ကိုကွက်ပြီး ဖွံ့ဖြိုးတိုးတက်စေတယ်ဆိုရင် ဒါဟာ နိုင်ငံတည်ဆောက်တယ်လို့မဆိုနိုင်ပါဘူး။ နိုင်ငံသားအားလုံး တောင်ပေါ်မြေပြန့်ဒေသ တွေအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်နိုင်ကြရင် နိုင်ငံလည်း ဘယ်လိုနည်းနဲ့မှ တိုးတက်ဖွံ့ဖြိုးလာဖို့မရှိတာ အမှန်ဖြစ်ပါတယ်။ နိုင်ငံသားတွေအချင်းချင်း ကြား အပြန်အလှန်ယုံကြည်မှု၊ အချင်းချင်းရိုင်းပင်းကူညီစောင့်ရှောက်မှု၊ လေးစားတန်ဖိုးထားမှုမရှိဘဲနဲ့ စည်းလုံးညီညွတ်လာဖို့ ဆိုတာခက်ခဲပါလိမ့်မယ်။ နိုင်ငံသားတွေအချင်းချင်း လေးစားချစ်ခင်စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းကသာ နိုင်ငံတည်ဆောက်ခြင်း (ရေရှည်တည်တံ့ခိုင်မာအောင်ငြိမ်းချမ်းသာယာဝပြောအောင်) တည်ဆောက်ခြင်းဖြစ်ပါတယ်။
နိုင်ငံရေးစနစ်ကောင်းတစ်ခု အခိုင်အမာတည်ဆောက်နိုင်ဖို့ဆိုတာကလည်း နိုင်ငံအနှံ့ အကြားမလပ်ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်တဲ့အလုပ်နဲ့ အပြန်အလှန်သက်ရောက်မှု ရှိနေတာဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကောင်းတစ်ခုရရှိဖို့ကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေကပဲ တည်ဆောက်ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို တည်ဆောက်ကြမယ်ဆိုရင် ဒီမိုကရေစီဆိုတာက အများပြည်သူ (နိုင်ငံသားများ)အပေါ် လုံးလုံးတည်မှီနေတယ်ဆိုတာ မေ့လို့မရပါဘူး။ နိုင်ငံသားတွေရဲ့ အရည် အသွေးဆိုတာဟာ ဒါကြောင့်မို့လို့ပဲ ဒီမိုကရေစီရဲ့ အရည်အသွေးနဲ့ တိုက်ရိုက်အချိုးကျနေရ တာဖြစ်ပါတယ်။ နိုင်ငံသားတွေ အရည်အသွေးမြင့်မလာဘဲ ဒီမိုကရေစီအရည်အသွေးမြင့်မ လာနိုင်ပါဘူး။ နိုင်ငံသားတွေ အရည်အသွေးမြင့်မားလာလေ ဒီမိုကရေစီရဲ့အရည်အသွေးလည်း မြင့်မားလာလေ ဖြစ်ပါတယ်။
ဒီမိုကရေစီကို အဓိကတည်ဆောက်ရမှာက နိုင်ငံသားတွေဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေမဟုတ်ပါ။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေဆိုတာက နိုင်ငံသားတွေကို ကိုယ်စားပြုရတာသာဖြစ်ပါတယ်။ နိုင်ငံသားတွေကို တာဝန်ခံရတာဖြစ်ပါတယ်။ နိုင်ငံသားတွေကို အဆင့်မြင့်မားလာအောင် ကူညီပံ့ပိုးရတာဖြစ်ပြီးတော့ နိုင်ငံသားတွေက နိုင်ငံတည်ဆောက်ရေးကို ထိထိရောက်ရောက် တက်တက်ကြွကြွ နည်းလမ်းမှန်ကန်စွာနဲ့ အားသွန် ခွန်စိုက်လုပ်နိုင်ကြဖို့၊ အခြေအနေကောင်းတွေကို ဖန်တီးတည်ဆောက်ပေးဖို့က နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။
ဒါကြောင့် အချုပ်အားဖြင့်ဆိုရင် တစ်နိုင်ငံလုံး အကြားမလပ်ဖွံ့ဖြိုးတိုးတက်ရေးဟာနိုင်ငံ တည်ဆောက်ရေးအတွက်ရော နိုင်ငံရေးစနစ်တည်ဆောက်ရေးအတွက်ပါ လွန်စွာမှပဓာနကျလှပါတယ်။ ပြည်ထောင်စုကြီး ပိုမိုခိုင်မာတောင့်တင်းရေး၊ နိုင်ငံသားတွေအားလုံး ချမ်းသာကြွယ်ဝငြိမ်းချမ်းသာယာပျော်ရွှင်ရေးနဲ့ နိုင်ငံကို ချစ်ခင်မြတ်နိုးကြပြီး နိုင်ငံတည်ဆောက်ရေးမှာ တက်ကြွစွာပါဝင်လာကြရေး၊ နိုင်ငံတော်နဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာ တည်တံ့ခိုင်မြဲရေးတို့အတွက် အဓိကသော့ချက်ဟာ နိုင်ငံအနှံ့ အကြားမလပ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း အားလုံးသတိမူမိကြပြီးတော့ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်တာတွေကို အထူးကြိုးစားဆောင်ရွက်ကြစေလိုကြောင်း လေးစားစွာ ရေးသားတင်ပြလိုက်ရပါတယ်။ ။