တိုင်းကျိုးပြည်ပြု ယဉ်ကျေးမှု အနုသုခုမပညာ
မောင်မောင်စန်း
ယဉ်ကျေးမှု အနုသုခုမပညာရှင် (ဝ) အဆို၊ အက၊ အရေး၊ အတီး ပညာရှင်တို့သည် ကျေးဇူးရှင် မိဘပြည်သူတို့အား ချစ်ခင်ခြင်း၊ ပြုံးရွှင်ရယ်မောခြင်း၊ သနားကြင်နာခြင်း၊ ရဲရင့်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ မုန်းတီးခြင်း၊ စက်ဆုတ်ရွံရှာခြင်း၊ အံ့သြခြင်း၊ တည်ကြည်လေးနက်ခြင်း၊ တည်ငြိမ် အေးချမ်းခြင်း စသည့် ရသအဖုံဖုံ ခံစားမှုအစုံစုံကို တင်ဆက် အလုပ်အကျွေးပြုလျက် ရှိကြပါသည်။ စာပေ၊ တေးဂီတ၊ ရုပ်ရှင်၊ သဘင်အနုပညာရှင်တို့၏ အသီးသီး အသက အသကသော အနုပညာ စွမ်းပကားတို့သည် ခံစားကြသည့် ပြည်သူတို့အပေါ် စည်းရုံးရေးသြဇာရော အသိပညာပေးသြဇာပါ ကြီးမားလှပါသည်။
ငြိမ်းချမ်းရေးနှင့် တေးဂီတအနုပညာ
စာရေးသူသည် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ဦးတည်ချက်လေးရပ်၌ “ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှု ကဏ္ဍမှ အထောက်အကူပြုရေး”ဟူသော ဦးတည်ချက်ကို အထူးဂရုပြုမိပါသည်။
အနုပညာသည် အကြမ်းပညာ လုံးဝမဟုတ်။ ထို့ကြောင့် သိမ်မွေ့လှသည်၊ နူးညံ့လှသည်၊ ခက်ခဲ လှသည်၊ နက်နဲလှသည်၊ စမ်းနှယ်အေး၍ ပန်းလို မွှေးသည်၊ စမ်းလိုဖြူ၍ ပန်းနှယ် ကြူလှိုင်လှသည်။ ဂီတစွမ်းအား ပြည်ထွန်းကား စေရန်သာ ရည်ရွယ်ကာ တိုင်းပြည် ငြိမ်းချမ်းသာယာ ဝပြောစေရေးကို များစွာ အထောက်အကူ ပြုသည်။ လူသားတို့၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်ကာ နှလုံးသားက အမုန်းမပွားစေဘဲ အပြုံးအားကို ကြွယ်ဝစေသည်။ ဒေါသကို ပြေပျောက်စေသည်၊ မာန်မာနကို လျော့ကျ စေသည်၊ အာဏာကို ခဝါချရန်လည်း ဖြစ်နိုင်သည်။
သာဓကအဖြစ် ပမာပြရမည်ဆိုပါလျှင် တေးပြုစာဆို ဆရာကြီး(ဦး)မြသန်းစံ ရေးစပ်ပြီး တေးသံရှင် (ဦး)ခင်မောင်ထူး၊ (ဒေါ်)ဟေမာနေဝင်းတို့ သီဆိုထား သည့် “ချစ်ခြင်းတရားနှင့် ပြည်ထောင်စု” အမည်ရှိ တေးသီးချင်းမှာ ဂန္ထဝင်စံတင်ဖွယ် ပြောင်မြောက်လှသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင် ပေးသော အမျိုးသားရေးဆိုင်ရာ တိုင်းကျိုးပြည်ပြု တေးကောင်းတစ်ပုဒ် ဖြစ်သည်ကို ငြိမ်းချမ်းရေး ချစ်မြတ်နိုးကြသူတိုင်း သိရှိနားလည် နှစ်ခြိုက်စွာ ခံစားကြရပါသည်။ အလားတူ စာရေးဆရာ ဒါရိုက်တာ ဂီတစာဆိုတေးသံရှင် ထပ်ဆင့် အကယ်ဒမီ(ဦး)မြတ်လေး၏ “ပန်းတိုင်းပွင့် ပါစေ” အမည်ရှိ စုပေါင်းတေးသံသည်လည်း စုပေါင်းညီညာ အောင်ကြောင်းဖြာစေပြီး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင် ပေးသော ဂန္ထဝင် တေးသီချင်းတစ်ပုဒ် အဖြစ် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။
ထို့ပြင် စာရေးသူတို့ငယ်စဉ် ဖဆပလခေတ်က တောတွင်းလက်နက်ကိုင်များ အမှားကို စွန့်လွှတ်၍ အမှန်ကိုမြင်ကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် လှုံ့ဆော်ခဲ့သည့် တေးသံရှင် (ဒေါ်)မေလှမြိုင်၏ “မောင်လေး မောင်လေးရှောင် မပြေးနဲ့” အစချီတေးသီချင်းသည်လည်း အလွန် ထိရောက် အကျိုးပြုခဲ့သည်ဟု ကြားသိခဲ့ဖူးပါသည်။ ဂီတစာဆို (ဦး)မောင်မောင်သီ၏ “ပင်ချင်းယှက်၍ နွယ်ချင်းဆက်သော်” အမည်ရှိ တေးသီချင်းမှာလည်း ပြည်ထောင်စု ညီညွတ်ရေး ဂုဏ်ပြုတေးတစ်ပုဒ် အဖြစ် ဂန္ထဝင်မြောက် လှသည်ဟု ခံစားရပါသည်။
အနုပညာရှင်များနှင့် သမိုင်းပေးတာဝန်
ကိုလိုနီသူ့ကျွန်ခေတ် လွတ်လပ်ရေးကြိုးပမ်းမှု ကာလဝယ် အနုပညာရှင်တို့သည် သမိုင်းပေး တာဝန်ကျေပွန်စွာ တိုင်းကျိုးပြည်ပြု ပြည်သူ့ အကျိုးပြုအနုပညာကို ဖန်တီးခဲ့ကြသည်။ ဆရာ ရွှေတိုင်ညွန့်၏ မြန်မာ့လွတ်လပ်ရေး ဆုံးရှုံးမှုအပေါ် ခံစားရပုံကို ဖော်ကျူး ရေးစပ်ထားခဲ့သည့် “ပါတော်မူ” သီချင်း၊ ပြည်ထောင်စုကို အသက်ပေးကာကွယ်ရန် လှုံ့ဆော်ပေးထားခဲ့သည့် “ကမ္ဘာမကျေအစချီ နိုင်ငံတော်သီချင်း”၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဟူသော အကျိုးတရားကို ဖော်ဆောင် သရုပ်ဖော် ရေးစပ်ပေးခဲ့သည့် ဆရာ ရွှေတိုင်ညွန့်၏ “တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်” အမည်ရှိ တပ်မတော်ဂုဏ်ပြုတေး သီချင်းတို့သည် မြန်မာ့အနုပညာ သမိုင်းတွင် ဂန္ထဝင် စံတင် မော်ကွန်းဝင် ခဲ့ကြသည်မှာ သမိုင်းသက်သေ တည်ခဲ့ပြီး ဖြစ်ပါသည်။
အမိမြန်မာပြည်၏ အတိတ်သမိုင်းကို စိတ်ပိုင်း၍ အကျဉ်းဥဒ္ဒေသအဖြစ် ပြန်လည် ကြည့်လိုက်မည် ဆိုပါလျှင် လွတ်လပ်ရေးရခါစ ၁၉၄၈-၁၉၄၉ ခုနှစ် တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)၊ အလံနီ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်(ရဲဘော်ဖြူ)၊ ကေအင်န်ဒီအို လက်နက်ကိုင်သောင်းကျန်းသူများ သည် တစ်နိုင်ငံလုံးကို ခွဲတမ်းချ သိမ်းပိုက်ခဲ့ကြရာ ရန်ကုန်မြို့ ကွက်ကွက်သာ ကျန်ရှိခဲ့တော့သည်။ ကေအင်န်ဒီအိုက ထိုစဉ်က မေမြို့ (ယခုပြင်ဦးလွင်)၊ ရန်ကုန်-မန္တလေး လမ်းတစ်လျှောက်ရှိ မြို့များနှင့် ရန်ကုန်မြို့ရှိ အင်းစိန်အထိ သိမ်းပိုက်ထားခဲ့သည်။
ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တပ်မတော်က ရှိသမျှ စစ်သည်အင်အား၊ လက်နက်အင်အားဖြင့် ရင်မြေ ကတုတ်လုပ်၍ ထိုးစစ်ဆင် ဆင်နွှဲခဲ့ရာ လပိုင်း အတွင်းမှာပင် မြို့ရွာအားလုံးကို ပြန်လည် သိမ်းပိုက်ကာ ဖဆပလအစိုးရကို အာဏာသက်ဆက် ပေးခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ပြည်ထောင်စုကြီး ရေစုန်မျောပြီး မတွေးဝံ့အောင် ရှိပေတော့သည်။
ထို အင်းစိန်တိုက်ပွဲကြီးတွင် သောင်းကျန်းသူများနှင့် တိုက်ပွဲဝင်နေ ခဲ့ကြသည့် မြန်မာ့ တပ်မတော်သားများကို ရုပ်ရှင်အနုပညာရှင်များ ကိုယ်တိုင် ရှေ့တန်းစခန်းသို့ သွားရောက်၍ စားနပ်ရိက္ခာများ လှူဒါန်းကာ အားပေးခဲ့ကြရာ သမိုင်းပေးတာဝန် ကျေပွန်ခဲ့ကြပါသည်။ တော်လှန်ရေးကောင်စီ (တပ်မတော် အစိုးရ) လက်ထက်တွင်လည်း စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင် အသီးသီး အသက အသကတို့သည် ရှေ့တန်းရောက် တပ်မတော်သားများထံ သွားရောက်၍ စိတ်ဓာတ်ခွန်အား မြင့်မားစေရန်နှင့် အပန်းပြေစေရန်ရည်သန်၍ အမျိုးသားရေး အနုပညာတာဝန် ထမ်းဆောင်ခဲ့သည်ကို ဂုဏ်ယူ လေးစားစွာ တွေ့မြင်ခဲ့ကြရပါသည်။
တကယ်တော့ အမျိုးသားနိုင်ငံရေး ခရီးတစ်လျှောက်တွင် စာပေပညာရှင်၊ ရုပ်ရှင်ပညာရှင်၊ သဘင်ပညာရှင်၊ ဂီတပညာရှင် စသည့် အနုပညာရှင် တို့သည် မှန်ကန်သော အမျိုးသားရေးအသိ စိတ်ဓာတ်၊ မှန်ကန်သော ခံယူချက်၊ မှန်ကန်သော ရပ်တည်ချက်တို့ဖြင့် တိုင်းကျိုးပြည်ကျိုး ပြည်သူ့ အကျိုးကို သယ်ပိုးဆောင်ရွက်ကြရန်သာ ဖြစ်ပါ သည်။ တိုင်းဖျက် ပြည်ဖျက် မသမာသော နိုင်ငံရေး သမားအချို့တို့ကြောင့် တံလျှပ်ကိုရေထင် ရွှေသမင်အလိုက် မှားခဲ့ကြရသည့် အဖြစ်ဆိုးမျိုးသို့ ရောက်ရှိခဲ့ကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်မှား၊ ဆရာမှား အပေါင်းအသင်းမှားများကို “အသေ ဝနာစ ဗာလာနံ” ဟူသော မင်္ဂလာတရားတော်နှင့် အညီ လုံးဝရှောင်ကြဉ် နိုင်သည်သာ အကောင်းဆုံး ဖြစ်ပါသည်။
သရုပ်မှန်ရသ အနုပညာကပေးသော ဘဝအသိပညာ
ပုထုစဉ်တို့၏ ရသအနုပညာခံစားမှု နယ်ပယ်တွင် ချစ်စရာဆိုလျှင် ချစ်တတ်ကြသည်။ မုန်းစရာဆို လျှင်လည်း မုန်းစိတ်ဝင်ကြမည်။ ပျော်စရာဆိုလျှင် ပျော်ရွှင်စိတ်ဝင်ကြမည်။ ကြောက်ရွံ့စရာဆိုလျှင် ကြောက်စိတ်ဝင်ကြမည်။ မတရားမှု တစ်ဖက်သတ် စော်ကားလာလျှင် မခံချင်စိတ်၊ ရဲစွမ်းသတ္တိစိတ် ဝင်ကြမည်။ သရုပ်မှန် ရသအနုပညာသည် ဆောင်သင့်သည်ကို ဆောင်ရန်နှင့် ရှောင်သင့်သည်ကို ရှောင်ကြဉ်ရန် ခံစားသူ ပရိသတ်ပြည်သူတို့အား ဘဝအသိပညာ ပေးပါသည်။ ဘဝသင်ခန်းစာများ ပေးပါသည်။
ထင်ရှားလှသော သာဓကကို ပမာပြရလျှင် မဟာဂီတဆရာကြီး ဦးပြုံးချို၏ “တေးဘုမ္မာ” အမည် ရှိ ဓမ္မပူဇာဂန္ထဝင်သီချင်းကို နားသောတဆင်လိုက်ရ သည်နှင့် သံသရာကို လည်စေသော ပဋိစ္စသမုပ္ပာဒ် ဟူသည့် ဘဝသံသရာစက်ဝန်းကြီးမှ လွတ်မြောက်လိုသော စိတ်ဆန္ဒဖြစ်ပေါ်လာကာ ဓမ္မရသဟူသော တရားဓမ္မအရသာကို လက်တွေ့ဒိဋ္ဌဓမ္မ ခံစားကြရပြီး သံဝေဂဉာဏ်ရကာ ဝိပဿနာ ဘာဝနာတရား အားထုတ်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာရပါသည်။
ထို့ကြောင့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ လယ်တီဆရာတော်ဘုရားကြီး ဦးဉာဏဓဂသည် “တေးဘုမ္မာ” ဓမ္မပူဇာတေးကို ဖန်းတီးခဲ့သည့် မဟာ ဂီတဆရာကြီး ဦးပြုံးချိုအား ထိုစဉ်က ပညာ့အလင်းပြ သတင်းစာတိုက်တွင် အယ်ဒီတာ ခန့်အပ်ချီးမြှင့်ပေး ရန် မိန့်ကြားကူညီ စောင့်ရှောက်တော် မူခဲ့ပါသည်။
ထိုတေးဘုမ္မာ ဓမ္မပူဇာတေးကို အခြေခံ၍ စာရေးဆရာ ဒါရိုက်တာ ဆရာဦးသုခက “ဘဝ သံသရာ” အမည်ရှိ ဓမ္မပူဇာတေးကို ကိုယ်တိုင်းရေးစပ် သီဆိုထုတ်လွှင့်ခဲ့သောအခါ နားဆင်ကြရသူတိုင်း သံဝေဂဓမ္မရသကို ခံစားကြရပါသည်။ အလားတူ ဆရာကြီး ဦးသုခကပင် သံဃာ့ဂုဏ်တော်ကိုးပါးကို ပူဇော်သောအားဖြင့် မြတ်ဗုဒ္ဓ၏ ဝိနည်း ဒေသနာတော်နှင့်အညီ ရဟန်းတို့အနေဖြင့် ဆွမ်းတစ်နပ် ရအောင် ဆွမ်းခံစားရသောဘဝကို ပေါ်လွင်အောင် ဖော်ဆောင်ရိုက်ကူးခဲ့သည့် “ရဟန်းစားရသော ဆွမ်းတစ်နပ်”၊ “ရဟန်းမစားရသော ဆွမ်းတစ်နပ်”။ တစ်ချိန်က ချစ်သူ ယခုသူတစ်ပါး၏ ကာမပိုင်ဇနီးနှင့် ဖောက်ပြန်ခွင့် ရရှိခဲ့သော သူခိုးက ကာမေသုမိစ္ဆာ စာရကံကို စောင့်ထိန်း၍ အကျိုးခံစားခဲ့ရပုံကို ဖော်ကျူးရိုက်ကူးထားသည့် “တစ်ပါးသီလ” အမည်ရှိ ရုပ်မြင်သံကြား ဇာတ်လမ်းတို့မှာ လူသားတို့၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးအပြင် မြတ်ဗုဒ္ဓ သာသနာတော်ကို တစ်ဖက်တစ်လမ်းမှ အနုပညာဖြင့် သာသနာပြုခဲ့ပုံမှာ မြန်မာ့အနုပညာ သမိုင်းတွင် ဂန္ထဝင် စံတင်ရမည် ထင်ပါသည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အနုပညာရှင်များ၏ အခန်းကဏ္ဍ
ဒုတိယကမ္ဘာစစ်ကြီးအပြီး လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ နယ်ချဲ့တော်လှန်ရေး ကာလ တစ်လျှောက်လုံး တွင်လည်း ပြည်သူ့ အနုပညာရှင်တို့သည် မျိုးချစ်စိတ် တိုင်းချစ် ပြည်ချစ်စိတ်တို့ဖြင့် ပြည်သူတို့အား စည်းရုံးလှုံ့ဆော် ပေးခဲ့ကြသည်။ ရုပ်ရှင်ဇာတ်ကား အမည်များမှစ၍ လူထုရန်သူ၊ ဗမာ့သွေး၊ သွေးမြေကျ၊ ရန်သူနံပါတ်တစ် ပြဇာတ် များအဖြစ် စာရေးဆရာ ဦးသိန်းဖေမြင့်၏ “စိမ်းရောင်စို၊ ရွှေမိုးငွေမိုး၊ စိုက်ပျိုးရေးအောင်သံ” ပြဇာတ်များ၊ ဒါရိုက်တာ ဦးဉာဏ၏ “လာဘ်ပေး လာဘ်ယူ၊ ဗမာသစ်၊ လူထုအာဏာ၊ ပင်လုံအောင်သံ” ပြဇာတ်များ၊ သခင်နု၏ “လူထုအောင်သံနှင့် ဝေသာလီပြဇာတ်၊ ဒဂုန်ဆရာတင်၏ တို့အိမ်ကြီး၊ လူကုံထံ၊ သားလိမ္မာ၊ သမီးလိမ္မာ၊ ငွေမိုးရွာ၊ သစ္စာ မေတ္တာ၊ မိမွေဘမွေ၊ ငယ်ကျွမ်းဆွေ၊ အောင်ချင်း မင်္ဂလာ”ပြဇာတ်များ၊ ဆရာဘိုကလေးတင့်အောင်၏ မြို့မကျောင်းပြဇာတ်၊ တို့အောင်ပွဲ၊ တောင်သူ လယ်သမားအရေးတော်ပုံ၊ အိုမိခင်ကျေးဇူးရှင်၊ မွေးမေမေ မြေပဒေသာပြဇာတ်များမှာ ပြည်သူ ပရိသတ်တို့ပေါ် စည်းရုံးစုစည်း နိုင်ခဲ့ကြသဖြင့် အနုပညာ တာဝန်ကျေပွန်ခဲ့ကြသည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဂျပန်ခေတ်တွင် ဒါရိုက်တာဆရာခန့်၏ “ဤစစ်ကြီးမှာ” အမည်ရှိ ပြဇာတ်ကြီးမှာ မျိုးချစ်စိတ်ထက်သန်ရေးနှင့် ဖက်ဆစ် ဆန့်ကျင်ရေးအတွက် စည်းရုံး လှုံ့ဆော် တင်ဆက်ကပြခဲ့ရာ ဂန္ထဝင်စံတင် စင်တင် ပြဇာတ်ကြီးအဖြစ် အောင်မြင်ကျော်ကြားကာ လူထု စည်းရုံးညီညွတ်မှုများစွာ ရရှိခဲ့သည်။ ထိုပြဇာတ်တွင် သရုပ်ဆောင် အနုပညာရှင်များ ဖြစ်ကြသည့် (ဦး)ကျော်ဝင်း၊ (ဒေါ်)ခင်ခင်တင့်၊ (ဦး)ဖိုးပါကြီး၊ (ဦး)သုခနှင့် ဇာတ်ပို့ဇာတ်ရန်များကို ဆရာရွှေပြည်အေး ဦးဆောင်သော တေးဂီတ တူရိယာအဖွဲ့က အနုပညာ ရသမြောက်စွာ တီးခတ်ပံ့ပိုး တင်ဆက်မှုကြောင့် ဂန္ထဝင် စံတင်ပြဇာတ်အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။
၁၉၄၂-၁၉၄၃ ခုနှစ်များတွင် ဖက်ဆစ် ဆန့်ကျင်ရေးအတွက် ဒါရိုက်တာ စာရေးဆရာ (ဦး)သုခက ဝိဇယပြဇာတ်ကို တင်ဆက်ခဲ့ရာ သရုပ်ဆောင် အနုပညာ ပြောင်မြောက်လွန်းလှသဖြင့် ပရိသတ်က အသည်းစွဲဖြစ်ခဲ့ကြသည်။ ဖက်ဆစ်တို့၏ အကြမ်းဖက် ရက်စက်မှုများကို သရုပ်ဆောင် တင်ဆက်ခဲ့ရာ ထိုစဉ်က ဂျပန်ကင်ပေတိုင်တို့က ဒါရိုက်တာ ဆရာဦးသုခအား ဖမ်းဆီးစစ်ဆေးခဲ့ရာ အေဝမ်းရုပ်ရှင် ကုမ္ပဏီမှ အသံလွှင့်ကျွမ်းကျင် ဂျပန် လူမျိုး “ ဝါတာနာဘေး” ဆိုသူက “ဒါရိုက်တာ စာရေးဆရာ ဦးသုခမှာ အနုပညာသမား သက်သက် သာဖြစ်ပြီး နိုင်ငံရေးသမား လုံးဝ မဟုတ်ကြောင်း” သွားရောက်ဖြေရှင်း အာမခံလိုက်တော့မှသာ ပြေလည်သွားခဲ့ရသည်ဟု မှတ်သားရပါသည်။ ဂျပန်ခေတ် ဖက်ဆစ်တော်လှန်ရေး သရုပ်ဖော်ပြဇာတ်များမှ ရရှိခဲ့သောငွေကို ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ရန်ပုံငွေအတွက် လှူဒါန်းခဲ့ပြီး အနုပညာဖြင့် တိုင်းကျိုး ပြည်ပြုရင်း သမိုင်းပေးတာဝန် ကျေပွန်ခဲ့သည်ကို ဂုဏ်ယူဖွယ် မော်ကွန်းထိုးရပါသည်။
အမျိုးသား လွတ်မြောက်ရေးအတွက် လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာပင် သဘင်အနုပညာရှင် တို့သည်လည်း နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ရှေ့တန်းက ပါဝင်ဦးဆောင် ဆင်နွှဲခဲ့ကြသည်ကို ဂုဏ်ယူလေးစားဖွယ် တွေ့ရပါသည်။ ဇာတ်သဘင် ပညာရှင် မင်္ဂလာ ဦးအောင်မောင်းသည် သုံးရောင်ခြယ် ဗမာ့အလံတော်နှင့် သုံးရောင်ခြယ်သီချင်းကို ဇာတ်ခုံပေါ်သို့ ပထမဆုံး တင်လာခဲ့သူဖြစ်သည်။ ၁၉၃၇ ခုနှစ် ဖျာပုံမင်းတိုင်ပင် ရွေးကောက်ပွဲ ကျင်းပခဲ့ချိန်တွင် ဘိုကလေးမြို့ မြစိမ်းရောင်ဘုရားကြီး ကွင်းထဲ၌ ပွဲကနေစဉ် သုံးရောင်ခြယ် အလံတော်ကို ကိုင်ဆောင်ကာ မျိုးချစ်ဂီတစာဆို ဆရာရွှေတိုင်ညွန့်၏ သုံးရောင်ခြယ်သီချင်းဖြင့် တို့ဗမာ အစည်းအရုံးအတွက် လှုံ့ဆော်ပေးခဲ့ရာ ပွဲကြည့်ပရိသတ်၏ အားပေးမှုအရ ပွဲငါးချီတိုင်အောင် ဆက်လက် ကပြခဲ့ရသည်။
၁၉၃၀ ပြည့်နှစ်တွင် ရေနံမြေသပိတ်ကြီး ချီတက်လာခဲ့စဉ်ကလည်း ထိုစဉ်က ပွဲကနေသော ဇာတ်သဘင်ပညာရှင် မင်္ဂလာဦးအောင်မောင်းသည် စည်တော်ကြီးဖြင့် ကြီးကျယ် ခမ်းနားစွာ ကြိုဆို၍ သပိတ်တပ်ကြီးကို ထောက်ပံ့ကူညီခဲ့သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်နယ်ချဲ့ ဂျော့ဘုရင်ကို ရွှေဘုန်းတော်ဘွဲ့သီချင်းဖြင့် နယ်ချဲ့အလိုတော်ရိများက ဂုဏ်ပြုနေချိန်တွင် ဇာတ်သဘင် အချို့က အင်္ဂလိပ်နယ်ချဲ့၏ ယူနီယံဂျက်အလံ ယိမ်းကပြနေချိန်တွင် ဇာတ်သဘင်ပညာရှင်ကြီး မင်္ဂလာဦးအောင်မောင်းသည် ဇာတ်ခုံပေါ်၌ သုံးရောင်ခြယ်အလံကို လွှင့်ထူ လျက် ဗန္ဓုလယိမ်း၊ ဓားယိမ်းများကို ကပြပြီး နယ်ချဲ့ဆန့်ကျင်ရေးကို လှုံ့ဆော်ကာ သမိုင်းပေး တာဝန်ကျေပွန်ခဲ့ပါသည်။
ပြည်သူ့သည်းခြေကြိုက် ပြည်သူ့အကျိုးပြု ဆိုကရေးတီး အနုသုခုမပညာ
ပဒေသရာဇ်ခေတ်မှာပင် အနုပညာရှင်တို့သည် ထီးသုံး၊ နန်းသုံး၊ ကြငှန်းသုံး အဖွဲ့အနွဲ့ အစီအကုံးတို့မှ ခွဲထွက်ကာ တောင်သူလယ်သမားတို့ စိုက်ပျိုး ကုန်ထုတ်အလုပ်လုပ်ပြီး မြန်မာ့မြေပဒေသာအား အလှဝေဆာစေခဲ့ပုံတို့ကို ဗုံကြီးသံတေးသီချင်းများ ဖြင့် ပြည်သူတို့အား အလုပ်အကျွေး ပြုခဲ့ပုံများကိုလည်း ဂုဏ်ယူအားရဖွယ် လေ့လာတွေ့ရှိရပါ သည်။ သာဓကအားဖြင့် စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်းများလက်ထက်တွင် သံတော်ဆင့်ရာထူးနှင့် မြို့ဝန်ရာထူးတာဝန် ထမ်းဆောင်ခဲ့သည့် ဆောမြို့စား “ဦးစီး” ဗုံကြီးသံ တေးသီချင်းများထဲမှ ကောက်နုတ် တင်ပြလိုပါသည် -
“တို့နန္ဒာ လယ်တော်တိုက်မအေ့ ညည်းစိုက်တဲ့ ကောက်သွယ်ငယ် မှန်းဘယ်မျှကြီး ဟောကြည့်စမ်း မှန် တစ်နှံကို ဆယ်ပြည်ထွက်တယ် ဖြိုးအက်လို့သီး”
“တို့နန္ဒာကန်တော်လယ်မှာ နှိုင်းဖွယ်ရှိဘူး အကျွန်စိုက်တဲ့ ပျိုးကောက်ပင် ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့ ရှာမမြင်အနှံဖူး သုံးထွာက ကြူး” ဟူသော ကောက်စိုက်တေး ဗုံကြီးသံသည် ထိုခေတ်ထိုအခါ ထိုကာလကတည်းကပင် မြန်မာ့ လယ်မြေ၊ ယာမြေတစ်ကြောတွင် အထွက်တိုး အမျိုးမှန် အဖိုးတန် စပါးနှံများ ပြည်လုံးလျှံအောင် စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ပုံကို အနုပညာမြောက်စွာ ဖော်ကျူး တင်ဆက်ခဲ့သည်မှာ ဂုဏ်ယူဖွယ် ဖြစ်ပါသည်။
မျက်မှောက်ခေတ်တွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးသာမက ပြည်ပပို့ကုန်ဆန်စပါး ထုတ်လုပ် ရေးအတွက် အထွက်တိုး စပါးစိုက်ပျိုးရေးကို လှုံ့ဆော်ပေးထားသော အလင်္ကာကျော်စွာ မြန်မာ ဆိုင်းသုတေသနပညာရှင် ဆရာ(ဦး)စိန်ဗိုလ်တင့်၏ “ရွှေဝါထွန်း” အမည်ရှိ ရေဒီယိုတေးသီချင်းမှာ ဂန္ထဝင်မြောက်လှပါသည်။ အလားတူ ရာသီဥတု မျှတကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘဝအသိရှိစေရန် ရည်သန်ဖွဲ့ဆိုထားသော အလင်္ကာကျော်စွာ ဆရာဦးမောင်မောင်လတ် (နောင်)၏ “တိမ်တမာန်” သီချင်းမှာလည်း ဂန္ထဝင် စံတင်ရပါသည်။ ထို့အတူ မြန်မာ့ရေမြေ တောတောင်အလှ၊ မြန်မာ့ယဉ်ကျေးမှုအလှ၊ ဩကာသအလှ၊ သတ္တလောက အလှတို့ကို ပေါ်လွင်အောင် အမိ မြန်မာပြည်သို့ လာရောက်ရန် ကမ်းလှမ်းဖိတ်ခေါ် ဖွဲ့ဆိုထားသော အကယ်ဒမီများရှင် ဂီတစာဆို တေးသံရှင် ဆရာစန္ဒရား (ဦး) လှထွဋ်၏ “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီချင်းမှာ အကယ်ဒမီများရှင် စာရေးဆရာ ဒါရိုက်တာ ဂီတစာဆို တေးသံရှင် ရုပ်ရှင်သရုပ်ဆောင်(ဦး)ဝင်းဦးက သီဆိုထားရာ အနုပညာ မြောက်လွန်းလှပါသည်။ ထို့ပြင် နန်းတော် ရှေ့ဆရာတင်၏ ကျေးရွာဝါဒနှင့် လက်ရေတပြင် တည်းသီချင်း၊ ဆရာမြို့မငြိမ်း၏ လူချွန်လူကောင်း သီချင်းတို့မှာလည်း စုပေါင်းညီညာ အောင်ကြောင်းဖြာ၍ အမိမြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက် သာယာ ဝပြောရေးအတွက် လှုံ့ဆော်ထားသော ဂန္ထဝင် အနုပညာ လက်ရာမှန်များပင် ဖြစ်ကြပါသည်။
ပြဇာတ် နယ်ပယ်တွင်လည်း နိုင်ငံအကျိုးပြု ပြည်သူ့အကျိုးပြု ပြဇာတ်များကို ပြည်သူတို့က အရေးထားလေးစား နှစ်သက်ခုံမင်ကြသည်။ သာဓကအားဖြင့် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်တွင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ကြသော ဒါရိုက်တာ ဗိုလ်မှူးတင်အောင်၏ မြေပဒေသာပြဇာတ်များ၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရ လက်ထက်တွင် ဝဇီရာရုပ်ရှင်ရုံ၌ တင်ဆက်ခဲ့သော ပြဇာတ်များ၊ ရွှေမန်းသဘင်က သဘင်ပညာရှင်များ ဖြစ်ကြသည့် (ဦး)ဝင်းဗိုလ်၊ (ဦး)ဆန်းဝင်း၊ (ဦး)ဝင်းမောင်၊ (ဦး)ချမ်းသာတို့၏ ဂုဏ်နှင့် စစ်သည်၊ သပြေခက်၊ ငါ့ညီငါ့မြေငါ့အမေ၊ ဂီတရူး၊ မောင်မူး၊ ရွှေကြေးစည် စသည့် ပြဇာတ်များ၊ မြို့တော် သိန်းအောင်မိသားစု သဘင်မှ တင်ဆက်ခဲ့သည့် ဤမြေမှ ဤတောင်တန်း၊ မိုးကြိုသည့်ပန်း၊ မိုးသောက်ကြယ်ဖြူ၊ မိုးလားတိမ်လားမြူလား၊ သန်းခေါင်ကို နေ့မှတ်ပါလို့၊ သဘင်သည်မဝင်ရ၊ ကောက်ပင်တရေးနိုး၊ ရိုးပြတ်ကွင်းက တောက်ခေါက်သံ၊ ပုဂံမှာမွေး ပုဂံသွေး၊ ရွှေဖိနပ်ကြီး ရှပ်တိုက်စီးမယ် ဟူသော ပြဇာတ်များသည် ဂန္ထဝင် စံတင်ရမည့် ပြဇာတ်များ ဖြစ်ခဲ့ကြသည်။
အချုပ်ဆိုပါလျှင် အဆို၊ အက၊ အရေး၊ အတီး အနုပညာသည် ပြည်သူ့အသည်းနှလုံးကို ယူကျုံး ရစ်ပတ် ဆွဲဆောင်နိုင်သည့် အထက်မြက်ဆုံးသော လူထုဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်သည်နှင့် အညီ ပြည်သူချစ်သော အနုပညာရှင်တို့သည်လည်း တိုင်းပြည်နှင့် ကျေးဇူးရှင် မိဘပြည်သူတို့ကို ဦးထိပ် ထားကာ တိုင်းကျိုးပြည်ပြု အနုပညာဖြင့် ပြည်သူကို အလုပ်အကျွေးပြု နေကြသူများသာ ဖြစ်ကြပါသည်။
မိမိတို့၏ အနုပညာဖြင့် ရိုးသား နိုးကြား ကြိုးစားကာ အသက်မွေးဝမ်းကျောင်း ပြုကြရင်း ပြည်သူ တို့မှာ မိမိတို့၏ ထမင်းရှင် ကျေးဇူးရှင်များ ဖြစ်ကြသည့်အလျောက် ပြည်သူ့အကျိုးနှင့် တိုင်းပြည် အကျိုးကို သွေဖည်ကျောခိုင်းရာ ရောက်သည့် အမှားမျိုးကို လုံးဝရှောင်ကြဉ်ကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ငြိမ်းချမ်း သာယာဝပြောရေးကို အထောက်အကူပြုရေးအတွက် တာဝန်သိသိ သစ္စာရှိရှိ အလုပ် အကျွေးပြုရေး၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်နှင့်အတူ အမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်စွာ ထွန်းကားနေရေးတို့ကို ရှေးရှုတင်ဆက်သွားကြပါ စို့ဟု အလေးထား လေးစားစွာဖြင့် ရေးသားတင်ပြရင်း အဆို၊ အက၊ အရေး၊ အတီး အနုပညာရှင် အားလုံး လူနေမှုဘဝ တစ်လျှောက်လုံး ကာသိက သုခ၊ စေတသီကသုခ နှစ်ဖြာနှစ်ဝ ပြည့်စုံပါစေကြောင်း ဆုတောင်းဆန္ဒ ပြုလိုက်ပါသည်။ ။