Skip to main content

မိတ်ဆွေကောင်းများနှင့် နှစ်ပေါင်းများစွာ

မင်းခေါင်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရရှိခဲ့သည့်နောက် ယနေ့တိုင် ကမ္ဘာ့အလယ်တွင် သမာသမတ်ကျကျ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို တစိုက်မတ်မတ်ကျင့်သုံး လျက်ရှိပြီး နိုင်ငံတိုင်းကို မိတ်ဝတ်မပျက်ဆက်ဆံခဲ့၍ နိုင်ငံတကာဆက်ဆံရေး သံခင်း တမန်ခင်းကဏ္ဍတွင် သမိုင်းအစဉ်အလာ ကြီးမားခဲ့သည်။ ဒေသတွင်းနိုင်ငံများကြားတွင် ရှေ့ဆောင်နိုင်ငံဟုပင် ဆိုရလောက်သည်။ ကမ္ဘာ့ခေါင်းဆောင်များနှင့် ကြိမ်ဖန်များစွာ အပြန် အလှန် ကူးလူးယှက်နွှယ်ထိတွေ့ဆက်ဆံမှုရှိခဲ့၍ နိုင်ငံအချို့သည် ၎င်းတို့၏ ကမ္ဘာ့အရေး၊ ဒေသတွင်းအရေးကိစ္စများတွင် ပါဝင်နယ်ဒီပလိုမေစီသဘောအရ မြန်မာခေါင်းဆောင်များကို ကြားမှ အောင်သွယ်တော်အဖြစ် အကူအညီတောင်းခံမှုပေါင်းများစွာပင် ရှိခဲ့ဖူးသည်။

စိန်ရတုကာလသို့ပင် ပြည့်မြောက်ပေတော့မည်

မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည်လည်း လာမည့် ၂၀၂၃ ခုနှစ်ဆိုလျှင် (၇၅)နှစ်မြောက် စိန်ရတုကာလသို့ပင် ပြည့်မြောက်ပေတော့မည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ၄၅ ရက်အကြာ (၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့)တွင် ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုဟု ခေါ်တွင်ခဲ့သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ကြသည်။

နှစ်နိုင်ငံမှ ခေါင်းဆောင်များသည်လည်း ချစ်ကြည်ရေးခရီးစဉ်များကို အပြန်အလှန် သွားရောက်လည်ပတ်ခဲ့ကြသည်။ ၁၉၅၅ ခုနှစ် အောက်တိုဘာလတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ဝန်ကြီးချုပ် ဦးနုသည် ဆိုဗီယက်ပြည်ထောင်စုသို့ ပထမဆုံး ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း အစ္စရေး ဝန်ကြီးချုပ်သည် ဝန်ကြီးချုပ် ဦးနုကို ဆိုဗီယက်ယူနီယံထဲရှိ ဂျူးလူမျိုးများ အစ္စရေးနိုင်ငံသို့ ပြန်လာခွင့်ရအောင် ဦးနုက မေတ္တာရပ်ခံပေးပါရန် စာရေးသား အကူအညီတောင်းခံရုံမက ဝန်ကြီးချုပ် ဘူလ်ဂယ်နင်ထံလိပ်မူတပ် ရေးသားထားသည့်စာကိုပင် လူကြုံပါး အကူအညီ တောင်းခံခဲ့လေသည်။

အပြန်အလှန်အားဖြင့် ဆိုဗီယက်ပြည်ထောင်စုမှ ပါတီအတွင်းရေးမှူး ခေါင်းဆောင်ကြီး နီကီတာခရူးရှက်နှင့် ဝန်ကြီးချုပ် ဘူလ်ဂယ်နင်တို့သည် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအလည် အပတ်လာရောက်ခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်တွင် နီကီတာခရူးရှက်သည် အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထပ်မံ လာရောက်ခဲ့ပြန်သည်။

ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင်ကြီး နီကီတာခရူးရှက်၏ မြန်မာနိုင်ငံခရီးစဉ်သည် ထိုစဉ်က မြန်မာနိုင်ငံအတွက် လိုအပ်နေသည့် အခြေခံအဆောက်အအုံအချို့ကို အကျိုး ရလဒ်အဖြစ် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည်။ ယခင်က ရန်ကုန်စက်မှုတက္ကသိုလ်(RIT)ဟု ခေါ်တွင်ခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်းယားလိတ်ဟိုတယ်၊ တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးနှင့် ကျောက်ပန်းတောင်းမြို့အနီးရှိ ကြက်မောက်တောင်ဆည်တို့သည် နှစ်နိုင်ငံချစ်ကြည်ရေး၏ စိန်ရတုပြယုဂ်များအဖြစ် ယနေ့တိုင်တည်ရှိနေခဲ့သည်။

မြန်မာနိုင်ငံက ဆိုဗီယက်(ရုရှား)ကို ဆန်တင်ပို့ရောင်းချပေးခဲ့၍ ဆိုဗီယက်(ရုရှား) ဘက်ကလည်း မြန်မာနိုင်ငံအတွက် လိုအပ်သည့် အဆိုပါ အခြေခံအဆောက်အအုံအချို့ကို အကူအညီပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်မှု တိုးတက်ခိုင်မြဲရေးအတွက် ယဉ်ကျေးမှု၊ အားကစားကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်နိုင်ခဲ့ပေသည်။

ဆိုဗီယက်ခေါင်းဆောင်ကြီး ခရူးရှက်နှင့် ဝန်ကြီးချုပ် ဘူလ်ဂယ်နင်တို့၏ မြန်မာပြည် ချစ်ကြည်ရေးခရီးစဉ်နှင့်ပတ်သက်၍ ထိုစဉ်က ဝန်ကြီးချုပ် ဦးနုက “မြန်မာပြည် လွတ်လပ်ရေးရတဲ့အချိန်ကစပြီး ခုနစ် နှစ်လုံးလုံး မြန်မာကွန်မြူနစ်တွေနဲ့ ကွန်မြူနစ်တွေရဲ့ တပည့်တွေက မြန်မာပြည်ရဲ့လွတ်လပ်ရေးဟာ အစစ်မဟုတ်ဘူး။ ဗြိတိသျှအစိုးရက မြန်မာပြည်ကို တစ်ပတ်ရိုက်ပြီးပေးထားတဲ့ လွတ်လပ်ရေးအတုကြီးလို့ မျက်စိမှိတ်ပြီး တအော်တည်း အော်နေကြတာပဲ။ ဖဆပလအစိုးရက အတုမဟုတ်ပါဘူး။ အစစ်ဖြစ်တယ် ဆိုတာ ဘယ်လိုမှရှင်းပြလို့မရဘူး။ ခရူးရှက်နဲ့ ဘူလ်ဂယ်နင်တို့ မြန်မာပြည်ကို အလည်လာတော့မှပဲ မျက်စိမှိတ်ပြီးအော်နေကြတဲ့ ကွန်မြူနစ်တွေနဲ့ သူတို့ရဲ့တပည့်တွေဟာ အအော်ရပ်သွားကြတယ်။ အဲဒါဟာ မြန်မာပြည်ကို ဘူလ်ဂယ်နင်နဲ့ ခရူးရှက်တို့ လာလိုက်တာကြောင့် မြန်မာပြည်အတွက် ပေါ်ပေါက်လာတဲ့ အကောင်းတစ်ခုဖြစ်တယ်”ဟု ဆိုသည်။

ထိုသို့အတိတ်ကာလက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး သံခင်းတမန်ခင်းကဏ္ဍသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် တစ်ကျော့ပြန် ပြန်လည်ပီပြင်သက်ဝင်လာခဲ့ပြန်သည်။ နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပြန်လည်အားသစ်လောင်းခဲ့ကြသည်။ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022)သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် စက်တင်ဘာလ ၇ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus အတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က “လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်မြောက် တော့မည်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံ၏ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အလွန် တိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များတွင် အလားအလာကောင်းများစွာကို တွေ့မြင်နေရကြောင်း”ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း “အဆွေတော် သမ္မတကြီး ပြောကြားသကဲ့သို့ပင် မိမိတို့ နှစ်နိုင်ငံ၏ဆက်ဆံရေးသည် (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ထူးခြားသည့်သမိုင်းကြောင်းရှိသည့် ဆက်ဆံရေး ဖြစ်ပါကြောင်း၊ ဖြတ်သန်းလာခဲ့သည့် ဆက်ဆံရေးသမိုင်းကြောင်းတစ်လျှောက်တွင် အနိမ့် အမြင့်မျိုးစုံရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုမှ စတင်ကာ နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း”စသဖြင့် ပြောကြားခဲ့သည်။

ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်

နိုင်ငံတော်ဝန်ကြီးချုပ်သည် အမျိုးသားအကျိုးစီးပွားအတွက် ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ အပြန်အလှန်တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဖိတ်ခေါ်မှုများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေးတို့အပါအဝင် ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အသေးစိတ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဆိုရလျှင် ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရက်သတ္တပတ်ကြာ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံအတွက် အတိတ်ကာလထက် ပို၍ကြီးမားသော တိုးတက်ပြောင်းလဲမှုများကို ဖြစ်ထွန်းစေခဲ့သည်ဟု ဆိုရပါမည်။

လာမည့် ၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံ၏ စိန်ရတုလွတ်လပ်ရေး အခါသမယဖြစ်သည်။ နိုင်ငံအချို့နှင့် သံခင်းတမန်ခင်း သံတမန်ဆက်ဆံရေးကဏ္ဍသည်လည်း မကြာမီ စိန်ရတု အခါသမယသို့ ရောက်တော့ပေမည်။ မြန်မာနိုင်ငံအနေဖြင့်မူ လွတ်လပ်ရေးရပြီးသည်မှစ၍ ယနေ့တိုင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နိုင်ငံရေး ပဉ္စသီလမူကြီးငါးရပ်နှင့်အညီ နိုင်ငံတိုင်းအပေါ် မိတ်ဝတ် မပျက် ဆက်ဆံလျက်ရှိပါသည်။

မြန်မာတို့သည် ပင်ကိုဗီဇအရ မိတ်ကောင်းဆွေကောင်းများအပေါ် တန်ဖိုးထားလေးစား တတ်ကြသည်။ မိတ်ဆွေကောင်းများအပေါ် အလွန်ဧည့်ဝတ်ကျေပွန်ကြသည်။ မြန်မာမှု နယ်ပယ်တွင် ရှေးယခင်ကတည်းက တည်ရှိခဲ့သော မိတ်ဆွေဝတ္တရားဖြစ်သည့် ထောက်ပံ့ ပေးကမ်းခြင်း၊ ချိုချိုသာသာပြောဆိုခြင်း၊ အကျိုးစီးပွားကိုဆောင်ရွက်ခြင်း၊ မိမိနှင့် တန်းတူထားခြင်း၊ စကားသစ္စာတည်ကြည်ခြင်းဟူသည့် တာဝန်ငါးရပ်ကို အလေးထား စောင့်ထိန်းတတ်ကြသည်။

မေတ္တာတုံ့ပြန်မှု အကျိုးကျေးဇူးများရရှိနိုင်

မိတ်ဆွေစစ်များအပေါ် ထိုသို့တာဝန်ငါးရပ်ဖြင့် အပြည့်အဝဆက်ဆံသည့်အတွက် မိတ်ဆွေ အချင်းချင်းကြားတွင် “မိမိ မေ့လျော့ခိုက် အသက်အန္တရာယ်ကာကွယ်ပေးခြင်း၊ မိမိ မေ့လျော့ခိုက် ပစ္စည်း ဥစ္စာစောင့်ရှောက်ပေးခြင်း၊ ကြောက်လန့်နေခိုက် အားပေးနှစ်သိမ့်ခြင်း၊ အန္တရာယ်ကြုံသော် စွန့်ပစ်မသွားခြင်း၊ သားစဉ်မြေးဆက် မေတ္တာ သက်ဝင်ကြခြင်း”ဟူသည့် ငါးမျိုးသော အပြန်အလှန်မေတ္တာတုံ့ပြန်မှု အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းကိုလည်း သိရှိနားလည်ကြသည်။

ထို့အတူ မိတ်ဆွေစစ်ဟူသည်မှာ ---

အကျိုးကျေးဇူး ပြုတတ်သူ၊

အေးအတူ ပူအမျှ သဘောထားသူ၊

အကျိုးရှိရာကိုသာ ညွှန်ကြားသူ၊

သနားကြင်နာတတ်သောသူ ဟူ၍လည်းကောင်း၊

မိတ်ဆွေတုဟူသည်ကား ---

ယူရုံယူ၍ မပေးလိုသောသူ၊

နှုတ်ဖြင့်သာမြှောက်၍ စားတတ်သူ၊

အလိုက်အထိုက်သာ ပြောတတ်သူ၊

မကောင်းမှုများသို့ သွေးဆောင်သူဟူ၍လည်းကောင်း ကွဲကွဲပြားပြား ခွဲခြားသိမြင်ခဲ့ကြ ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ၇၅ နှစ်ဟူသောသက်တမ်းသည် လူ့သက်တမ်းတစ်ခုသို့နှယ် အတွေ့အကြုံပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးလေပြီ။ အကြောင်းအကျိုး၊ အကောင်းအဆိုး များကို ကွဲကွဲပြားပြားရှုမြင်သုံးသပ် နိုင်ခဲ့ပေပြီ။ လူမှုဆက်ဆံရေးနယ်ပယ်ကဲ့သို့ပင် မြန်မာနိုင်ငံ၏ သံခင်း၊ တမန်ခင်း သံတမန်ဆက်ဆံရေးနယ်ပယ်တွင်လည်း မည်သူက မြန်မာ့ အကျိုးလိုလားသူ၊ မည်သူက အကျိုးမဲ့စေလိုသူ၊ မည်သူက မိတ်စစ်ဆွေစစ်၊ မည်သူက မိတ်တုဆွေတုဟူ၍လည်း ကွဲကွဲပြားပြား ရှုမြင်သုံးသပ်နိုင်ခဲ့လေပြီ။

 သို့ဖြင့် မိတ်ဆွေကောင်းများနှင့် နှစ်ပေါင်းများစွာ ကမ္ဘာတည်သရွေ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းလက်တွဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မြန်မာ-ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအခါသမယကို ဂုဏ်ပြု ကြိုဆိုလိုက်ရပါ၏။ ။