မဝေးသည့်နှလုံးသား ပိုနီးလာသည်
ဝဏ္ဏ (TGI)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ယာဉ်တန်းသည် လုံခြုံရေးယာဉ်တန်းများခြံရံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဦးတည်ထွက်ခွာလျက်ရှိသည်။ စတင်ရောက်ရှိသည်မှ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းအထိ ခေတ္တတည်းခိုနေထိုင်ခဲ့သည့် ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)တက္ကသိုလ်ကြီးမှာ ခံ့ထည်စွာဖြင့် ကျန်ရစ်သည်။ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စတင်သွားရောက်မည့် နေရာမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ Amur ပြည်နယ်၊ Blagoveshchensk မြို့သို့ဖြစ်သည်။
ခရီးဆက်မည့် အကြီးအကဲနှင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ဗလာဒီဗော့စတော့ခ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဗလာဒီဗော့စတော့ခ် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Stegniy Daria နှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အကြီးအကဲနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်ဆိုက်ကပ်ချိန်တွင် Amur ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Vasilii Orlov နှင့် တာဝန်ရှိသူများက ကြိုဆိုသည်။ လှိုက်လှဲပျူငှာသည့် ကြိုဆိုမှုအပြီးတွင် အကြီး အကဲနှင့် မြန်မာ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နားနေချိန်မရှိ။ ရတန်သည့်အချိန်အတွင်း ခရီးဆက်ကာ လေ့လာရေးခရီးကို စတင်ရန်အတွက် ရဟတ် ယာဉ်များပေါ်သို့ တက်ရောက်ကြသည်။ ရဟတ်ယာဉ်များ၏ ဦးတည်ရာနေရာမှာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏အာကာသလွှတ်တင်ရေးစခန်းဖြစ်သည့် Vostochny Cosmodrome သို့ဖြစ်သည်။
Vostochny Cosmodrome အာကာသလွှတ် တင်ရေးစခန်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation- "Roscosmos" ၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov ၊ "Roscosmos" အာကာသအေဂျင်စီ၏ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ပညာရှင် Mr. Nikita Perminov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။ ကြိုဆိုနှုတ်ဆက်မှုအပြီးတွင် Angara ဒုံးပျံလွှတ်စင် တည်ဆောက်မှု လုပ်ငန်းခွင်နှင့် Soyuz-2 ဒုံးပျံလွှတ်တင်စင်နေရာများသို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။ ကြီးမားလှသည့် လုပ်ငန်းဆောင်ရွက်မှုဖြစ်သည့်အပြင် ခေတ်မီနည်းပညာ များကို အသုံးပြု၍ ဆောင်ရွက်နေသည့် အနေအထားဖြစ်၍ ကြီးကျယ်ခမ်းနားလှသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်ကာလမှစတင်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပညာတော်သင်များကို စေလွှတ်တက်ရောက်စေခဲ့ရာ ယခုလေ့လာလျက်ရှိသည့် နယ်ပယ်နှင့်ပတ်သက်သည့် ပညာရပ်များ လည်းပါဝင်သည်။ ပထမဆုံးသော ခြေလှမ်းအဖြစ် ပညာတော်သင်များ စေလွှတ်ခြင်းမှသည် ယခုတစ်လှမ်းမကသော ခြေလှမ်းများသို့ လှမ်းလျှောက်နိုင်ခဲ့ပြီဖြစ်ရာ မဝေးတော့သည့်ကာလတွင် အမိမြန်မာပြည်၌လည်း အလားတူစီမံကိန်းများပေါ်လာ နိုင်တော့မည်ဟုလည်း ယုံကြည်မိသည်။ အခြေအနေ ပေးလာမည့် အချိန်ကာလအတွက် အကြီးအကဲ အနေဖြင့် ကြိုတင်စီမံမှုအဖြစ် ဆောင်ရွက်မှု အခြေအနေ၊ နည်းပညာပိုင်းဆိုင်ရာ အခြေအနေများကို မေးမြန်းသည်။ အကြီးအကဲ၏ မေးခွန်းအားစခန်းမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ တို့လွှတ်ထားတဲ့ ပညာတော်သင်တွေ၊ တို့ဆီမှာ ဘာတွေကြိုလုပ်လို့ရမလဲ။ တို့ဆီမှာ ဘာတွေရှိတယ် လေအစချီသည့် အကြီးအကဲ၏ ပြောကြားချက်တစ် စွန်းတစ်စများတွင် အနာဂတ်အတွက် စီမံဆောင် ရွက်မှုအခြေအနေ တစ်စွန်းတစ်စပေါ်လွင်သည်။
ဆက်လက်လေ့လာမှုတွင် Technical Complex အတွင်းရှိ Rocket တပ်ဆင်ရေး အလုပ်ရုံနှင့် ဂြိုဟ်တုထုတ်လုပ်ရေး အလုပ်ရုံများဘက်သို့လှည့်သည်။ နက်နဲလှသည့် သိပ္ပံပညာနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများမှာ လွယ်ကူမှုမရှိနိုင်တာကို လှည့်လည်ကြည့်ရှု လေ့လာရင်း သတိပြုမိသည်။ ပညာရပ်တစ်ခုကို လေ့လာသင်ကြားခြင်းမှ စတင်ဆည်းပူး ရသည်။ ရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့လုပ်ငန်းခွင်နှင့်ပေါင်းစပ်၍ အောင်မြင်မှုပန်းတိုင်သို့ သွားရသည်။ မြန်မာနိုင်ငံမှ ပညာသင်များအနေဖြင့် လေ့လာသင်ယူမှုကို ပြုခဲ့ကြပြီးဖြစ်သည်။ မဝေးတော့သည့်ကာလတွင် လက်တွေ့လုပ်ငန်းခွင်နှင့် ပေါင်းစပ်၍ အမိမြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို ယူဆောင်ပေးရမည်ကို အကြီးအကဲ အနေဖြင့် ယုံကြည်မှုရှိသည်။ အကြီးအကဲအနေဖြင့် မည်သည်တို့ကို စီမံပေးရမည်၊ မည်သည်တို့ကို ဖြည့်ဆည်းပေးရမည် စသည်တို့အတွက် မေးခွန်းများဖြင့် လေ့လာစူးစမ်းသည်။ တစ်ဖက်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်ကို စေ့စေ့စပ်စပ်နားစွင့် မှတ်သားသည်။ အစကောင်းလျှင် အနှောင်းသေချာမည်ကို သိမှတ်ထားသည်ဟု ယုံကြည်မိသည်။
ရသမျှအချိန်တိုအတွင်း လေ့လာမှုအပြီးတွင် Soyuz-2 ဒုံးပျံရှေ့တွင် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး Engineering-technical building (GP-5)သို့ သွားရောက်၍ State Space Corporation "Roscosmos" အထွေထွေညွှန်ကြားရေးမှူးချုပ် Mr.Yuri Borisov နှင့် တွေ့ဆုံဆွေးနွေးသည်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များကို ဦးတည်ဆွေးနွေးသည်။ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် အတွေ့အကြုံများ၊ ဆောင်ရွက်ရန်အတွက် အကြံပြုချက်များ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များအပါအဝင် လူသားအရင်းအမြစ် များ မွေးထုတ်ပေးနိုင်ရေးတို့ကို အသေးစိတ် ဆွေးနွေးသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်မှ လည်း ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ နည်းပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွား နိုင်မည့်အခြေအနေများကို ပြန်လည်ဆွေးနွေးသည်။ သဘောထားအရ တူညီမှုရှိသည့်အတွက် ဆွေးနွေးချက်များမှာ အထစ်အငေါ့မရှိ။ မျှဝေကြမည်။ ပူးပေါင်းဆောင်ရွက်ကြမည်ဟု ရလဒ်ကောင်းများသာ ထွက်ပေါ်သည်။ ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် စတင်ထူထောင်ပြီး ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည့် Vostochry Cosmodrome အာကာသယာဉ် လွှတ်တင်ရေးစခန်းမှာ ယနေ့အထိ အာကာသယာဉ် ၁၁ စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည့် စခန်းဖြစ်သည်။ စတင်သည့်ကာလ မကြာသေးဟု ဆိုနိုင်သော်လည်း အချိန်တိုအတွင်း အာကာသယာဉ် ၁၁ စင်းအထိ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်မှာ ဤစခန်း၏ ဂုဏ်ဒြပ်ပင်ဖြစ်သည်။ မြင့်မားသည့်ဂုဏ်ဒြပ်ကို ယခုအကြီးအကဲ၏ ခရီးစဉ်တွင် ပူးပေါင်းဆောင်ရွက်မည်ဟူသော ရလဒ်ကောင်းဖြင့် ပိုမိုခံ့ထည်စေခဲ့သည်ဟု ဆိုချင်မိသည်။
နိုင်ငံ့အကြီးအကဲ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကားဆက်ရန် ကျန်သေးသည့်အတွက် Amur ပြည်နယ် Blagoveshchensk မြို့ Ignatyevo အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာသည်။ လေဆိပ်ရှိ အထူးလေယာဉ်ပေါ်သို့ ပြန်လည် တက်ရောက်၍ ခရီးဆက်လက်ထွက်ခွာမှုကို Amur ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Vasili Orlov နှင့်တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်သည်။ ရသည့်အချိန်တိုအတွင်း ၎င်းအုပ်ချုပ်သည့် ပြည်နယ်အတွင်း လာရောက်လေ့လာခြင်းကို ဂုဏ်ယူနေဟန်လည်း တွေ့ရသည်။
အကြီးအကဲလိုက်ပါလာသည့် အထူးလေယာဉ်သည် Buryatia ပြည်နယ် Ulan- Ude မြို့၏ Biakal လေဆိပ်ဆင်းသက်ချိန်တွင် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ Buryatia ဒေသပြခန်းသို့ အကြီးအကဲသွားရောက် ကြည့်ရှုလေ့လာစဉ် တွေ့ဆုံဖူးသည့်အတွက် မိတ်ဆွေပမာ ကြိုဆိုမှုမှာ နွေးထွေးလှသည်။
ကြိုဆိုနှုတ်ဆက်မှုအပြီးတွင် ပြည်နယ်အကြီးအကဲက လေဆိပ်အတွင်းရှိ ရဟတ်ယာဉ်ထား ရှိရာနေရာသို့ အကြီးအကဲအား လိုက်လံကြည့်ရှုရန် ဖိတ်ကြားသည်။ မဝေးလှသည့် ရဟတ်ယာဉ်ထား ရှိရာနေရာသို့အရောက်တွင် ရဟတ်ယာဉ်အားပြသ၍ နောက်ဆုံး အဆင့်မြှင့်တင်ထုတ်လုပ်ထားရှိမှု အခြေအနေ၊ ရဟတ်ယာဉ်၏ အတွင်းပိုင်းနှင့်အပြင် ပိုင်းများတွင် ပြင်ဆင်ထားရှိမှု၊ အဆင့်မြှင့်တင်ပြီး ရဟတ်ယာဉ်၏ စွမ်းဆောင်နိုင်မှုများကို ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် အကြီးအကဲမှ သိရှိလိုသည်များကို မေးမြန်းရာ ပြည်နယ်အစိုးရ အဖွဲ့အကြီးအကဲနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
နိုင်ငံအကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Biakal လေဆိပ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာမှုမှာ ခေတ္တတည်းခိုနားနေမည့်နေရာသို့ မဟုတ်သေး။ Ivolginsky Dastan မဟာယာန ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းသို့ဖြစ်ပြီး ကျောင်းသို့ရောက်ရှိချိန်တွင် မဟာယာနဗုဒ္ဓဘာသာ ခေါင်းဆောင် Damba Bandmaeich Ayusheev နှင့်သံဃာတော်များက ကြိုဆိုသည်။ ထို့နောက် ကျောင်းတော်အတွင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းမိန့်ကြားပြီးနောက် ၁၂ ပါးမြောက် လားမားဘုန်းတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြော်ကာ ဆရာတော် ကြီး၏ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားမှုကို နာယူကြည်ညိုကြသည်။ ထေရဝါဒဟူသော အစွဲအလမ်းကိုမထား။ မြတ်စွာ ဘုရားရှင်ကို ကိုးကွယ်ယုံကြည်သည့် ဆရာတော်အဖြစ် လေးမြတ်စွာ ဖူးမြော်မှု၊ နာယူကြည်ညိုမှုတို့မှာ အကြီးအကဲ၏ စိတ်သဘောထားကို အကဲခတ်ခွင့်ရသည်။
လားမားဘုန်းတော်ကြီး၏ ရုပ်ကလပ်အား ဖူးမြော်ကြည်ညိုအပြီးတွင် မဟာယာန ဗုဒ္ဓဘာသာ ခေါင်းဆောင် Damba Bandmaeich Ayusheev က ကျောင်းတော်အတွင်းရှိ ဧည့်ခန်းမတွင် အကြီးအကဲနှင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံသည်။ လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံရင်း စကားစမြည်ပြောဆိုမှုမှာ မြန်မာမှုနယ်ပယ်၏ ယဉ်ကျေးမှုနှင့်ပင် ဆင်တူ နေသေးသည်။ မဟာယာနဗုဒ္ဓဘာသာခေါင်းဆောင်၏ မိန့်ကြားမှုတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး ဆောင်ရွက်မှု အခြေအနေများကို စတင်မိန့်ကြားသည်။ ကိုးကွယ်ယုံကြည်မှု မတူညီသည့် နိုင်ငံရပ်ခြားတွင် သာသနာပြုရသည်မှာ မလွယ်ကူသည်ကို မိန့်ကြားချက်တွင် မြင်သာသည်။ Lvolginsky Dastan ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ မြန်မာနိုင်ငံသို့ ကြွရောက်ခဲ့စဉ်က ရှေးဟောင်း ဘုရားစေတီ၊ ပုထိုးများကို ရှေးမူလလက်ရာမပျက် ထိန်းသိမ်းထားရှိမှု၊ နိုင်ငံအနှံ့အပြားတွင် ဗုဒ္ဓသာသနာတော်၏ ယဉ်ကျေးမှုဆိုင်ရာ လက်ရာများကို တွေ့မြင်ရမှု တို့အတွက် ပီတိစကားသံကို ဝမ်းမြောက်ဟန်နှင့် ဆိုသည်။ မကြာသေးသည့်အချိန်က ကာလုဂါ ပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်တွင် မြန်မာနိုင်ငံက ရွှေစည်းခုံပုံတူစေတီတော် လာရောက် တည်ထားကိုးကွယ်ခဲ့သည့်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံအတွင်းသာမက ကမ္ဘာ့ အဆင့်ထိ ဗုဒ္ဓသာသနာတော် ထွန်းကားရေး အထောက်အကူပြုမှုကိုလည်း အားပါးတရ မိန့် သည်။ စေတီကြီးတည်ထားမှုမှာ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ပထမဆုံးသော ဗုဒ္ဓသာသနာ၏ စေတီပုထိုးဖြစ်သည့်အတွက် ဆရာတော်၏ မျှော်လင့်ချက်၊ မိန့်ကြားချက်မှာ အားရဝမ်းသာဟန် အပြည့်ရှိနေသည်မှာ မထူးဆန်းလှ။
ဆရာတော်၏ မိန့်ကြားမှုအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာအများစု ကိုးကွယ်ကြပြီး အခြားသော ဘာသာတရားများကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသည့် အခြေအနေများကို စတင်လျှောက်ထားသည်။ နိုင်ငံအတွင်းရှိ သာသနာတော်ဆိုင်ရာ အဆောက်အဦများကို အထွတ်အမြတ်ထားကာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိမှု၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်လျက်ရှိမှုများကို ဆက်လက်လျှောက်ထားသည်။ ကမ္ဘာပေါ်ရှိ ကျောက်ဆစ် ရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ် လာမည့်ရုပ်ပွားတော်ကြီး တည်ဆောက်မှု အခြေအနေ၊ ရုပ်ပွားတော်ကြီး တည်ဆောက်ပူဇော်မှုနှင့်အတူ ဗုဒ္ဓဘုရားရှင်၏ နှုတ်ကပါဌ်တော်များအား ကျောက်စာချပ်များတွင် ရေးထိုးပူဇော်နေမှု၊ ရေးထိုးပူဇော်ရာတွင် ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ခေတ်မီစက်ကိရိယာများ အသုံးပြုရေးထိုးနေမှု၊ ရေးထိုးပြီးစီးချိန်တွင် ကျောက်စာရုံစေတီများဖြင့် တည်ထားပူဇော်ရန် ဆောင်ရွက်နေမှုများကို လျှောက်ထားသည်။ သာသနာရေးဆိုင်ရာ ဆောင်ရွက်မှုများကို တင်လျှောက်ချိန်တွင် အကြီးအကဲ၏ လျှောက်ထားမှုက ဂုဏ်ယူမှုအပြည့်၊ ဝမ်းသာမှုအပြည့်ဖြင့် လျှောက်ထားမှုဖြစ်ကြောင်းကို လျှောက်တင်သံနှင့် မျက်နှာအမူအရာတို့တွင် ပေါ်လွင်လှသည်။ နားစွင့်နေသည့် ဆရာတော် အပါအဝင် သံဃာတော်များ၏ မျက်နှာတွင်လည်း အံ့ဩမှု၊ ဝမ်းမြောက်မှုတို့ကို အထင်းသား မြင်နေရသည်။
ဆရာ၊ ဒကာသဖွယ် အပြန်အလှန် မိန့်ကြားမှု၊ လျှောက်တင်မှု၏အပြီးတွင် အကြီးအကဲက ခေါင်းဆောင်ဆရာတော်ကြီးအား ဗုဒ္ဓရုပ်ပွားတော်များအား ဆက်ကပ်လှူဒါန်းသည်။ အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ စုပေါင်းလှူဒါန်းငွေများကိုလည်း ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးနှင့် သံဃာတော်များက လက်ခံတော်မူပြီးနောက် အားလုံးက သာဓုခေါ်သည်။ ဆရာတော်ကြီးကလည်း တုံ့နှင့်သည့် မေတ္တာအဖြစ် ဓမ္မလက်ဆောင်များ ပြန်လည်စွန့်ကြဲသည့်အတွက် သာဓုခေါ်ဆိုသံက မစဲလှ။ တိုင်းတစ်ပါးနယ်မြေ၊ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာကိုးကွယ်မှု နည်းပါးလှသည့်မြေတွင် သာဓုခေါ်ဆို သံကား ကြည်နူးဖွယ်ကောင်းလှသည်။ ၁၉၄၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိကာလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ၏ ဌာနချုပ်သဖွယ် တည်ရှိနေသည့် ကျောင်းတော်ကြီးမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ ချိန်သည် ညနေပင်အတော်စောင်းလှပြီဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်
နိုင်ငံအကြီးအကဲဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ခေတ္တတည်းခိုမည့် Ulan-Ude မြို့ Mergen Batar ရောက်ရှိချိန်တွင်လည်း နားနေရန် အခွင့်မရသေး။ ဟိုတယ်ရှိ Tengeri ညီလာခံခန်းမတွင် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Aleksey Sambuyereich Tsydenou ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည်။
မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွင် ခရီးစဉ်လိုက်ပါလာသည့် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်တာဝန်ရှိ အကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများ ပါဝင်၍ Republic of Buryatia အစိုးရဘက်တွင် အစိုးရအဖွဲ့အကြီးအကဲ နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ စသည်ဖြင့် စုံလင်စွာတက်ရောက်သည်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ကျယ်ပြန့်လှသည်။ အဏုမြူနည်းပညာအသုံးပြု၍ ရောဂါရှာဖွေ စမ်းသပ်မှု၊ တွေ့ရှိရောဂါများကို ခေတ်မီနည်းပညာ များအသုံးပြု၍ ကုသဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ဆေးပညာရှင်များအချင်းချင်း၊ ဆေးရုံများ အချင်းချင်း အပြန်အလှန်ဖလှယ် ဆောင်ရွက်ခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။ လာဘ်ကြီးတစ်ပါးအဖြစ် တင်စားလေ့ရှိသည့် ကျန်းမာရေးကဏ္ဍအတွက် ဆွေးနွေးမှုရလဒ်ကား ပြည့်စုံကောင်းမွန်သည့်အဆင့်သို့ ရောက်သည်။ ကျန်းမာရေးကဏ္ဍ ဆွေးနွေးမှုအပြီးတွင် သဘာဝ သယံဇာတထုတ်လုပ်ရေးအတွက် နည်းပညာရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ရထားသယ်ယူပို့ဆောင်ရေးကဏ္ဍတိုးတက်ရေးအတွက် လျှပ်စစ် စွမ်းအင်သုံး ခေါင်းတွဲများ၊ ဒီဇယ်သုံး စက်ခေါင်းတွဲများ၊ ဓာတ်ငွေ့သုံးခေါင်းတွဲများ၊ ကိုယ်ထည်တွဲများ ထုတ်လုပ်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးသည်။ အလားတူမီးရထား မောင်းနှင်ခုတ်မောင်းမှုနည်းပညာများ၊ မီးရထားနှင့် ဆက်စပ်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ဆွေးနွေးကြသည်။ ဆွေးနွေးသည့်အကြောင်းအရာ ကျယ်ပြန့်နက်နဲသည့်တိုင် ရှိရင်းစွဲခင်မင်မှု၊ ပူးပေါင်းဆောင်ရွက် နေမှုများကြောင့် အခက်အခဲမရှိ။ အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခြင်းဖြင့် ဆွေးနွေးပွဲအား ရုပ်သိမ်းသည်။
အောင်မြင်သည့်ဆွေးနွေးပွဲအပြီးတွင် Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲက ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ဂုဏ်ပြုညစာ စားပွဲအား တည်ခင်းဧည့်ခံနေချိန်တွင် Buryatia ပြည်နယ်မှ နာမည်ကျော် အနုပညာရှင်များက ရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။ မတူညီသည့် တူရိယာကွဲပြားသည့် သီဆိုဟန်နှင့် ခြားနားသည့် ဖျော်ဖြေမှုများ ဖြစ်သော်လည်း အမြင်၊ အကြားအရ မစိမ်းသလို ခံစားမိသည်။ ဤသည်ကပင် နှစ်နိုင်ငံ၏ ယဉ်ကျေးမှုကအစ နီးစပ်နေသည့် အခြားကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများသည်လည်း ဤနည်းနှင်နှင်သာ ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။ ။