၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရေး စနစ်သစ်နှင့်ပတ်သက်သည့် သိကောင်းစရာများ
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူခြင်းကိစ္စနှင့်ပတ်သက်ပြီး တာဝန် ရှိသူများဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူး (လူ့စွမ်းအားအရင်းအမြစ်) ဒေါက်တာချောစုမောင်၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး (ဝန်ကြီးရုံး) ဒေါက်တာသန်းနိုင်စိုးတို့နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
မေး။ ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေရဲ့ ဝင်ခွင့်ခေါ်ယူရေး စနစ်သစ်ကို မည်သည့်ရည်ရွယ်ချက်နဲ့ ပြောင်းလဲ လိုက်သလဲဆိုတာ သိပါရစေ။
ဖြေ။ ၁၉၆၄ ခုနှစ်က စတင်ပြီး ၂၀၂၀ ပြည့်နှစ်အထိ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေရဲ့ ဝင်ခွင့်ရွေးချယ်ရေးစနစ်ကို တက္ကသိုလ်ဝင်စာမေးပွဲမှာ သိပ္ပံဘာသာတွဲ(အတွဲ-၇)နဲ့ အောင်မြင်ပြီးတဲ့ ကျောင်းသား/ သူတွေကို တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ် ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန)သို့ လိပ်မူလျှောက်ထားစေပြီးတော့ ဦးစားပေးလျှောက်ထားမှုနဲ့ ဘာသာစုံ(၆)ဘာသာ ရမှတ်ပေါင်းကို အခြေခံပြီး အမှတ် အများဆုံးရရှိသူတွေ ကိုသာ ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးခဲ့ပါတယ်။
နိုင်ငံတကာမှာ ကျင့်သုံးလျက်ရှိတဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး စာမေးပွဲတွေကို လေ့လာရာမှာ ဝင်ခွင့်စာမေးပွဲ (Admission Test) အသီးသီး စစ်မေးပြီး ဆေးတက္ကသိုလ် ဝင်ခွင့်ကို ဆောင်ရွက်လျက်ရှိတာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အခြားအသက် မွေးဝမ်းကျောင်းတက္ကသိုလ်တွေဖြစ်တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် (Yangon Technological University - YTU)၊ မန္တလေးနည်းပညာတက္ကသိုလ် (Mandalay Technological University - MTU)နဲ့ နည်းပညာတက္ကသိုလ်၊ (မန္တလေး) (Technological University, Mandalay - TUM)တို့ဟာ ၂၀၁၇ ခုနှစ်အထိ လျှောက်ထားသူတွေထဲက ဘာသာစုံ စုစုပေါင်းရမှတ်များတဲ့ သူကို အခြေခံပြီး ရွေးချယ်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်သူတွေ ကစပြီး (၆)ဘာသာရမှတ်ပေါင်းအပြင် အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ (၄)ဘာသာ ရမှတ်ပေါင်းကိုပါ မူတည်ပြီးတော့ အမှတ်များတဲ့သူကို ရွေးချယ်တဲ့စနစ်နဲ့ ပြင်ဆင်ကျင့်သုံး ဆောင်ရွက်ခဲ့တာကို တွေ့ရှိရပါတယ်။
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနဟာ စီမံချက်တွေ စနစ်တကျချမှတ်ပြီး ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝပြီး စိတ်ဓာတ်နဲ့ ခံယူချက် ကောင်းမွန်တဲ့ဆရာဝန်တွေကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါတယ်။ ဒီလိုမွေးထုတ်တဲ့အခါမှာ ယခင်ကဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေရဲ့ ဝင်ခွင့်ရွေးချယ် ရေးစနစ်ကို (၆) ဘာသာအမှတ်ပေါင်း အများဆုံးရသူတွေကိုသာ ရွေးချယ်တက်ရောက်ခွင့် ပြုခဲ့ရာမှ ယခုနှစ်စနစ်သစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲမှာရရှိခဲ့တဲ့ (၆)ဘာသာအမှတ်ပေါင်း (၄၅၀) ပြည့် သူတွေထဲက ဆေးပညာနဲ့သက်ဆိုင်တဲ့ ဘာသာ(၃)ခုဖြစ်တဲ့ အင်္ဂလိပ်စာ၊ ဓာတု ဗေဒ၊ ဇီဝဗေဒ ဘာသာရပ်တွေမှာ ထူးချွန်ပြီး အဲ့ဒီ (၃)ဘာသာပေါင်း ရမှတ်များတဲ့သူတွေကို ဝင်ခွင့်စာမေးပွဲဖြေဆိုစေပြီး ရွေးချယ်တက်ရောက်ခွင့်ပြုမယ့် စနစ်အဖြစ် ပြောင်းလဲထားတာ ဖြစ်ပါတယ်။
ဒီလိုပြောင်းလဲဆောင်ရွက်ခြင်းအားဖြင့် ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေရဲ့ ဝင်ခွင့်ရွေးချယ်ရေးစနစ်ဟာ အခြားအသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များနည်းတူ ကျင့်သုံးဆောင်ရွက်နိုင်မှာဖြစ်ပြီး ပြည်သူလူထု အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ဆေးပညာကို အမှန်တကယ် စိတ်ဝင်စားတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကောင်းမွန်တဲ့ မျိုးဆက်သစ်ဆရာဝန်တွေ၊ သွားဘက်ဆိုင်ရာဆရာဝန်တွေ ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
မေး။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူတွေအတွက် ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေရဲ့ ဝင်ခွင့်ခေါ်ယူရေးစနစ်နဲ့ ပတ်သက်လို့ ဘယ်လိုဘယ်ပုံ ရွေးချယ်ခေါ်ယူမယ် ဆိုတာကို သိပါရစေ။
ဖြေ။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအနက် ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေကို ပထမဦးစားပေး လျှောက်ထားလာ သူတွေရဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်တွေကို အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်ရုံးခွဲမှာ စိစစ်ရေးတာဝန်ခံအဖွဲ့ထားရှိပြီး လက်ခံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပထမဦးစွာ လျှောက်ထားလာတဲ့ သင်တန်းရွေးချယ်မှု ကတ်ပြားမှာ ကျောင်းသား/သူတွေ ဖြည့်သွင်းထားတဲ့ တက္ကသိုလ် ဦးစားပေးအစီအစဉ်ကို စိစစ်ခြင်း၊ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ/မရှိ စိစစ်ခြင်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ (၆) ဘာသာ ရမှတ်စုစုပေါင်းအမှတ် (၄၅၀)နဲ့အထက် ရရှိသူတွေအနက် (အင်္ဂလိပ်စာ၊ ဓာတု ဗေဒ၊ ဇီဝဗေဒ) (၃)ဘာသာရမှတ်ပေါင်း အများ/အနည်းပေါ်မူတည်၍ အမှတ်အများဆုံးရရှိပြီး ဆေးတက္ကသိုလ်သို့ ပထမဦးစားပေး လျှောက်ထားသူတွေကို ပဏာမအဆင့် ရွေးချယ်ခံရသူတွေအဖြစ် သတ်မှတ်ထားရှိမှာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအနက် သွားဘက် ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို လျှောက်ထားသူတွေအတွက်ကတော့ (၆)ဘာသာ ရမှတ် စုစုပေါင်း အမှတ်(၄၅၀)နဲ့အထက် ရရှိသူတွေအနက် (အင်္ဂလိပ်စာ၊ ဓာတု ဗေဒ၊ ဇီဝဗေဒ) (၃)ဘာသာ ရမှတ်ပေါင်း အများ/အနည်းပေါ်မူတည်ပြီး အမှတ်အများဆုံး ရရှိထားသူတွေထဲကမှ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို ပထမဦးစားပေး လျှောက်ထားသူတွေနဲ့ ဆေးတက္ကသိုလ်တွေအတွက် ပဏာမရွေးချယ်လျာထားဦးရေ ပြည့်သွားတဲ့ အတွက်ကြောင့် ဆေးတက္ကသိုလ်တွေကို ဝင်ခွင့်မရရှိတဲ့သူများမှ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို ဒုတိယဦးစားပေး လျှောက်ထားသူတွေကို ပဏာမအဆင့် အနေနဲ့ ရွေးချယ်သွားမှာဖြစ်ပါတယ်။
ဆေးတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေရဲ့ ပဏာမအဆင့် ရွေးချယ်မှုတွေပြီးရင် ဒုတိယအဆင့် ရွေးချယ်မှုအနေနဲ့ကတော့ ပဏာမ အဆင့်ရွေးချယ်ထားတဲ့ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် ဖြေဆိုခွင့်ရရှိမယ့် သတ်မှတ်ဦးရေအတွင်း အကျုံးဝင်သူတွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် ဖြေဆိုခွင့်ရရှိမယ့် သတ်မှတ်ဦးရေ အကျုံးဝင်သူတွေကို လူတွေ့နှုတ်မေးစာမေးပွဲ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဏာမရွေးချယ် ထားသူအားလုံးဟာ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း( ရေးဖြေ) စာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။
သင်တန်းသား အပြီးသတ်ရွေးချယ်ခြင်းအနေနဲ့ကတော့ (အင်္ဂလိပ်စာ၊ ဓာတု ဗေဒ၊ ဇီဝဗေဒ) (၃)ဘာသာပေါင်းရမှတ်နဲ့ လူတွေ့နှုတ်မေးစစ်ဆေးခြင်း ရမှတ်အပေါ် မူတည်ပြီးတော့ အမှတ် (အများ/ အနည်း) အလိုက်စီပြီး အမှတ်အများဆုံး ရရှိတဲ့သူတွေကို ဆေးတက္ကသိုလ်တွေအတွက် သတ်မှတ်ဦးရေပေါ် မူတည်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေအတွက်ကတော့ (အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) (၃)ဘာသာပေါင်းရမှတ်နဲ့ လူတွေ့နှုတ်မေးစစ်ဆေးခြင်း ရမှတ်အပေါ် မူတည်ပြီးတော့ အမှတ် (အများ/ အနည်း) အလိုက်စီပြီး အမှတ်အများဆုံးရရှိတဲ့သူတွေကို သတ်မှတ်ဦးရေပေါ် မူတည်ပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး ရွေးချယ်ခြင်းမခံရသော်လည်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များကို ဒုတိယဦးစားပေးအဖြစ် လျှောက်ထားသူတွေဟာ ဝင်ခွင့်လူတွေ့ နှုတ်မေးစာမေးပွဲနဲ့ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း(ရေးဖြေ) စာမေးပွဲကို ထပ်မံဖြေဆိုဖို့မလိုဘဲ ဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲဖြေဆိုသူအနေနဲ့ပဲ ၎င်းရရှိထားတဲ့ရလဒ်ကို ပြန်လည်ထည့်သွင်း တွက်ချက်သွားမှာ ဖြစ်ပါတယ်။
ဒီလိုရွေးချယ်ရာမှာ အခြားတက္ကသိုလ် တွေ (ဥပမာ- ရန်ကုန် နည်းပညာ တက္ကသိုလ် စသည်တို့) ကို ဦးစားပေး လျှောက်ထားခဲ့ပြီးတော့ သက်ဆိုင်ရာ တက္ကသိုလ်တွေက ရွေးချယ်ခြင်းမခံရသူ တွေအနေနဲ့ သတ်မှတ်ထားတဲ့ (အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) (၃) ဘာသာပေါင်း အနိမ့်ဆုံးရမှတ်ကို ပြည့်မီပြီး တက္ကသိုလ်ဝင်ခွင့်သင်တန်း ရွေးချယ်မှုကတ်ပြားပါ ဦးစားပေးအစီအစဉ်အရ ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို ဖော်ပြလျှောက်ထားခဲ့သူတွေအနေနဲ့လည်း သက်ဆိုင်ရာတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ ဒါကြောင့်အကယ်၍သူတို့အနေနဲ့ ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို တက်ရောက်လိုရင် ၎င်းတို့ကို စိစစ်ရွေးချယ်နိုင်ရေး အတွက် လူတွေ့နှုတ်မေးစာမေးပွဲနဲ့ စိတ်ပိုင်း ဆိုင်ရာ ဆန်းစစ်ခြင်း(ရေးဖြေ)စာမေးပွဲ တွေ ထပ်မံကျင်းပပေးမှာဖြစ်ပါတယ်။
မေး။ စနစ်သစ်ရွေးချယ်ရာမှာ လူတွေ့နှုတ်မေးစနစ်ကိုပါ ထည့်သွင်းဆောင်ရွက်မယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ရှင်းပြ ပေးစေလိုပါတယ်။
ဖြေ။ လူတွေ့နှုတ်မေး စစ်ဆေးရာမှာ ကိုယ်ချင်းစာနာမှု (Empathy)၊ ရိုးသားတည်ကြည်မှု (Honesty and integrity)၊ ဆေးပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုရန်ဆန္ဒရှိမှု (Motivation)၊ ရှင်းလင်းပြတ်သားစွာ ပြောဆိုဆက်ဆံ နိုင်မှု (Communication Skill)၊ ကျင့်ဝတ် သိက္ခာရဲ့တန်ဖိုးကိုနားလည်မှု (Ethical Awareness)၊ တာဝန်သိမှုနှင့် အလုပ်ကို လေးစားမှု (Respect the Duties)၊ ခံယူချက် (Attitude)၊ ပြုမူပြောဆိုဆောင်ရွက်မှု (Behaviour)၊ ဆရာဝန်တစ်ယောက်ရဲ့ ဆေးပညာရပ်အပေါ်ထားရှိရမည့် စိတ်နေသဘောထား (Attitude towards Professionalism) နဲ့ ပတ်သက်ပြီး မေးခွန်းများ မေးမြန်းသွားမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လူတွေ့နှုတ်မေးစာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား/သူတွေအနေနဲ့ အဲ့ဒီ အကြောင်းအရာတွေကို ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။
မေး။ အခြားပြောကြားလိုတဲ့ အချက်တွေရှိရင် ပြောကြားပေးပါ။
ဖြေ။ ယခုနှစ်မှာ ထူးခြားချက်အနေနဲ့ကတော့ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို ဝင်ခွင့်ရရှိသူတွေဟာ နိုင်ငံတော်အစီအစဉ်နဲ့ပညာသင်ကြားခွင့်(သို့မဟုတ်) မိမိအစီအစဉ်နဲ့ ပညာသင်ကြားခွင့်ကို ရွေးချယ်ပိုင်ခွင့်ရရှိကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစီအစဉ်နဲ့ဆိုရင် ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာ တက္ကသိုလ်သင်တန်းကြေးအဖြစ် တစ်လလျှင် ငွေကျပ် (၈၀၀) ပေးသွင်းရမှာဖြစ်ပြီး မိမိအစီအစဉ်နဲ့ဆိုရင် ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေမှာ တက္ကသိုလ်သင်တန်းကြေးကို ပညာသင်နှစ်အလိုက် လစဉ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်တွေ အတွက်ကတော့ ပညာသင်ကာလ ပြီးဆုံးသည်အထိ ငွေကျပ်သိန်း(၆၀၀) အကုန်အကျခံရမှာဖြစ်ပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကတော့ ပညာသင်ကာလ ပြီးဆုံးသည်အထိ ငွေကျပ်သိန်း(၇၀၀) အကုန်အကျခံရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အစီအစဉ်နဲ့ ပညာသင်ကြားခွင့်ရရှိတဲ့သူတွေကတော့ ဘွဲ့ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်း အဖြစ် မဖြစ်မနေအနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသာ တက်ခွင့်ရှိတဲ့ ဘွဲ့လွန်သင်တန်းတွေကို ဆက်လက်တက်ရောက်ခွင့်ရရှိမယ်ဆိုရင် နောက်ထပ် (၅)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
မိမိအစီအစဉ်နဲ့ ပညာသင်ကြားခွင့်ရရှိတဲ့သူတွေကတော့ လတ်တလောအနေနဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ် (၅)နှစ် မဖြစ်မနေ ဝင်ရောက်စရာမလိုပေမယ့် နိုင်ငံ့ဝန်ထမ်းများသာ တက်ရောက်ခွင့်ရှိတဲ့ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်လို၍ဖြစ်စေ၊ နိုင်ငံ့တာဝန်ကို ဝင်ရောက်ထမ်းဆောင်လို၍ဖြစ်စေ နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန် ထမ်းဆောင်လို ပါကလည်း တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ဆေးတက္ကသိုလ်/ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို ဝင်ခွင့်မရရှိခဲ့ရင် တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေဖို့အတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမယ့် ပုံစံစာအိတ်မှာပါရှိတဲ့ သင်တန်းရွေးချယ်မှုကတ်ပြားမှာ ဖော်ပြထားတဲ့ ဦးစားပေးအစီအစဉ်အတိုင်း ပြည့်စုံစွာ ဖော်ပြလျှောက်ထားဖို့နဲ့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ကိုလည်း သေချာစွာဖတ်ရှု၍ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာပြီး ဝင်ခွင့်လျှောက်ထားဖို့ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
သတင်းအဖွဲ့