Skip to main content

စာပေဗိမာန် သုံးရတုနှင့် ကျွန်တော့်ပုံရိပ်များ

မောင်ခင်မင် (ဓနုဖြူ)

စာပေဗိမာန်သည် ငွေရတု၊ ရွှေရတုကာလများကို အောင်မြင်စွာဖြတ်သန်းပြီးနောက် ယခု ၂ဝ၂၂ ခုနှစ်တွင် စိန်ရတုသက်တမ်းပြည့်မြောက်ပြီဖြစ်သည်။

ပြန်စဉ်းစားကြည့်သောအခါ ကျွန်တော်သည် စာပေဗိမာန်၏ ရတုသက်တမ်းသုံးခုစလုံးတွင် စာပေဗိမာန်နှင့် အကျွမ်းတဝင်ခင်မင်ရင်းနှီးစွာဆက်ဆံခွင့်ကြုံခဲ့ရကြောင်း ဝမ်းသာဂုဏ်ယူစွာ သတိပြုမိပါသည်။ ထိုကာလတစ်လျှောက် ပါဝင်လှုပ်ရှားခဲ့သော ကျွန်တော်၏ပုံရိပ်များကိုလည်း ပြန်လည်မြင်ယောင်နေမိပါသည်။

အညတရပုံရိပ်မျှသာ

စာပေဗိမာန်၏ ငွေရတုသက်တမ်း (၁၉၄၇- ၁၉၇၂) တွင် ကျွန်တော်၏ပုံရိပ်လေးများမှာ စာအုပ်အသင်းဝင်၊စာဖတ်သူ၊စာတမ်းနားထောင်သူ ပရိသတ်တစ်ဦး၏ ပုံရိပ်မျှသာဖြစ်သည်။ မထင်မရှား အညတရပုံရိပ်မျှသာဖြစ်သည်။

စာပေဗိမာန်စာအုပ်ဆိုင်တွင် အလယ်တန်းကျောင်းသားဘဝကပင် စာအုပ်များမကြာခဏဝယ်ဖြစ်သည်။ မှတ်မိနေသည်မှာ အတ္ထုပ္ပတ္တိစာအုပ်လေးများဖြစ်သည်။ တစ်အုပ် ပြား ၅ဝ သာ ပေးရသည်။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ကနက်စိန်၊ရုပ်သေးမင်းသမီး ဦးဖူးညို၊ ဆင်ခိုးမလေး၊ မထွေးလေး၊ နန်းတော်ရှေ့ဆရာတင် စသည့် အနုပညာရှင်များ၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်စံဖဲ၊ လမ်းမတော်ဖိုးတုတ်၊ ဒေါ်ဦးဇွန်း စသည့် ထင်ရှားသောပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ ဖြစ်သည်။ ထိုစဉ်က ကျွန်တော်မှာ‌ ကျောင်းသားလူငယ်အရွယ်မျှသာဖြစ်၍ တန်ဖိုးကြီးသော စာအုပ်များကို မဝယ်နိုင်သေးပါ။

တက္ကသိုလ်ရောက်ချိန်တွင် “ဘာသာပြန်” ဟူသော စာအုပ်ကလေးကို ၂၅ ပြားနှင့် ဝယ်ရသည် ကို မှတ်မိနေသည်။ စာအုပ်ကဈေးသက်သာလှသော်လည်း စာပေ၏တန်ဖိုးကြီးမားလှသည်။ စာပေဗိမာန်အစည်းအဝေးများတွင် ဟောပြောသော ဆရာကြီးဦးဖေမောင်တင်၊ သခင်ဘသောင်း၊ ပါမောက္ခဦးဧမောင်၊ ဦးသန့်၊ ဆရာမင်းသုဝဏ်တို့၏ ဘာသာပြန်အကြောင်း ဟောပြောချက်များကို စုစည်းထားခြင်းဖြစ်သည်။

စာပေဗိမာန်စာအုပ်အသင်းဝင်သောအခါ လစဉ် စာတိုက်မှ စာအုပ်တစ်အုပ်အမြဲရောက်လာ သည်။ တစ်နှစ်စာ နှစ်စဉ်ကြေးကလည်း မများပါ။ စာအုပ်ကောင်းများလစဉ်ရသဖြင့်သဘောကျ နေပါသည်။ ပို၍သဘောကျစရာ ဖြစ်ရသည်ကတော့ “စာပေဗိမာန်မဂ္ဂဇင်း” ကို စာကြည့်တိုက်မှငှားဖတ်ရခြင်းဖြစ်သည်။ ပုံမှန်အရွယ်အစားမှာ ဂျာနယ်အရွယ်ဆိုက်ကြီးကြီးနှင့် လစဉ်ထုတ်ဝေသော စာပေဗိမာန်မဂ္ဂဇင်းကို စွဲစွဲမက်မက်ဖတ်ဖြစ်သည်။ သုတစာပေများ၊ အထူးသဖြင့် သိပ္ပံဆိုင်ရာဆောင်းပါးများ အလေးကဲသည်။

ပထမဆုံးစာပေအောင်မြင်မှု

မှတ်သားစရာများကို ကော်ပီစာအုပ်တစ်အုပ်တွင် ကောင်းနိုးရာရာကူးထားသည့်အလေ့လည်း စွဲမြဲသွားသည်။ ထိုအချက်အလက်အချို့ကို အခြေခံ၍ “တီထွင်မှုများ” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ရေးပြီး “ဗမာဒိုင်ဂျက်” စာစောင်သို့ပို့လိုက်ရာ ၁၉၅၇ ခုနှစ် မေလထုတ် စာစောင်တွင် ကျွန်တော့်ဆောင်းပါးလေးပါလာပါသည်။ “စုပေါင်းစပ်ပေါင်း”  ဆောင်းပါးကလေးမျှသာဖြစ်သော်လည်း ကျွန်တော့်လက်ရာကို ပုံနှိပ်စာလုံးဖြင့် ပထမဆုံး ဖော်ပြခံရသောစာဖြစ်သည့်အတွက် ကျွန်တော့်အဖို့ ဘဝမှတ်တိုင်တစ်ခုဖြစ်သည်။ စာပေဗိမာန်မဂ္ဂဇင်း၏ကျေးဇူးဖြင့် ပထမဆုံး ကျွန်တော်ရခဲ့သောစာပေအောင်မြင်မှုဖြစ်သည်။

စာပေဗိမာန်၏ ငွေရတုကာလကုန်ခါနီးတွင် ကျွန်တော်သည် စာပေဗိမာန်က နှစ်စဉ်ကျင်းပသော စာတမ်းဖတ်ပွဲများကို တက်ရောက်နားထောင်ခွင့်ရသည့် ပရိသတ်တစ်ဦးဖြစ်လာပါသည်။ မှတ်မိပါသေးသည်။ စာတမ်းဖတ်ပွဲတက်လိုသူများပြားသည့်အတွက် စာရေးနေသူများကို ဦးစားပေးရွေးချယ်မည်ဟု ကြေညာချက်တွင်တွေ့ရသည့်အတွက် စာတမ်းဖတ်ပွဲတက်ခွင့် လျှောက်လွှာတွင် ကိုယ့်ကလောင်အမည်ကို ထင်ထင်ရှားရှားရေးပြီး ပုံနှိပ်ဖော်ပြခံရသော ဆောင်းပါးများ၊ အက်ဆေး(ရသစာပေ)များ စာရင်းကိုလည်း အပြည့်အစုံရေးထည့်သည်။ စာတမ်းဖတ်ပွဲတက်ချင်လွန်း၍ ကြေညာမည့်နေ့ကို မျှော်နေပြီး ထိုနေ့တွင်ချက်ချင်း သွားကြည့်သည်။ တက်ခွင့်ရသူစာရင်းတွင် ကိုယ့်ကလောင်နာမည်ကို တွေ့ရသောအခါအလွန် ဝမ်းသာသွားသည်။ နာမည်ရင်ထိုးတံဆိပ်နှင့် စာတမ်းမူကြမ်းဖိုင်ကို သွားထုတ်ပြီး ချက်ချင်းထိုင်ဖတ်သည်။ စာတမ်းဖတ်ပွဲရက်များတွင်လည်း မပျက်မကွက် သွားနားထောင် သည်။

ပညာရှင်ကြီးများ စာတမ်းဖတ်ကြ၊ ဆွေးနွေးကြသည်ကိုနားထောင်ရင်း “ငါလည်းစာတမ်း ဖတ်နိုင်အောင်ကြိုးစားမယ်” ဟုအားကျစိတ်ဖြင့် ဆုံးဖြတ်လိုက်သည်။ မှတ်မှတ်ရရထိုကာလ တွင် မြတ်မွန်ရတနာခန်းမ၌ ကျင်းပသော “ပြဇာတ်နှင့် ပြဇာတ်စာပေစာတမ်းဖတ်ပွဲနှင့် ဂန္ဓီခန်းမမှာကျင်းပသော အတ္ထုပ္ပတ္တိစာပေ စာတမ်းဖတ်ပွဲများ” တက်ဖြစ်သည်။ အသိအမြင်များ တိုးပွားရသည်။

စာပေဗိမာန်ရွှေရတုသက်တမ်း(၁၉၇၃-၁၉၉၇)တွင် ကျွန်တော့်ပုံရိပ်များမှာစာတမ်းဖတ်ပွဲ ပရိသတ်ပုံရိပ်အပြင် စာတမ်းရှင်နှင့် စာမူပြိုင်ပွဲဆုရှင်ပုံရိပ်များဖြစ်သည်။ စာပေဗိမာန်နှင့် ခပ်လှမ်းလှမ်း အနေအထားမှနီးကပ်လာသည့်အနေအထားသို့ ရောက်လာသည်။

မြန်မာစကားပြေစာတမ်းဖတ်ပွဲတွင် ဖိတ်ခေါ်

စာပေဗိမာန်စာတမ်းဖတ်ပွဲများကို ဆယ်နှစ်မျှနှစ်စဉ်မပျက်မကွက် တက်ရောက်နားထောင် ပြီးသောအခါ ၁၉၈၁ ခုနှစ်တွင် ကျွန်တော်ကိုယ်တိုင် စာတမ်းရှင်တစ်ယောက်ဖြစ်လာရသည်။ ၁၉၈၁ ခုနှစ်တွင် ကျင်းပသော မြန်မာစကားပြေ စာတမ်းဖတ်ပွဲတွင် စာတမ်းပြုစုဖတ်ကြားရန် စာပေဗိမာန်က ကျွန်တော့်ကိုဖိတ်ခေါ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာလက်ခံပြီး “ရှေးခေတ်မြန်မာစကားပြေ” စာတမ်းကိုပြုစုဖတ်ကြားခဲ့သည်။ ထိုအချိန်တွင် ကျွန်တော့်အသက်က (၄ဝ)မျှသာရှိပါသည်။ ကျွန်တော်၏ ပထမဆုံးစာအုပ်ဖြစ်သော “စကားပြေသဘောတရား စကားပြေအတတ်ပညာ” စာအုပ်ကိုထုတ်ဝေပြီးပါပြီ။ မဂ္ဂဇင်းများတွင်မူ စာရေးသည့်အရှိန်သိပ်မရသေးပါ။ စာပေလောကအတွင်းသို့လည်း မဝင်ဆံ့သေးပါ။

တက္ကသိုလ်တွင် မြန်မာစာလက်ထောက်ကထိကဖြစ်သည်။ စာတမ်းကို ကြိုးစားပြုစုသည်။ ထိုနှစ်က ရန်ကုန်မြို့တော်ခန်းမတွင် စာတမ်းဖတ်ရသည်။ မဖတ်မီ စိတ်လှုပ်ရှားစွာထိုင်‌နေစဉ် ဘေးကကုလားထိုင်တွင် လာထိုင်သောပုဂ္ဂိုလ်ကို ကြည့်လိုက်ရာ ဆရာဇော်ဂျီဖြစ်နေသည့် အတွက် များစွာအားတက်သွားသည်။ ဆရာကဖြည်းဖြည်းဖတ်ဖို့သတိပေးသည်၊ အားပေးစကားပြောသည်ကိုမှတ်မိနေသည်။ စာတမ်းဖတ်ပွဲအပြီး ပြန်အထွက်မှာ ဆရာ “သောင်းထိုက်” က ပြည့်ပြည့်စုံစုံပြုစုထားသော စာတမ်းဖြစ်ကြောင်း ချီးကျူးစကားပြောသည့် အတွက် ဝမ်းသာကျေနပ်သွားသည်။

စာပေမိတ်ဆွေများနှင့်သိကျွမ်းခင်မင်ခွင့်ရ

နောက်ပိုင်းမှာတော့ စာတမ်းငယ်စာပေ စာတမ်းဖတ်ပွဲ (၁၉၈၆)တွင် “စာတမ်းငယ်ဟူသည်” စာတမ်း၊ ဂန္ထဝင်စာပေ စာတမ်းဖတ်ပွဲ (၁၉၉၁)တွင် “ရှေးခေတ်မြန်မာဂန္ထဝင်စာပေ” စာတမ်းများကို ဖတ်ဖြစ်ခဲ့ပါသည်။ စာတမ်းဖတ်ပွဲများကို အကြောင်းပြု၍ စာပေပညာရှင် ဆရာကြီးဆရာမကြီးများ၊ ရေးဖော်ရေးဖက်စာပေမိတ်ဆွေများနှင့် သိကျွမ်းခင်မင်ခွင့်ရသည်မှာ လည်း အမှတ်တရပင်ဖြစ်ပါသည်။

၁၉၈ဝ ကျော်ကာလတွင် စာပေဗိမာန်စာမူဆုအတွက် “ဝါသနာကိုအရင်းခံ၍” ခေါင်းစဉ်ဖြင့် စာမူတစ်ခုရေးပြီး ပြိုင်ပွဲဝင်ခဲ့သည်။ ကျွန်တော့်စာမူ အရွေးမခံရပါ။ နောက်တစ်ကြိမ် “မြန်မာစကား မြန်မာစာရုပ်ပုံလွှာ” ခေါင်းစဉ်ဖြင့် စာမူပြိုင်ပွဲဝင်သောအခါ ၁၉၈၉ ခုနှစ်အတွက် သုတပဒေသာ(ဝိဇ္ဇာ) (ပထမဆု) ချီးမြှင့်ခံရပါသည်။ စာပေဗိမာန်နှင့် ပို၍နီးကပ်လာပြီး ထဲထဲဝင်ဝင် ဖြစ်လာရပါသည်။

စာပေဗိမာန် စိန်ရတုသက်တမ်း (၁၉၉၇-၂ဝ၂၂)တွင် ကျွန်တော့်ပုံရိပ်များမှာ အမျိုးသားစာပေဆု ရှင်နှင့် စာပေဗိမာန်အဖွဲ့အစည်းများ၏အဖွဲ့ဝင်ပုံရိပ်များဖြစ်သည်။ စာပေဗိမာန်နှင့် ထဲထဲဝင်ဝင် ရင်းနှီးကျွမ်းဝင်လာ‌သောအနေအထားသို့ ရောက်လာသည်။

၂ဝဝဝ ပြည့်နှစ်မှစ၍ စာပေဗိမာန်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ရသည်။ အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ စာအုပ်များကို ဖတ်ရှုရွေးချယ်ပေးရသည်။ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင် ၍ နှစ်စဉ်ပြုစုထုတ်ဝေသော စွယ်စုံနှစ်ချုပ်ကျမ်းများကို ဖတ်ရှုစိစစ်ခြင်း၊ ပါဝင်ရေးသားခြင်း တို့ကို ‌ဆောင်ရွက်ရသည်။ မြန်မာဂန္ထဝင် အတွဲ ၁ဝဝ စာစဉ်ထုတ်ဝေရေးကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်၍ ဂန္ထဝင်စာအုပ်များ ရွေးချယ်ရေးအတွက် ဆွေးနွေးခြင်း၊ စစ်ပေးခြင်း၊ ပုံနှိပ်ထုတ်ဝေသည့် စာအုပ်အတွက် မိတ်ဆက်အမှာစာရေးသားပေးခြင်းတို့ကို ဆောင်ရွက်ရသည်။

ထို့အတူ စာပေဗိမာန်နှင့်ထွန်းဖောင်ဒေးရှင်းတို့ ပူးတွဲဆောင်ရွက်သော မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးလုပ်ငန်းဦးဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်ပေးရသည်။

စာပေဗိမာန်စာတမ်းဖတ်ပွဲများ တစ်ကျော့ပြန်လည်ကျင်းပရာ၌ နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲ (၂ဝ၁၆)တွင် ရှေးခေတ်မြန်မာ့နိုင်ငံရေးစာပေ စာတမ်း၊ မြန်မာမှု မြန်မာ့ဓလေ့ မြန်မာ့အတွေး အမြင်စာတမ်းဖတ်ပွဲ (၂ဝ၁၉) တွင်မြန်မာဘာသာစကားတွင် ထင်ဟပ်နေသော မြန်မာ့အတွေး အမြင်စာတမ်းတို့ကို ပြုစုဖတ်ကြားခဲ့သည်။ အမျိုးသားစာပေဆုသုံးဆု (၂ဝဝ၂၊ ၂ဝဝ၉၊ ၂ဝ၁၃) နှင့် အမျိုးသားစာပေတစ်သက်တာဆု (၂ဝ၁၃) တို့ ရရှိခဲ့သည်။

ယခု ကျွန်တော့်အသက်(၈၂)နှစ်ရှိပါပြီ။ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေများအရ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် အခြေအနေတွင် ကိုယ်မပါနိုင်တော့စေကာမူ စိတ်ကတော့စာပေဗိမာန်နှင့် နီးနေဆဲဖြစ်သည်။

ဆောင်းပါးကို အဆုံးသတ်ခါနီးစာပေဗိမာန်နှင့်ပတ်သက်သည့် အကြောင်းကလေးတစ်ခု စိတ်ထဲပေါ်လာသည်။ အခြားမဟုတ်ပါ။ ၁၉၅ဝ ကျော်ကာလတွင် မြန်မာ့အသံရေဒီယိုမှ ပေါ်လာ လေ့ရှိသော သီချင်းသံကလေးဖြစ်သည်။

ထိုစဉ်က စာပေဗိမာန်ထုတ်စာအုပ်များကို မိတ်ဆက်ပေးသောကဏ္ဍတစ်ခုကို မြန်မာ့အသံက ထုတ်လွှင့်လေ့ရှိသည်။ “ခုအချိန်ကစပြီး စာပေဗိမာန်စာအုပ်စင်ကဏ္ဍကို ထုတ်လွှင့်ပါတော့မယ် ရှင်” ဟု ကြေညာသံအဆုံးတွင် -

တုံတုံတုံ၊ တုံတပ်တပ်၊ တုံတုံတုံ၊ တုံတပ်တပ် ဟူသောတီးလုံးကလေး နှစ်ကျော့ပေါ်လာ ပြီးနောက် -

အမှောင်ခွင်း၍ အလင်းဆောင်စေရာ

ဘာသာပြန်စာပေအသင်းပါ...

လူထုအတွက် အဆင့်အတန်းမြင့်ဖို့ရာ

ဗလငါးတန်လည်း မြှင့်တင်ပေးရမှာ

စာပေဗိမာန် ဗိမာန်ပါ...

ဟူသော သံပြိုင်သီချင်းသံကလေးသာသာ ယာယာ ပေါ်ထွက်လာမြဲဖြစ်ပါသည်။

ထိုသီချင်းသံကလေးပေါ်ထွက်လာခဲ့သည်မှာ စာပေဗိမာန်၏ စိန်ရတုသက်တမ်းနှင့်အတူတူ လောက်ပင် ဖြစ်ပါလိမ့်မည်။

ကျွန်တော်သည်သီချင်းသံကလေးကို ကြားယောင်ရင်း စိတ်ထဲမှာကြည်နူးနေပါသည်။    ။