Skip to main content

မွန်ပြည်နယ်အတွင်း နေ့ချင်းပြန်ဆက်သွယ်သွားလာနိုင်သည်အထိ လမ်းကွန်ရက်လွှမ်းခြုံနိုင်ခဲ့ပြီ

24

25

မင်းမင်း

သဘာဝအလှအပများ၊ ဘုရားပုထိုးစေတီများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ဖော်ရွေပျူငှာမှုများနှင့် ပြည့်နှက်နေသည့် မွန်ပြည်နယ်သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် တည်ရှိနေသည်။ ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ရေး၊ ပေါင်၊ ချောင်းဆုံ၊ သထုံ၊ ဘီးလင်း စသည့်မြို့၁၀ မြို့ဖြင့် ပြည်နယ်ကို ဖွဲ့စည်းထားသည်။

မွန်ပြည်နယ်သည် စိုက်ပျိုးရေးကိုအခြေခံသော ပြည်နယ်တစ်ခုဖြစ်သည့်အားလျော်စွာ ရော်ဘာ၊ ဆန်၊ ပဲ၊ ဥယျာဉ်ခြံထွက်သီးနှံ စသည်ဖြင့် အမည်စုံစိုက်ပျိုးထွက်ရှိသည်။ ထို့အပြင် ပင်လယ်နှင့် နီးကပ်စွာတည်ရှိနေသည့်အတွက် ရေထွက်ကုန်များလည်း ထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ကာ ပြည်နယ်အတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်များကို အလွယ်တကူ တင်ပို့ရောင်းချ နိုင်ရန် လမ်း၊ တံတားကွန်ရက်များလည်း လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။

လမ်း/တံတားများ တိုးချဲ့တည်ဆောက်

လမ်း၊ တံတားကွန်ရက်များသည် ပြည်နယ်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုနိုင်သည့်အတွက် ပြည်နယ်လမ်းဦးစီးဌာနသည် လမ်းကွန်ရက်များ ကောင်းမွန်ရေးကို စဉ်ဆက်မပြတ်ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ လမ်းပန်း ဆက်သွယ်မှုလုံခြုံချောမွေ့စေရမည်၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက် နိုင်ရမည်ဆိုသည့် နိုင်ငံတော်က ချမှတ်ထားသည့် လမ်းစဉ်အတိုင်း လမ်း/တံတားများ တိုးချဲ့ တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ အဆင့် မြှင့်တင်ခြင်းတို့ကို လမ်းဦးစီးဌာနက ဘဏ္ဍာနှစ် အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကျွန်တော်တို့ဒေသက လမ်းအခြေအနေ ကတော့ လမ်းအသုံးပြုသူပြည်သူတွေ စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်တဲ့ အခြေအနေပါ။ လမ်းကောင်းတော့ မွန်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်ကို နေ့ချင်းပြန်သွားနိုင်နေပြီ။ ဒီလိုဒေသထွက်ကုန်တွေကိုလည်း အဆင်ပြေပြေတင်ပို့နိုင်နေပြီ။ လမ်းကောင်းတော့ ကျန်တဲ့ကဏ္ဍတွေဖွံ့ဖြိုးဖို့လည်း လွယ်ကူတာ ပေါ့ ဟု မော်လမြိုင်မြို့မှ ဦးသိန်းနိုင်က ပြောသည်။

ပြည်နယ်အတွင်း လမ်းကွန်ရက် တိုးတက်ကောင်းမွန်စေရန် ပြည်ထောင်စုအဆင့်မှ စီမံခန့်ခွဲ သော လမ်းခုနစ်လမ်း၊ ပြည်နယ်အဆင့် စီမံခန့်ခွဲသော လမ်း ၃၇ လမ်း စုစုပေါင်း ၄၄ လမ်းကို ပြည်နယ် လမ်းဦးစီးဌာနအနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

လက်ရှိ ပြည်နယ်အတွင်းက လမ်းအခြေအနေ မှာ ကတ္တရာကွန်ကရစ် (AC) လမ်း ၂၆၄ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၄၂၀ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၅ မိုင် ၃ ဖာလုံနဲ့ မြေလမ်း ၄၀ မိုင် ၅ ဖာလုံ ဖြစ်ပါတယ်။ တံတားစင်းရေအနေနဲ့ ၂၅၇၇ စင်းရှိပြီးတော့ သံမဏိကြိုးဆိုင်းတံတား နှစ်စင်း၊ သံကူကွန်ကရစ် တံတား ၁၂၇၆ စင်း၊ ဘေလီတံတား တစ်စင်း၊ သစ်သားတံတား တစ်စင်း၊ သံကူကွန်ကရစ်ရေထွက် ပေါက် ၁၂၂၄ စင်း၊ ပိုက်ပြွန်တံတား ၇၃ စင်း တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ မွန်ပြည်နယ်တစ်ခုလုံးရဲ့ Paved Ratio ကို ရာခိုင်နှုန်းအနေနဲ့ ပြောရရင် ၉၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ် ဟု ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်နိုင်က ပြောသည်။

နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး

ဘုရားကြီး - မော်လမြိုင် - ထားဝယ် - မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်း(စစ်တောင်း- သထုံ- မော်လမြိုင်- ရေး- မလွှဲတောင်အပိုင်း) သည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆက်သွယ်ထားသော အဓိကလမ်းမကြီးဖြစ်သည်။ ယင်းလမ်းသည် နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီးဖြစ်ပြီး ASIAN / ASEAN Highway (AH112) (NH1) လည်းဖြစ်ကာ ပြည်နယ်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လမ်းပိုင်းတစ်ခု ဖြစ်သည်။

လမ်းမိုင်အရှည် ၂၂၀ မိုင် ၁ ဖာလုံ ရှည်လျားပြီး လမ်းနယ်နိမိတ်သတ်မှတ်ချက် ပေ ၂၃၀ ရှိသည့် ဘုရားကြီး - မော်လမြိုင် - ထားဝယ် - မြိတ်- ဘုတ်ပြင်း - ကော့သောင်းလမ်းကို ပြည်သူများ အချိန်တိုတိုနှင့် အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင် ခြင်းဖြင့် ယခင်ကတည်ရှိခဲ့သော ထားဝယ် - မြိတ်- ဘုတ်ပြင်း - ကော့သောင်းခရီးစဉ်ကို ရေလမ်းခရီးမှ ရှပ်ပြေးယာဉ်များကိုသာ အားထားအသုံးပြုရသည့် အခြေအနေကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။

ယင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် မွန်ပြည်နယ် သထုံခရိုင်အပိုင်း ၁၀၁ မိုင် ၆ ဖာလုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်က B.O.T စနစ်ဖြင့်လည်းကောင်း၊ မော်လမြိုင်ခရိုင်အပိုင်း ၁၁၈ မိုင် ၃ ဖာလုံရှိသည့်အနက် ၃၇ မိုင်ကို အေးကို မိသားစုဆောက်လုပ်ရေးကုမ္ပဏီက B.O.T စနစ်ဖြင့် လည်းကောင်း၊ ၈၁ မိုင် ၃ ဖာလုံကို လမ်းဦးစီးဌာနက လည်းကောင်းတာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ကတ္တရာကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက ဆောင်ရွက်သော စစ်တောင်းတံတား (မုပ္ပလင်)မှ သံလွင်တံတား (မော်လမြိုင်) ထိလမ်းပိုင်းတွင် တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ AADT သည် ၃၀၀၀- ၅၀၀၀ ကျော်ခန့် ရှိသည့်အတွက် ၃၆ ပေအကျယ် ကတ္တရာကွန်ကရစ် (AC) လမ်းအဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

အေးကိုမိသားစုကုမ္ပဏီက ဆောင်ရွက်သော မော်လမြိုင်မှ သံဖြူဇရပ်မြို့အထိ ၃၇ မိုင်လမ်းပိုင်းတွင် ၄ မိုင် ၂ ဖာလုံအား ၃၆ ပေအကျယ်နှင့် ၃၂ မိုင် ၆ ဖာလုံမှာ ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ် (AC) လမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ လမ်း ဦးစီးဌာနအနေဖြင့် နှစ်စဉ်ခွင့်ပြုရန်ပုံငွေဖြင့် ၂၄ ပေ အကျယ် ကတ္တရာလမ်းအား ကတ္တရာကွန်ကရစ်(AC) လမ်းအဖြစ်ဆောင်ရွက်ခဲ့ရာ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ကုန်တွင် မိုင် ၇၀ ပြီးစီးခဲ့ကာ စုစုပေါင်း ၂၀၈ မိုင် ၆ ဖာလုံ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ ၁၁ မိုင် ၃ ဖာလုံ သာ ဆောင်ရွက်ရန် ကျန်ရှိတော့သည်။

ထိုင်းနိုင်ငံသို့ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီး

လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက် ရှိသော လမ်းပိုင်းတစ်ခုဖြစ်သည့် သံဖြူဇရပ် (သက္ကော)−ဘုရားသုံးဆူလမ်း (သက္ကော − လွတ်ရှမ်း အပိုင်း) လမ်းသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကို ဆက်သွယ်သောလမ်းဖြစ်သည်။

ပြည်နယ်ချင်းဆက်လမ်း ဖြစ်သည့်အပြင် နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီးတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံသို့ဆက်သွယ်ထားသည့် ပြည်ထောင်စု လမ်းမကြီး (NH4) လည်း ဖြစ်ကာ လမ်းနယ်နိမိတ် သတ်မှတ်ချက်အရ ပေ ၂၃၀ စုစုပေါင်းမိုင်အရှည် ၆၃ မိုင် ၂ ဖာလုံ ရှည်လျားသည်။

မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမ်းဦးစီးဌာန အပိုင်းတွင် ၉ မိုင် ၅ ဖာလုံရှိသည်။ လမ်းအဆင့် မြှင့်တင်ခြင်း မဆောင်ရွက်မီက မြေသားအဆင့် လမ်းအဖြစ်သာ တည်ရှိခဲ့သည်။ မြေသားလမ်း အဆင့်မှ ကတ္တရာလမ်းအဆင့် အဆင့်မြှင့်တင်ခြင်းဖြင့် ထိုင်းနိုင်ငံနှင့် ကုန်စည်ကူးသန်းရာတွင် ပိုမိုလွယ်ကူ ချောမွေ့စွာ ဆက်သွယ်နိုင်မည်ဖြစ်သည့်အတွက် လမ်းအဆင့်တိုးမြှင့်ဆောင်ရွက် ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မွန်ပြည်နယ်အပိုင်း၌ ခုနစ်မီတာ အကျယ် ကတ္တရာလမ်းအဖြစ် တိုးတက်အသုံးပြု နိုင်မည်ဖြစ်သည်။

ထို့ပြင် ဒေသအလိုက် အလားအလာရှိသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် နိုင်ရေး မဟာဗျူဟာအပေါ် အခြေခံ၍ (NCDP/MSDP) တို့နှင့် ချိတ်ဆက်ရေးဆွဲထားသည့် ငါးနှစ် စီမံကိန်းအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ကုန်တွင် ခုနစ်မီတာအကျယ် ကတ္တရာကွန်ကရစ် (AC) လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် လျာထားသည့်အတွက် လမ်းနှင့်အတူ ဒေသစီးပွားရေးတိုးတက်မှု များစွာ ဖြစ်ပေါ်လာမည်ဖြစ်သည်။

ကျိုက်ထိုမြို့ရှောင်လမ်း

ဒေသတွင်းဆက်သွယ်သွားလာမှု ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ပြည်နယ်လမ်းဦးစီးဌာနက ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ ကျိုက်ထိုမြို့တွင်းအပိုင်းနှင့် ကျိုက်ထို- ကင်မွန်းစခန်းအပိုင်းသည် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်ယာဉ်ကြီးများ၊ ကျိုက်ထီးရိုးဘုရားဖူး ကာလများ၌ ဘုရားဖူးယာဉ်များ သွားလာမှု များပြားကာ ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ကျိုက်ထိုမြို့ရှောင်လမ်း ကို ဖောက်လုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်အပိုင်းမှာ ပွင့်လင်းကာလ ဘုရားဖူးရာသီချိန်ဆို ယာဉ်အစီးရေ ၅၀၀၀ မှ ၁၀၀၀၀ ကျော်ခန့် ဖြတ်သန်းသွားလာမှုရှိတဲ့အတွက် ကျိုက်ထို မြို့တွင်းအပိုင်းနဲ့ ကျိုက်ထို - ကင်မွန်းစခန်းလမ်း အပိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်ပေါ် တယ်။ ဒါကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလမ်းက ၃ မိုင် ၅ ဖာလုံ အရှည်ရှိပြီး လမ်းနယ်နိမိတ်သတ်မှတ်ချက် ပေ ၂၃၀ ဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန် မှာ ၃ မိုင် ၅ ဖာလုံအရှည်ကို ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ် (AC) လမ်းအဖြစ် အသုံးပြုနိုင် တော့မှာဖြစ်ပါတယ် ဟု သထုံခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်မင်းက ပြောသည်။

ထိုသို့ အဆင့်မြှင့်တင်နိုင်ခြင်းကြောင့် ယခင်က ဘုရားဖူးရာသီများတွင် ယာဉ်ကြောပိတ်ဆို့၍ ကျိုက်ထိုမြို့တွင်းဖြတ်သန်းရာတွင် အချိန်တစ်နာရီ ခန့်ကြာမြင့်ခဲ့သည့်အခြေအနေကို ကျော်လွှားသွား နိုင်တော့မည်ဖြစ်သည်။

သို့ဖြစ်၍ မွန်ပြည်နယ် လမ်းဦးစီးဌာနသည် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဖြစ်သည့် ကတ္တရာကွန်ကရစ် (AC) လမ်းခင်းခြင်း၊ ကတ္တရာ လမ်းချဲ့ခင်းခြင်း၊ ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းများနှင့် တံတားများကို အမြဲတမ်းသံကူကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့်တင်ခြင်းတို့အပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါကလည်း လမ်းပြတ်တောက်မှုမရှိစေရန် အချိန်မီဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့လည်း အချိန်တိုအတွင်း နေ့ချင်းပြန်သွားလာနိုင်သဖြင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်လာပြီး သယ်ယူပို့ဆောင်စရိတ် လျှော့ချစေနိုင်ကာ လူမှုရေး၊ စီးပွားရေး ကဏ္ဍများကို များစွာအထောက် အကူပြုလျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။ ။