နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
ဒေါက်တာတင်မာမာဦး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင်တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းဖြစ်သည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ထန်ပါခွေ၊ ဆွမ္မရာ၊ ပန်ဆောင်၊ ဒုံဟီးမြို့တို့ပါဝင်ပြီး ကျေးရွာအုပ်စု ၁၁၆ အုပ်စု၊ ကျေးရွာပေါင်း ၂၆၆ ရွာတို့ဖြင့် လူဦးရေ ၁၃၇၈၆၁ ဦး နေထိုင်လျက်ရှိသည်။
တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်
နာဂဒေသသည် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများကာ မြေပြန့်ဒေသနည်းပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာဒေသခံများအနေဖြင့် တောင်ယာစိုက်ပျိုးရေး လုပ်ငန်းကိုသာအဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ကြသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသများအနက် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခဲ့သောဒေသ ဖြစ်ခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နာဂဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ နာဂဒေသနှင့် နယ်စပ်ဒေသများ၏ ဒေသစိုက်ပျိုးစီးပွားလုပ်ငန်း မြှင့်တင်နိုင်ရန်၊ လက်ရှိစိုက်ပျိုးနေသည့် ဒေသမျိုးများအစား အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် သီးနှံမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရန်၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် သီးနှံအမည်သစ်များကို ပျိုးထောင်၊ မျိုးပွားစိုက်ခင်းများ ထူထောင်လာစေရန်၊ ဒေသခံတောင်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် စုပေါင်းဆောင်ရွက်မှုများကြောင့် နာဂဒေသဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လက်ရှိကျင့်သုံးစိုက်ပျိုးနေကြသည့် ရွှေ့ပြောင်းတောင်ယာမှ ရေရှည်တည်တံ့ ခိုင်မြဲသောစိုက်ခင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နာဂဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်း၊ မိုပိုင်းလွတ်၊ ထန်ပါခွေ၊ ဒုံဟီးမြို့နယ်များတွင် ၂၀၂၀ -၂၀၂၁ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အထိသုံးနှစ်စီမံကိန်းဖြင့် တစ်မြို့နယ်လျှင် ငွေကျပ်သိန်း ၁၀၀ကို နှစ်စဉ်ကျခံသုံးစွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နာဂဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းများအဖြစ် ဒေသနှင့်ကိုက်ညီသည့် တောင်ယာစပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ နှမ်းနက်နှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ ထောက်ပံ့ခြင်း၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံလက်ဖက်၊ကော်ဖီ၊ မျောက်ငို စသည့်သီးနှံပျိုးပင်များ ထောက်ပံ့ခြင်း၊ ဒေသအတွင်းပျိုးပင်များ လွယ်ကူစွာရရှိစိုက်ပျိုးနိုင်ရေးအတွက် ပျိုးခြံများ ထူထောင်ကာစိုက်ပျိုးစေခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ၊ လယ်ယာသုံးကိရိယာများ ဝယ်ယူထောက်ပံ့ပေးခြင်းနှင့် ပျိုးခြံများနှင့် စိုက်ခင်းများတွင် သုံးစွဲရန်ရေစင်များ တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
မျိုးစေ့ထောက်ပံ့
NBADP စီမံကိန်း ပထမနှစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မျိုးစေ့ထောက်ပံ့မှုအနေဖြင့် သက်တမ်းတို အထွက်ကောင်း တောင်ယာစပါးတင်း ၁၀၀၊ အစေ့ထုတ် ပြောင်းကီလို ၅၀၊ ဝဥပိဿာ ၃၅၀၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ် ၂၇၀၀ အပါအဝင် ပဲမျိုးစုံနှင့် နှမ်းနက်မျိုးစေ့များ ဖြန့်ဝေပေးခဲ့ပြီး ပျိုးပင်ဖြန့်ဝေမှုအနေဖြင့် လက်ဖက်ပင် ၁၈၇၀၀၊ ကော်ဖီပင် ၁၂၂၀၀၊ မျောက်ငိုပင် ၇၀၀၀၊ မက်မန်းပင် ၁၅၀၀၊ လိမ္မော်ပင် ၃၀၀၊ သရက်ပင် ၁၀၀၀၊ ပီလောပီနံပင် ၂၀၀၀၊ မျောက်ဥပင် ၁၄၀၀ နှင့် အာလာဂျီပင် ၁၀၀၀၀တို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စပါးတင်း၃၅၀၊ အစေ့ထုတ်ပြောင်း ကီလို ၉၀၊ ဝဥပိဿာ ၁၄၀၀၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ် ၄၉၀၀ အပါအဝင်ပဲမျိုးစုံနှင့် နှမ်းနက်မျိုးစေ့များကို ဖြန့်ဝေပေးခဲ့သည့်အပြင် ပျိုးပင်ဖြန့်ဝေမှုအနေဖြင့် လက်ဖက်ပင် ၂၁၅၀၀၊ ကော်ဖီပင် ၅၅၀၀၊ မျောက်ငိုပင် ၇၃၀၀၊ မက်မန်းပင် ၆၀၀၊ သရက်ပင် ၁၁၀၀၊ ပီလောပီနံပင် ၂၀၀၀နှင့် အာလာဂျီပင် ၂၀၀၀တို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
ဒေသနှင့်ကိုက်ညီသော နှစ်ရှည်သီးနှံ ပျိုးပင်များကိုအချိန်မရွေး လွယ်ကူစွာကိုယ်တိုင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးခြံ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပျိုးပင်စိုက်ခင်းများအတွက် ရေတွင်းတူးခြင်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့ရာ စီမံကိန်းဝင်မြို့နယ်များတွင် ပျိုးခြံ၁ ၁ ခြံတည်ထောင်ခြင်းနှင့် စိုက်ခင်းများ ရေရရှိရေး ရေတွင်းသုံးတွင်း တူးဖော်ပေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် သဘာဝမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများ၊ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများထောက်ပံ့ခြင်း၊ လယ်ယာသုံး စက်ကိရိယာများဖြစ်သည့် မျိုးစေ့ချကိရိယာ အခု ၈၀၊ ဆေးဖျန်းပုံး ၅၀ ကို ထောက်ပံ့ခဲ့ပြီးဖြစ်သည်။
လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်
NBADP စီမံကိန်း၏ တတိယနှစ်ဖြစ်သည့် ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင်လည်း ယခင်နှစ်များကတွေ့ကြုံခဲ့သည့် လုပ်ငန်းအတွေ့အကြုံများအပေါ် အခြေခံ၍ နာဂဒေသ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသည့်ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် နန်းယွန်း၊ ဒုံဟီး၊ လဟယ်၊ ထန်ပါခွေ၊ လေရှီးနှင့် မိုပိုင်းလွတ်မြို့နယ်များအတွက် တစ်မြို့နယ်လျှင် ငွေကျပ်သိန်း ၅၀ စီ၊ ငွေကျပ်သိန်း ၃၀၀ ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မျိုးစေ့များ ထောက်ပံ့ခြင်းအတွက် ငွေကျပ်သိန်း ၆၀၊ ပျိုးပင်များ ထောက်ပံ့ခြင်းအတွက် ငွေကျပ် ၁၀၈ သိန်း၊ ပျိုးခြံတည်ဆောက်ခြင်းအတွက် ငွေကျပ်သိန်း ၃၀၊ သွင်းအားစုများ ထောက်ပံ့ခြင်းအတွက် ငွေကျပ် ၇၂ သိန်းနှင့်လယ်ယာ သုံးစက်ကိရိယာများ ထောက်ပံ့ခြင်းအတွက် ငွေကျပ်သိန်း ၃၀ ဖြင့် ဆောင်ရွက်လျက်ရှိရာ NBADP စီမံကိန်းကာလပြီးစီးပါက နာဂဒေသအတွင်းအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် လယ်ယာထွက်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ပြီးဒေသတွင်း ဝမ်းစာဖူလုံကာ အမည်သစ်သီးနှံများ စိုက်ပျိုး၍ အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒေသခံတောင်သူများဝင်ငွေ တိုးတက်ကာ လူမှုစီးပွားဘဝမြင့်မား တိုးတက်လာမည်ဖြစ်သည်။
တောင်စောင်း စိုက်ပျိုးနည်းစနစ်ဖော်ဆောင်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံတောင်သူများသည် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးနည်းစနစ်ကိုသာ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်စိုက်ပျိုးကြသဖြင့် သစ်တောများကို နှစ်စဉ် ခုတ်ထွင်စိုက်ပျိုးကြရာ သစ်တောများ ပြုန်းတီးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်ပြဿနာများကို နှစ်စဉ်ကြုံတွေ့ခံစားကြရသည်။ အဆိုပါပြဿနာများကို ဖြေရှင်းပေးနိုင်ရေးနှင့် ဒေသခံများအတွက် ရေရှည်တည်တံ့ခိုင်မြဲစေမည့် တောင်စောင်းစိုက်ပျိုးနည်းစနစ် ဖော်ဆောင်မှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လှေကားထစ်လယ်ယာမြေ ၁၅ဧကကို ဖော်ထုတ်ပေးခဲ့သည့်အပြင် ယခုနှစ်တွင် လဟယ်မြို့ မျက်နှာစာအရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် တောင်စောင်းစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန် ၁၀ ဧက တိုးချဲ့ဖော်ဆောင်ခဲ့ပြီး အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်ခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လဟယ်မြို့နယ်တွင် မြေဧက ၃၀နှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကုန်းမြင့် လယ်ယာဧက ၃၀၀ ထပ်မံဖော်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်စောင်းစိုက်ပျိုးနည်းစနစ် ဖော်ဆောင်ထားသည့် တောင်ယာများတွင် နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီ၊ လက်ဖက်၊ မက္ကဒေးမီးယား၊ လိမ္မော်၊ ထောပတ်၊ မျောက်ငို၊ သရက် စသည့် နှစ်ရှည်သီးနှံများအပြင် ရာသီအလိုက်ဝင်ငွေရရှိစေမည့် တောင်ယာစပါး၊ ပဲပုပ်၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးနိုင်ရေး နည်းပညာပေး ဆောင်ရွက်လျက်ရှိသည်။
တောင်စောင်းဖော်ဆောင်ထားသည့် ကွန်တိုလိုင်းများတွင်လည်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေမည့် ပဲမျိုးစုံနှင့် တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်များကို စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
ပညာပေးဆွေးနွေးခြင်းများဆောင်ရွက်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံများအား မွေးမြူရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် နွားနောက် ၅၀၁၇ ကောင်၊ ကျွဲ ၇၁၁၂ ကောင်၊ နွား ၉၆၉၂ ကောင်၊ ဆိတ် ၄၉၄၄ ကောင်၊ ဝက် ၅၁၅၉၇ ကောင်၊ ကြက်ကောင်ရေ ၂၅၅၀၇၀ နှင့် ဘဲကောင်ရေ ၃၂၆၄၀ ကို မွေးမြူနိုင်ရေး ဆောင်ရွက်ထားသကဲ့သို့ မွေးမြူထားသည့်တိရစ္ဆာန်များကို ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပညာပေးဆွေးနွေးခြင်း၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးမှုနှင့် ပတ်သက်၍ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိရစ္ဆာန်အစာပင်စိုက်ပျိုးထားရှိမှုအနေဖြင့် နေဗီယာမြက် ၂၀၇ ဧက၊ မွန်ဘားဆား ၁၃ ဧက၊ ရူဇီ ၁၃၆ ဧကနှင့် အခြား ၁၉ ဧက စုစုပေါင်း ၃၇၅ဧက စမ်းသပ်စိုက်ပျိုးလျက်ရှိရာ နာဂဒေသ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်များတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် တိရစ္ဆာန်အစာ နေဗီယာမြက်များ စမ်းသပ်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက် ရှိသည်။
စီးပွားရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာမည်
ယခုအခါ နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးကို အရှိန်မြှင့် ဆောင်ရွက်ပေးမှုကြောင့် သွားလာဆက်သွယ်ရေး လွယ်ကူသွားသည့်အတွက် နာဂသွေးချင်းများ၏ အဓိကအလုပ်အကိုင်အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တော့မည်ဖြစ်သကဲ့သို့ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကိုလည်း လေရှီး-လဟယ်-ခန္တီးလမ်းမှတစ်ဆင့် မြေပြန့်ဒေသများသို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွားရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါတော့သည်။
နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ရာသီမရွေး၊ အချိန်အခါမရွေးသွားလာရေး လွယ်ကူကာ ဒေသကုန်စည် စီးဆင်းမှုများ မြန်ဆန်ပြီး မြေပြန့်ဒေသများနည်းတူ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။