Skip to main content

ကိုဗစ် - ၁၉ ကို စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့

ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ၏ပံ့ပိုးမှုဖြင့် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်း တိုက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကအသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုကျောင်းတိုက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် နိုင်ငံများမှ ပြည်တွင်းသို့ပြန်လည်ရောက် ရှိလာကြသူများ၊ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများမှ မည်သည့် ရောဂါလက္ခဏာ တစ်စုံတစ်ရာမျှ မရှိသူများကို အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးအဖွဲ့များကိုလည်း တာဝန်ချထားမည်ဟုဆိုသည်။ ဝမ်းမြောက်ဖွယ် ရာပင်ဖြစ်သည်။ ထို့အပြင် ဆရာတော်ကြီး၏အမြော် အမြင်ကြီးမားမှုနှင့် ပြည်သူများအပေါ်ထားရှိသည့် မေတ္တာ၊ ကရုဏာတို့အပေါ်တွင်လည်း ကြည်နူးဝမ်းမြောက်စွာဖြင့် သာဓုအကြိမ်ကြိမ် ခေါ်မိပါ သည်။

ထို့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ်တို့ကလည်း ပြည်ပမှပြန်လည်ရောက်ရှိ လာမည့် ကိုဗစ်-၁၉ စောင့်ကြည့်ခံရသူများကို ထားရှိရန် ဝေဇယန္တာလမ်းပေါ်ရှိ အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် တာမွေမြို့နယ်ရှိ ဧရာဝတီဘဏ် သင်တန်း ကျောင်း အဆောက်အဦများ ပံ့ပိုးကူညီပေးသွားမည်ဟု ဆိုသည်။ စောင့်ကြည့်ခံမည့်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက တာဝန်ယူသွားမည်ဖြစ်ပြီး တည်းခိုစားသောက် ရေးနှင့် လုံခြုံမှုကို ဧရာဝတီဖောင်ဒေးရှင်းက ပါဝင်ကူညီ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ဧရာဝတီ ဖောင်ဒေးရှင်း က ကိုဗစ်-၁၉ ကုသကာကွယ်ရေးလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။ မုဒိတာပွားမိပါသည်။

လှူဒါန်းလျက်ရှိ

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများကို အမျိုးသားအဆင့် အနေဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေ တစ်ရပ် ထူထောင်ထားရှိပြီးဖြစ်သည်။ ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ပြည်သူလူထုတစ်ဦးချင်းအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းပါဝင်လှူဒါန်းသွားရန် တိုက်တွန်း နှိုးဆော်ထားရှိသည်။ စေတနာထက်သန်သည့် ပြည်သူများသည် ဆေးနှင့်ဆေးပစ္စည်းများအပြင် ငွေကြေးလည်း ပါဝင်လှူဒါန်းလျက်ရှိကြသည်။ ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်သည်။

ထို့အပြင် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ပရဟိတအဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူများပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက် ဆေးရည်နှင့် ဆပ်ပြာများလှူဒါန်းခြင်းတို့ကို လုပ်ဆောင် ပေးလျက်ရှိသည်။ အများပြည်သူသွားလာရာနေရာများ၊ ဈေးရုံကြီးများ၊ ဆေးရုံများ၊ ကျောင်းများ၊ အဝေးပြေးကားဝင်းများတွင်လည်း ပိုးသတ်ဆေးများဖျန်းလျက်ရှိသည်။ တာဝန်သိပြည်သူများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တတ်အားသရွေ့ပါဝင် ဆောင်ရွက်လျက်ရှိကြသည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ် သည်။

အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်လျက်ရှိ

ထို့အပြင် ဗန်းမော်ဆရာတော်ကြီးအပါအဝင် ထေရ် ကြီးဝါကြီးဆရာတော်ကြီးများသည် ရတနသုတ် အပါအဝင် အန္တရာယ်ကင်းပရိတ်တော်များကို နေ့စဉ်ရွတ်ဖတ်ပြီး မေတ္တာပို့သစ္စာဆိုလျက်ရှိသည်။ မြို့ရွာများအလိုက်လည်း အန္တရာယ်ကင်းပရိတ်တော်များရွတ်ဆိုလျက်ရှိသည်။ မြတ်စွာဘုရားရှင်လက်ထက်တော်ကလည်း ကပ်ရောဂါများကျရောက်သည့်အချိန်မျိုးတွင် ပရိတ်တော်များရွတ်ဖတ်ပြီး သစ္စာဆိုခဲ့သည်။ လယ်တီဆရာတော်ကြီးသည် ဝမ်းရောဂါ နှင့် ပလိပ်ရောဂါဖြစ်ပွားသည့်ဒေသများတွင် ပရိတ်ရွတ်ပြီး မေတ္တာပို့ခဲ့ဖူးသည်။ ပြည်သူများအနေဖြင့် မြတ်စွာဘုရား၏ ပရိတ်တော်များကို ယုံယုံကြည်ကြည် ရွတ်ဖတ်ပူဇော် သွားမည်ဆိုလျှင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးမှ ကျော်လွှားနိုင်မည်ဟု ခိုင်မာစွာယုံကြည်မိပါသည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ကုသရေး ဆိုင်ရာ အထောက်အကူပစ္စည်းများ၊ ဆေးဝါးများ အလှူခံ လျက်ရှိပါသည်။

ကူးစက်ပျံ့နှံ့မှုမြင့်တက်လျက်ရှိ

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မတ်လ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် သတ်မှတ်ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၉၅ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၅၁၂၇၀၁ ဦးရှိပြီး သေဆုံးသူ ၂၃၄၉၅ ဦး ရှိသွားပြီဖြစ်သည်။ ကူးစက်ပျံ့နှံ့မှုမြင့်တက်လျက်ရှိရာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော လူတိုင်းလိုက်နာဆောင်ရွက်ရမည့် အချက် အလက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားသင့်ပေသည်။

အထူးဂရုစိုက်ရန်လို

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာရှစ်ဦးအထိ တွေ့ရှိပြီဖြစ်ရာ ပြည်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရန် လိုအပ်သည်။ လက်မှန်မှန်ဆေးကြောခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်းများကို တစ်ရှူးအုပ်ပြီးမှသာလုပ် ဆောင်ခြင်း၊ အသုံးပြုပြီး တစ်ရှူးများကို အမှိုက်ပုံးထဲ စွန့်ပစ်ခြင်း၊ လူစည်ကားရာ နေရာများသို့ မလွှဲမရှောင် သာသွားရမည်ဆိုလျှင် နှာခေါင်းစည်း တပ်ထားခြင်း၊ ဖျားနာနေလျှင် အိမ်၌သာအနားယူခြင်း၊ ဖျားနာပြီး မောနေလျှင်၊ အသက်ရှူကျပ်လျှင် ဆရာဝန်နှင့် ချက်ချင်းပြသခြင်း၊ ဖျားနာနေလျှင်ခရီးသွား လာမှုကို ရှောင်ရှားခြင်း၊ ဖျားနာနေသူများထံသို့ သွားရာမှ ပြန်လာလျှင် လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောခြင်း၊ လုပ်ငန်းခွင်နှင့် နေအိမ်တွင် ပိုးသတ်ဆေး ဖျန်းခြင်း စသည်တို့ကို မပျက်မကွက် လုပ်ဆောင်သင့်ပေသည်။

စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကျော်လွှားသွားကြပါစို့

တချို့သော ဝိသမလောဘစီးပွားရေးသမားများ သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အကြောင်းပြု၍ အမြတ်ထုတ်လျက်ရှိကြသည်။ ဆိုလိုသည်မှာ နှာခေါင်း စည်းများ၊ လက်သန့်ဆေးများနှင့် ဆေးဝါးပစ္စည်းများကို အဆမတန်ဈေးနှုန်းတင်၍ ရောင်းချလျက်ရှိသည်။ ကောလာဟလသတင်းများကြောင့် တချို့သောပြည်သူများသည် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကိုအဆမတန် ဝယ်ယူဖြည့်တင်းလျက် ရှိကြသည်။ လူသုံးကုန်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုဝယ်ယူသိုလှောင်ထားခြင်းသည် ကုန်ဈေးနှုန်းများ တက်နိုင်ပေသည်။ တချို့သူများသည် အကြောက်တရား ကြီးလွန်းကြသည်။ ချင့်ချိန်နိုင်စွမ်းအားနည်းကြသည်။

မည်သို့ပင်ဆိုစေ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ တစ်ဝန်းသို့ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၌လည်း ကူးစက်မှုထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိနေရန်လိုအပ်ပေသည်။ အထူးသဖြင့် လက်မှန်မှန်ဆေးကြောခြင်း၊ လူစုလူဝေးရှိရာနေရာများသို့သွားလာခြင်းတို့ကို ရှောင်ကြဉ် သွားသင့်ပါသည်။ တတ်နိုင်ပါက နေအိမ်အတွင်း၌သာနေထိုင်သင့်ပေသည်။ စင်စစ်အားဖြင့် ကိုဗစ်-၁၉ ရောဂါ အပါအဝင် တိုင်းပြည်အတွင်း မည်သည့်ဘေးအန္တရာယ်ကျရောက်လာသည်ဖြစ်စေ နိုင်ငံသူ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့်သာ ကျော်လွှားသွားမည်ဆိုလျှင် အဖိတ်အစဉ်အနည်းဆုံးဖြင့် ဧကန်မုချ အောင်မြင်မှုရရှိနိုင်မည်ဟု ယုံကြည်မိပါတော့သည်။ ။

မောင်သောင်းဝင်း(တမန်ဟောင်း)