သမိုင်းတစ်ကွေ့ အတွေ့အကြုံတစ်ရပ် ကောင်းစွာယူတတ်ပါစေ …
ပြည်သူတစ်ဦး
စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး ရခိုင်ရိုးမအနောက်တောင်ခြေတွင် တည်ရှိသော ချင်းလူမျိုးများနေထိုင်ရာဒေသတစ်ခုဖြစ်သည်။ တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သည်နှင့်အမျှ ကွန်မြူနစ်ပါတီတို့ ကြီးစိုးရာနယ်မြေဒေသတစ်ခု ဖြစ်ခဲ့သည်။
သောင်းကျန်းသူများ ကြာရှည်စွာအုပ်စိုးခံခဲ့ရ
သခင်သန်းထွန်း ဦးဆောင်သောအလံဖြူ ကွန်မြူနစ်ပါတီသည် လွတ်လပ်ရေးရပြီး တောခိုသည်နှင့် စေတုတ္တရာမြို့နယ်တောင်ပိုင်း ကူတော်ကျေးရွာတွင် ဌာနချုပ်ရုံးစိုက်ခဲ့သည်။ သခင်စိုး ဦးဆောင်သော အလံနီကွန်မြူနစ်ပါတီသည် စေတုတ္တရာမြောက်ပိုင်း အလယ်ဟန်ဒေါက်ကျေးရွာတွင် ရုံးစိုက်ခဲ့သည်။ စေတုတ္တရာမြို့နယ်တွင် နေထိုင်သည့် ပြည်သူများသည် သောင်းကျန်းသူများ ကြာရှည်စွာ အုပ်စိုးခံခဲ့ရသဖြင့် စီးပွားရေး၊ လူမှုရေးဘဝလည်း နိမ့်ကျခဲ့ရသည့်အပြင် ၎င်းတို့၏ ရက်စက်စွာသတ်ဖြတ်မှု၊ညှဉ်းပန်းမှု၊ အနိုင်အထက်ကျင့်မှုတို့ကို အလူးအလဲခံခဲ့ရသည်။
နိုင်ငံကို တည်ငြိမ်အောင်ထိန်းလာနိုင်သည့် ၁၉၅၆ ခုနှစ်တွင် အောင်မာဃစစ်ဆင်ရေး ဆင်နွှဲပြီး ထိုဒေသကို ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ စစ်ဆင်ရေးအတွက် အမှတ်(၁၀)၊ အမှတ် (၁၆)၊ အမှတ်(၂၁)၊ အမှတ်(၈၈)၊ အမှတ်(၁၀၈) စသည်ဖြင့် ခြေလျင်တပ်ရင်းများက လုံခြုံရေးတာဝန်ယူခဲ့ကြသည်။ ရဲစခန်းအချို့ ဖွင့်လှစ်နိုင်ခဲ့သည်။ အစောပိုင်းကာလတွင် စေတုတ္တရာမြို့ပေါ်မှအပ ကျေးလက်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုမရှိခဲ့။ တပ်မတော်၊ရဲတပ်ဖွဲ့နှင့် သောင်းကျန်းသူများက ကျေးရွာများတွင် သူဝင်ငါထွက် ဖြစ်နေခဲ့သည်။အဆိုပါဒေသများတွင် အစိုးရထက် သောင်းကျန်းသူများက အာဏာလွှမ်းမိုးခဲ့ကြသည်။
အာဏာနီနယ်မြေထူထောင်ရေး ပေါ်လစီကို ဖော်ဆောင်ခဲ့
တပ်မတော်မှ တပ်ရင်းလိုက်တောခိုခဲ့သည့် ဗိုလ်သက်ထွန်း ဦးဆောင်သော တိုင်းပါတီတပ်နှင့် စိုးသိမ်းဦးဆောင်သော ခရိုင်တပ်တို့သည် ကွန်မြူနစ်ပါတီဗဟိုမှချမှတ်သော အာဏာနီနယ်မြေထူထောင်ရေးပေါ်လစီကို ဖော်ဆောင်ခဲ့သည့်အတွက် ပြည်သူလူထုအား သတ်ဖြတ်နှိပ်စက်ခြင်း၊ စီးပွားဥစ္စာများ လုယူဖျက်ဆီးခြင်း၊ စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများအား နေဝင်းဒေါက်တိုင်ဟု သတ်မှတ်ပြီး သတ်ဖြတ်ခဲ့ကြသည်။
အောက်ပါတို့မှာ ယင်းတို့၏ ရက်စက်ကြမ်းကြုတ်မှုမှတ်တမ်းများဖြစ်သည်-
၁၉၆၇ ခုနှစ် ဩဂုတ်လတွင် နစ်ဖြူခေါင်းဆောင်အုပ်ကြီး ဦးဆောင်သောအဖွဲ့သည် စိုင်းလိုင်းရွာသို့ ဝင်ရောက်၍ နွားလေးကောင်၊ စပါး ၁၀ တင်း တောင်းခံသွားခဲ့ခြင်း၊ မဏ္ဍပ်ကိုင်းရွာနှင့် ကျောက်တလုံးရွာတို့တွင် ဆန်များတောင်းခံခြင်း။
၁၉၆၈ ခုနှစ် ဇန်နဝါရီလတွင် ကဖန်ရွာသူရွာသားများ တစ်ရွာလုံးအား ၎င်းတို့အထောက်အကူပြုရန် တောတွင်းသို့ လက်နက်ပြခေါ်ဆောင်သွားခြင်း။
၎င်းနှစ်တွင် တိုက်စိုးဦးဆောင်သော နစ်နီငါးဦးအဖွဲ့သည် တည်စုတ်ကျေးရွာ သမဝါယမ အတွင်းရေးမှူး ဦးစံသောင်းအား လည်လှီးပြီးရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း။
၎င်းနှစ်တွင် အုပ်ကြီးဦးဆောင်သော နစ်ဖြူအဖွဲ့သည် သက်လယ်ရွာမှ ဦးကျောက်လုံးအား သတ်ဖြတ်သွားခြင်း၊ နစ်ဖြူသာရန် ဦးဆောင်သောအဖွဲ့မှ မဏ္ဍပ်ကိုင်းရွာသား ဦးထွန်းစိန်နှင့် ခိုနန်းရွာသား ဦးကြီးမောင်တို့အား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်း။
၎င်းနှစ်တွင် တိုက်စိုးနှင့်မာဒင် ဦးဆောင်သော နစ်နီများသည်ပန်းအိရွာသို့ ဝင်ရောက်၍ ဆက်ကြေးတောင်းခြင်း။
၁၉၆၈ ခုနှစ် မေလ ၆ ရက်နေ့တွင် သက်ထွန်း ဦးဆောင်သော နစ်ဖြူ တိုင်း၊ခရိုင်ပူးပေါင်းအဖွဲ့က စေတုတ္တရာမြို့အား ဝင်ရောက်တိုက်ခိုက်သည့်အတွက် တပ်မတော်မှ တပ်ခွဲဗိုလ်ကြီးနှင့် စစ်သားများ တိုက်ပွဲတွင် ကျဆုံးခဲ့ရခြင်း။
စေတုတ္တရာမြို့ အခြေခံပညာအထက်တန်းကျောင်းအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်သွယ်ရေး ဂိုဒေါင်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများ လုယူသွားခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့မှ ရွပ်ရွပ်ချွံချွံခုခံခဲ့သဖြင့် ငွေတိုက်ဖောက်ယူခွင့်မရဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
၁၉၆၈ ခုနှစ် မေလတွင် မထိမ်းရွာသို့ ဝင်ရောက်ပြီး သမဝါယမပစ္စည်းများ လုယူကာ မူလတန်းကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည်။
၁၉၆၈ ခုနှစ် ဇူလိုင်လတွင် ထွန်းရင် ဦးဆောင်သော နစ်ဖြူအဖွဲ့သည် ကံကျေးရွာမှ အိမ်ထောင်စုငါးစု၊ ပလွဲရွာ၊ အောက်ဝန်တုံရွာ၊ အထက်ဝန်တုံရွာ၊ သက္ကယ်ကျင်းရွာများမှ ရွာသားများအား ၎င်းတို့အတွက် ရိက္ခာထုတ်လုပ်ပေးရန် ရွာလုံးကျွတ်တောတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
၁၉၆၈ ခုနှစ် ဇူလိုင်လအတွင်း၌ စိုင်းလိုင်းရွာတွင် နေထိုင်ကြသည့် ရွာသူရွာသားအားလုံး တစ်ရွာလုံးအား လက်နက်ပြ ခေါ်ဆောင်သွားခဲ့ပြန်သည်။
၎င်းနှစ်ကာလ၌ပင် ထွန်းရင် ဦးဆောင်သော နစ်ဖြူတပ်ဖွဲ့သည် အလယ်ပုံကျေးရွာနှင့် ပုံဆိပ်ကျေးရွာများသို့ ဝင်ရောက်၍ သမဝါယမပစ္စည်းများ လုယူခြင်း၊ မူလတန်းကျောင်းများအား မီးရှို့ခြင်း လုပ်ဆောင်သွားခဲ့သည်။ နီလွင်ဦးဆောင်သော သောင်းကျန်းသူများက အရှေ့ဖအိုင်းနှင့် ထန်းကိုင်းရွာတို့သို့ ဝင်ရောက်ဆက်ကြေး တောင်းခံခဲ့သည်။
နယ်မြေလုံခြုံရေး အထူးအလေးပေးဆောင်ရွက်
၁၉၆၈ ခုနှစ် မေလတွင် စေတုတ္တရာမြို့ သောင်းကျန်းသူများ တိုက်ခိုက်ခြင်းခံရပြီးသည့် နောက်၌ နိုင်ငံတော်အစိုးရ လမ်းစဉ်ပါတီခေတ်တွင် နယ်မြေလုံခြုံရေး အထူးအလေးပေး ဆောင်ရွက်ခဲ့သည်။ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကျေးရွာများအားလုံးသို့ ကွင်းဆင်း၍ ပြန်လည်ထူထောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
စစ်ကြောင်းများမှ မှန်ကန်စွာ စည်းရုံးဆောင်ရွက်နိုင်မှုကြောင့် မိမိတို့နယ်မြေလုံခြုံရေးအတွက် ဒေသခံများတွင် တာဝန်ရှိကြောင်း သိရှိလာကြသည်။ ပြည်သူ့စစ်များကို ၁၉၇၈ ခုနှစ် နိုဝင်ဘာလမှ စတင်ဖွဲ့စည်းခဲ့သည့် ကျေးရွာပေါင်း၂၆ ရွာတွင် လက်နက်တပ်ဆင်ပေးခဲ့သည်။ တပ်မတော်၏ အစီအစဉ်ဖြင့် အခြေခံစစ်ပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ပြည်သူ့စစ်များ၏ ထူးခြားသော ဆောင်ရွက်ချက်များ တင်ပြရလျှင်-
၂၃-၃-၁၉၆၉ ရက်နေ့တွင် မြောက်ဟန်ဒေါက်ကျေးရွာမှ ဦးထွန်းအောင်ခေါင်းဆောင်သော ပြည်သူ့စစ်အဖွဲ့သည် နစ်နီတိုက်စိုးပါ ခုနစ်ယောက်ထံမှ ယုံကြည်မှုရအောင် တည်ဆောက်၍ သေနတ်တစ်ချက်မျှ ပစ်မဖောက်ရဘဲ ရိုင်ဖယ်ငါးလက်၊ ၃၀၃ ကျည် ၃၆ တောင့်တို့ကို လုယူနိုင်ခဲ့သည်။
၃-၁-၁၉၇၀ ရက်နေ့တွင် မွန်ဇော်ကျေးရွာရှိ ပြည်သူ့စစ်စခန်းအား မင်းဘူးခရိုင်တပ် နစ်ဖြူ ဗိုလ်ရွှေခေါင်းဆောင်သော သောင်းကျန်းသူအင်အား ၈၀ ခန့်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့စစ်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့ ပြန်လည်ဆုတ်ခွာထွက်ပြေးကြရသည်။
၂၃-၃-၁၉၇၀ ရက်နေ့တွင် ကူတော်ကျေးရွာ ပြည်သူ့စစ်အဖွဲ့က နစ်ဖြူတင်အေးအား တူမီးသေနတ်ဖြင့် အသေပစ်ခတ် ဖမ်းဆီးရမိခဲ့သည်။
၁၃-၁၀-၁၉၇၀ ရက်နေ့တွင် သက်လယ်ကျေးရွာ ပြည်သူ့စစ်များနှင့် ကြီးဝရဲကင်းတို့ ပူးပေါင်းအဖွဲ့က သက်လယ်ကျေးရွာအနီးရှိ နစ်ဖြူခရိုင်တပ်အား ချုံခိုတိုက်ခိုက်နိုင်ခဲ့သည်။
၃-၂-၁၉၇၁ ရက်နေ့တွင် စစ်ငန်းကျေးရွာ ပြည်သူ့စစ်က ခလရ(၈၈)နှင့် ပူးပေါင်း၍ဝဒေဝ ချောင်းအနီး နစ်ဖြူစခန်းအား တိုက်ခိုက်ရာ အီတလီ ရိုင်ဖယ်တစ်လက်၊ တစ်လုံးထိုး သေနတ်တစ်လက်၊ တူမီးခြောက်လက်နှင့် ပလွဲရွာသား ရှစ်ယောက်တို့အား အရှင်ရမိခဲ့သည်။
၂၉-၅-၁၉၇၃ ရက်နေ့တွင် အုံးဝါးကျေးရွာ ပြည်သူ့စစ်အဖွဲ့က နစ်နီစောမောင်(ခေါ်) ထွန်းအုပ်အဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပြီး ရိုင်ဖယ်တစ်လက်နှင့် ကျည်သုံးတောင့် ရရှိခဲ့သည်။
၄-၈-၁၉၇၆ ရက်နေ့တွင် မထမ်းကျေးရွာ ပြည်သူ့စစ်နှင့် ခလရ (၈၇)တို့ ပူးပေါင်း၍ ထင်းပိုင်း ဒေသတွင် တိုက်ပွဲဖြစ်ရာ နစ်ဖြူညိုမောင်အား ဒဏ်ရာရရှိစေခဲ့သည်။
အညိုရောင်နယ်မြေမှသည်
ဤသို့ နယ်မြေအသီးသီးရှိ ပြည်သူ့စစ်များ၊ ပြည်သူများက တပ်မတော်၊ ရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းကာ မိမိတို့နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ကြသဖြင့် သောင်းကျန်းသူနစ်ဖြူ၊ နစ်နီများမှာ ဆက်လက်လှုပ်ရှားရန် အခွင့်မသာတော့သဖြင့် ရခိုင်ရိုးမဒေသမှ ပဲခူးရိုးမသို့ ပြောင်းရွှေ့ခဲ့သည်။ ပဲခူးရိုးမတွင်လည်း ဗကပတို့ပျက်သုဉ်း သွားခဲ့ပြီးဖြစ်သည်။ အဆိုပါကာလအတွင်း စုစုပေါင်း ၂၂၂ ဦး အလင်းဝင်ရောက်ခဲ့ပါသည်။ ယခင်က စေတုတ္တရာမြို့နယ်သည် အညိုရောင်နယ်မြေမှ ၁၉၈၀ နောက်ပိုင်းတွင် အဖြူရောင်နယ်မြေ၊ ထိုမှသည် အမာခံနယ်မြေအထိ တည်ဆောက်နိုင်ခဲ့ပါသည်။
ယခုတင်ပြခဲ့သည့် စေတုတ္တရာနယ်မြေဒေသသည် ဒေသအားဖြင့် ကျဉ်းမြောင်းကာ တောတောင်လျှိုမြောင် များဖြင့် သွားလာရေးခက်ခဲခဲ့သည့် ဒေသတစ်ခုဖြစ်သည့်အလျောက် ဤအချက်ကို ခြေကုပ်ယူကာ ဗကပ သောင်းကျန်းသူတို့သည် ဒေသခံပြည်သူများအား အသက်အိုးအိမ်စည်းစိမ်များပါမကျန် ဖျက်ဆီးခဲ့သည်။ မိမိတို့မြို့နယ်နည်းတူ ဒေသအသီးသီးတွင် အလားတူ ကြုံတွေ့ကြရပြီး ဖြစ်ပါသည်။ မည်သို့ပင် ကြုံတွေ့ရစေကာမူ ဒေသခံပြည်သူများအချင်းချင်း သွေးစည်းညီညွတ်ကာစည်းရုံးဖွဲ့စည်းမှုဖြင့် သောင်းကျန်းသူတို့အား တွန်းလှန်နိုင်ကြောင်း သက်သေသာဓကရရှိခဲ့ပြီး ဖြစ်ပါသည်။
အတူတကွ လက်တွဲဆောင်ရွက်ကြရမည်
နိုင်ငံတည်ဆောက်ရာတွင် ဦးဆောင်ဦးရွက်မှုပြုသူ နိုင်ငံတော်အစိုးရ၏ မှန်ကန်သည့်စိတ်ထားဖြင့် မားမားမတ်မတ် ရပ်တည်မှုနောက်တွင် ပြည်သူပြည်သားအပေါင်းတို့ကလည်း နိုင်ငံတော်အစိုးရနှင့် လက်တွဲညီညီ ကောင်းတူဆိုးဖက် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထပ်ဆင့်၍ဆိုရလျှင် သူ့ကျွန်ဘဝမှသည် လွတ်လပ်ရေးကြိုးပမ်းမှု၊ ပြည်တွင်းသောင်းကျန်းမှု စသည်တို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ နိုင်ငံတော်အဓွန့်ရှည် တည်တံ့ရေးတို့အတွက် အစဉ်အလာကြီးမားလှသော မြန်မာ့တပ်မတော်နှင့်လည်းအတူတကွ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
ယနေ့ကာလဖြစ်ပေါ်နေသော အကြမ်းဖက်သောင်းကျန်းမှုသည် မဖြစ်သင့်သော လုပ်ဆောင်မှုများဖြစ်သည်။ အကြမ်းဖက်ခံရသည့်ပြည်သူ၊ လုံခြုံမှုမရှိ၍ အကောင်အထည်မဖော်နိုင်သည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာ၊ သာသနာအရေးပါ နိမ့်ကျသွားသဖြင့် နိုင်ငံအတွက်လည်း ရလဒ်ကောင်းမရှိနိုင်၊ ဘာသာရေးအမြင်ဖြင့် ကြည့်ပြန်လျှင်လည်း ကောင်းကျိုးပြုက ကောင်းကျိုးရ၍ မကောင်းမှုပြုက မကောင်းကျိုးရမည်မှာ အမှန်ပင်ဖြစ်သည်။
သို့ဖြစ်၍ အထက်တွင် ဖော်ပြခဲ့သည့် သမိုင်းကြောင်း ဖြစ်ရပ်မှန်များကို သိရှိကြခြင်းဖြင့် အမှားအမှန် ခွဲခြားသိနိုင်ကြပါစေ၊ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူတို့ မည်သို့သဘောထားကြပြီး သမိုင်းနိဂုံး မည်သို့ဇာတ်သိမ်းသွားကြသည်များ သင်ခန်းစာယူနိုင်ကြကာ နိုင်ငံသားအားလုံး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာအောင် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒမွန်ဖြင့် ဤဆောင်းပါးကို ရေးသားအပ်ပါသည်။။
(၁၉၇၉ ခုနှစ် ထုတ်ဝေသည့် စေတုတ္တရာဖြစ်စဉ် မှတ်တမ်းမှ မှီငြမ်းတင်ပြပါသည်)