Skip to main content

ဆင်းရဲတွင်းမှ လွတ်​ကင်းကြပါစေ

ရေနံ့သာမောင်ကျော်ညွန့်

မန်လည်ဆရာတော်ဘုရားကြီးက “မဃဒေဝ လင်္ကာသစ်” အပိုဒ်ရေ ( ၂၆၁) မှာ-

“လူမိုက်တစ်သောင်း၊ ချီးမွမ်းရှောင်းလည်း၊ လူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော့၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊ စိစစ်မြော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျှင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ လူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။” လို့ ရေးဖွဲ့တော်မူခဲ့ပါတယ်။

မိမိ၏ဂုဏ်သိက္ခာ

အဲဒီလင်္ကာပိုဒ်ကို ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရပြုစုတော်မူတဲ့ “မဃဒေဝလင်္ကာ အဖြေကျမ်း”မှာ “လူမိုက်ပေါင်းတစ်သောင်းက ချီးမွမ်းနေသော်လည်း သစ္စာစကားဆိုတတ်သည့် သူတော်ကောင်းတစ်ယောက်၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြောက်ပါလော့။ လူမိုက်တို့သည် အကျိုးအပြစ်၊ ရှေ့နောက်ကို မဆင်ခြင်ဘဲပြောလိုရာကိုသာ လူမိုက်တို့သဘောအတိုင်း တုတ်နှင့်ရိုက်သကဲ့သို့ ပြောတတ်ခြင်းကြောင့် လူမိုက်တို့၏ ချီးမွမ်းစကားသည် မိမိ၏ဂုဏ်သိက္ခာကိုသာ ညစ်နွမ်းစေ၏။” လို့ အဓိပ္ပာယ်ဖွင့်ဆိုပေးထားပါတယ်။

လူမှုနယ်ပယ်ထဲမှာ ကျင်လည်နေကြရတဲ့ သူတိုင်းက ချီးမွမ်းတာ၊ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တာနဲ့ ကင်းလွတ်သူမရှိပါဘူး။ ဘယ်သူမဆိုချီးမွမ်းတာလည်း ခံရမယ်၊ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တာလည်း ခံရမယ်။ ချီးမွမ်းခံရတာကို သဘောကျတယ်။ အပြစ်ဆို အပြစ်တင်ကဲ့ရဲ့ခံရတာကိုတော့ သဘောမကျဘူး။ ချီးမွမ်းတဲ့စကားကိုပဲ ကြားချင်ကြတယ်။ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တဲ့စကားကိုတော့ မကြားချင်ကြဘူး။

ဘယ်သူမဆိုချီးမွမ်းတဲ့စကားကိုကြားရရင် ကျေနပ်တယ်။ သဘောကျတယ်။ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တဲ့စကားကို ကြားရရင်မကျေနပ်ဘူး။ သဘောမကျဘူး။ ကျေနပ်သဘောကျတော့ သာယာတယ်။ မကျေနပ် သဘောမကျတော့ ခံပြင်းရရော။ ဒါကလည်းသဘာဝပါပဲ။ ဒါပေမဲ့ ချီးမွမ်းခံရ တိုင်းလည်း သာယာစရာမဟုတ်သလိုအပြစ်ဆို အပြစ်တင်ကဲ့ရဲ့ခံရတိုင်းလည်း ခံပြင်းစရာမဟုတ် ပါဘူး။

ချီးမွမ်းတဲ့သူ၊ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တဲ့သူက သူ့ရဲ့အကဲဖြတ်အမှတ်ပေးတဲ့အပေါ် မူတည်ပြီး သူ့အမြင်၊ သူ့အတွေးနဲ့ချီးမွမ်းတာ၊ အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့တာပါ။ ဒီတော့ အကဲဖြတ်အမှတ်ပေးသူက တရားမျှတဖို့၊ ဘက်မလိုက်ဖို့၊ သမာသမတ်ကျဖို့၊ အဂတိကင်းစင်ဖို့လိုတာပေါ့။ ဒါကြောင့် ချီးမွမ်းတဲ့သူ၊ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တဲ့သူက သမာသမတ်ကျတဲ့သူဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။

ပုဂ္ဂိုလ်ရေးခံစားချက်

သမာသမတ်ကျတဲ့သူဆိုတာက မျှတဖြောင့်မတ်တဲ့သူပါပဲ။ သမာသမတ်ကျတဲ့သူကအကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့အဆိုးကို သိတယ်။ ရှေ့နောက် မြော်မြင်ဆင်ခြင်တုံတရားရှိတယ်။ ပုဂ္ဂလဓိဋ္ဌာန် အစွဲမသန်ဘူး။ ပုဂ္ဂိုလ်ရေးခံစားချက်မရှိဘူး။ ငါစွဲ၊ အတ္တစွဲမရှိဘူး။ ချီးမွမ်းထိုက်သူကိုပဲ ချီးမွမ်းတယ်။

မချီးမွမ်းထိုက်သူကို မချီးမွမ်းပါဘူး။ အပြစ်ဆို အပြစ်တင်ကဲ့ရဲ့ထိုက်သူကိုပဲ အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့တယ်။ အပြစ်မဆိုအပြစ်မတင် မကဲ့ရဲ့ထိုက်သူကို အပြစ်မဆို အပြစ်မတင်မကဲ့ရဲ့ပါဘူး။ ဒီတော့သမာသမတ်မကျတဲ့သူရဲ့ ချီးမွမ်းတာ၊ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တာက အချည်းနှီးပါပဲ။ သမာသမတ် မကျတဲ့သူရဲ့အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တာက အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့ခံရသူကို မထိခိုက်မနစ်မွန်းစေပါဘူး။ သူ့ကိုပဲ ပြန်လည်ထိခိုက်နစ်မွန်းစေတာပါပဲ။ သမာသမတ်မကျတဲ့သူရဲ့ ချီးမွမ်းမှုကလည်း ချီးမွမ်းခံရသူကို ကောင်းကျိုးမဖြစ်ပါဘူး။ ဆိုးကျိုး၊ ဆိုးပြစ်တွေကိုပဲ ဖြစ်စေတာပါပဲ။

အများအဖို့ရောကိုယ့်အဖို့ပါ ကောင်းကျိုးချမ်းသာဖြစ်ပွားအောင် ကြိုးစားအားထုတ်တဲ့သူက ချီးမွမ်းထိုက်တဲ့သူပါ။ ချီးမွမ်းထိုက်တဲ့သူကို ချီးမွမ်းကြရမှာ ဖြစ်ပါတယ်။ ချီးမွမ်းထိုက်တဲ့သူကိုတွေ့ရင် သမာသမတ်ကျတဲ့သူက ဝမ်းသာတယ်။ ဂုဏ်ယူတယ်။ ဒီတော့ ထုတ်ဖော်ဂုဏ်ပြုချီးမွမ်းတာပေါ့။ ထုတ်ဖော်ဂုဏ်ပြု ချီးမွမ်းလိုက်တာက အားပေးလိုက်တာပါပဲ။ ထုတ်ဖော်ဂုဏ်ပြုချီးမွမ်းခံရတဲ့သူအဖို့လည်း အားတက်သရောဖြစ်ရတယ်။ ဆက်လက် ကြိုးစားအားထုတ်လိုစိတ်တွေ ပြင်းပြထက်သန်နေတာပေါ့။

အလွဲအမှားတွေ

သမာသမတ်ကျတဲ့သူက ချီးမွမ်းစရာတွေ့ရင် ချီးမွမ်းသလို အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့စရာ တွေ့ရင်လည်း လျစ်လျူရှုမနေပါဘူး။ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တာပါပဲ။ တမင်သက်သက်တော့ မဟုတ်ပါဘူး။ ချွတ်ယွင်းချွတ်ချော်လွဲမှားနေတာတွေကိုတွေ့မှ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တာပါ။ ဒါကလည်း ချွတ်ယွင်းချွတ်ချော် လွဲမှားနေတာတွေကို ဆက်ပြီးတော့ မကျူးလွန်စေချင်လို့ တားမြစ်တာပါပဲ။ အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့ခံရသူကလည်း အလွဲအမှားတွေကို ဆက်လက်မကျူးလွန်မိအောင် ရှောင်ရှားလိုက်တော့ အမှားကင်းတာပေါ့။

ကိုယ်ကျိုးအတွက် အများအကျိုးကို ပျက်စီးအောင် ဖျက်ဆီးတာမကောင်းပါဘူး။ အဖျက်သမားပါပဲ။ ပျက်စီးအောင် ဖျက်ဆီးတဲ့အဖျက်သမားကို အပြစ်ဆိုအပြစ်တင်ရမှာပါ။ ကဲ့ရဲ့ရှုတ်ချရမှာပါ။ ဒါပေမဲ့ သမာသမတ်မကျတဲ့ သူကတော့ အပြစ်မဆိုပါဘူး။ အပြစ်မတင်ပါဘူး။ အပြစ်မဆိုအပြစ်မတင် မကဲ့ရဲ့တဲ့အပြင် ချီးမွမ်းပေးနေတော့တာပါပဲ။

သမာသမတ်မကျတဲ့သူကတော့ သူနဲ့အလွမ်းသင့်တဲ့သူဆိုရင် ချီးမွမ်းတယ်။ အလွမ်းသင့်နေတဲ့သူက အဖျက်သမားဖြစ်နေလည်း ချီးမွမ်းတာပါပဲ။ ချီးမွမ်းခံရတဲ့ အဖျက်သမားကလည်း ချီးမွမ်းခံရလေလေ ဆက်ပြီးဖျက်ဆီးလေလေပဲ။ ချီးမွမ်းတဲ့သူကလည်း ပျက်စီးအောင်ဖျက်ဆီးနေလေလေ ချီးမွမ်းလေလေပါပဲ။ အဲဒီလိုသမာသမတ်မကျတဲ့သူ ချီးမွမ်းပေးနေတာက ချီးမွမ်းခံနေရတဲ့သူကို ဒုက္ခတွင်းထဲကျအောင် တွန်းပို့ပေးနေတာပါပဲ။ သွေးထိုးလှုံ့ဆော်ပေးနေတာပါပဲ။

အဲဒီသမာသမတ်မကျတဲ့သူက သူနဲ့အလွမ်း မသင့်သူဆိုရင်ချီးမွမ်းစရာတွေ ဘယ်လောက် များများမချီးမွမ်းပြန်ဘူး။ မချီးမွမ်းတဲ့အပြင် အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့နေတော့တာပဲ။ ချီးမွမ်းဖို့ ကောင်းတာကို မချီးမွမ်းတာက မုဒိတာမပွားနိုင်လို့ပါ။ မုဒိတာမပွားနိုင်တော့ မနာလိုဘူး။ မနာလိုတော့ အပြစ်ဆိုအပြစ်တင်တယ်။ ကဲ့ရဲ့ရှုတ်ချတယ်။ ချီးမွမ်းစရာတွေကို ညှိုးနွမ်းသွားအောင်လို့ပေါ့။ ဒါပေမဲ့ မညှိုးနွမ်းပါဘူး။

သမာသမတ်ကျတဲ့သူ ချီးမွမ်းတာ၊ အပြစ်ဆို အပြစ်တင်ကဲ့ရဲ့တာက ဘဝအတွက် ကျေးဇူးကြီးမားလှပါတယ်။ သမာသမတ်မကျတဲ့သူချီးမွမ်းတာ၊ အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့တာကတော့ ဘဝအတွက်ကျေးဇူးမပြုပါဘူး။ ဘဝအတွက် ကျေးဇူးမပြုတဲ့သမာသမတ်မကျသူက ချီးမွမ်းတာကို မသာယာမိအောင်၊ မယစ်မူးမိအောင် အလေးအနက်သတိမူကြဖို့လိုသလို အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့တာကိုလည်း ခံပြင်းမနေဖို့အလေးအနက် သတိမူကြရပါမယ်။

ဆင်းရဲတွင်းနစ်အောင်နှစ်နေတာ

ချီးမွမ်းရမှာကိုမချီးမွမ်းဘဲ မချီးမွမ်းရမှာကို ချီးမွမ်းနေရင် ဆင်းရဲတွင်းနစ်အောင် နှစ်နေတာပါပဲ။ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့ရမှာကို အပြစ်မဆိုအပြစ်မတင် မကဲ့ရဲ့ဘဲ အပြစ်မဆိုအပြစ်မတင်ရမှာကို အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့နေရင်လည်း ဆင်းရဲတွင်းနစ်အောင် နှစ်နေတာပါပဲ။

ဒီတော့ဆင်းရဲတွင်းမှ လွတ်​ကင်းနိုင်အောင် စဉ်းစားဆင်ခြင်နိုင်ကြဖို့ ရေးသားတင်ပြလိုက်ရပါတယ်။ ။