Skip to main content

မြန်မာ-ရုရှားဆက်ဆံရေးသည် သွေးစည်းချစ်ကြည်ထာဝရတည်

ထက်မြတ်

ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား တရားဝင်သံခင်းတမန်ခင်း ဆက်ဆံရေးဟာ ဘယ်အချိန်ကတည်းက စတင်ဖြစ်ပေါ်လာလဲဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာခင်အချိန်မှာပဲ ဖြစ်ပါတယ်။ အတိအကျဆိုရရင်တော့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကတော့ ရုရှားနိုင်ငံရယ်လို့ မဟုတ်ဘဲ ဆိုဗီယက်ပြည်ထောင်စုအဖြစ်နဲ့ တည်ရှိနေစဉ် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးထူထောင် ခဲ့တာပါ။

ပထမဆုံး ချစ်ကြည်ရေးခရီးသွားရောက်

ဆိုဗီယက်ပြည်ထောင်စုကို ပထမဆုံးချစ်ကြည် ရေးခရီးသွားရောက်ခဲ့တဲ့ မြန်မာ့ခေါင်းဆောင်က ဝန်ကြီးချုပ်ဦးနုဖြစ်ပြီး ၁၉၅၅ ခုနှစ် အောက်တိုဘာလမှာ သွားခဲ့တာ ဖြစ်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုမှ ခေါင်းဆောင်နှစ်ဦး ဖြစ်တဲ့ နီကီတာခရူးရှက်နဲ့ နီကိုလိုင်းဘူဂါနင်တို့ဟာ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို အပြန်အလှန် လာရောက်လည်ပတ် ခဲ့ပါတယ်။ နီကီတာခရူးရှက်ဆိုရင် ၁၉၆၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး နောက်တစ်ကြိမ် လာရောက်ခဲ့ပါသေးတယ်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်

နီကီတာခရူးရှက်ရဲ့ ဒုတိယအကြိမ်မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီမှာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုကိုရရှိခဲ့ပြီး အပြန်အလှန် အကျိုးရှိတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ထွန်းစေခဲ့ပါတယ်။

အဲဒီအချိန်တုန်းကဆိုရင် မြန်မာနိုင်ငံဟာ ပြည်တွင်းသောင်းကျန်းသူ ချေမှုန်းရေးကို စွမ်းစွမ်း တမံလုပ်နေရတဲ့ အချိန်ပါ။ နိုင်ငံကငွေကြေးဓန အင်အားလည်း နည်းပါးနေတာကြောင့် နိုင်ငံရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံတွေ လိုအပ်နေချိန်လည်း ဖြစ်ပါ တယ်။

အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေး

ဒါကြောင့် မြန်မာနိုင်ငံက ရုရှားနိုင်ငံကို ဆန်တင်ပို့ပေးချိန်မှာ ရုရှားဘက်ကလည်း မြန်မာ နိုင်ငံအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံများကို ဆောက်လုပ်ပေးခဲ့ပါတယ်။

အဲဒါတွေထဲကမှတချို့တစ်ဝက်ကို ထုတ်နုတ်ပြရရင် အရင်တုန်းက အာအိုင်တီလို့ခေါ်တဲ့ ရန်ကုန် နည်းပညာတက္ကသိုလ်၊ တောင်ကြီးအထွေထွေ ရောဂါကုဆေးရုံ၊ ရန်ကုန်မှာ အင်းယားလိတ်ဟိုတယ် တို့ဟာ ရုရှားရဲ့ အကူအညီနဲ့ ပေါ်ထွက်လာခဲ့တဲ့ အရာတွေပါ။

ပူးပေါင်းဆောင်ရွက်မှုတွေအစပြု

ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေကနေ အစပြုလို့ နှစ်နိုင်ငံပြည်သူများအကြား ဂီတနဲ့အကအဖွဲ့များမှ သည် အားကစားအဖွဲ့များအထိ ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးတက်လာခဲ့ပါတယ်။

ဒါပေမယ့် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်း မြန်မာ-ရုရှားဆက်ဆံ ရေးဟာ အနည်းငယ်တန့်သွားခဲ့ပါတယ်။

ဒီလိုဆက်ဆံရေးတန့်ရခြင်းရဲ့ အကြောင်းရင်း ကလည်း တခြားပယောဂတွေကြောင့် မဟုတ်ပါ ဘူး။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးတဲ့နောက် ပင်မနိုင်ငံကြီးဖြစ်တဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေနဲ့ ပြည်တွင်းရေးကိစ္စတွေကိုသာ အဓိကဦးစားပေးပြီး တည်ငြိမ်အောင် ဆောင်ရွက်နေရတဲ့အတွက် ပြည်ပဆက်ဆံရေးဘက်ကို အချိန်မပေးနိုင်တာ ကြောင့်သာ ဖြစ်ပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ အခြေအနေ တဖြည်း ဖြည်းတည်ငြိမ်လာတာနဲ့အမျှ မြန်မာ- ရုရှား ဆက်ဆံရေးသည်လည်း ယခင်ကထက်ကို ပိုလို့နီးကပ်လာပါ တယ်။

ကမ္ဘာ့အလယ်မှာ အဆင့်အတန်း တစ်ခုအထိလှမ်းတက်

အထူးသဖြင့် စီးပွားရေးထက် စစ်ဘက်ဆက်ဆံရေးမှာ ပိုမိုနီးကပ်စွာ ဆက်ဆံလာတာပါ။ မြန်မာ့ တပ်မတော်အနေနဲ့ ကမ္ဘာ့အလယ်မှာ အဆင့်အတန်း တစ်ခုအထိလှမ်းတက်နိုင်ခဲ့ခြင်းဟာ ရုရှားနိုင်ငံရဲ့ အကူအညီတွေလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးအခိုင်မာဆုံး ကာလကိုပြပါဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်အနေနဲ့ တပ်မတော် အကြီးအကဲ တာဝန်ယူပြီးနောက်ပိုင်းလို့ပြောရင် မှန်ပါလိမ့်မယ်။

ခိုင်မာတဲ့မူဝါဒတွေချမှတ်

ဒီလို မြန်မာ-ရုရှား စစ်ဘက်ဆက်ဆံရေး ခိုင်မာလာရခြင်း ဟာလည်း မြန်မာ့တပ်မတော်ခေါင်း ဆောင် အဆက်ဆက်က ခိုင်မာတဲ့မူဝါဒတွေချမှတ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်း ခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသ အထူးသဖြင့် တစ်နေ့တခြားအင်အားခိုင်မာတောင့်တင်းလာတဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်လိုနေတဲ့အနောက် အုပ်စုမျက်စိအကျဆုံး မဟာဗျူဟာမြောက် နေရာတစ်ခုဆိုရင်မမှားပါဘူး။

ဒီအတွက် မြန်မာနိုင်ငံမှာ သူတို့ကြိုးဆွဲရာ ကမယ့် ရုပ်သေးအစိုးရကိုတင်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးနှောင့်ယှက်ဖို့ အနောက်အုပ်စုက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းပါတယ်။

တခြားနိုင်ငံတွေမှာ ပြဿနာတစ်ခုဖြစ်ရင် အဲဒီပြဿနာဟာ ပြည်တွင်းရေးဖြစ်ပြီး မြန်မာနိုင်ငံမှာ အလားတူပြဿနာ မျိုးဖြစ်ရင်တော့ ဒါဟာကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အမှုကြီး တစ်ခုအဖြစ် ဆွဲတင်ကာ အမျိုးမျိုးသောအရေးယူ ပိတ်ဆို့မှုတွေချမှတ်ဖို့ကြံရွယ်ခဲ့ကြတာဟာလည်း အနောက်အုပ်စု ပါပဲ။

အရေးယူပိတ်ဆို့မှုတွေချမှတ်

ဒီလိုမျိုး အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်မှပဲ သူတို့လိုချင်တဲ့ ပြည်တွင်း ဆူပူအုံကြွမှုတွေကနေ တစ်ဆင့် သူတို့ကြိုးဆွဲရာ ကမယ့်ရုပ်သေးအစိုးရကို တင်နိုင်မှာ မဟုတ်ပါလား။

ဒါပေမယ့် မိတ်ဆွေရင်းချာ တစ်ယောက်လိုမျိုး ယုံကြည်နားလည်မှုအပြည့်နဲ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံဘက်ကနေ အမြဲတမ်း ရပ်တည်ပေးခဲ့တာ ရုရှားနိုင်ငံပါ။ နောက်တစ်နိုင်ငံက တော့ တရုတ်နိုင်ငံပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အနောက်အုပ်စုရဲ့ လက်ပါးစေမဖြစ်သွားခြင်းက အဲဒီလို မိတ်ဆွေရင်းချာနိုင်ငံတွေရဲ့ ကျေးဇူးကြောင့်လည်း အများကြီးပါပါတယ်။ သူတို့ကိုတော့ တကယ် ကျေးဇူးတင်ပါတယ်။

နောက်တစ်ခုက စစ်ဘက်ဆက်ဆံရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ International Army Games ပွဲတော်မှာ မြန်မာ့တပ်မတော်အနေနဲ့ ပါဝင် ခွင့်ရလာခြင်းပါပဲ။

တစ်နှစ်တစ်ကြိမ်ကျင်းပ

International Army Games ဆိုတာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တစ်နှစ်တစ်ကြိမ် ကြီးမှူးကျင်းပတဲ့ စစ်ဘက်ဆိုင်ရာ ပွဲတော်တစ်ခု ဖြစ်ပါတယ်။

အဲဒီပွဲတော်ကို ၂၀၁၅ ခုနှစ်ကတည်းက စတင် ကျင်းပလာတာဖြစ်ပြီး ပါဝင်ဆင်နွှဲကြတဲ့နိုင်ငံတွေ ကလည်း ရုရှားရဲ့ မဟာမိတ်နိုင်ငံတွေက အများစု ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့မှာကျင်းပတဲ့ International Army Games မှာ လေ့လာသူအနေနဲ့ ဦးစွာတက်ရောက်ပြီး ၂၀၁၈ ခုနှစ်ကနေစလို့ ယခုအချိန်အထိ နှစ်စဉ်ပါဝင်ဆင်နွှဲ ခဲ့တာပါ။ နောက်လည်းပါဝင် ဆင်နွှဲသွားဦးမှာ ဖြစ်ပါတယ်။

ဒီလို ပါဝင်ဆင်နွှဲခွင့်ရခြင်းရဲ့ အကျိုးကျေးဇူး ကြောင့် မြန်မာ့တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကို ကမ္ဘာက မျက်ဝါးထင်ထင် မြင်တွေ့လာရပါတယ်။

တကယ်လို့သာဒီပွဲမှာ ပါဝင်ဆင်နွှဲခွင့်မရဘူး ဆိုရင် မြန်မာ့တပ်မတော်ရဲ့စွမ်းရည်ကို အခုလိုမျိုး ကမ္ဘာသိထုတ်ပြနိုင်မှာ မဟုတ်ပါဘူး။

ခေတ်မီစစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်လာ

နောက်ထပ် မြန်မာ- ရုရှားဆက်ဆံရေးရဲ့ စစ်ဘက်ဆက်ဆံရေး အခြေအနေကို ပြောရမယ် ဆိုရင် ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ခေတ်မီစစ်လက်နက်ပစ္စည်း အများအပြားကို ရောင်းချပေးခြင်းအားဖြင့် သော်လည်းကောင်း၊ ထောက်ပံ့ပေး ခြင်းအားဖြင့် သော်လည်းကောင်း ကူညီပေးမှုကြောင့် ဒီကနေ့မြန်မာ့တပ်မတော်မှာ ခေတ်မီစစ်လက်နက် ပစ္စည်းများ ပိုင်ဆိုင်လာရတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကျောင်းသားများပညာရေးဖလှယ်

၂၁ ရာစုရောက်လာတဲ့ အချိန်မှာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်းက နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် ရင်းနှီးမြှုပ်နှံခြင်းလို့ ပြောစမှတ်ရှိပါတယ်။

ဒီအတွက်ကြောင့်ပဲ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့အနေနဲ့ ထူးချွန်မြန်မာ ကျောင်းသားတွေကို သူတို့ဆီက နာမည်ကျော်တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ယူ ခွင့်ပြုပေးခဲ့ပြန်ပါတယ်။

နှစ်နိုင်ငံပညာရေးနယ်ပယ် ပူးပေါင်းဆောင်ရွက် မှုက ၁၉၇၂ ခုနှစ်မှာ နှစ်နိုင်ငံကျောင်းသားတွေ အပြန်အလှန်ဖလှယ်မှု အစီအစဉ်နဲ့စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက မြန်မာကျောင်းသား ၁၂ ဦးဟာ မော်စကိုတက္ကသိုလ်မှာ ပညာသင်ယူ ခွင့်ရခဲ့ပြီး ရုရှားကျောင်းသား ခြောက်ဦးကတော့ ရန်ကုန်တက္ကသိုလ်သို့ လာရောက်ကာ ယဉ်ကျေးမှု ပေါင်းစုံသင်တန်းတွေနဲ့ နည်းပညာသိပ္ပံတို့ကို ဆည်းပူးလေ့လာခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်ရောက်တဲ့အချိန်မှာ မြန်မာ ကျောင်းသား ၃၀၀ ဟာ ရုရှားနိုင်ငံမှာ ပညာသင်ယူ ခွင့်ရပေမယ့် ၂၀၀၄ ခုနှစ်အရောက်မှာတော့ မြန်မာ ကျောင်းသားအရေအတွက် ၆၀၀ အထိ ရှိလာပါ တယ်။

မြန်မာကျောင်းသားများစွာ ထွက်ပေါ်လာ

အခုဆိုရင် ရုရှားနိုင်ငံကနေ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ သိပ္ပံဒေါက်တာဘွဲ့ရ မြန်မာကျောင်းသားထောင် ပေါင်းများစွာ ထွက်ပေါ်လာနိုင်ခဲ့ပါပြီ။

ကိုဗစ်ကမ္ဘာ့ကပ်ရောဂါဖြစ်စဉ်မှာလည်း ရုရှားနိုင်ငံက သူတို့ရဲ့အစွမ်းထက်တဲ့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေသန်းပေါင်းများစွာကို လှူဒါန်းရောင်းချ ပေးခဲ့သလို မြန်မာနိုင်ငံအတွင်းမှာ ထုတ်လုပ် နိုင်ရေး အတွက်လည်း ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အထိ ကူညီပေးခဲ့ပြန်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေမှာဆိုရင်လည်း အနောက်အုပ်စုကသာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို သိသိသာသာ ကြားဝင်စွက်ဖက်မှုတွေလုပ်နေပေမယ့် ရုရှားအစိုးရ ကတော့ ကြားဝင်စွက်ဖက်မှု မပြုရေးမူဝါဒကို ကိုင်တွယ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင် ဖို့ကိုသာ တိုက်တွန်းအားပေးခဲ့ပါတယ်။

အခုနောက်ဆုံးနှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်မှု ရဲ့ပြယုဂ်ကတော့ မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ အထင်ကရ စေတီတစ်ဆူဖြစ်တဲ့ ရွှေစည်းခုံ စေတီတော်ကြီးရဲ့ ပုံတူစေတီကို ရုရှားနိုင်ငံ မော်စကိုမြို့ ကာလုဂါပြည်နယ် အက်နိုမီယာ ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်မှာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပြီး တည်ထား ကိုးကွယ်နိုင်တဲ့အထိ ဖြစ်လာပါပြီ။

ဒီလိုတိုးတက်မှုတွေရရှိအောင် အကောင်အထည် ဖော်နိုင်ခဲ့သူ မြန်မာ့ခေါင်းဆောင်ကတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါပဲ။

မကြာသေးမီက ပြီးစီးခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံခရီးစဉ်မှာ သမားရိုးကျ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး သာမက စီးပွားရေး၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အရပ်ဘက် ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍမြှင့်တင်ရေး၊ စိုက်ပျိုး ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေမယ့် နျူကလီးယားကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အဓိကထား ဆွေးနွေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်းတို့ကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာ လည်း တွေ့ရပါတယ်။

ဒီအချက်အလက်တွေကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် မြန်မာ-ရုရှား ဆက်ဆံရေးယိုယွင်းသွားတယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ဒါဟာ ဘာကြောင့်လဲ။ နှစ်နိုင်ငံစလုံးက သဘောထားအမှန် အတိုင်း ဆက်ဆံကြလို့ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်လိုပင်သဘောထားအမှန်နဲ့ ဆက်ဆံနေပါစေ နှစ်နိုင်ငံခေါင်းဆောင်တွေ မကောင်း ရင်လည်း အခုလိုမျိုးအခြေအနေအထိ တိုးတက်လာ ဖို့ဆိုတာ ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။

ဒါကြောင့် လက်ရှိမြန်မာ-ရုရှားဆက်ဆံရေး တိုးတက်မှုဟာ ယခင် မြန်မာ့ခေါင်းဆောင်အဆက် ဆက်မှသည် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်လက်ထက်အထိ မှန်ကန်တဲ့ မူဝါဒ၊ မှန်ကန်တဲ့သဘော ထား၊ မှန်ကန်တဲ့စိတ်ရင်း စေတနာတွေကိုအရင်းခံပြီး မူဘောင်တွေ ချမှတ် အကောင်အထည်ဖော်ခဲ့လို့သာ ရရှိလာတာ မလွဲဧကန် ဖြစ်ပါတယ်။

အလားတူပဲ ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်အဆက် ဆက်အနေနဲ့ မြန်မာနိုင်ငံအပေါ် စိတ်ရင်းစေတနာ အမှန်ထားပြီး ကူညီပံ့ပိုးပေးမှုတွေကြောင့် အခုလိုမျိုးနှစ်နိုင်ငံဆက်ဆံရေး ခိုင်မာနေရတယ်ဆိုတဲ့ အချက် ဟာလည်း တကယ့်ပကတိ အမှန်တရားပါပဲ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားခေါင်းဆောင်တွေ တွေ့ဆုံလေတိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်း ခိုင်မာစေရေး ဦးစားပေးလုပ်ဆောင် သွားမယ်လို့ အပြန်အလှန် ကတိစကားတွေ ထားရှိခဲ့ကြဖူးပါတယ်။

အခုအချိန်မှာတော့ ထိုကတိစကားတွေအတိုင်း ဖြစ်ပေါ်တိုးတက်လာတဲ့ မြန်မာ-ရုရှားဆက်ဆံရေး ဟာ သိပ်ကို နှစ်ထောင်းအားရ ကျေနပ်ဖွယ်ရာအတိပါပဲ။

ဒါကြောင့် မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား အရပ်ရပ်ဆက်ဆံရေး အခြေအနေတွေဟာ ဘယ်သူမှ ကြားဝင်ဖျက်ဆီးလို့ မရနိုင်ဘဲ သွေးစည်းညီညွတ်စွာ ချစ်ချစ်ခင်ခင်နဲ့ ထာဝရတည်တံ့နေမှာ ဖြစ်ကြောင်း ဂုဏ်ယူဖွယ်ရာ ရေးသားတင်ပြလိုက်ရပါတယ်။